Wednesday, April 29, 2009

ငါ့လိပ်ပြာ ကငါ့ကို လှောင်နေတယ်

ငါ့လိပ်ပြာက ငါ့ကို လှောင်နေတယ်



မီးခြစ်ဗူးခွံတစ်လုံးကမှ
ယင်ကောင် တွေထည့်လှောင်လို့ရသေးတယ်
ခရုဆံကျွတ် အခွံလွတ်တွေများလှချည်ရဲ့
ခင်ဗျား အိပ်ကပ်ကို ကျနော်မဖြားယောင်းခဲ့ပါဘူး
မိတ်ဆွေ စီးနေတဲ့ မြင်းရိုင်းကို
သင့်တော်ရာသမိုင်းမှာ ချည်ထားခဲ့လိုက်ပါ
မီးကျိုး ၊ မောင်းပျက်
မီးပြတ် ၊ မောင်းကျိုး
ဘယ်ဂီယာထိုးပြီး ခရီးဆက်မလဲ
ငါ့ဘဝကို မောင်းနှင် နေတာ
အနုပညာ စွမ်းအင်တွေနဲ့ပဲ
ဒီလိုပြောတော့
ခင်ဗျားက ရယ်ချင် ရယ်မယ်
လွင်ပြင် ကျယ်ကျယ်မှာ အသံကုန် ဟစ်လိုက်
နောက်ဘဝမှာလည်း ဒီထက်မိုက်ခွင့်ပေးပါ
သိုးထိန်းခေါ်ရာ သိုးမည်းတွေ မလိုက်လိုကြဘူး


ညီမလေးရယ်
တစ်ကြောင်းချစ် ပန်းချီကားလေးပဲ ဖြစ်ပါရစေတော့

ငါ့လိပ်ပြာက
ပြုံးရုံလေးပဲ ပြုံးနေခဲ့တာပါ........။



မောင်ဖုန်းမြင့်

Sunday, April 26, 2009

မစ္စတာ ဂျွန်နှင့် ညနေစာစားခြင်း

ချစ်သူငယ်ချင်း
အမျိုးကောင်းသားကြီး ဂျွန် ရေ......

အကောင်းစား စကော့ခ်ျ ဝီစကီ တစ်ခွက်ဟာ
သောက်သုံးသူ တစ်ဦးရဲ့ ယဉ်ကျေးမှု တန်ဘိုးကို
ပိုမို မြင့်တက်စေသတဲ့လားကွာ
လာ...
ဖန်ခွက်နှုတ်ခမ်းချင်းတိုက်လိုက်
"မင်းရဲ့ ကျန်းမာရေးအတွက်"
"ငါ့ရဲ့ ကျန်းမာရေးအတွက်"
"လွန်ပြီးသော နှစ်ကာလ များ အတွက်"
ငါတို့ ဆုတောင်းလိုက်ကြရအောင်

ဖန်ခွက်ကို ဖြေးဖြေးပြန်ချ
ဂျွန်ပလေယာ ဆေးလိပ်ကို ဟန်ပါပါခဲ
အဆုတ်ထဲအထိ မီးခိုးငွေ့တွေ ပြည့်အောင်
ရှိုက်ဖွာလိုက်စမ်းပါဦး......"ဂျွန်"


မင်းလက်ထဲက အဝေးထိန်းခလုတ်ကို နှိပ်လိုက်
စက်ထဲက ဓါတ်ပြားချပ်ကို ပုံမှန်လည်ပါတ်ပါစေ "ဂျွန်"
ဟိုမှာ....တွေ့လား
ဧရာဝတီ ဒယ်လ်တာက ရေရှားပါးမှု ပြသနာတဲ့
ငါ့ရင်တွေ ပူလာလို့
ရှေ့က ရေသန့်ဗူးကို
ကျေးဇူးပြုပြီး ကမ်းလိုက်ပါဦး "ဂျွန်"

စာသင်ခန်းထဲ ရောက်ရမဲ့ အရွယ်မှာ
လ္ဘက်ရည်ဆိုင်ထဲ စားပွဲထိုးနေရတဲ့ ခလေးသူငယ်တွေဟာ
စီဗယ်လိုက်ဇေးရှင်းရဲ့လက်ပြန်ရိုက်ချက်တွေတဲ့လားကွာ
" ဒို့ဗမာ တွေ ဆင်းရဲ တာရှည်လွန်းသတဲ့ "
စပျစ်သီးလေး ကိုက်ဝါးရင်း
မချိမဆန့် ငြီးတွားပြ စမ်းပါ "ဂျွန်"

ကြားလိုက်သေးလား "ဂျွန်"
တောအုပ်ထဲ ပုန်းရှောင်နေရတဲ့ လူလေးသိန်း
လှေစီးပြေး ဒုက္ခသည်တွေတဲ့
တရားမဝင် ရွှေ့ပြောင်းလုပ်သားစာရင်း
ဒါတွေကို ခုချက်ခြင်း အလွတ်ကျက်ထားစမ်း "ဂျွန်"


အယဉ်ကျေးဆုံး ဧည့်လမ်းညွှန်တစ်ယောက်လို
အသားနီစပ်စပ် မျက်လုံးပြာပြာတွေကို
သေချာ ရှင်းပြလိုက်ပါ "ဂျွန်"
စာပေ ကျမ်းဂန်မှာလာတာ
ဒီလိုအသားအရေ ရှိတဲ့လူဟာ
ဝိဇ္ဇာဓိုရ် တစ်ပါးပါး ဖြစ်နိုင်တယ်တဲ့ "ဂျွန်"
သူတို့ရဲ့ တန်ခိုးနဲ့
မင်းရဲ့ဘဏ်စာရင်း ၂ ဆတိုးနိုင်ပါစေကွယ်


မာဒင်္ဂမှော်အောင်နေတဲ့
အမျိုးကောင်းသားကြီး မစ္စတာဂျွန် ရေ....
အံချီးမကုန်တဲ့ မင်းရဲ့ အတွေးတွေကို
ငါအကြိမ်ကြိမ် အလေးပြုပါရဲ့..

ရန်ကုန်မြိုသားတွေဟာ
အေသင် မြို့သားတွေလို ကျင့်ကြံသင့်သတဲ့

တောင်ဒဂုံက ဆိုက်ကားဆရာလေး
အုံနာကြေး မလောက်ငှနေချိန်မှာ
ဂျွန်က
"လရောက်အောက်မှာ လမ်းလျှောက်သူ"
သီချင်းလေးနဲ့ မျက်တောင်လေးမှေးလို့

ငါက
"ဂွကောင်တွေ ခွေးဖြစ့်ပေါ့လေး" ဆိုတဲတေးထပ်
အထပ်ထပ် ရွတ်ဖတ်နေချိန်မှာ
မင်းက " River is No Return" တေးလေးကို
စည်းချက်လေးလိုက်လို့

လူငယ်လေး တစ်ယောက်က
ဗန္ဓုလ ပန်းခြံထဲ လွတ်လပ်ရေးကျောက်တိုင် ကို မော့ကြည့်နေတုန်း
ဂျွန်က
လေဘာတီ ကျောက်ရုပ်ကိုမှ
အရောင်တင် ၊ ဆေးသုတ်ချင်ရှာသတဲ့လေ ...


မြန်မာပြည်ဘွား
အမျိုးကောင်းသားကြီး မစ္စတာ ဂျွန်ရေ
ဘိုဆန်ဆန်
နောက်ဆုံး ခွက်ကျန်လေး ရှင်းကြစို့
လာ....
ထပ်ဆုတောင်းလိုက်ကြရအောင်
"ဝံပုလွေတွေ ကျန်းမာပါစေကွယ်"




( ကျနော့်သူငယ်ချင်း နာမည် အပြည့်အစုံက မစ္စတာ ဂျွန်ဘတ္တလာပါ ၊ ဂုဏ်ပြုတဲ့ အနေနဲ့ သူ့ရှေ့နာမည် "ဂျွန်"ကို လေရူးသုန်သုန် ဝတ္ထုထဲက ဇတ်ကောင် ဘတ္တလာ နာမည်နဲ့ ပေါင်းစပ်ပေးထားတာပါ ။ )
ိ့

Wednesday, April 8, 2009

အခုတ်အထစ်များတဲ့နေ့

"အခုတ်အထစ်များတဲ့နေ့"


ငါးသည်မ ငါးခုတ်သလို
လူအချင်းချင်း ခုတ်ကြ ထစ်ကြနဲ့
သွေးစက်တွေ ဖြန်းပက်နေကြပုံများ
တချို့က အားရတယ်
တချို့တွေက အားကျတယ်
သံဝေဂ တေးကို မဟစ်ကြွေးနိုင်သေးဘူး.... ။



ဆာမူရိုင်း တစ်ယောက်လိုဓါးချက်နဲ့
ကမ္ဘာမြေကြီးကို ခုတ်တယ်
ပန်းဆိုးတန်း လမ်းမပေါ်မှာခုတ်တယ်
ပါတ်စပို့ ရုံးရှေ့မှာ ခုတ်တယ်
မင်္ဂလာဒုံလေဆိပ်က ဒီပါချာ ခန်းမ မှာခုတ်တယ်
ဆူးလေ လမ်းမကို ခုတ်တယ်
ရှောင်ဇေ လီဇေ လမ်းမကြီးကို ခုတ်တယ်
"ပဲရစ် ၊ ဘန်ကောက် ၊ ဟောင်ကောင် ၊ တိုကျို " အစရှိတဲ့
စီးပွားပျက်ကပ်ဆိုက်နေတဲ့ မြို့ကြီးတွေကို ခုတ်တယ်
"မောင်ချောနွယ်" ရဲ့ လူကြိုက်နည်းတဲ့ ကောင်ကို ခုတ်ချလိုက်တယ်......။


ငါကိုယ်တိုင် ခုတ်လိုက်နိုင်တဲ့ နေ့တွေနဲ့
ငါကိုယ်တိုင် အခုတ်ခံလိုက်ရတဲ့နေ့တွေ ရှိတယ် ။


နွေဦးရဲ့ ရနံ့ကလဲ အရင်လို မပြင်းရှတော့ပါ
ဝဋ်နာ၊ ကံနာကျနေတဲ့ ဆောင်းနှောင်းအကြွင်းအကျန် နေ့ရက်များမှာ
ဗိုလ်အောင်ဒင်လို လွမ်းပြနေတဲ့ အလွမ်းည များစွာကိုလဲခုတ်တယ် ။


ယုဇနပင်ပျိုထက်က ဖဲကြိုးဝါဝါလေးတွေနဲ့
ငါ့ဥယျဉ် တောင်ဘက်ဖျားက အုံ့ဆိုင်းနေတဲ့
ပိတောက် ကိုင်းလေးကိုပါ ငါခုတ်ချလိုက်တော့တယ် ။


မောင်ဖုန်းမြင့်







Wednesday, April 1, 2009

အာရုံ ကျ တဲ့ကဗျာ


အာရုံ ကျ တဲ့ ကဗျာ



အာရုံ ကျ တဲ့ နေ့မှာ........
အာရုံ ထဲ လိမ့်လိမ့်ကျသွားတယ်....။
အာဂုံ ဆောင်စရာ မလိုပါဘူး
အာရုံ သိ စိတ်ထဲ မင်း ..နာမတော် ကို တီးတိုးရွတ်လို့....
ငါတို့ ရဲ့ အာရုဏ် လာတဲ့အခါမှာ....
ဟောဒီ့...ဘဒ္ဒကမ္ဘာဟာ.....
ပြားပြား ဝပ်ရှာပေလိမ့်မယ်.......။

မောင်ဖုန်းမြင့်