Pages

Sunday, August 9, 2009

ခံတပ်ဟောင်း၌လေ့ကျင့်ပြင်ဆင်ခြင်း

ရရှိခဲ့ရခြင်းများမှ တဆင့် ၊ ရောက်ရှိခဲ့ရခြင်းများ
မြင်နေကျ ဥခွံအတွင်းမှ ထိုးဖောက်ထွက်ကျလာသောအစွယ်ငေါငေါများ
အများသူငါနှင့်တကွ စားသုံးနေခဲ့ရသော ဘာသာစကားများ /ဝါကျများ ။

ထို့နောက်....

ခင်ဗျား ၊ကျနော် ၊ကျမ ၊ နာမ် ၊နမ်စား ၊ နာမဝိသေသန
အစရှိသည်တို့ဖြင့်မွမ်းမံအပ်သောမြို့ဟောင်း၊မြို့ပျက်များ
ယင်ကောင်အသေတွေပေါလောမျောနေတဲ့ကော်ဖီတခွက် သို့မဟုတ်
ခံတပ်ဟောင်းကို ပြုပြင်ပြင်ဆင်ရန်လိုအပ်နေသေးခြင်း
"စံပယ်တွေ မွှေးမြခဲ့သည်" ဟု အကြိမ်ကြိမ်ရွတ်ဆို ပြရန်၊
ကိုယ်လုံဂါထာများကျက်မှတ်ရန်လိုနေသေးခြင်း မှ
သဘောင်္တစီး၏ခေါင်းတိုင်ကဲ့သို့ အသက်ရှုတတ်ရန်လေ့ကျင့် သင်ကြားခြင်း ။

ဤကဲ့သို့ သင်ခန်းစာများမှတဆင့်.....

ချိန်းချက်ထားရှိခဲ့မှု အကြွင်းအကျန်များမှာ
ရေဒီယို တလုံးမှ အသံများကိုဆေးကြောသုတ်သင်ပစ်ရန်
တိမ်ပြာသော တနင်္ဂနွေနေ့၌ ဘုရားသခင်အား
စစ်တုရင်ကစားနည်း သင်ကြားပြသရန်
သံသရာဂေါက်သီးအားဘဝမြက်ခင်းပြင်တုတွင်
တချက်တည်းကျင်းဝင်ရန် ကြိုးစားခြင်း
သေခြင်းတရားအားယဉ်ကျေးအောင် မွေးမြူလေ့ကျင့်ပေးခြင်းနှင့်
အနော်မာ သောင်ကမ်းသို့ ခရီးရှည်ချီတက်ခြင်း ။

မှတ်ချက်ပေးရန် များမှာ...

ရေဗူး၊ဖိနပ်နှင့် ဘဏ်စာရင်းများ
တောင်ကုန်းများပေါ်တွင် ထွန်ယက်စိုက်ပျိုးခြင်း
နှင်းဆီရိုင်းများ တဝက်လွှင့်ထူဦးညွှတ်လိုက်ခြင်း
ပြတိုက်တံခါးများလုံခြုံစွာသော့ခတ်ပစ်လိုက်ရန်
ယခုရေးခဲ့သည်များကို မည်သို့သော အကြောင်းပြချက်ဖြင့်မျှ
ကဗျာဟု အဓိပ္ပါယ် ဖွင့်ဆိုခြင်းမပြုလုပ်ရ ။ ။


ဖုန်းမြင့်
(၅.၈.၂၀၀၉)


6 comments:

  1. ပစ်ခတ်လိုက်တဲ့ အသံတွေကြားတယ်...
    စက်ပစ်ကွင်းကတော့ ဟုတ်ဟန် မတူဘူး...

    ReplyDelete
  2. ဘယ်လိုမှ အဓိပ္ပါယ် မဖွင့်ပါဘူး
    လာဖတ်သွားတယ်. ဒါပဲ

    ReplyDelete
  3. အဓိပ္ပာယ် ဖွင့်ရအောင်လည်း ဥာဏ်မမှီဘူး။
း(

    လာဖတ်ရုံ ပါပဲ။

    ReplyDelete
  4. မဖွင့်ပါဘူး၊မဖွင့်ပါဘူး။
    ဖတ်ရုံပဲ
    ပြီးတော့..
    ပြန်သွားတယ်..

    ReplyDelete
  5. ဟုတ်ကဲ့..ဘယ်လိုမှ မဖွင့်ဆိုပါဘူး။ ဘာမှန်းကို မသိတာ။း)

    ReplyDelete
  6. လှပတဲ့ ပို့စ်မော်ဒန် ကဗျာတစ်ပုဒ်ပါပဲ ...

    မှတ်ချက် ။။ မည်သည့်အကြောင်းပြချက် မျှမရှိပါပဲ
    ရင်ဘတ် သက်သက်ဖြင့်အဓိပ္ပါယ် ဖွင့်ဆိုခြင်းဖြစ်သည် :)
    ရင်ဘတ်သက်သက်သည် အကြောင်းပြချက်ဟုဆိုသော်
    ထိခတ်သွားသော အသံတစ်ချက်၏ ပဲ့တင်မှုကြိမ်နှုန်း
    များသာ ဖြစ်ပါကြောင်း :)
    ကောင်းသောနေ့ပါအစ်ကို :)

    ReplyDelete