Pages

Sunday, December 6, 2009

အခု ဘယ်နှစ်နာရီထိုးပြီလဲ ရန်ကုန်

အခု . . . ဘယ်နှစ်နာရီထိုးပြီလဲ

ကြယ်တွေကိုမျှားခြင်းမှာ သင်ပျော်ရွှင်နေပြီလား
ဂိုးလ်ဒင်းဂိတ်တံတားကြီးကို ခဏထားခဲ့လိုက်ပါ
ဘုရင့်နောင်တံတားနားမှာတော့ မျက်နှာတွေသေဆုံးကြတယ်
ကြည့်မြင်တိုင် ငါးဈေးထဲက နေထွက်ချိန် ရှုခင်းဟာ အံဩစရာကောင်းပေရဲ့
နောက်ကျခြင်း ဝတ်စုံဟာ ချုပ်ရိုးသီချိန်မရတော့ဘူး
မနက်ခင်းဆို လဘ်ရွှင်သီချင်းဆိုရတယ်
လူနဲ့ကား  . . ကားနဲ့လူ
စပိန်နွားရိုင်းသတ်ပွဲတွေလိုပေါ့
ညဥ့်ငှက်တွေက နေ့ဘက်ပါ ဈေးကွက်ချဲ့ ထွင်တယ်
သန်းကောင်ထက်နက်တဲ့ ဘဝတွေ ညတွေ ပို့ကုန်အသစ်ဖြစ်လာကြ
အသက်ပြင်းပြင်းမရှုရဲဘူး . . .
ကျွံကျသွားမှာစိုးလို့  လမ်းသွားတိုင်း ကိုယ်ဖော့ထားတယ်
တစပြင်လို နူးညံ့လွန်းလို့ ကြယ်ငါးပွင့် ဟိုတယ်ထဲ
ဂျိုလီ့ နှုတ်ခမ်းလို ထူတဲ့
ငါးကြင်းဗိုက်သားဟင်း ရမလားမေးကြည့် တယ်
စစ်ဖြစ်ပြီးစ မြို့ပျက်ကြီးလို လှလိုက်တာ လွန်ရောပဲ

အခု . . . ဘယ်နှစ်နာရီထိုးနေပြီလဲ . . .

ငါလား . . . ? ရန်ကုန်မှာနေတယ်

ရန်ကုန်လား  . . ?
ခင်ဗျားတို့ပြောသလောက်လဲ ငရဲမဆန်ဘူး
စိတ်ကူး ယဉ်ထားသလို နိဗ္ဗာန်ဘုံ တံခါးဝလဲ မဟုတ်ဘူး  . . . ။


MPM

6 comments:

  1. နေ့မှာ ခံရတဲ့လူတွေများများကြား
    အသူရကယ် မင်းကြီးနဲ့ သိကျွမ်းခဲ့ရင်တော့
    ညမှာစံရတဲ့ သူ နဲနဲကြားမှာ ပါနိုင်တယ်

    ReplyDelete
  2. ရန်ကုန်ဟာ ရန်ကုန်ပီသစွာပဲ လူသားဆန်ပါတယ်.. ငရဲလုံလည်းမဟုတ် နိဗ္ဗာန်လည်းမဟုတ်ဘူး..း)

    ReplyDelete
  3. အသက်ပြင်းပြင်းမရှုရဲဘူး . . .
    ကျွံကျသွားမှာစိုးလို့ လမ်းသွားတိုင်း ကိုယ်ဖော့ထားတယ်ကျနော်လဲ ကိုယ်ဖော့သိုင်း တော်တော်ကျွမ်းနေပြီဗျ။ လူကြီးရောက်တယ်ဆို ရစ်တော့တာပဲ။ ရက်စက်ပ

    ReplyDelete
  4. ဈေးကွက်စီးပွားရေးလဲ ပါသကိုး

    ReplyDelete
  5. "ညဥ့်ငှက်တွေက နေ့ဘက်ပါ ဈေးကွက်ချဲ့ ထွင်တယ်
    နောက်ကျခြင်း ဝတ်စုံဟာ ချုပ်ရိုးသီချိန်မရတော့ဘူး..."

    နေ့ရောညရောဆိုမှတော့ ဘယ်လိုလုပ် အချိန်ရတော့မှာလဲ...

    ReplyDelete
  6. ဒီကဗျာ ကြိုက်လိုက်တာဗျာ။

    ReplyDelete