Pages

Sunday, June 28, 2009

ပြောရမယ်ဆိုရင် ကဗျာတွေကနေစလိုက်ရအောင် ...

ပြောရမယ်ဆိုရင်
ကဗျာတွေကနေစလိုက်ရအောင် ...

တုပ်ကွေးမိနေတဲ့ကမ္ဘာထဲ
ကိုယ့်ဒူးခေါင်း ကိုယ်ပိုက်
ငုတ်တုတ်ငိုက်နေတုန်း
ကဗျာတွေက အုပ်ဖွဲ့ပျံသန်းကြတယ်

ကမ္ဘာက ဘယ်အထိဆက်သွားမှာလဲ
ကဗျာကတော့
ပေါ့ပေါ့ပါးပါး မိုးတိမ်တခုလို မျောလွင့်လို့

ကဗျာနဲ့မိုးလင်း
ကဗျာနဲ့မိုးချုပ်
ရှင်သန်ခြင်းတွေ ရှိုက်သွင်းထားလိုက်ရတဲ့
ကဗျာတွေရှိတယ်
တချို့ကဗျာတွေက
ဆံပင်ရှည်ရှည်နဲ့
မြို့ကြီး ၊ ပြကြီး ဆန်ဆန်
ကဖေးထဲမှာ အိနြေ္ဒရရထိုင်လို့
တချို့ကဗျာတွေက
အလွမ်းတွေဖူးနေအောင်ပန်ပြီး
ညနေခင်းမှာ
လမ်းသလားနေကြတယ်
တချို့ကဗျာတွေက
နာဇီအလံကို အင်္ကျီချုပ်ဝတ်
စစ်သူကြီးဆန်ဆန်..ရဲရင့်လို့
တချို့ ကဗျာတွေက
ဗြဟ္မာဘုံကဗြဟ္မာကြီးတွေလို
ရုပ်သက်သက် ၊နာမ်သက်သက်
တည်ရှိနေကြတယ်
တချို့ ကဗျာတွေက
ဝါဒပေါင်း တထောင်
အာဂုံဆောင်လို့
တချို့ကဗျာတွေက
သူတို့ကိုယ်သူတို့
တည်ခင်းရောင်းချကြပြန်တယ်
တချို့ကဗျာတွေက
ဟိုတယ်ထဲမှာ
တချို့ကဗျာတွေက
ရာသီစာ
လတ်လတ်ဆတ်ဆတ်တွေနှင့်
ကျွန်းတခုလုံးကိုပတ်လို့
တချို့ကဗျာတွေက
မချိမဆန့် အော်ညည်းနေပေမဲ့
သူ့အတွင်းသားက နှုးညံနေတယ်
တချို့ကဗျာတွေက
သူ့ကို စိတ်မဝင်စားတဲ့လူတွေကို
သူက ..ပြန်သနားတယ်
တချို့ကဗျာတွေက
လူသားရဲ့ အဆုံးနဲ့အစကို
သေချာ စောင့်ကြည့် လေ့လာနေတယ်
့်
တချို့ ကဗျာတွေက.....

...................
.............
.........
တချို့ကဗျာတွေက....


ပြောရမယ်ဆိုရင်
ကဗျာတွေကနေစလိုက်ရအောင်

ို့
မောင်ဖုန်းမြင့်


5 comments:

  1. ကိုယ့်ဒူးခေါင်း ကိုယ်ပိုက် ငုတ်တုတ်ငိုက်နေတဲ့ပုံလေးကိုမြင်ယောင်သွားပါတယ်....
    mie nge

    ReplyDelete
  2. ကဗျာတွေနဲ့ အဆုံးသပ်လို့ မရတာကိုကလည်း
    ကဗျာ တပုဒ်ပါပဲလေ...
    သည်ကဗျာကို ကြိုက်တယ်...

    ReplyDelete
  3. အိန္ဒြာJune 28, 2009 at 3:22 PM

    ကဗျာဆရာ..
    ကဗျာတွေကနေ စပြောလိုက်တဲ့
    ကဗျာအကြောင်းကို
    သေသေချာချာနားစိုက်ထောင်သွားပါတယ်..။

    သေချာတာကတော့..ကဗျာဆိုတာ..
    ခေတ်ရဲ့ညာလက်ရုံးထဲက သွေးကြောမ တစ်ချောင်းဆိုတာပေါ့

    ReplyDelete
  4. တချို့ကဗျာတွေက
    နာဇီအလံကို အင်္ကျီချုပ်ဝတ်
    စစ်သူကြီးဆန်ဆန်..ရဲရင့်လို့


    ဒါဘာကို ဆိုလိုချင်တာလဲ
    ကဗျာဆရာ။
    အမြန်လာရှင်းပြပါရန်။

    ပုံ

    မအယ်

    ReplyDelete
  5. ကမ္ဘာက ဘယ်အထိဆက်သွားမှာလဲ
    ကဗျာကတော့
    ပေါ့ပေါ့ပါးပါး မိုးတိမ်တခုလို မျောလွင့်လို့

    ဆိုတာလေး Gtalk Status ထားခွင့်ပြုပါလား

    ReplyDelete