ကဗျာဆိုတာ ......ကျနော်တို့ ...... လက်ရသိမ်းပိုက်ထားတဲ့ နောက်ဆုံးခံတပ် ... မြို့ပါပဲ.......။
Sunday, December 27, 2009
စာပျံများ
နှာစေးနေရတဲ့ ယုန်သူငယ်လေးပါကွာ...
ဒီအကြောင်းနဲ့ပက်သက်ရင်
စောင်းမြောင်းပြောစရာအကြောင်းမရှိပေဘူး ။
တပေါင်းတန်ခူးမှာ မြောင်းတူးပြီးစိုက်တဲ့
ပြောင်းဖူးမိုက်ကလေးတွေရေ
ရေမရှိတဲ့ချောင်းကိုတောင် လိုက်လိုက်ရှာနေရတာမောတယ် (မင်းတို့အတွက်)
နှုးညံ့ခဲ့မှုဆိုတာကလဲ ရွှေဖရုံသီးတလုံးရဲ့အတွင်းသားလိုပါပဲ
ထက်ခြမ်းခွဲလိုက်မှ ဝင်းကနဲတက်လာတာမျိုးပဲမဟုတ်လား
မင်းက ရုတ်တရက် ထထပျံနေတော့
ငါကလဲအလန့်တကြား စာတွေပျံသလိုပျံနေရ
အချစ်ကို အစိမ်းသရဲလိုမွေးမိတဲ့ ဒုက္ခက
ငါ့ဂုတ်ကို ခွခွစီးနေတာပေါ့
နတ်သမီး ထောင်ချောက်မပြောနဲ့
ကြွက်ထောင်ချောက်ထောင်တာတောင် အဖြစ်မရှိခဲ့တဲ့ကောင်ပါ
အရပ်လေးမျက်နှာ သိဘို့အရေး နေ,လာရာ အတင်းမျက်နှာ မူနေရတာမျိုးပေါ့
အရိပ်၃ပါးနားမလည်တာလဲ မဆန်းပါဘူး
ငါ့အရိပ်တောင် ငါကျပျောက်နေတာကြာပြီ
ကမ္ဘာကြီးလဲ ကမ္ဘာကြီးအလျှောက်
မင်းကလဲ မင်းအလျှောက်၊ ငါကလဲ ငါအလျှောက်
လမ်းတွေကတော့ သူ့ဘာသာသူပေါက်နေကြတာပါပဲ
ခြေထောက်တွေ လက်တွေကလဲ ဝဲပေါက်နေတဲ့ အမျိုးမို့
သူခိုးလို့တော့ မစွပ်စွဲလိုက်ပါနဲ့
ငါ့ရဲ့မောင်းနှင်မှုစွပ်ဖားလှည်းကလေးဆိုတာကလဲ
အရှိန်မကုန်ခင်လည်နေတဲ့ ဂျင်ကလေးတလုံးသာသာပါ
ရှေ့ကဆွဲပြေးနေတဲ့မောဟ က အထူအပါးနားလည်တဲ့အချိန်မှ
ရပ်လိမ့်မယ်
မနက်ဖြန် မနက်ကိုးနာရီထိုးရင်
ရွာရိုးကိုးပေါက် ရောက်နိုင်သလောက်လျှောက်ပြီးမှ
ငါ့အိမ်ကို ငါပျံမှာ ။
(ငါ့ထံမှ မင်းဆီသို့ ပျံသန်းသောစာများ )
ဖုန်းမြင့်
Monday, December 14, 2009
ကမ္ဘာကျော်ချင်လို့ ကဗျာကရာကျော်တယ် ၊ခွတယ် ။
Sunday, December 6, 2009
အခု ဘယ်နှစ်နာရီထိုးပြီလဲ ရန်ကုန်
Thursday, November 26, 2009
နံနက်ခင်း၌ သင့်ရဲ့ပါးပြင်ကိုသာ နမ်းရှိုက်လိုတယ် ။
အလွမ်းတွေဝေတဲ့ဆောင်းဟာ
ဖြစ်လေရာ နံနက်ခင်းတိုင်းမှာ
နင့်ပါးပြင် နင့်နှုတ်ခမ်းများကိုသာ
နမ်းရှိုက်နိုင်သော ကိုယ် ဖြစ်ရပါလို၏ ။
Sunday, November 22, 2009
November 24
ငါ ကျဆုံးရမယ့် နေ့ရက်ကလေးဟာ
နှင်းတွေမသည်းထန်ခင်တုန်းမှာ
အနက်ရောင် ဖဲကြိုးတစ ဖြာကျသလို
ရုတ်တရက် ဝင်းပလာခဲ့
နှစ်ပေါင်းအတော်ကြာအောင်
စွတ်စိုမှုတွေဖုံးလွှမ်းမယ့်
ကျောက်ထက်အက္ခရာလေးတခုရဲ့ စတင်ခြင်းက
ငါ့ပြက္ခဒိန်တွေရဲ့ လွဲမှားမှုအစပဲ
မိုးမရွာ ၊ လေမတိုက်
ငြိမ်သက်တိတ်ဆိတ်စွာ
ငါ့တကိုယ်စာ ဒေါင့်ကျဉ်းလေးထဲမှာ
ရေလွှမ်းမိုး ခံလိုက်ရတယ်
တဒင်္ဂလေးအတွင်းမှာပဲ
ကောင်းကင်ကြီး ဟင်းလင်းပွင့်ကြွေကျ
ဆောက်တည်ရာ ကမ်းပါးဦးမှ အဝေး
ဟသာင်္ငှက်များ တဝုန်းဝုန်း ထပျံစဉ်
ရာသီစက်ဝန်းများ ရပ်တန့်သေဆုံးသွားခဲ့
လ.. ရောင် ခရီးဆက်နေတုန်း...
ငါမသိမ်းပိုက်လိုက်နိုင်တဲ့ တောင်ကုန်းအမည်ဟာ
24.November ဖြစ်တယ် ။ ။
MPM
Dedicated to someone
(Happy birthday November)
့
Wednesday, November 18, 2009
ဖုန်းမြင့်ဆိုတဲ့ကောင်နဲ့ အရည်မရ ၊ အဖတ်မရ စကားပြောဖြစ်တဲ့ည
Saturday, November 14, 2009
ကမ္ဘာတည်သရွေ့တည်မြဲနေမယ့်အကြောင်းတရား
အဝေးကနေ ဖုံးခေါ်လိုက်တဲ့အခါ
လေလှိုင်းထဲက ဖုံးမြည်သံလေးဟာ တုန်ယင်
တယ်လီဖုံးလေးဟာ တဆတ်ဆတ်တုန်ယင်
ကျနော့်အသံဟာလဲ တုန်ယင် လို့
အမေ့စကားသံ တုန်တုန်ယင်ယင်ကို ကြားလိုက်ရတယ်
"ငါ့သား အမေစိတ်ပူတယ်" တဲ့ . . .
အဲ့ဒီညက
အသက်အရွယ် မငယ်တော့တဲ့ ကျနော်ဟာ
တကိုယ်လုံး တုန်ယင်စွာ
အိပ်မရလိုက်ဘူး
ကျနော် မျက်နှာအပ်ထားမိတဲ့
ခေါင်းအုံးလေးဟာလဲ
ရွှဲရွှဲစို တုန်ယင်နေပါလေရော . . . ။ ။
MPM
Tuesday, November 3, 2009
ခင်ဗျားနဲ့စကားပြောရတာ ကျနော် ပျော်ပါတယ် ။
ခင်ဗျားနဲ့ စကားပြောရတာ ပျော်စရာကောင်းပါတယ် . . .
ထောင်ချောက် မဆင်တော့ပါဘူး
" မင်းနှုတ်ခမ်းများ . . လွင့်လာမှာကြောက်တယ်ကွယ် . . .စုန်းမ"
Saturday, October 31, 2009
လူစားထိုးခံလိုက်ရတဲ့တစ္ဆေ
ပျှမ်းမျှ အပူချိန် ဖာရင်ဟိုက်ဒီဂရီ
ဘယ်ရွှေ့ဘယ်မျှ
ဒီကောင်လေး ကိုယ်တွေတော်တော်ပူနေပါလား
နားထဲက သဲသဲကွဲကွဲမကြားဘူး
လေတွေက တအူးအူး
ဇောချွေးတွေက ရေတံခွန်လို စီးဆင်း
လည်ချောင်းထဲမှာ မီးလောင်တိုက်ကြီးလား
သတိက မရတချက် ရတချက်
မှိန်ဖျော့ဖျော့ မြင်ကွင်းထဲ
အမေ့ပုံရိပ် က တဖြေးဖြေးဝေဝါး
"အား" !! ..
အော်သံက ပဲ့တင်ပြန်မလာဘူး
ဒါ .. မွန့်ခ်ျရဲ့ ပန်းချီကားမှ မဟုတ်တာ
စိတ်မလွတ်သွားစေနဲ့
ဘုရားတရားကိုအာရုံပြု
နှာသီးဝလေးမှာ သတိလေးကပ်
အာနာပါနလေး ရှုကြည့်ပါလား
မရဘူး . . .
ဝေဒနာနုပဿနာမှာ နာကျင်မှုမလျှော့ပါးဘူး
ထိန်းထားတဲ့ကြား က အာရုံကလွင့်ကနဲပါသွားတယ်
ဟိုမှာ . . .
ပါရီမြို့က လမ်းမတွေလား
သေချာပြီ
အဝါရောင်ကဖေးမှာထိုင်နေတာ တစ္ဆေ .. ဗန်ဂိုး
"ခင်ဗျား အရူးပဲ" လို့ပြောလိုက်တယ်
"ကိုယ်ချစ်တဲ့ မိန်းမက ကိုယ်ကို့ပြန်သတ်တာခံလိုက်ရတဲ့ "
"အသုံးမကျ လွန်းတဲ့ တစ္ဆေ"
သူက လက်ခုပ်လက်ဝါးတွေ တီးပြီးသဘောကျလို့
"မင်းကို ငါ့နေရာမှာ အစားထိုးဖို့စောင့်နေတာ နှစ်ပေါင်းများစွာကြာပြီ"
အေးစက်စက် ပြန်ပြောတယ်
သူ့စကားဆုံးမှ ကျနော်ကိုယ်တိုင်ကလဲ
အသတ်ခံလိုက်ရတဲ့
တစ္ဆေတကောင်မှန်းသိလိုက်ရတယ် အမေ . . .။
ဖုန်းမြင့်
Wednesday, October 28, 2009
အပျင်းပြေ အပျော်ဖတ်
အရေပြားပေါ်က အယားပြေအောင်
တကိုယ်ရည် အာသာပြေ ချင်နေတဲ့စိတ်
ကိစ္စက ထိပ်ဝ ရောက်ခါနီး
တကိုယ်လုံး ကြက်သီးတွေ ဖျန်းဖျန်း ထ
ညောင်ဦး ကမ်းပါး(ကဘား)ပြို တော့
စမ္ဗနဂိုရ်က နမ /နွားမ တွေ ဈေးပေါင်ကျိုးတယ်ပဲပြောလိုက်မယ်
ခါလာကြီးက မာလကီးမယားခင်
မာလကာသီးမှ စားချင်တယ်ဆိုလို့
အရေးတကြီးပြေးဝယ်
ဂွေးသီးသယ်ပဲ တွေ့တွေ့နေတယ်
ဒီမောင်က ဆေးဘဲ / ဟိုဘဲက ဖွန်ကြောင်
အခွံ(အခွန်) ဆောင်ရန် ၊ ရှောင်ရန် များမှာ
မိမိတို့နှင့် မသက်ဆိုင်ပါကြောင်း . . .
ခက်ခက်ခဲခဲ၊ ပင်ပန်းတကြီး၊ တပ်ဆင်မှုကြီး ရဲ့နောက်ကွယ်မှ
ဇာဘော်လီချိတ် ပြုတ်ထွက်ခြင်း
ကဲ . . . ဒါကိုပဲ ခင်ဗျားတို့သိတယ်ဆိုတဲ့
အနုပညာနဲ့ ဘာသာပြန်ကြည့်စမ်းပါ
တခဏတာ လမ်းလွဲ အောင်မြင်မှု
( အထွဋ်အထိပ် ရောက်မှ ၁၅ မိနစ်လောက်ပဲကြာမယ် )
တပ်မက်ချင်ယောင်ဆောင်မနေနဲ့
ချွေးသံတလုံးလုံး အားထုတ်ကြိုးပမ်းမှုရဲ့ နောက်ကွယ်
ဟော . . . ဒါဟာ . . .ကဗျာ ဖြစ်တယ်
ဟော . . . ဒီလိုမျိုး . . . ကဗျာတွေရမယ်
တလဟော ၊ တရစပ် ပန်းထွက်လာတဲ့ကဗျာများ
(ခင်ဗျားလေးတို့အတွက် သီးသန့်စပါယ်ရှယ်)
ဖတ်ချင်လဲ ဖတ် ၊ မဖတ်ချင်လဲနေ
ပြတိုက်ထဲမှာ သိမ်းချင်သိမ်း ၊ ကျပ်ခိုးစင်ပေါ်တင်ချင်လဲတင်
နမ/နွားမ တော် ညိုပြာညက်များ
အားလပ်ရင် ခါးစပ်မှာ ဆင်ဘို့
(လတ်လျှား လတ်လျှား လုပ်နေမယ့်အစား )
ဟောဒီမှာ . . .လမ်းဘေးက ကဗျာတွေ
ပူပူနွေးနွေး အထူး ပြုလုပ်ဖန်တီးပေးနေပါပီ
ဖုန်းမြင့်
Monday, October 26, 2009
ပုတ်သင်ညို ကမ္ဘာသစ်ပြဇတ်
ဝိဒေဟရာဇ် ခေတ် မှ တကောင်စ နှစ်ကောင်စကျန်ခဲ့သောပုတ်သင်ညိုများသည်၂၁ ရာစုထဲတွင်မျိုးပွားမှုနှုန်း လျှင်လျှင်မြန်မြန်ဖြင့် အုံလိုက်ကျင်းလိုက် ကြီးထွားလာနေကြပါသည် . . . ။
ု
ထို ပုတ်သင်ညိုတို့သည် မိမိကိုယ် မိမိတို့ ကမ္ဘာဦး ဒိုင်နိုဆောများမှတဆင့် ရွေ့လျှားဆင်း သက်လာကြသူများဟု သက်ဝင် ယုံကြည်ကြပါသည် . . . ။
ပုတ်သင်ညိုတို့ ၏ သမိုင်းခေတ် ဖြတ်သန်းမှု အတွေ့အကြုံများအရ ရာစုသစ်ထဲတွင် အရောင်ပြောင်းရုံမျှဖြင့် လုံခြုံမှုမရှိတော့ဘူးဆိုခြင်းကို သိရှိလာကြပြီး ပုတ်သင်ညို ပါရာဒိုင်း အပြောင်းအလဲဖြစ်ဖို့ ပုတ်သင်ညို ရီဗော်လူးရှင်း တခု ပြုလုပ်ချင်လာကြပါသည် ။
ထို့ကြောင့် ပုတ်သင်တို့သည် . . .
အမြဲတန်းသင်ယူနေရမည့် ပုတ်သင်ညို အဖွဲ့အစည်းဟု ခံယူလိုက်ကြပြီး ၊ပုတ်သင်ညို ဂျင်နရေးရှင်းများ ၏ ဇီဝမျိုးစိတ် မြှင့်တင်ရေးအတွက် ကမ္ဘာအရပ်ရပ်ရှိ မြို့တော် အသီးသီး၏ မြေပေါ် ၊ မြေအောက် နေ ကြွက်များ ဆီမှ သင်ယူလေ့ကျင့်ခြင်း (တပါးသူများ သိုလှောင် သိမ်းဆည်းထားခြင်းမှ အလစ်အငိုက် ရှာဖွေ စားသောက် တတ်စေရန် ) ၊ ကမ္ဘာ့ တိုက်ကြီးများ အသီးသီးတွင် မှီတင်းနေထိုင်ကြ ကုန်သော ကျီးကန်းများဆီမှ သင်ယူခြင်း (ကျီးကန်းများ ၏ အမူအကျင့် ဓလေ့ စရိုက်များကိုမူ မြန်မာ့ စွယ်စုံ ကျမ်း များတွင် အကျယ်ရှုရန် ။ မှတ်ချက် ။ ။ဘရန်ဒွန်လီ၏ The Crow ဇတ်ကားကို ပုတ်သင်များ အသဲစွဲ ကြိုက် နှစ်သက်ကြပါသည် ။ ) ပုတ်သင်များသည် မိမိတို့၏ ပညာရည် မြင့်မားရေး ၊ ကျမ်းကြီး ၊ကျမ်းခိုင် များနှင့် စာကြီးပေကြီးများတွင် ကျွမ်းကျင် နှံ့စပ် နိုင်ရေးအတွက် ပိုးဟတ်များ၊ ခြများ ဆီမှလည်း သင်ယူလေ့ကျင့် ကြပါသေး သည် ။
ပုတ်သင်များသည် နိုင်ငံတကာ အသိုင်းအဝန်းနှင့်တကွ လူမှုအဖွဲ့အစည်း အသီးသီးတွင် ပူးပေါင်းပါဝင် ဆောင်ရွက် နိုင်ရေးအတွက် စားဖားများ ၊ဖားပြုတ်များ ၊ ဖားခုံညင်းများ ၊ ဖားလတက်များ ၊ ကျော်စံကေးများ ( ဖားဟူသည့် အက္ခရာ စာလုံးပေါင်းပါဝင်သည့် သက်ရှိများမှ အစ၊ စွတ်ဖားလှည်းအဆုံး ) ထံမှ လည်း အပတ် တကုတ် ၊ကြိုးစားပမ်းစား သင်ယူလေ့ကျင့်ခဲ့ ကြပါသည် ။ ( ဤနေရာတွင် ပုတ်သင်များ၏ ကြိုးစားအားထုတ်မှု ကို လေးနက်ပေါ်လွင်အောင် မည်ကဲ့သို့ ရေးသားရမည်ကို ကျွန်ုပ် အမှန်တကယ် မသိရှိခဲ့ပါ ။ )
ပုတ်သင်များ သည် အမြင် ကျယ်စေရေးအတွက် ဇီးကွက်များ ထံမှ သင်ယူခြင်း ၊ မြင့်မြင့်ပျံ၍ ဝေးဝေးမြင်နိုင်စေရန် လဒများ ဆီမှ သင်ယူခြင်း ၊ အညှီ ၊ အဟောက်ရှိရာ ဆီသို့ အုပ်ဖွဲ့ ပျော်ပါးနိုင်ရေးအတွက် ယင်ကောင်များ ဆီမှ သင်ယူခြင်း ၊ အစရှိသည့် အကြောင်းအရာများ ကိုမူ ဤနေရာမှ နေ၍ အကျယ်တဝင့် မရေးသား မပြောဆိုလိုတော့ပါ ။
ပုတ်သင်များသည် ကမ္ဘာပြားပြီ ဟူသော အယူအဆကိုလဲ လက်ခံယုံကြည်ကြပါသည် ။ ထို့အပြင် ပုတ်သင်များ သည်ခေတ်သစ် စိတ်ပညာကို ကျွမ်းကျင်လာကြသည့် အလျှောက် ၊ စိတ်ပညာ သဘောတရား အရ အုပ်စုဖွဲ့ ဖိအားပေးခြင်းသီဝရီ ( Group pressure ) ကို တွင်တွင်ကျယ်ကျယ် အသုံးချ လာနိုင်ကြပါသည် ။ ထို့ကြောင့် . . . pokethinnyo@gmail.com ဟူ၍ မေးလ် အကောင့်တခု ပြုလုပ်ကာ ကမ္ဘာ့ နေရာဒေသ အသီးသီးရှိ ပုတ်သင်များကို ဆက်သွယ်၍ ချက်တင်များတွင် ပုတ်သင် ပဓါန ဝါဒ ကို တွင်တွင် ကျယ်ကျယ် ဖြန့်ဖြူး ခြင်း ၊ ပုတ်သင် မျက်နှာ စာအုပ် အမည်ရ ဆိုရှယ် နက်ဝေါ့ ကင်း ဝဘ်ဆိုဒ်များတွင် ဖန်ကလပ်များ ထူထောင်ကြခြင်း ၊
ထို့အပြင် မိမိတို့၏ ဝါဒရေးရာများကို စိစစ်ဖြတ်တောက်ခြင်း အန္တရာယ်မှ လွတ်ကင်းရန် အလို့ငှာ ဂူဂယ်မှ အလကားပဲတင်းကို ဈေးမဆစ်ပဲ ရသောဘလော့များတွင် www.http//pokethinnyo.blogspot.com ဟူသော စာမျက်နှာကိုဖန်တီးကာ ပုတ်သင်ညိုအနုပညာ အမည်ရ ကဗျာ ၊ စာပေ၊ ဆောင်းပါး၊ အက်ဆေး များကို ရေးသားတင်ပြလာကြပါသည် . . . ။ ထိုအချိန်မှ စ၍ Art For Pokethinnyo Sake အနုပညာသည် ပုတ်သင်ညို များ အတွက် ဟူသောဝါဒတခုသည်လည်း ပျံ့နှံ့တွင်ကျယ်လာပါတော့သည် ။
ဤကဲ့သို့ ဂုဏ်အရည်အချင်းများနှင့် ပြည့်ဝသော ပုတ်သင်များကို ဂုဏ်ပြုကြိုဆိုသော အားဖြင့် ကမ္ဘာပေါ်ရှိ နိုင်ငံကြီးတနိုင်ငံမှ ထုတ်လုပ်သော ကွန်ဒုံများကို ပုတ်သင်များ ဖြင့်အမှတ်အသားလိုဂို ပြုလုပ်ကာ အဖော် ဟူသော အမှတ်တံဆိပ်ဖြင့် ဈေးကွက်တွင် တွင်ကျယ်စွာ ဖြန့်ဖြူး ရောင်းချခဲ့ပါတော့သည် ။
နောက်ဆက်တွဲအနေဖြင့် ထပ်မံသိရှိရသည်မှာ ရောခ့်ပုတ်သင်စတီးဝပ် သီဆိုသော ယောယိမ်းလိုက် ဘသား ယိမ်း လိုက် အမည်ရှိသော ရောခ့် တေးဂီတ အယ်လ်ဘမ်မှာ ပုတ်သင်များ ကြားတွင် အရောင်းရ အတွင်ကျယ်ဆုံး ဖြစ်နေခြင်းပင် ဖြစ်ပါသည် ။
ဤတွင် အက်ဆေးဟူသော လေဘယ်လ်ကပ်၍ ကျွန်ုပ် ရေးချင်ရာ လျှောက်ရေးသော အကြောင်းအရာများ နိဌိတံ ပါ၏ ... ။
ဖုန်းမြင့်
(ခတ္တ ပုတ်သင်ညို ယဉ်ကျေးမှု ထွန်းကားရာအရပ် )
Sunday, October 18, 2009
ဒေးဗစ်ကော်ပါးဖီးလ် လို ငါတို့ရဲ့ ဖျောက်ဖျက်ခဲ့မှုများ ။
မီးလင်းဖိုလေးရှေ့မှာပဲ
ငါ့ကိုယ်ငါ ပြန်နွှေးနေရတယ်
ငါ့တို့ရဲ့ညစာတွေဟာ လဲ ငါတို့လိုအေးစက်ကြလို့ . . .
”ကမ္ဘာမြေကြီးအပေါ်မှာ လူသားတွေဟာ
မတော်မတရားကျင့်ခဲ့တယ် “ . . .
အဲ့ဒီလို . . .
ငါတို့အမြဲစားသုံးနေကြ ပွဲနေ၊ ပွဲထိုင် စကားလုံး တွေနဲ့
ဧည့်ခံပွဲတွေဟာ တောက်ပ အသက်ဝင်ခဲ့ကြရ . . .
ညညဆို . . .ငါ တို့ဟာ
ဘဂ္ဂဒက်မြို့က လမ်းကြို လမ်းကြားတွေကို
မော်နီတာ ဖန်သားပြင်က တဆင့်သွားတယ် . . .
ငါတို့ရဲ့ အကြင်နာတရားဟာ
ကီးဘုတ်က ခလုတ်တွေ အပေါ်မှာ
”ဧရာဝတီဒယ်လ်တာက မိဘမဲ့ ကလေးသူငယ်တွေကိုကွာ” . .
အခုလိုပြောလိုက်တဲ့ ငါ့ သူငယ်ချင်းရဲ့စာနာမှုဟာ
သူ့လက်ထဲက ပြာမကြွေသေးတဲ့ စီးကရက်ရှည်လိုပဲ
ရှည်ရှည်မျောမျော ကြီးတိုးထွက်လာခဲ့ . .
ငါတို့ဟာ . . .
ဆပ်ပြာပူဖောင်းတွေ မှုတ်ထုတ်လိုက်သလို
စကားလုံးတွေ တဖူးဖူးမှုတ်ထုတ် ပြီး ပျော်ရွှင်စွာ ဆော့ကစားကြ
ငါတို့ရဲ့ . . .ဝမ်းနည်းကြေကွဲမှုကို
အိမ်မြှောင်တကောင်လို တကျွတ်ကျွတ် စုတ်သတ်ပြ လိုက်ကြ
ငါတို့ဟာ လူပီပီသသ ၊
ငါ့တို့ ရဲ့ . . . ဒုက္ခတရားကမှ
စကြဝဠာကြီးထဲ က မဟာအခက်ခဲဖြစ်တယ်ဆိုတဲ့အကြောင်း
စီကာပတ်ကုံး ဖွဲ့နွဲ့လိုက်ကြ
ငါတို့ . . . အတ္တတွေ ထူပိန်းထလာတဲ့အထိ
ဆေးသားတွေ တလွှာပြီးတလွှာ အသပ်ရပ်ဆုံး တင်ကြ
လူတိုင်းက စိုးရိမ်ရေမှတ် ရောက်နေချိန်မှာ
ငါတို့ကြမှပဲ ထူးကဲဒီရေ တက်သလိုမျိုး
ငါတို့ဟာ ပြောဆိုရယ်မောခဲ့ကြ
ဒီလ အတွက် အိမ်ကိုငွေလွှဲပြီးပြီးဆိုတဲ့အကြောင်း
သရီးဂျီအိုင်ဖုံးနဲ့ ဆက်သွယ်ပြောခဲ့ကြ
ငါတို့စကားလုံးတွေဟာ ပလုံစီပြီး
ဘလော့စပေါ့ဒေါ့ကွန် ထဲ မျောပါခဲ့ကြ
ငါတို့ဇတ်ရှိန် အမြင့်တက်လာဆုံးအချိန်မှာ
ငါတို့ဟာ ဒေးဗစ်ကော့ပါးဖီးလ်လို
ရန်ကုန်မြို့ကြီးကို ဖျောက်ဖျက်လိုက်တယ် . . .
ဘဂ္ဂဒက်မြို့ကြီးကို
ငါတို့ရဲ့ အဆုံးစွန်ခံစားမှုတွေဟာ
ဒီညနဲ့ မဆန့်တော့ဘူးလို့ ယူဆပြီး
ငါတို့အရှေ့က မော်နီတာဖန်သားပြင်ကို
Alt+F4 နဲ့ ရှပ်ဒေါင်းပိတ်ချလိုက်တော့တယ် . . . ။ ။
ဖုန်းမြင့်
Wednesday, October 14, 2009
မြဒါလီသို့ ...တမ်းချင်းများ (၃)
မင်းရဲ့ လက်နှစ်ချောင်းကို ကြက်ခြေခတ်လိုက် အဲ့ဒီအပေါ်မှာ ငါ့ဦးခေါင်းကိုတင် အန္တရာယ် ဆိုတဲ့ အမှတ် တံဆိပ် ကို ငါ့ရင်ဘတ်ပေါ်မှာ ခတ်နှိပ်လိုက်ပါ မြဒါလီ ဒါဟာ မင်းစစ်မြေပြင်ပေါ်မှာ ကျဆုံးသွားရတဲ့ အညတြ စစ်သည် ငါ့အတွက် မင်းရဲ့ ကြီးမြတ်သော ကရုဏာနဲ့ စွန့်ကျဲလိုက်တဲ့ ဆုလဘ် သို့မဟုတ် သူရဲကောင်းမှတ်တမ်းဝင် သံမဏိကြက်ခြေ ပဲပေါ့ . . ။
နေ့တလွမ်းလွမ်း ၊ ညတဆွေးဆွေး ဒီအခန်းထဲမှာ ငါ တေးချင်းမဆိုချင်တော့ဘူးကွယ် . . . အဝေးက ကြားရတဲ့ ဥဩ ငှက်သံဟာ နွေဦးရဲ့ အချက်ပေး တပ်လှန့်လိုက်သံလား . . . ငါ့နားထဲမှာတော့ ငါ့ဈာပန တေးသွားလို့ပဲ ကြားတယ် ။ မင်းနာမည်ကို သတိရလိုက်တာနဲ့ ငါ့ကောင်းကင်တခုလုံးဟာ ရုတ်တရက် ဗုံးကြဲလေယဉ်တွေ ပြည့်နှက်လာသလိုမျိုးပဲ ငါ့မှာ သက်သာရာ ဗုံးခိုကျင်း လိုက်ရှာမိတယ် . . . ငါ့ဟာ နေစရာ ၊ ဖြေစရာ မရှိရှာတဲ့ လေလွင့် သူပါ . . မင်းရင်ခွင် ကျပျောက်သွား ရတဲ့ အရူးတယောက်ရဲ့ ကောင်းကင်ပေါ့ကွာ . . . စိတ်သက်သာရာ ရလို ရငြား သီချင်းနားထောင်မိတော့ ပျံ့လွင့်လာတဲ့ သံစဉ်က . . . . "မပျော်ပါဘူး . .နှင်းဆီဖြူ . . မင်းမရှိတဲ့ ဘဝ" . . ကိုခင်ဝမ်း ဆိုတဲ့ "နှင်းဆီဖြူ ရဲ့ အဝေးကလူ " တဲ့ . . ဘုရား .ဘုရား ငါ့ယိုင်နဲ့ကျသွားပုံများ ဘယ်လိုပြန်ပြောပြ ရမလဲ ဆောက်တည်ရာ မရတော့ဘူး ငါ့မှာ.. ..ကိုခင်ဝမ်းဆိုနေတာ မဟုတ်ပဲ သင်းကွဲ ဝံပုလွေတကောင်ရဲ့ လမင်းကို မော့ကြည့် ပြီး နာနာကြည်း ကြည်း အူလိုက်သံလို့ မြင်ယောင်လာမိတယ် ငါ့လက်တွေ ကတုန်ကယင် နဲ့ ခလုတ်ကို အမြန်ပြေးပိတ်လိုက်ရတယ် . . . ခံနိုင်ရည် ပျောက်ဆုံးခဲ့ပါတယ် မြဒါလီ . . ။
တချိန်က ပင်လယ်ကမ်းစပ်နားမှာ မင်းခြေရာလေးတွေ ကျန်နေရစ်ခဲ့မလား ပြန်ရှာကြည့်မိပြန်တယ် . . . သောင်ပြင်ပေါ်မှာမင်းခြေရာတွေ ငါမတွေ့ပါဘူးကွာ .. ဒါပေမဲ့ မင်းနဲ့ ငါကြား တချိန်က ချစ်ခဲ့ကြဖူးတယ် ဆိုတဲ့ အတိတ်ခြေရာကြီးကတော့ မြေစိုင်ခဲ ကျစ်ကျစ်ပေါ်မှာ ထွန်တုံးနဲ့ နစ်နေအောင်ခြစ်ထားခဲ့သလို ငါ့ကမ်းခြေမှာ အစင်းသားကြီး ထင်ကျန်လို့ . . . အဲ့ဒီဒါဏ်ရာကိုပဲ တဖွဖွသနေရင်း ညတွေဟာ အငွေ့ပျံ ထွက်သွားကြ . . နေ့တွေဟာ ပျင်းရိလေးတွဲစွာ သေဆုံး . . . ငါ့ကိုယ်ငါ လုံးလုံး ဆယ်မရလိုက်ဘူး . . . ။
ငါ့ အခန်းဒေါင့် ချောင်ငယ်လေးထဲမှာ တိတ်ဆိတ်ငြိမ်သက်စွာရပ်နေတဲ့ ငါ့ဗီရိုငယ် ကလေးရှိတယ် မိဒါလီ အဲ့ဒီ ဗီရိုလေးရဲ့ အောက်ဆုံးဆင့်ထဲမှာ ငွေရောင်စက္ကူဗူးလေးတဗူး ၊ အဲ့ထဲမှာ နင်ဟိုတချိန်ခါက လက်ဆောင်ပေးခဲ့ဖူး တယ်ဆိုတဲ့ ပါတ်ကားတံဆိပ် စတိန်းလက်စတီး ဘောလ်ပင်လေး နှစ်ချောင်း ( တချောင်းက မှင်သိပ်မလိုက်ချင် ဘူး နင့်လိုပဲ ) ၊ပြီးတော့ တချိန်ကနင် စိတ်ဆိုးမာန်ဆိုးနဲ့ ငါ့ရှေ့မှာပဲ ကိုက်ဖြတ်လိုက်တဲ့ နင့်လက် သည်းရှည် လေး တွေ ( နင့်ရဲ့ ညာဘက်လက်တခုစာ အတိအကျ ငါရလိုက်ပါတယ် ) ၊ နင့်မျက်ရည်စတွေ စွန်းထင်း ပေကျံနေတဲ့ တစ်ရှုးပေပါလေး တရွက် ( အဲ့အပေါ်မှာ ငါ့လက်ရေး ကဗျာတပုဒ် ရှိတယ် ) . . အဲ့ဒါတွေကို ငါမျက်နှာချင်းမဆိုင် ရဲဘူး မြဒါလီ အဲ့ဒီဗူးလေးကို ရေဒီယိုဓါတ်သတ္တိကြွနေတဲ့ ဒြပ်စင်တခုလို ငါအဝေး ကနေ ရှောင်ကျဉ်မိတယ် . .
အဲဒီဗူးလေးဟာ ဇုနတ်မင်းကြီးက လူသားတွေအပေါ် ပြစ်ဒဏ်ခတ်ဘို့ အလှပ အပေါ်မှာ ရက်စက်ကြေ ကွဲ မှု တွေ ပေါင်းထည့်ထားတဲ့ ပန်ဒိုရာသေတ္တာလေး လိုပါပဲ သေချာတာ က .. အဲ့ဒီဗူးထဲမှာ ငါ့အတွက် မျှော်လင့်ချက် ဆိုတဲ့ အသက်ငွေ့ငွေ့တောင် ရှိတော့မှာ မဟုတ်ပါဘူးကွယ် . . . နင့်ကို သတိရစိတ်တွေ လှိုင်းထန်လာ တိုင်း ငွေရောင်ဗူးလေးအပေါ်မှာ ငါ့နာမည်ကို ငါ ကမ္ဗည်းထိုး . . နှင်းဆီပန်းလေးတပွင့် အသာအယာတင် . .ကြေကွဲမယ့်သူ မရှိတဲ့ ငါ့ဈာပန အခမ်းအနားလေးကို တကိုယ်တော် ကျင်းပ နေမိတာပေါ့ . . ။
ဆွေးမြေ့၊ပြတ်ရှ၊မွန်းကျပ်လွန်းလှတဲ့ မိုးတိမ်တွေ ငါ့အပေါ်တအိအိ ပြိုဆင်းလာကြ . . . ညနေခင်း ဝေရီရီတွေမှာ
မြစ်ကမ်းနဖူးမှာထိုင် တိမ်တွေကို လိုက်လိုက်ငေးကြည့်မိတယ် . . . နင်ဟာ နေခြည်အဆင်းတွေ ဝင်းလဲ့နေတဲ့ တိမ်တိုက် ပျိုလေးတခုလို ကစုန်ဆိုင်းလာပြီး ငါ့ရပ်ဝန်းမှာ တဒင်္ဂ စွတ်စိုဖူးခဲ့တယ်နော် . . . အခုတော့လဲ ပြိုပျက် လွင့်ကွယ်သွားပါပြီ အိပ်မက်တိမ်စိုင်လေးရယ် . .မှိုင်းရီနေတဲ့ ငါ့စိတ်နဲ့ တိမ်တွေကို စိတ်ကူးနဲ့ဆေးချယ် မိ ခဲ့ ငါ့ရေးဆွဲလိုက်သမျှ ပန်းချီကား တိုင်းမယ် နင့်နာမည်ပါတယ် မြဒါလီ . . .
နေကွယ်တော့မယ် မြဒါလီ . . .နင့်နာမည်နဲ့ ငါ့ အရှေ့အရပ်မှာ နေထွက်ခဲ့ရသလို နင့်နာမည်နဲ့ပဲအနောက်စွန်းမှာ မိုးစုန်းစုန်းချုပ်ခဲ့ ရပါပြီ . . ဖြူဆုတ်ဆုတ် လရောင်လေးတမျှင်တောင် မြင်ခွင့် မရတော့တဲ့ ငါ့ ကောင်းကင် အတွက် နင့်ကို ထာဝရ ဟစ်အော်တမ်းတရင်း ထွန်းလင်းတောက်ပ လိုက်ပါရစေတော့ . . . .
နေလုံး ပျောက်ကွယ်သွားပါပြီ . . .
နေလုံးဟာ ပျောက်ကွယ်သွား ပြီ....
နေလုံး ပျောက်ကွယ် သွားခဲ့ပြီ . . . . . . . .
ငါ့ ... စစ်မြေပြင် ညနေခင်းတွေမှာ မြူခိုးတွေ ဝေနေတုန်းပဲ မြဒါလီရေ့ . . . ။
ဖုန်းမြင့်
Sunday, October 11, 2009
ဘုရားသခင်အလိုတော်အရ ခင်ဗျားနဲ့ကျနော် ။
ကမ္ဘာကြီးကို ရေလွှမ်းမိုးမယ် မကြံသေးဘူး
ခင်ဗျားက နောဧပေါ်ရောက်နေပြီ
ခင်ဗျားရဲ့ အာရုံသိ အကင်းပါးမှုနဲ့
နေရာယူတတ်မှု ဆိုတဲ့ ဘာသာစကားကိုတော့ လေးစားမိပါရဲ့
နွားကျတယ်ပဲပြောပြော
ကျနော်ရဲ့ ပိန်းအ ခဲ့မှုဟာ
ဘုရားသခင်အလိုတော်အရပါ
ခင်ဗျားဟာ ဝိတ်မ လေ့ကျင့်လေ့ရှိသူ ဆိုတော့
လူထူပြီဆိုရင် အင်္ကျီလက်မောင်းလေးပင့်
လက်မောင်းကြွက်သားတွေ ကားကားနဲ့ လမ်းသလားလေ့ရှိတယ်
ဒါဟာလဲ ဘုရားသခင်အလိုတော်အရပါ
ခင်ဗျားမှာ ဘာရည်ရွယ်ချက်မှ မပါမှန်း
ကျနော်သိပါတယ်
အခုဆို ကျနော်ဟာ
အလင်း၊ အလျှင် ၊ အရွေ့ဆိုတဲ့ ပြတ်ရွေ့ကြောင်းကြီးထဲမှာ
တစုံတခုက ကျနော်နေ့တွေကို တွန်းတိုက်သွားတယ်
အမျိုးအမည်မသိ ဘာသာစကား နဲ့
လူနားမလည်တဲ့ ဝေါဟာရတွေကို တဖွဖွရွတ်လို့
နံရံတွေကို ကျနော် တွန်းဖြိုကြည့်မိနေတယ်
ခင်ဗျားလို ထွားကျိုင်းသန်မာမှုမရှိတဲ့
ကျနော့်လက်ဖျံရိုးလေး နှစ်ချောင်းဟာ အသနားခံသလို တောင်းပန်တယ်
ဘုရားသခင်အလိုတော်အရ ဖွံထွားမှု နောက်ကျရတာပါဗျာ တဲ့
ခင်ဗျားရဲ့ အိပ်မက် ဆောင်ကြာမြိုင် ထဲက
လေညှင်းကလေးတွေ လှုတ်ခတ် ကစားတဲ့ ခန်းဆီးစ မှာ
နားလေ့ရှိသူ လိပ်ပြာကလေးတွေအပေါ်
ဆေးရောင်စုံချယ်ရေး ပရောဂျက် လက်စသတ်လိုက်နိုင်ပြီလား
ဘုရားသခင် အလိုတော်အရ အဆင်ပြေချောမွေ့ပါစေဗျာ
ကမ္ဘာကြီးလုံးတယ် ပြောပြော ၊ ပြားတယ်ဆိုဆို
ကျနော်ကတော့ လုံးလည်ချာလည်ပါပဲ
လူပျက်တွေ ပြက်လုံးထုတ်ကြသလို
လည်သာလည်တယ် ၂ပတ်ထဲဆိုတာမျိုးပါ
ဘုရားသခင်အလိုတော် အရ ခင်ဗျားကတော့
အထုခံလိုက်ရတိုင်း တဒူဒူ အော်နေရတဲ့ ကြေးစည်လို ချာချာလည်နိုင်ပါစေ
ဒီတပတ်အတွင်း အကောင်းဆုံး ဟာသ စာရင်းမှာ
ခင်ဗျားရယ် ၊ ဘုရားသခင်ရယ် ၊ ချာလီချက်ပလင်ရယ် ပါတယ်
စိတ်မရှိလိုက်ပါနဲ့ဗျာ
အခုကျနော် ချရေးလိုက်တဲ့ အကြောင်းအရာကလဲ
ဘုရား သခင်အလိုတော်အရပါပဲ
ကားစင်ထက်က ဘုရားသခင်ရဲ့
လည်ပင်းပေါ်ကိုမှ
ဓါးတင်ထားချင် တယ် ဆိုတဲ့ခင်ဗျား
ကောင်းချီးမင်္ဂလာ ဝေဖြာပါစေ
အာမင် . . . ။ ။
ဖုန်းမြင့်
(အဝေးရောက် ပင်လယ်မှ ကူးယူဖော်ပြပါသည် ။ )
Thursday, October 8, 2009
ငါ့ဝတ်စုံဟာ သူ့အစွယ်ဖျားမှာ ပါသွားပြီ ။
ကြေးနန်းစာ ဝင်လာတယ်
လှို့ဝှက်ချက်ကို ဖောက်စစ်ကြည့်လိုက်တော့
နွေဦးက မီးလောင်သွားပြီတဲ့
ပါရီမြို့ကြီးကို ဒီအတိုင်း ကြည့်နေလိုက်ရတယ်
ငါကိုယ် ငါက ပြန်မကယ်နိုင်လိုက်တဲ့ နှစ်များ
ကြောင်မလေးက cat walk လျှောက်ရင်း
ကြောင်လက်သည်း ဝှက်လိုက်သလို ကြောင်တောင်တောင်ပြောလိုက်တယ်
" ရှင့်ကို ကျမ မချစ်နိုင်ဘူး"
"ရှင့်ကို ကျမ ချစ်လို့ မရဘူး "
ဒီဝတ်စုံဟာ ငါ့ခန္ဓာကိုယ် အတိုင်းအတာနဲ့ ဆို အချိုးအစားမကျဘူး
ဒီအဆင် ဒီဇိုင်းကို ငါမကြိုက်ဘူး
ညနေခင်းဟာ သွေးစိမ်းရှင်ရှင်ထွက်တယ်
အစွမ်းရှိသလောက် တုန်ယင်မိတော့
ခလုတ် ထိတိုင်း ဗုဒ္ဓံသရဏံဂစ္ဆာမိနေရ
တကယ့်အဖြစ်အပျက်ဆိုတော့
ပြစက်ထဲက အခွေလို ကောင်းခန်းတခုထဲ ရစ်ကြည့်လို့မရ
အိမ်မြှောင်အမြှီးပြတ်သလို
တဆတ်ဆတ်ခုန်တယ်
အရက်ဆိုင်ထဲမှာ မူးယစ်ရမ်းကားတဲ့ ကောင်းဘွိုင်လို
မဲမဲ မြင်သမျှ ပစ်ချလိုက်မိတယ်
ဒါ . . . ဟာ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့်ပါကွာ လို့
မချေပချင်တော့ဘူး
သူငယ်ချင်းရေ . . .
မိုးလှိုင်ညရေ . . .
အဲ့ဒီကြောင်မလေး အစွယ်ဖျား မှာ
အလွမ်းတွေ စက်လက်နဲ့ ပါသွားတာဟာ
ငါ့ ကိုယ်ပေါ်က ချွတ်ချလိုက်ရတဲ့ ဝတ်စုံသစ်လေးပေါ့ကွာ ။ ။
ဖုန်းမြင့်
Tuesday, September 29, 2009
ကဗျာထဲကို ထည့်ချင်ရာထည့်တဲ့ အုံကြွမှု
ကဗျာထဲကိုဘာထည့်ရမလဲ
မျောက်တွေဟာ အုန်းသီးထဲ ဘယ်သူရေထည့်သွားသလဲဆိုတဲ့
အတွေးအခေါ်ရသလို
ကဗျာထဲကို ဘာထည့်ရမလဲ
ဒုတိယကမ္ဘာစစ်အတွင်းက
ပြင်သစ်ကြေးစားမတွေဟာ သူတို့ကိုယ်ထဲကို ဆစ်ဖလစ်ပိုးထည့်ပြီး
ဂျာမန်တွေကိုဖျော်ဖြေသလိုမျိုး
ကဗျာထဲကိုဘာထည့်ရမလဲ
ဒဿနမပါတဲ့ ကဗျာဖတ်ရတာ ဆားမပါတဲ့ဟင်းစားရသလိုမျိုးတဲ့
ကဗျာထဲကိုဘာထည့်ရမလဲ
ကဗျာဆိုတာ အသံသာရမယ်
ဟုတ်ကဲ့
ကဗျာမှာ နိမိတ်ပုံထွားထွားကြီးတွေနဲ့ ဝေဝေဆာဆာဖြာရမယ်
ဟုတ်ကဲ့
ကဗျာထဲမှာ ဘာသာစကားထည့်ပါ
ဟုတ်ကဲ့
ကဗျာဆိုတာ ရိုးသားရမယ်
ဟုတ်ကဲ့
မင်းတို့ ရေးချင်ရာရေးတာကို ကဗျာလို့ခေါ်နေကြတာလား
ဟုတ်ကဲ့ . . . ဟုတ်ကဲ့ ခင်ဗျာ
အဲ့ဒီလိုနဲ့
ကဗျာထဲကို အသဲကွဲသီချင်းတွေ ထည့်လွှတ်လိုက်တယ်
ကဗျာထဲကို စိတ်ရဲ့အုံမှိုင်းမှုတွေ ထည့်လွှတ်လိုက်တယ်
ကဗျာကြီးပဲဆို ပြင်းမှာစိုးလို့ ဆော်ဒါ နဲနဲရောထည့်တယ်
(ကဗျာ စစ်စစ်ဆို ဘာမှ မရောပဲ သောက်တာ ပိုကောင်းတယ်)
ကဗျာထဲကို မိုးနဲ့အတူအစိုးမရတဲ့ ကောင်မလေးတွေအကြောင်းထည့်တယ်
ကဗျာထဲကို မေထုန်မဲ့ခြင်းကနေ ပေါက်ဖွားကြီးပြင်းတဲ့ နို့စားနွားမကြီးအကြောင်းထည့်တယ်
ကဗျာထဲကို ပြတ်တောက်သွားတဲ့ ဖိနပ်လေးတဘက်အကြောင်းထည့်တယ်
ထည့်ချင်ရာထည့်ထားတဲ့ ကဗျာကြီးဟာ မြေဆွဲအားကနေ ရုန်းကန်ပျံ ဘို့ ကြွကြွ ရွရွကြီးဖြစ်နေပြီ
လွတ်လွတ်ကျွတ်ကျွတ် ကင်းလွတ်ခွင့်ရဘို့ အရေး ဆိုင်းကြိုးတွေကို ဘယ်သူလာဖြတ်မလဲတွေးတယ်
ပရော်ဖက်ဆာ တယောက်က ပြောတာက
ကဗျာထဲကို ထည့်ချင်ရာထည့်တဲ့ အုံကြွမှုကြီးရဲ့ အစဟာ ခရစ်တော်မပေါ်ခင်ကထဲကတဲ့ . .
အဲဒီ အုံကြွမှုထဲမှာ မြေဆွဲအားကြောင့် ဖြစ်ပေါ်လာတဲ့ ရုန်းကန်မှုတွေ
အမြဲတမ်းခက်ထန်တယ် အမှန်တရားဆိုတာ ခက်ထန်တာပဲလေ...
အသက်မဲ့နေတဲ့ အိပ်မက်တွေ ခြောက်ကပ်နေတယ့်လယ်မြေတွေ
တကယ်တော့
အမှန်တကယ်တော့
လူသမိုင်းကို ထွန်ယက်ခဲ့တာကဗျာပါ...
အသည်းကွဲနေတဲ့ ကဗျာဆရာ အရူးတစ်ယောက်က
အသည်းကွဲ ဖူးသူအားလုံးကိုကိုယ်စားပြုသလို
တော်လှန်ရေးမှာကျဆုံးသွားတဲ့ သူရဲကောင်းတွေအတွက်
ကိုယ်ကိုယ်တိုင် ကျဆုံးခံခဲ့ရသူလည်း ကဗျာဆရာပဲ
ကဗျာထဲကို နာကျင်မှုတွေ ထည့်ခလောက်တော့
ကောင်မလေး မင်းကြိုက်တဲ့
စတော်ဘယ်ရီမိတ်ရှိတ်ဖျော်ရည်
တကယ်တော့ ကိုယ့်ကိုယ်ထဲက လွတ်မြောက်ရေးတိုက်ပွဲ
ဆိုက်ဘေးရီးယားကို နယ်နှင်ခံလိုက်ရတဲ့ သမိုင်းစာအုပ်တစ်အုပ်လို့
အေးစက်နက်ရှိုင်းလို့....
မင်းလေ့ကျက်ပြီးပြီလား
မင်းရိုးသားခဲ့ပြီးပြီလား
မင်းဖြူစင်ခဲ့ပြီပြီလား...
ကဗျာကိုဖတ်တတ်ဖို့ မင်းစိတ်အခံက ဖြူစင်ဖို့လိုတယ်...
နောက်ဆုံးတော့ လောကထောင်ချောက်တွေထဲမှာ
မင်းကိုယ်တိုင်ပိတ်မိတဲ့အခါ ကဗျာကို ဘာကြောင့်လိုမလဲသိမယ်
ကဗျာထဲမှာ ဘာထည့်ထားလည်းသိမယ်...
အခုလောလောဆယ်တော့ ဒီစာမျက်နှာကိုကျော်ဖတ်သွားလည်း
ကဗျာဟာမင်းအတွက် မျောက်အုန်းသီးရ မဖြစ်စေနဲ့...။
ရေးသူ - ဖုန်းမြင့် + မိုးလှိုင်ည
Saturday, September 26, 2009
နိုဝင်ဘာမှာပဲမီးပိတ်လိုက်တယ်
လွင့်ပါမျောရပြန်ပြီကွယ်
ဟေမန္တရာသီမှာ
နင့်အပြုံးတွေဟာ
ဗုံးတွေလို တဝုန်းဝုန်းကွဲတယ် နိုဝင်ဘာ
ဧရာဝတီ ၊ ဂင်္ဂါ ၊ ယမုံနာ
အဲ့ဒီမြစ်တွေလို ငါမစီးဆင်းချင်ဘူး
နင့်ရင်ခွင် မြစ်ကျဉ်းလေးထဲမှာပဲ
အလျှားလိုက်ကူးချင်တဲ့ကောင်ပါ
နင့်လက်ချောင်း မှန်အိမ်လေးထဲက
မျက်လုံးပြူးပြူး ရွှေငါးလေးဟာလဲ
ငါပါပဲကွယ်
နင့်မျက်ခုံး တောတန်းမဲမဲလေးထဲ
မျက်စိလည် လမ်းပျောက်ခဲ့ရပြန်ပါပြီကွယ်
ဓါးမြှောင်တလက်လို
ဖွေးကနဲလက်တဲ့
နင့်ပါးချိုင့်ခွက်လေးထဲမှာပဲ
အိပ်စက်ချင်နေမိတယ်
နင့်မျက်စောင်းလေးတချက်ဟာ
တတောင့်ပစ်ချတိုင်း တခါသေလိုက်ရတဲ့
အော်တိုမက်တက် ရိုင်ဖယ်
နင့်ရင်အုံလေးဟာလေ
ငါသေရင် မြုပ်နှံရမယ့် သင်္ချိုင်းမြေပုံလေး
နင့်မျက်နက်ဝန်းကလေးက
ဘယ်တဘက် ၊ ညာတဘက်
ငါ့ကို ဂျောက်ကနဲ ထူးခတ်လိုက်တဲ့
ခြေကျဉ်းရာလေးတွေပါ
နင့်ဆံပင် အရည်အတွက်ရှိသလောက်
နင့်ရင်ခွင်အကျဉ်းထောင်ထဲမှာ
နှစ်ရှည်ပြစ်ဒါဏ် စီရင်ချက် ကျခံချင်နေမိသူပါကွယ်
နင့်တောင်စွယ်မှာ
နေကွယ်ပြီဆိုမှဖြင့်
ငါကိုယ်တိုင် ရဲဝံ့တဲ့ခြေလှမ်းနဲ့
နင့်ကြိုးစင်ပေါ်တက်လိုက်ပါ့မယ်
ငါ့ကို အသေသတ်လိုက်စမ်းပါ နိုဝင်ဘာ ။ ။
ဖုန်းမြင့်
Monday, September 21, 2009
မြန်နှုန်းမြင့်စိတ်နဲ့ပဲ မေမေ့ကို ဆက်သွယ်လိုက်တယ် ။
ဟဲလို . .
မေမေလား
ကျနော်နေကောင်းပါတယ်
နှလုံးသားကသာ ခဏ ခဏ ဖျားတာ
နေပူပူ ၊မိုးရွာရွာ သူ့မှာ အကာအကွယ် မပါဘူး မေမေ ။
မေမေရေ . .
ခါးတာတွေ ဆက်တိုက်စားမိတော့
လျှာဖျားတွေတောင် ယားတယ်
မုတ်သုန်မိုး တဖြိုက်နှစ်ဖြိုက်ကျရုံနဲ့
ကန္တာရပင်တွေတောထ
လူအဖြစ်ရရှိခဲ့မှုကြီးက ခါးသက်လှပေါ့မေမေ ။
မေမေရေ. .
ဆင်သေကောင်နား တဝဲလည်လည်ဆိုတဲ့
ပြဇတ်ထဲ
အသဲကွဲသမားအဖြစ် သရုပ်ဆောင်ရတဲ့သားဟာ
အော်စကာလျာထားချက်ထဲ
ထိပ်တန်းစာရင်းကပါတယ်တဲ့ မေမေ ။
မေမေရေ. .
လောကကြမ်းကြမ်းကြီးထဲ
ခလုတ်ကန်သင်းတွေပေါလွန်းလှတယ်
ကျနော့်ကို ငြိသောဆူးများ ဒီထက်ပိုမို ထက်ရှကြပါစေ
ကျနော် ထိမိတဲ့ ခလုတ်တွေ ဒီထက်ပိုမို အလုပ်ရှုပ်နိုင်ကြပါစေ
အိုးကင်းပူထဲ အလှော်ခံနေရသလိုပါပဲ မေမေ
ဘဝဆိုတာကြီးက
အထက်မီး အောက်မီးနဲ့ ဖုတ်ခံနေရတဲ့ ကိတ်မုန့်ကြီးပေါ့ ။
မေမေရေ. .
ရရှိခဲ့တာတွေသိပ်များတော့
ကဗျာတွေတဖွားဖွား ထွက်ကျလာတယ် ။
ဒီနှစ်ထဲမှာ . . . အဆုံးအရှုံးသိပ်များတယ်
ဒီနှစ်ထဲမှာ . . . အချစ်ရေးအဆင်မပြေဘူး
ဒီနှစ်ထဲမှာ . . . ကျနော့်ယာခင်းက အသီးအနှံမဖြစ်ထွန်းဘူး
ဒီနှစ်ထဲမှာ . . . စီးပွားပျက်ကပ်ဆိုက်တယ်
ဒီနှစ်ထဲမှာ . . . အလုပ်လက်မဲ့
ဒီနှစ်ထဲမှာ . . . နစ်နစ်နေတယ်
နှောက်နှစ်တွေဆိုရင် စားပွဲမှာ ဓါးမြှောင်စိုက်
ကဗျာနဲ့ပဲ မိုက်တော့မယ် ။
မေမေရေ . .
အိမ်ပြန်လာရာလမ်းကလေးက
တဖြေးဖြေးမှုန်ဝါးသွားတဲ့ ရုပ်ရှင်ပြကွက်လေး
ကျွန်တံဆိပ်တီရှပ်က အသက်ရှုကျပ်တယ် မေမေ ။
ဟုတ်ကဲ့ မေမေ. .
ကျနော်အခု မေတ္တာဧရိယာပြင်ပမှာ ရောက်ရှိနေတာပါ ။ ။
ဖုန်းမြင့်
(11.8.2009)
Thursday, September 10, 2009
ငါ့လိပ်ပြာကငါ့ကိုလှောင်နေတယ်
မီးခြစ်ဗူးခွံတစ်လုံးကမှ
ယင်ကောင် တွေထည့်လှောင်လို့ရသေးတယ်
ခရုဆံကျွတ် အခွံလွတ်တွေများလှချည်ရဲ့
ခင်ဗျား အိပ်ကပ်ကို ကျနော်မဖြားယောင်းခဲ့ပါဘူး
မိတ်ဆွေ စီးနေတဲ့ မြင်းရိုင်းကို
သင့်တော်ရာသမိုင်းမှာ ချည်ထားခဲ့လိုက်ပါ
မီးကျိုး ၊ မောင်းပျက်
မီးပြတ် ၊ မောင်းကျိုး
ဘယ်ဂီယာထိုးပြီး ခရီးဆက်မလဲ
ငါ့ဘဝကို မောင်းနှင် နေတာ
အနုပညာ စွမ်းအင်တွေနဲ့ပဲ
ဲ
ဒီလိုပြောတော့
ခင်ဗျားက ရယ်ချင် ရယ်မယ်
လွင်ပြင် ကျယ်ကျယ်မှာ အသံကုန် ဟစ်လိုက်
နောက်ဘဝမှာလည်း ဒီထက်မိုက်ခွင့်ပေးပါ
သိုးထိန်းခေါ်ရာ သိုးမည်းတွေ မလိုက်လိုကြဘူး
ညီမလေးရယ်
တကြောင်းချစ်ပန်းချီကားလေးပဲ ဖြစ်ပါရစေတော့
ငါ့လိပ်ပြာက
ပြုံးရုံလေးပဲ ပြုံးနေခဲ့တာပါ . . . . . ။
မောင်ဖုန်းမြင့်
Sunday, September 6, 2009
တောအုပ်သီချင်း
V1: ငါဟာ တိတ်ဆိတ်ငြိမ်သက်နေရတဲ့ တောအုပ်နက်ကြီးတခုပါ . . .
အိပ်မက်ကတော့ သက်တန့်တွေကို လိုက်ဖမ်းပေးဘို့ပြောတယ် . . .
လူတွေရှုထုတ်လိုက်တဲ့ အရာတွေ သန့်စင်လျှော်ဖွပ်ခြင်းမှာပျော်ရွှင်နေမိပြီ . . .
V2: ငါ့ရဲ့ငြိမ်ဆိတ်မှုကို တချို့က အန္တရာယ်ထောင်ချောက်တခုလို့မြင်တယ် . . .
အားကြီးသူနိုင်ရာစား ဝါဒကို ငါ့ဥပဒေသလို့ သမုတ်လိုက်ကြသေးတယ် . . .
သူတို့လိုအပ်ကြတဲ့အချိန်မှာ ငါ့အခေါင် အညွှန့်ကအစပိုင်းခုတ်ချခြင်းခံရတယ် . . .
သူတို့ရောဂါဘယတွေကုသဖို့ ငါ့ရေသောက်မြစ်ကအစ နက်နက်ရှိုင်းရှိုင်း တူးဆွကြတယ် . . .
ငါတတောလုံးကြွေနေတဲ့အချိန်မှာ သူတို့ရဲ့ပေါ့လျှော့မှုက ငါ့ကိုမီးမြိုက်တယ် . . .
သူတို့ရဲ့အလိုရမ္မက်ကို မြို့ပြအဖြစ်ချဲ့ထွင်ကြချိန်မှာ ငါကနောက်ဆုတ်ပေးနေကြပါ . . .
ငါ့လမ်းပုခုန်းသားလေးအပေါ်မှာ သူတော်စင်တွေကြွလှမ်းသလို မုဆိုးခြေကြမ်းတွေကလဲ ဒင်းကြမ်းပြည့်ပါ . . .
သူတို့ အပျိုစင်မလေးပန်ဘို့ ငါ့ခေါင်းပေါ်က သစ်ခွသရဖူကို လုယူသွားကြတယ် . . .
cho:[ ငါ့ပိုင်ဆိုင်မှုတွေဟာ ဓမြတိုက်ခံလိုက်ရပါပြီ
ငါ့စမ်းချောင်းလေး ရဲ့စီးဆင်းမှုကိုလဲ ပိတ်ဆို့တားမြစ်လိုက်ကြပြီ
ငါ့အရွက်ကလေးတွေတောင် လေပြည်မှာ တေးမသီနိုင်တော့ပါ
တနေ့တခြားငါ့ရဲ့ပါးရှားလာမှုဟာ င့ါသယံဇာတပါ
ငါ့ရဲ့ပိန်လှီလာမှုက ငါ့ကျန်းမာရေးပြ ဂရပ်မျဉ်းကြောင်းတွေပါ
ငါ့ကိုဆယ်မမဲ့လက်တွေကို ငါလိုက်ရှာနေမိတယ် ]
V3: ငါ့နံရံမှာ မပျော်ရွှင်မှုတွေချိတ်ဆွဲထားတဲ့ ငါ့ပြက္ခဒိန်ရှိတယ် . . .
ငါ့အသက်ရှုမှုက မီးခိုးတွေလိုအူနေခဲပါ့ပြီ . . .
ငါ့ဆံချည်မျှင်များလဲ နာဖျားမှုမှာဖြူလျှော်ခဲ့ပါပြီ . . .
ငါ့အိုမင်းမှုဟာ ဆည်းဆာမှာတောက်ပခဲ့ပါပြီ . . .
ငါ့အရိပ်ကိုအိပ်မွေ့ချလိုက်ပါပြီ . . .
ခြင်္သေ့လို ငါ့စိတ်ကို တိတ်တိတ်လေးအဆိပ်ဖြေခဲ့ပါပြီ . .
V4: အို . . . လူသားတို့ . . .
ငါ့ရင်ကိုခွဲပြီး ပျော်ရွှင်မှုကို နှိုက်ယူသုံးစွဲနိုင်ကြပါစေ . . .
ငါ့၏မျက်ရည်များဖြင့် သင်တို့၏ ခြေဖဝါးအညစ်အကြေးများ သန့်စင်နိုင်ကြပါစေ . . .
ငါ့ဈာပန တေးသွားမှာ တိမ်းမူး ကခုန်နိုင်ကြပါစေ . . .
သင်တို့၏ ပျော်ရွှင်မှုကို ဘုရားသခင်ကောင်းချီးပေးပါစေသတည်း . . . ။ ။
့
cho + V1 Ending Fade Out
compose by : ဖုန်းမြင့်
(သရုပ်ဖော်ပုံကိုဒီကယူတယ်)
Thursday, September 3, 2009
နတ်တို့ခိုးဝှက်ခြင်းခံလိုက်ရတဲ့ကိုချောနွယ်
တဘဝလုံးစာ သက်ပြင်းကို
အရက်ပြင်းပြင်းနဲ့မျိုချ
အရှိန်အဟုန်ပြင်းလွန်းတဲ့ ရထားကြီး
သူ့သံလမ်းဟာ သူ့ကိုက်လမ်းပေါ့
့
ဖူးပြပွင့်ပြလိုက်ပုံကလဲ
တကိုယ်လုံး ဝေဝေဆာဆာဖြာကျ
ဆယ်ဘဝတိုင်တိုင် အနုပညာ မရခဲ့တဲ့လူတွေကို သနားတယ်
သူအားကျတဲ့ ကုန်ထမ်းသမား သလဲပင်လေးလို
သူ့ခါးကြီး ညွှတ်ကိုင်းလာတဲ့အထိ ကဗျာတွေထမ်းထားလိုက်တယ်
"အယူမှန်သူအတွက် အယူခံမလို
ကမ္ဘာကြီးအတွက် ညတိုင်းသီချင်းတွေဆိုခဲ့ပါတယ်"* တဲ့
နာကျင်နေတဲ့ ကမ္ဘာကြီးကို
သီချင်းအမြဲတန်းဆိုပြနေတဲ့
ပြည်မြို့သား မစဉ်းစားခြင်းသေတ္တာကြီး
မြို့တမြို့က ဝှက်ထားတဲ့ဖဲချပ်များ* ထဲမှာ
သူကိုယ့်သူ ပြန်ဝှက်လိုက်တဲ့ နိုင်ဖဲ ကြီးတချပ်
ချစ်သူ စစ်စစ်နှင့် ရန်သူစစ်စစ်* ကြားမှာ
သူရခဲ့တာတွေ သိပ်များနေပြီ
သူရခဲ့တာအကုန်လုံး ကို ကဗျာတွေဖြန့်ကျဲပြီး
သူပြန်ပေးခဲ့လိုက်တယ် ...
သူ့မှော်ဓါတ်ဆိုတာ သူအသက်နဲ့ ရစ်ပါတ်ထားတဲ့
တံဆိပ်အသစ်ကလေးလေ
သူထွက်သွားပုံက တိုးတိုးတိတ်တိတ်
သူချန်ထားခဲ့တာတွေက ကျယ်ကျယ်လောင်လောင် အော်ဟစ်
သူ့အသစ်လေးကို သူကိုယ်တိုင်မီးညှိလိုက်ပြီလား
အသေချာပဲ ..
သူ့ညီမလေး မမမြင့်ကိုတော့ သူလွမ်းနေမှာ
အသေအချာပဲ...
ခက်ပြီ
သူ့ဆိပ်ကမ်းမှာပဲ ငြိငြိနေမိတယ်
သူ့မျှော်စင်ပေါ်တက်ပြီး သူ့ကိုပြန်ပြန်မျှော်နေမိ
သူသရော်ခဲ့တဲ့ ဘုရားသခင်ရဲ့ ကစားကွင်းထဲ
ကံကြမ္မာ ဒိုင်လူကြီးကို ပြစ်တင်ဆဲရေးနေမိပြီ
သူ တည်ကန်လိုက်တဲ့ ဘောလုံး
အလှဆုံး ဂိုးဖြစ်သွားချိန်မှာ
သူ...ဟာ ကွင်းထဲမှာ မရှိတော့ဘူး...
အဲ့ဒီလို နတ်တို့က သူ့ကိုခိုးဝှက်သွားခဲ့ပေါ့ .... ။
(* မောင်ချောနွယ် ကဗျာခေါင်းစဉ်နှင့်စာသားများ)
ဖုန်းမြင့်
အဝေးရောက်ပင်လယ်ဘလော့မှကူးယူဖော်ပြပါသည်
Sunday, August 30, 2009
ငါ့နောက်ကျောက ကျာပွတ်ရာတွေ
ဝိရိယနည်းလိုက်ပုံများ
ကိုယ့်အမှတ်ရနေ့လေး ပါတော်မူသွားတာတောင်
အိပ်ယာက လုံးလုံးမနိုးဘူး . . .။
ကိုယ့်ဘဝကို
အမှောင်ခေတ်ထဲက
ရဲတိုက်ကြီးလို အမှောင်ပြန်ချ
ဝင်ရိုးစွန်းတန်းက ဆောင်းခိုဝက်ဝံကြီးဘဝနဲ့
မြင့်မြင့်မားမား အထီးကျန်မျောလွင့်နေရ . . .
ဘယ်မှာလဲ . . . နေရဲ့တောက်ပပုံတွေ
ဘယ်မှာလဲ . . . ပင်လယ်လို ခမ်းနားတယ်ဆိုတဲ့ အရာတွေ
ဘယ်မှာလဲ . . . လတ်လတ်ဆတ်ဆတ် အသက်ရှုသံတွေ
ဘယ်မှာလဲ . . . တခါတုန်းက ညနေတွေ
ဘယ်မှာလဲ . . . ငါ့ဘဝရဲ့အဓိပ္ပါယ်တွေ . . .
ကိုယ့်ရင်ကို ထုတ်ချင်းပေါက်အောင်လျှိုသွားတဲ့
သူလျှိုမလေးရေ...
တကယ်တော့ ငါ့ကဗျာဆိုတာ
ငါ့နောက်ကျောက ကျာပွတ်ရာတွေပါပဲကွာ ။ ။
ဖုန်းမြင့်
Monday, August 24, 2009
ငါ့သမီးလေးကဗျာအိမ်ကိုပြန်မရောက်တော့ဘူး
ဟိုမှာ ..မြင်လား..
စကားလုံးမိုင်းကွင်းတွေ
သတိသမ္ပဇဉ်ကို ဉာဏ်စဉ်မှာကပ်
ကဗျာခြေပြတ် ၊ လက်ပြတ်မဖြစ်ခင်လေး ၊ ကဗျာအသက်မထွက်ခင်လေး
ရဲရဲကြီးဖြတ်လိုက်
အဲ့ဒီကအကျော်မှာ ကဗျာသတ်ကွင်းထဲဝင်
ကဗျာဘက်နက်တွေတပ်ကြ ၊ ကဗျာလှံစွယ်တွေဖွေးဖွေးထ
'ဒါနဲ့ စကားမစပ် ကဗျာ မဟာမိတ်တွေ နော်မန်ဒီ ကမ်းခြေကို တက်လာနေပြီလား'
ငါ့ . . .ကဗျာတပ်သားလေးယန် ကို ကယ်တင်ပါဦး မောင့်ဘက်တန်
ကဗျာ ဂတ်စတာပိုလ်တွေ ၊ ကဗျာဖက်ဆစ်တွေ လက်ထဲမှာ
ကဗျာနိုင်ငံတော်ဟာ အတုန်းအရုန်းလဲကျ
ကဗျာမြို့ကြီးမီးလောင်နေပြီ
ကဗျာအလံတော်ကို သူတို့ဖိနပ်ကြီးတွေနဲ့နင်းချေကြ
ကဗျာအမျိုးကောင်းသားသမီးတွေကို ကဗျာနဲ့ပဲဖျက်လိုဖျက်ဆီးလုပ်ကြ
အသဲကွဲသမား ကဗျာလေးတွေနဲ့ ၊ ကဗျာကလေးသူငယ်တွေ
မျက်ရည်ချောင်းစီးငိုကြွေးကြ
သွေးပျက်ဖွယ်ရာကဗျာပါပဲ . . .
"တိတ်တိတ်နေ" . . .
"အသံတစက်မှမထွက်စေနဲ့" . . .
"သူတို့ကင်းလှည့်လာနေတယ် "
"သူတို့မှာ အနံခံကောင်းတဲ့ ခွေးတွေပါတယ်"
ကဗျာဗုံးကြဲလေယဉ်တွေ က ကောင်းကင်မှာအပြည့်ပဲ
ကဗျာဝပ်ကျင်းထဲကနေ ခေါင်းထောင်မကြည့်လိုက်နဲ့လေ...
သူတို့လက်ထဲမှာ ကဗျာ အသွေးအသားတွေ
ကဗျာအရိုးတခြား ၊ ကဗျာအသားတခြား
ဖြစ်သွားလိမ့်မယ် . . .
ကဗျာအော့ဇ်ဝက်ငရဲခန်းမှာ
ကဗျာချွေးတပ်သား ထောင်ပေါင်းများစွာရှိနေတယ်
အယူအဆမတူတဲ့ ကဗျာ၆ သန်းကျော်ကို
သူတို့ဟာ အဆိပ်ငွေ့ပေးသတ်လိုက်ကြပြီ
ကဗျာဝတ်လစ်စလစ်တွေနဲ့
ကဗျာရုပ်အလောင်းတွေကို ကျင်းတကျင်းထဲမှာ စုမြုပ်လိုက်ကြတယ်
ကဗျာခေတ်ကြီးမကောင်းတော့
ကဗျာလေးလက်ဝန်ရှိလာရင်တောင်
ကဗျာမီးရှုးသန့်စင်ဘို့ အဆင်မပြေဘူး..
ကဗျာလက်မှတ်ရဆရာဝန်တွေ တယောက်မှ မရှိကြတော့ဘူးလား...
ကဗျာ ဂလက်ဒီယေတာတွေကို ခေါ်ပေးပါ..
ကဗျာချေမှုန်းရေးတပ်ဖွဲ့လွှတ်ပြီး
ငါ့ကဗျာ တပ်စုလေးကိုအမြန်ကယ်ထုတ်ပါ
ကဗျာရာဇဝတ်ကောင်တွေကို
ကဗျာခုံရုံးတင်ပါ
ငါ့ သမီးလေး ကဗျာအိမ်ကိုပြန်မရောက်တော့ဘူး...
ကဗျာအမေအိုကြီး သူ့သားလေးကဗျာကိုပို့လိုက်တဲ့စာ လမ်းမှာပျောက်သွားတယ်
ငါ့သမီးလေးကဗျာ အိမ်ကိုပြန်မရောက်တော့ဘူး
ငါ့ကဗျာရှေ့တန်းက ပြန်လာရင်
နှင်းဆီပန်းတွေနဲ့ကြိုပါ . . . စကားလက်အိုဟာရာ ။ ။
ဖုန်းမြင့်
Wednesday, August 19, 2009
မြဒါလီသို့ ...တမ်းချင်းများ (၂)
ည တွေကမှိုင်းရော် ရီဝေ လွန်းနေတယ်
မြဒါလီရေ့... ။
တိမ်မျှင်တွေ ကျဲပါးနေတဲ့
အခိုက်မှာတောင်
လရောင်က
ပြည့်ပြည့် ဝဝ မလင်းနိုင်ရှာပါဘူးကွယ် . . .။
မှုန်ရီ လဲ့ဖြာနေတဲ့
အလင်းသွဲ့ငယ်ကြားကနေ
ငါ့အိပ်မက်တွေ
မင်းဆီ တိတ်တိတ်လေး ပို့လိုက်ပါပေရဲ့
ချမ်းမြေ့ ပျော်ရွင်နိုင်ပါစေ ငါ့အချစ်... ။
ဒီလိုညမျိုးမှာ ငါဟာ
ကယောင်ခြောက်ချားနဲ့ပေါ့ မြဒါလီ . . .
ပြုတင်းတံခါးဘောင်နဲ့ တိုက်မိပြီး
လွင့်စင်ကျလာတဲ့
ပီယာနိုသံလို မင်းရယ်သံလေးတွေကို
လိပ်ပြာဖမ်း ပိုက်ကွန် နဲ့ လိုက်ဖမ်းကြည့်နေမိသူရယ်ပါ . . .။
ဘယ်လို မိနိုင်ပါ့ မလဲကွယ်
မင်းရယ်သံလေးတွေက အငွေ့ ပျံလွယ်တဲ့
စံပယ်ပန်းလေးတွေ ဖြစ်နေခဲ့တာကိုး . . .။
မင်းဟာ..ငါ့ သိစိတ် ၊ မသိစိတ် တွေအားလုံးရဲ့
ကျမ်းစာ အုပ်လေးပါပဲ မြဒါလီ
ငါ တဖွဖွ ရွတ်ဆို တမ်းတနေခဲ့ရတာကလဲ
မင်းရဲ့ နာမ တော်လေးပါပဲ . . ။
ရွှေသားလို ငါ့ အသက်ဓါတ်အား နှင်းအပ်ပါတယ် မြဒါလီ . . . ။
ငါ လဲကျရာ ကြမ်းပြင်မှ
မင်းနှုတ်ခမ်းများဖြင့် ပြန်လည်ထူမတ်လှည့်ပါ . . . ။
မြစ်ရေတွေ တသွင်သွင်စီးဆင်းသွားကြပေမယ့်
ငါ့ရဲ့ အလွမ်းတွေ စီးဆင်းနေရတြဲ့မစ်က
မင်းသောင်ခြေဦးမှာ လူးလွန့်အေးခဲနေဆဲပါကွယ် . . . ။
မင်းမျက်ဝန်းလေး တချက်စိုဘို့ ..
ဘယ်နှဘဝစာ အထိ ငါငိုရဦးမှာလဲ
မြဒါလီ...
ဝီစကီတခွက်လို သွေးကြောထဲ အဆက်မပြတ်
လှည့်ပတ်၍ ငြင်သာစွာ မူးယစ်စေခဲ့သော
မြဒါလီ ...
တရှိုက်မက်မက် နစ်ကိုတင်းဓါတ်လို
ဖြတ်တောက်ရခက်စေသော
မြဒါလီ...
နေ့စဉ် ရက်ဆက် ငါ့ အား
တရှိန်ရှိန် အဖျားတက်စေခဲ့သော
မြဒါလီ ....
မင်းကို . . . ငါ . . .ချစ်တယ် ...
မင်းကို . . . ငါ . . .ချစ်ခဲ့တယ် ...
မင်းကို . . . ငါ . . .ဆက်ချစ်နေဦးမယ် . . .။
နှစ်ပေါင်းများစွာအကြာမှာ မတော်တဆ ၊ တိုက်ဆိုင်မှုအဖြစ်
ငါ့ကျောက်ဖြစ်ရုပ်ကြွင်းအား မင်းတူးဖော် ရရှိနိုင်ခဲ့လျှင်
ဘယ်ဘက်ရင်အုံတနေရာကို သေချာကြည့်လိုက်ပါ... မြဒါလီ
မင်း အက္ခရာတွေနဲ့ ငါ့နှလုံးသားဟာ
ဝင်းပနေတာကို မင်းတွေ့ရှိရပေလိမ့်မယ် . . . ။ ။
ဖုန်းမြင့်
(၂၅.၇.၂၀၀၉)
Saturday, August 15, 2009
မှော်ရုံတောမှာမျောလွင့်နေတယ်
အာရုံကိုရွက်လွှင့်လိုက်တယ်. . .။
မထင်မှတ်သောမျက်နှာများ
ရွာချလာတဲ့အခိုက် . . .
ဝဋ်ဒုက္ခများနှင့်အတူတကွ
ယှဉ်တွဲနေထိုင်ရခြင်း . . .
အလိုမတူမှုမောဟမီးများ
ငွေ့ငွေ့လှိုက်စားနေစဉ်. . .
အသံတွေရဲ့နှောက်ယှက်မှုက
အတားဆီး
စကားပြောခြင်းမှ
အနုပညာဆင်ခြင်နု
ခရီးတခုရဲ့လားရာ
မည်ကဲ့သို့အဆုံး
သင်္ချိုင်းမြေတခုလို
ငြီးငွေ့ဖွယ်ပက်ကြားအက်မှုများ . . .
ဂီတသံများနှင့်
မိမိကိုယ်ကိုယ် လှုပ်နှိုးနေရခြင်း . . .
စွဲလန်းခြင်း ပင့်ကူအိမ် ၌
ငြိတွယ်မိသောဥပါဒါန်အချို့. . .
ရမ္မက်မီးမှတဆင့် ဆက်စပ်မိသော
ဗင်းဆင့်ဗန်ဂိုးနား
စာမျက်နှာအလွတ်များပေါ်
လက်ဖဝါးဖြင့်ဆက်သွယ်ချက် . . .
ရေဆုံးရေဖျားရူးသွပ်ခဲ့ရမှု . . .
{ မွန်းကျပ်ခြင်းမှ လွတ်မြောက်ရပါလို၏ ။ }
ဒုက္ခသစ္စာ၌တမြေ့မြေ့
ကျွမ်းလောင်နေရြ
မီးညှိဖွာရှိုက်လိုက်မိသော
ရှင်သန်
အိုမာခရမ် အရိပ်တွေ
မှတ်ဉာဏ်၌စွဲထင် . . .
စမ်းချောင်းလေးသဖွယ်
စီးဆင်းချင်နေသောစိတ် . . .
ပိတ်ဆို့တားဆီးမှုအဝိဇ္ဇာများ
မျက်ဝါးထင်ထင်ပြခဲ့သော ဖြစ်၊ပျက်တရား . . . ။
(အပ္ပမာဒေန ၊သမ္ပာဒေထ ကိုယ့်ဒါဏ်ရာ
ကိုယ်မမေ့ဘို့တော့လိုတယ် . . . ။ မောင်ချောနွယ်) . . .
ဖုန်းမြင့်
(၅.၈.၂၀၀၉)
Tuesday, August 11, 2009
လမ်းမတွေကငါ့ကိုခေါ်နေပြီ
ခေတ်ကြီးကိုသူ့ခြေဖဝါးအောက်ထဲပြန်ထည့်ဘို့
လမ်းမတွေကငါ့ကိုခေါ်နေပြီ
တရုတ်တွေလိုချင်နေတဲ့လမ်းမက
တရုတ်တွေကိုလေပြန်ချွန်ပြဘို့
လမ်းမတွေက ငါ့ကိုခေါ်နေပြီ
သမိုင်းအဆက်ဆက်ကို
ခင်းကျင်းပြထားတဲ့ လမ်းမရဲ့ဧည့်ခန်းဆောင်ဟာ
သူ့ဂုဏ်ရောင်ကို
လေဘေးထည်ပုံရောင်းရုံနဲ့
မတင်းတိမ်နိုင်တော့ဘူးတဲ့
ရင်ကွဲပက်လက်မြို့ထဲ
ခွေခေါက်ထိုးထည့်ခံထားရတဲ့ လမ်းမက
ခါးဆန့်အညောင်းဖြေချင်ရှာပေါ့
လမ်းမပေါ် လမ်းသလားပြနေတဲ့
ကောင်မလေးတွေရဲ့စကတ်တွေတိုလာပေမယ့်
လမ်းမကတော့
ရှည်ရှည်လျားလျား ခင်းထားနေတုန်းပဲ
ရောခ့်သီချင်းတွေနဲ့ ကြီးပြင်းလာရတဲ့
လမ်းမရဲ့ပုံစံက
ဆံပင်ရှည်ရှည်နဲ့ ခက်ထန်ထန် ဟန်ပန်ရှိပေတယ်
လမ်းမက
နော်မန်ဗက်သွန်းကိုမျှော်နေတယ်
ရဲဘော်ချေ ကို မျှော်နေတယ်
မြို့မငြိမ်းကိုမျှော်နေတယ်
နယ်မြေသစ်ကိုအသဲအသန်ရှာနေတဲ့
လူငယ်သဘောင်္လေးတွေကိုမျှော်နေတယ်
တောထုတ်ကြ
တောထုတ်ကြ
လမ်းမတွေပေါ်ကနေ တောထုတ်ကြ
လမ်းမတွေက ငါတို့ကိုခေါ်နေပြီ
ကမ္ဘာအရပ်ရပ်က ကွဲကွာသွားတဲ့
သူငယ်ချင်း ၊ညီအကိုတွေကို
ပြန်မျှော်နေရတဲ့လမ်းမက
အတိမ်းအစောင်းမခံတော့ဘူး
လမ်းမတွေက ငါတို့ကိုအော်ခေါ်နေပြီ
ဖုန်းမြင့်
Sunday, August 9, 2009
ခံတပ်ဟောင်း၌လေ့ကျင့်ပြင်ဆင်ခြင်း
အများသူငါနှင့်တကွ စားသုံးနေခဲ့ရသော ဘာသာစကားများ /ဝါကျများ ။
ထို့နောက်....
ခင်ဗျား ၊ကျနော် ၊ကျမ ၊ နာမ် ၊နမ်စား ၊ နာမဝိသေသန
အစရှိသည်တို့ဖြင့်မွမ်းမံအပ်သော
ယင်ကောင်အသေတွေပေါလောမျောနေတဲ့
ခံတပ်ဟောင်းကို ပြုပြင်ပြင်ဆင်ရန်လိုအပ်နေသေြး
"စံပယ်တွေ မွှေးမြခဲ့သည်" ဟု အကြိမ်ကြိမ်ရွတ်ဆို ပြရန်၊
ကိုယ်လုံဂါထာများကျက်မှတ်ရန်လို
သဘောင်္တစီး၏ခေါင်းတိုင်ကဲ့သို့ အသက်ရှုတတ်ရန်လေ့ကျင့် သင်ကြားခြင်း ။
ဤကဲ့သို့ သင်ခန်းစာများမှတဆင့်.....
ချိန်းချက်ထားရှိခဲ့မှု အကြွင်းအကျန်များမှာ
ရေဒီယို တလုံးမှ အသံများကိုဆေးကြောသုတ်သင်ပစ်ရန်
တိမ်ပြာသော တနင်္ဂနွေနေ့၌ ဘုရားသခင်အား
စစ်တုရင်ကစားနည်း သင်ကြားပြသရန်
သံသရာဂေါက်သီးအားဘဝမြက်ခင်းပြင်
တချက်တည်းကျင်းဝင်ရန် ကြိုးစားခြင်း
သေခြင်းတရားအားယဉ်ကျေးအောင် မွေးမြူလေ့ကျင့်ပေးခြင်းနှင့်
အနော်မာ သောင်ကမ်းသို့ ခရီးရှည်ချီတက်ခြင်း ။
မှတ်ချက်ပေးရန် များမှာ...
ရေဗူး၊ဖိနပ်နှင့် ဘဏ်စာရင်းများ
တောင်ကုန်းများပေါ်တွင် ထွန်ယက်စိုက်ပျိုးခြင်း
နှင်းဆီရိုင်းများ တဝက်လွှင့်ထူဦးညွှတ်လိုက်ခြင်း
ပြတိုက်တံခါးများလုံခြုံစွာသော့
ယခုရေးခဲ့သည်များကို မည်သို့သော အကြောင်းပြချက်ဖြင့်မျှ
ကဗျာဟု အဓိပ္ပါယ် ဖွင့်ဆိုခြင်းမပြုလုပ်ရ ။ ။
ဖုန်းမြင့်
(၅.၈.၂၀၀၉)
Thursday, August 6, 2009
ကြယ်စင်အကြွေတွေလိုက်ကောက်ရတဲ့မြို့
သူ့ကို ဒီမြို့လေးမှာသူ့မိဘ၂ပါးက စတင်မွေးဖွားပေးခဲ့သည် ။
တနည်းအားဖြင့် ဒီမြို့လေးက သူ့ချက်မြုပ်ရာ သူ့ဇာတိမြို့လေးလဲဖြစ်သည် ။
သူ့ဖခင်ဖြစ်သူ ကဧရာဝတီ မြစ်ဝကျွန်းပေါ် ဘက်က နယ်မြို့လေး တမြို့မှ ၊ မိခင်ကတော့ ဒီမြို့သူစစ်စစ် သူ့မိဘ၂ပါးမှာ မြို့၏ မျက်နှာဖုံးစာရင်းဝင်များ မဟုတ်ကြသော်လည်း ဒီမြို့အပေါ်မှာ သံယောဇဉ် ကြီးမားလွန်း ကြသူတွေဖြစ်သည် ..။ ထိုမိဘ၂ ပါးမှ ပေါက်ဖွားလာသော သူ့အတွက် ဒီမြို့လေးအပေါ်မှာထားရှိတဲ့တွယ်နှောင် ရစ်ဖွဲ့မှု တွေက ပြောလို့မကုန်နိုင်တော့..။
ဒီမြို့မှာ မွေးဖွားကြီးပြင်းကြသူ အတော်များများများကလဲ မြို့လေးအပေါ်မှာ သူ့ထက်မသာရင်သာနေမယ် .. သူ့အောက်မလျှော့သည့် သံယောဇဉ် နှောင်ကြိုးများဖြင့် ခပ်တင်းတင်းရစ်ပါတ်ထားကြသူတွေများသာ ...
သို့သော် ..ဒီမြို့က သူတို့အပေါ်မှာ စိမ်းကားရက်စက်လွန်းလှသည် ..မြို့လေးနှင့် ပက်သက်လာရင် သွေးမတိတ်
နိုင်သော မိတ်ဆွေကဗျာဆရာလေးရဲ့ စကားလုံးများဖြင့်ဆိုလျှင် လင်တွေ ၊သားတွေကို ပြန်ပြန်မျှော်နေရတဲ့မြို့လေးပေါ့ မိတ်ဆွေလေးကတော့ ဒီမြို့လေးဟာ သူ့ရဲ့နောက်ဆုံးခံတပ်လို့ ကြွေးကြော်ခဲ့လေသည် ...။
ဒီမြို့လေးရဲ့နောက်ခံ ရာဇဝင်ကလဲ အနုညာတတော့ မဟုတ်ခဲ့ ဒီမြို့လေးရဲ့ ကုန်သည်ညီနောင်နှစ်ဦးက ဗုဒ္ဓဘာသာသမိုင်းမှာ ပထမဆုံး သရဏဂုံတည်ခဲ့သည် ပုဂ္ဂိုလ်တွေ ၊ ကြီးကျယ်ခမ်းနားလှသည့်အင်ပါယာတခုကို တည်ထောင်နိုင်ခဲ့ သော ဘုန်းလက်ရုံးနှင့်ပြည့်စုံသော ဘုရင်တပါးမှ အမည်ပြောင်းပေးခဲ့သောမြို့လေး... ဒီမြို့လေးကို ပတ်ခွေ စီးဆင်းနေသည့် မြစ်ရေများကတော့ ဝါကျင့်ကျင့်နှင့် ညစ်ထေးထေးနိုင်လှသည် . . . ။ သူကတော့ မြို့လေး အပေါ် အထပ်ထပ်ရစ်ပတ်ထားသော ချစ်ခြင်းများဖြင့် ချစ်နေလျှက်ပင် ....။
မြို့လေး၏ ကောင်းကင်တွင် ဆယ်စုနှစ်ပေါင်းများစွာ တိမ်ညိုတိမ်မည်းများ ဖုံးလွှမ်းခံခဲ့ရသည် ..။ တိမ်ညို တိမ်မည်း ဆိုသည့်အတိုင်း အစွမ်းကုန် ညစ်ထေးလျှက် မြို့လေးရဲ့ကောင်းကင်ပြင်မှ ကြယ်စင်များ၏ အရောင် အဆင်းကို မှေးမှိန်ဖျောက်ဖျက်ပစ်လိုက်ဘို့ အမြဲကြိုးစားနေတတ်သည်သာ....။ ထူးခြားဆန်းကြယ်သည့် အချက်တခုမှာ မြို့လေးကို သူတို့တတ်စွမ်းသမျှ အလင်းရောင်ပေးနေသည့် ကြယ်စင်များသည် တိမ်စိုင် မဲအုပ် များ လက်တွင်းမှ အတင်းထိုးထွက်လျှက် မရေတွက်နိုင်အောင် ထွက်ပေါ်လာနေကြခြင်းပင်ဖြစ်သည် ။
ယခုလည်း မြို့လေး၏ အတောက်ပဆုံးသော ကြယ်တာရာတစင်းကို အမှောင်ခန်းအတွင်း အတင်းသွတ်သွင်း ဘို့
ကြိုးစားနေကြပြန်လေသည် .. ။ သူ့မှာဖြင့် စိတ်မကောင်းခြင်းကြီးစွာ အဝေးက ငေးကြည့်နေရုံသာတတ်နိုင်ခဲ့ သည် ။
မြို့လေး၏ မြို့သူမြို့သားများကတော့ တုံဏှိဘာဝေ ဖြင့် အသံမထွက်နိုင်ကြ သူတို့၏ နိစ္စဓူဝများကို စက်ရုပ် ဆန်ဆန် အသက်ကင်းမဲ့စွာ လှုပ်ရှားနေကြရသည် ..။ သူတို့မှာ ဘာခံစားချက်မှ မရှိကြလေသလား.. သူကတော့ အဲ့လိုမထင်မြင်မိပါ ..သူတို့တွေရဲ့ခံစားချက်များမှာ ပြင်းထန်လွန်းလှသဖြင့် ဆောက်တည်ရာမရ ငြိမ်သက်သွားကြခြင်းသာ ဟု သိမြင်ခံစားလိုက်မိသည် အတွင်း၌ ဆူပွက်နေပြီး အပေါ်ယံမျက်နှာပြင်မှာ အေးစက်မာကျောနေသည့် မီးတောင်သေတွေလိုပေါ့ .. မြို့လေးအပေါ် အကြိမ်ပေါင်းများစွာ ဖြတ်သန်းတိုက် ခတ်ခဲ့သည့် မုန်တိုင်းပေါင်း မြောက်များစွာကို ကြံကြံခံ ရင်ကော့၍ အံတုကြသူများဟု ချီးမွမ်းနေမိသည် ..။
တနည်းအားဖြင့် မုန်းတိုင်းကြားမှ မီးလျှံငှက်များ....
သူကတော့ မြို့လေးကို အဝေးမှ တွေဝေမှုများစွာဖြင့်ငေးကြည့်နေရင်း သမ္မာကျမ်းစာလာစာတပိုဒ်ကို မြင်ယောင် ရေရွတ်နေမိသည် .. "အို... ယေရုယလင်မြို့ .. ၊ ယေရုယလင်မြို့ .. သင်သည် ပရောဖတ်တို့ကို သတ်မြဲရှိ၏ ၊ သင်ရှိရာသို့ စေလွှတ်လိုက်သော သူတို့ကိုလည်း ကျောက်ခဲနှင့်ပစ်မြဲရှိ၏ ကြက်မသည် မိမိ သားငယ်တို့ကို အတောင်အောက်၌ စုရုံးသကဲသို့ သင်၏သားတို့ကို စုရုံးစေခြင်းငှာ ငါအလိုရှိပြီ... ၊ သင်မူကား အလိုမရှိ"... ။
မြို့လေး၏ ကြယ်စင်များ အနှောင်အဖွဲ့ကင်းစွာဖြင့် ကောင်းကင်ယံမှာ အတောက်ပဆုံး လင်းလက်နိုင်စေဘို့ နှင့်၊ ကြယ်စင်အကြွေတွေ လိုက်ကောက်ပြီး နှမြောတမ်းတနေရသော အဖြစ်မျိုးမကြုံတွေ့ရပါစေလိုလို့ ဆုတောင်းရင်း..... ။
စိတ်ဓါတ်မကျနဲ့ မြို့လေးရေ.... ငါတို့ .. ပြန်လာနေပြီ...။
ဖုန်းမြင့်
Tuesday, August 4, 2009
မ mie nge ၏ ခုတလော
(ဘလော့တွေကို အစဉ်အမြဲ ဂရုတစိုက်ဖတ်လေ့ရှိပြီး ဘလော့ဂါတွေနဲ့ ဘလော့တွေအပေါ်အမြဲတန်း နားလည်မှုပေးတဲ့ ဘလော့ရီဒါ အစစ်ကြီး မ mie nge ကိုတဂ်လိုက်တာပါ ။ သူက ဘလော့မရှိရင် ရေးစရာမလိုဘူးလို့ ကြိတ်ပျော်နေတုန်း အလစ်အငိုက် တဂ်ခံလိုက်ရပါတယ် .. ကောင်းလေစွ ။ )
တွေးနေမိတာက
ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ ဗမာပြည်ရှိ ဒေသအသီးသီးမှာ နေထိုင်နေကြသော နိုင်ငံရေးအကျဉ်းသားများရဲ့  စားဝတ်နေရေးအခက်အခဲများ...
ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက
မဖြစ်သင့်တာကို မလုပ်မိနိုင်အောင် မိမိကိုယ်မိမိ ဆုံးမခြင်း
ကျန်းမာရေး
နှာစေးချောင်းဆိုးတောင်ဖြစ်ခဲပါတယ်..ဒါပေမယ့် အခုတလော ကိုယ်ထဲက ကလီဇာတခု
ဘယ်အချိန်အနှောက်အယှက် ပေးလိမ့်ဦးမယ်မသိလို့ စိတ်ပူနေမိရဲ့ ...ကြီးကြီးမားမားတော့ မဟုတ်ပါဘူး
ဖတ်ဖြစ်တဲ့စာအုပ်တွေက
မရှိပါ...ဘလော့တချို့ က နှစ်သက်တဲ့ပို့စ်များသာဖတ်ဖြစ်နေပါတယ်...မေ့တော့မလို့...စာမေးပွဲတခုဖြေဖို့လို့ စာအုပ်တအုပ်မဖတ်ချင်ဘဲ ဖတ်နေရပါတယ်...
ရောက်နေဖြစ်တာက
ကိုအောင်သာငယ့်ဘလော့ဂ်နှင့် တချို့ ဘလော့ဂ်များ
ရေးဖြစ်နေတာက
ဘလော့ဂ်မှာရှိတဲ့ စီဘောက်နဲ့ ကွန်မန့်မှာ...
နားထောင်ဖြစ်နေတာက
ကိုအောင်သာငယ်ပြန်ဆိုထားတဲ့ နေရာဟောင်း..နေညိုချိန်အတွေး နှင့် အွန်လိုင်းရှိ ဗမာသီချင်းများ..အပြင်..keith urban ရဲ့ 
somebody like you
you're my better half
once in a life time
memories of us
who wouldn't want to be me
ရွတ်နေမိတဲ့ကဗျာက
မရှိပါ..သီချင်းကိုပိုနှစ်သက်လို့
သီချင်းတွေဘဲလိုက်ဆိုမိနေရဲ့
ဖြစ်ချင်နေတာက
နိုင်ငံရေးအကျဉ်းသားများကို လွတ်မြောက်နိုင်အောင်
တကိုယ်တော်စွန့်စားစွမ်းဆောင်ပေးနိုင်သူတယောက်...
စားဖြစ်နေတတ်တာက
အဆင်ပြေသလိုချက်စားဖြစ်နေသော စားစရာများနှင့် မိတ်ဆွေများကခေါ်ကျွေးသော အလှုစားစရာများ...
( ခြေလေးချောင်းသား မစားတတ်ပါ...ဘာသာရေးကြောင့် မဟုတ်ပါ...) ..။( မ mie nge)
အောက်ကတော့ ကိုယ့်ဘလော့ ကိုပိတ်ထားပြီး သူများကွန်မန့်နဲ့ စီဗုံးမှာ တဗြဲဗြဲနဲ့ အော်ဟစ်ပြီး အသလွတ် ဝင်ကြော်ငြာလေ့ ရှိတယ် မအယ်ဇီရဲ့ ကြော်ငြာပါ ..။း)
(ပိုက်ဆံရှိတယ်ဆိုပြီး အသားတွေ အစားတွေ နင်းကန်စားတာတွေ ကြောင့် ငတ်တဲ့သူတွေပိုငတ်ကုန်တာတဲ့။
အသားစားပါတဲ့။ fao က ပြောတာ။မအယ်လည်း ခြေလေးချောင်းသား မစားဘူးပြောလို့ ရတယ်။
အမဲမစား၊၀က် ကို ၀လာမှာ ကြောက်လို့ မစား။
ဆိတ်က ၀ယ်မရလို့ မစား။
သိုးက နံလို့ မစား။
ယုံတွေ ဘာတွေဆို ၀ိုင်းထဲမှာ စားတာမြင်ရင်ကို သနားလို့ ရင်တွေတုန်လာတယ်။ ကြားတောင် ကြားချင်ဘူး။)
မှတ်ချက် ။ ။ သူတို့ ၂ယောက်စလုံးလက်ရှိအိပ်နေသည့် ကုတင်များကို ခြေထောက်ဖြတ်ပစ်ရန် အမြန်ဆုံးလို အပ်နေပါသည် (ဖုန်းမြင့်) ။
သနားနေမိတာက
ဗမာပြည်မှာရှိတဲ့ မီးပျက်လို့စိတ်ညစ်နေရသူများ အင်တာနက်ကွန်နက်ရှင် မကောင်းလို့ စိတ်ရှုပ်နေရသူများ စားဝတ်နေရေးခက်ခဲနေရသူများ...
လွမ်းနေမိတာက
ဗမာပြည်မှာရှိစဉ်က ရောက်ဖူးခဲ့သောနေရာများနှင့် မိဘဆွေမျိုး သူငယ်ချင်းများ
မေ့လျော့ပစ်နေမိတာက
သက်ရှိများကိုတော့မမေ့တတ်ပါ...သင်ခဲ့ဖူးသောကျောင်းစာများကိုတော့မေ့တတ်ပ..
ခါးသက်နေမိတာက
အခြားသူများကို ညှင်းပန်းနှိပ်စက် ချိုးနှိမ်ပြီး မိမိအသက်ရှင်ရပ်တည်နိုင်ဖို့ ကြိုးစားသူများ
တမ်းတနေမိတာက
အနားမှာမရှိတဲ့ မိမိက ပြုစုခွင့်မရတဲ့ မိဘ နှစ်ပါး...
ကြိတ်ပြီးချီးကျူးနေမိတာက
မိမိထက် အသက်ကြီးသူ ငယ်သူ အတွေးကောင်း အရေးကောင်းတဲ့ ဘလော့ဂ်ဂါများ...
ကြိတ်ပြီးအထင်သေးနေမိတာက
ကျမနေထိုင်ရာကနေ ဗမာပြည်သို့ အလေးချိန်ဖြင့်၊ငွေကြေးဖြင့် လူကြုံသယ်တဲ့အခါ ပေါင်ချိန်ခိုးသောသူများ...( ကိုယ်တွေ့ကြုံရတာများပြီ..)
ဆန္ဒမရှိတဲ့နေရာ
မိဘများနှင့်ဝေးနေရတဲ့နေရာ
ဆန္ဒရှိနေတဲ့ကိစ္စ
ကမ္ဘာပေါ်ရှိ အစာရေစာငတ်မွတ်ခေါင်းပါးသော နေရာများရှိ သက်ရှိသက်မဲ့များကို အစာရေစာကျွေးခြင်း...
မုန်းတီးနေမိတာက
ကမ္ဘာပေါ်ရှိ စစ်အာဏာရှင်များအားလုံး...
စိတ်ပျက်နေမိတာက
တပါးသူများကို ထိထိရောက်ရောက် မကူညီ ပေးနိုင်တဲ့ မိမိကိုယ်ကိုယ်...
လိုအပ်နေတာက
အချိန်နဲ့ ငွေကြေး
စွဲလန်းနေမိတာက
အခုအချိန်မှာတော့ ဘလော့ဂ်လည်ဖတ်ခြင်း.
တောင်းနေမိတဲ့ဆု
အခုနောက်ပိုင်းတော့ မိမိအတွက် ဆုတောင်းခြင်းအမှုကို မပြုတော့ပါ..
သူများအတွက်တော့ တောင်းဖြစ်နေပါတယ် ...
ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက
မိမိစကားကို နားမထောင်တဲ့အခါ မိမိသမီးကို မအော်ချင်ဘဲနှင့် အော်မိခြင်း( အလုပ်များလို့စိတ်တိုနေတဲ့အချိန် )
ဝန်ခံချင်တာက
ဒီပို့စ်ရေးဖို့ တဂ်လိုက်တဲ့ မောင်ဖုန်းမြင့်အား ပထမတော့ စိတ်ရှုပ်သွားပြီး နောက်တော့ ကိုယ့်ကို သတိတရရှိလို့ တဂ်တာဘဲလေဆိုပြီး ကျေးဇူးတင် ၀မ်းမြောက်မိပါတယ်လို့ ၀န်ခံချင်ပါတယ်...
တခါမှမရေးဖူးလို့ အမှားပါရင်ခွင့်လွှတ်ပေးပါရန်..
တောင်းပန်အပ်ပါသည်...။
အခုလို ဗမာဖောင့်ရိုက်နိုင်အောင် အားပေးတဲ့
လေးစားချစ်ခင်ရသော ကိုအောင်သာငယ် နှင့် ဒီပို့စ်ဖြစ်အောင် တဂ်လိုက်တဲ့ မောင်ဖုန်းမြင့်
တို့ကို ကျမကနေပြီး ကျေးဇူးအထူးတလည် တင်ရှိပါကြောင်း.. ။
mie nge