Showing posts with label အက်ဆေး. Show all posts
Showing posts with label အက်ဆေး. Show all posts

Thursday, March 28, 2019

အငြိမ့်မင်းသမီးလေးတစ်ယောက်လို ငြိမ့်ငြိမ့်ညောင်းညောင်း


ကိုယ်က မင်းကို အင်မတန်စွဲမက်စရာကောင်းတဲ့ အငြိမ့်မင်းသမီးလေးတစ်ယောက်ကို ချစ်ခဲ့ရသလိုမျိုး ချစ်ခဲ့တာ။ မီးရောင်အောက်မှာ လူပျက်တွေနဲ့ရော လူကောင်းတွေနဲ့ပါ တွဲတာမမြင်ချင၊် မမြင်ဝံ့ခဲ့တဲ့ကောင်လေ။ မင်းနဲ့ ငါ့ရဲ့ ကြားမှာ ကန့်လန့်ကာလေးတချပ်ခြားခဲ့ရင်တောင် အဲ့ဒီကန့်လန့်ကာကို ငြူစူနှောင်ဖွဲ့ သဝန်ကြောင်တတ်ခဲ့တဲ့ကောင်မျိုးပါ။


ကိုယ့်ရဲ့ အားနည်းချက်က မင်းအပေါ်မှာရှိခဲ့တဲ့ ကိုယ့်ခံစားချက်တွေကို ထုတ်ဖော်ပြဖို့ ရှက်ရွံ့ခဲ့တဲ့ အားနည်းချက်ပဲထင်တယ်။ အဲ့ထက်ပိုချင်ရင် မင်းအပေါ်မှာ ဆိုးသွမ်းခဲ့တာတွေပါ ထည့်ပေါင်းပေါ့။  ဆင်ဝှေ့ရန်ရှောင်စကားတော့ မဟုတ်ဘူး ဒါတွေက ချစ်လွန်းတဲ့စိတ်တွေကြောင့် အသိစိတ်ပျောက်တဲ့အထိ ရုးသွပ်ခဲ့တာပဲ ဖြစ်မယ်ထင်ပါတယ်။


ကိုယ့်အတ္တထက် မင်းကိုပိုချစ်တယ်၊ ဒါပေမဲ့ အစွန်းထွက်အတ္တက မင်းအတွက်ငါက အရာရာ ဖြစ်စေချင်တယ်။ ဒါကလည်း ယောက်ကျားတစ်ယောက်က သူ့ချစ်ရတဲ့သူက သူ့အပေါ်မှာ ယုံကြည်အားကိုးစေချင်တဲ့ စိတ်မျိုးပါပဲ။


မင်းနဲ့ ပက်သက်လို့ ရခဲ့စိတ်ဒဏ်ရာတွေက သိစိတ်မှာရော မသိစိတ်မှာ ပါ ဖွဲမီးလို တချိန်လုံး တငွေ့ငွေ့လောင်နေတာ။ မင်းအတွက် အရာရာ စွန့်လွှတ်ရင်ဆိုင်မယ် ဆိုတဲ့ နှလုံးသားအလိုဆန္ဒ နောက်ကို လိုက်မယ့်စိတ်နဲ့ ကိုယ့်အပေါ်မှာ သာမာန်လိုပဲ သဘောထားမှာလားဆိုတဲ့ စိတ်ကြားမှာ လူးလွန့်နေအောင် ခံစားခဲ့ရတာပေါ့။ ဒါတွေကို ထုတ်မပြောဖြစ်ပေခဲ့တာကလည်း မင်းအပေါ်မှာ အမြဲသံသယ ရှိနေတယ်လို မထင်စေချင်လို့ပဲ။


အချိန်နဲ့ နှစ်အပိုင်းအခြားတွေက အဓိက မဟုတ်ပါဘူး၊ လောဘကြီးတယ်ပဲ ပြောပါလေ ကိုယ့်ကို ကမ္ဘာဦး သမ္မာကျမ်းစာလို မင်းယုံကြည်နေစေချင်တာက ကိုယ့်ရဲ့အစွန်းထွက်စိတ်ပဲ။ မင်းနဲ့ပက်သက်သမျှ ကိုယ်က ခေါင်းကိုင်ဖခင်လို ဖြစ်ချင်နေတာမျိုး။ မင်းကြုံတွေ့ရသမျှ အတိတ်ဆိုးတွေအတွက် ဥုံဖွလို့ မန်းမှုတ်ဖယ်ရှားပေး ချင်ခဲ့တယ့် မှော်ဆရာလိုမျိုး ဖြစ်ချင်ခဲ့တာ။
ဒါတွေက ရယ်ပွဲဖွဲ့စရာ ဖြစ်ခဲ့ရတာမျိုးတွေရှိခဲ့တယ်၊ ပျက်ရယ်ပြုခံခဲ့ရတာမျိုးတွေရှိခဲ့တယ်။ နာကျင်ရပါတယ်။ ကြေကွဲစွာထိခိုက်ခံစားခဲ့ရပါတယ်။ ဒါတွေကို မင်းနားလည် ယုံကြည်ပေးနိုင်တဲ့ တစ်နေ့ ရှိနေမယ်ဆိုတာလည်း ယုံကြည်ခဲ့ပါတယ်။


ကိုယ်ဟာ မင်းနဲ့ပက်သက်လို့ ရူးနေတာ နာရီစက္ကန့်တိုင်းပေါ့။ အဝေးကိုပြေးထွက်ခဲ့တဲ့ အချိန်ေ
တွလည်း ရှိခဲ့တာပဲ။ ဘဝတိုင်းဟာ နှောင်ကြိုးတွေနဲ့ ရစ်သိုင်းထားတာလို့ အဓိပ္ပါယ်ဖွင့်ရင် ငါ့ရဲ့ နောက်ဆုံးချည်တိုင်က မင်းပါပဲ။ ငါ့ဆုံးရှုံးခဲ့ရတဲ့ မင်းအပေါ်ကြင်နာခွင့်တွေလည်း ဆက်ရခွင့်လိုချင်ပါတယ်။


ချစ်ခဲ့ပြီးသော၊ ချစ်ခဲ့ရသော ချိုတဲ့ (ရဲ့/မယ့်) အချစ်တွေနဲ့ ဟောဒီကမ္လာမှာဆက်လက်အသက်ရှင် နေချင်ပါတယ်။


မင်းအတွက် သံသရာတစ်ခုလုံးစာ ကျေးကျွန်ဖြစ်ချင်နေသူတစ်ယောက်။
M.P.M



Tuesday, March 26, 2019

မင်းက အေးဆေးဆိုပေမယ့် ငါ့မှာသေရေး၊ရှင်ရေး



အဆုံးစွန်လောင်ကျွမ်းမှုမှာဘယ်တော့မှ သွေးမတိတ်မယ့် ဒါဏ်ရာနဲ့နာကျင်မှုဟာ နာကျဉ်းနေတဲ့ ခွေးတစ်ကောင်လို အူတယ်။ အို .. ဘယ်လို ငရဲလဲကွယ် . . .ဘုရားအဆူဆူချွတ်တောင် မကျွတ်ပါရစေနဲ့။


လေဟာနယ်ထဲမှာ ပြာမှုန်တွေလို လွင့်ထွက်သွားလိုက်တယ်၊ ဘဝဟာ ဘာလို့ နှမ်းစေ့လေးလောက်တောင် ငြိမ်းအေးခွင့်မရတာလဲ။ ဒါးစက်၊ လှံစက် အနန္တဟာ ဘယ်ဘက်ရင်အုံထက်မှာ ငရဲပွက်သလို ကခုန်နေတယ်။


သူရူးတစ်ယောက်ပါ၊ နင့်နင့်သည်းသည်း ရူးမိုက်ခဲ့ဖူးသူပါ၊ မပျော်ရွှင်မှု ဆည်းဆာရောင် အလျံငြီးငြီး ပျော်ကျသွားတယ်။ တေလေ ငှက်ရိုင်းရဲ့ အော်မည်သံစူးစူးဟာ ပိုရူးစေခဲ့ပေါ့။ အမှောင်ဟာ အဆိတ်ငြိမ်ဆုံး ငြိမ်သက်ခဲ့ပါပြီ။


အနက်ရောင် ပွင့်ချပ်တွေဟာ ကြောက်မက်ဖွယ့် တခဲနက်ဟီသံပြုတယ်။ ဗဟိုပြုရာအရပ်မှ ဖဲ့ကျဉ်ရှောင်ခွာသူအတွက် ထမ်းပိုးပို့ဆောင်ရသူ မြေနီလမ်းဟောင်းလေးလည်း ကျန်းမာရေး မကောင်းတော့ဘူး။


နတ်ဆိုးတမန်ရဲ့ ဦးခေါင်းက မီးလျှံနဲ့တူတဲ့ မြွေဦးခေါင်းတွေထွက်လာတယ်။ ခြောက်သွေ့ဖွယ် ရှင်သန်ခြင်းဟာ ငြီးငွေ့စရာမကောင်းဘူးလား။ အို အိပ်မက်ထဲမှ အရိပ်တို့ စိတ်၏ လေလွင့်ရာအတိုင်းသာ ဦးတည်ရွက်တိုက်ပါလေ။


ကြားလား အေးစက်စက် မရဏတေးသွား ရဲ့ ဆွတ်ပျံ့ဖွယ် သံပြိုင်တီးမှုတ်လိုက်သံ။ ရှုံးနိမ့်သူ ဘူတာလေးဟာ တရွေ့ရွေ့ ထွက်ခွာသွားရတော့မှာပါ။ ကောင်းသော ဘဝပါလို့ နှုတ်ဆက်လိုက်ပါတယ် ညခင်းရေ။


မင်းနံနက်ခင်းတိုင်း အတိုင်းမသိလင်းပါစေ၊ ဆာယိုနာရာပါ ချိုခဲ့ဖူးတဲ့ အချစ်၊ . . .

 M.P.M


Wednesday, September 21, 2011

အိမ်ကလေးသို့ လွမ်းဆွတ်မှု





 အို ! . . အိမ်ကလေး  . . . သင့် အား ငါ ပြင်းပြင်း ရှရှ လွမ်း၏ . . ။


   မည်းမှောင်နေသော မြို့ကြီး အတွင်းမှ ပေါ်ထွက်လာသော အိမ်လွမ်းဝေဒနာမှာ နာသာခံခက် ၊ အတွင်းပိုင်း နက်နက်ရှိုင်းရှိုင်း  သို့ တမြေ့မြေ့ တိုက်စားနေသော ဒဏ်ရာ ၊ဒဏ်ချက် များပင်

   အိမ်ဟုဆိုလိုက်လျှင် အများအားဖြင့် မိသားစုဟု အနက်ဖွင့်ဆိုခဲ့ကြပြီး ၊ နွေးထွေးလုံခြုံမှု ပေးနိုင်သည့် အသိုက်အမြုံ သို့မဟုတ် ဘဝဖော်အချင်းချင်း အမှီသဟဲပြုရာ သာယာပျော်ရွင် မှု ဟု အလိုလို အသိအမှတ်ပြုခဲ့ ကြပြီး ဖြစ်ပါလိမ့်မည် ။

       “ အိမ်ပြန်မယ် ”  ဟု ရည်ညွှန်း စိတ်ပြုလိုက်ရုံဖြင့် ဘ၀င်စိတ် အတွင်းတွင် သာယာပျော်ရွှင်မှု ၊ လုံခြုံ စိတ်ချရမှု ၊ အထီးကျန်ခြင်းမှ ကင်းလွတ်ရမှု တို့ဖြင့် အားအင် သတ္တိများ ပြည့်လျှံလာကာ ၊ ငြိမ်းချမ်းရာ ဘုံဘဝသို့ တွယ်ငြိ ဆိုက်ကပ်မိသော ဝိညဉ် တစ်ခု ၏ ခံစားမှုကဲ့ သို့ပင် ဖြစ် ၏ ။

        သူ့ငယ် ဘဝ နေထိုင်ခဲ့ ရသော အိမ်ကလေးမှာ ရန်ကုန် မြို့လည် ရှိ ဆူညံသံများ အနည်းငယ် ရောယှက် နေသော ခြံဝင်းကျယ်ကလေး တစ်ခု အတွင်း၌ ဖြစ်သည် ။ နှစ်ဆောင်ပြိုင် အိမ်ကြီး၏ လေးခန်းတွဲအိမ်ခန်းလေး ၏ ဘယ်စွန်မှာ သူနှင့် သူ့မိသားစု ကလေး နေထိုင်ခဲ့ကြဖူးသည်  ။ သူက သူနေထိုင်သော အခန်းကလေးကို နှလုံးသား ထောင့်ကျဉ်းဟု တိတ်တဆိတ် အမည်ပေးခဲ့သည် ။ မိသားစုတွေ ဖရိုဖရဲ မဖြစ်ခင် ရွှေအိုရောင် နေ့ ရက်များ ။ စိတ်ထဲ စွဲထင်နေသော အခန်းချင်းကပ်လျှက် ငယ်သူငယ်ချင်း မိသားစု ။ “မမလေး” ၊ “ဘဘ” ၊ “ကြီးကြီး” အစရှိသော စိတ်ပုံရိပ်များ ။ အဲလစ်ရဲ့ အံဖွယ်ကမ္ဘာထဲသို့ ရောက်ရှိသွားခဲ့ရသလို  စွဲထင်ရစ်နေသော “ဘဘ”၏ စာအုပ်တွေ သိမ်းဆည်းထားသော ဗီရိုကြီးတွေ ၊ ထင်းရူး သေတ္တာ ကြီးတွေ ။

           ငြိမ်သက်တိတ်ဆိတ်စွာ စာအုပ်ပုံကြားထဲ  လှဲလျှောင်းခွေ နေသော  ပိန်ခြောက်ခြောက် ညိုညစ်ညစ် ကောင်လေး တစ်ယောက်၏ ပုံရိပ်  . .  . ၊ အောက်ထပ် အခန်း ၂ ခန်း မှ ကစားဖော် ညီငယ် ၊ ညီမငယ် လေးများ . . ၊ ဂိုးတိုင်လုပ် ဂိုးဖမ်းခဲ့သော မာလကာ ပင်ကြီး ၂ပင် ...၊ တာဇံ လုပ်တမ်း ဆော့ခဲ့ရာ စောင်းလျှား ပင်နှင့် ခြံထောင့်က ပိန္နဲပင်ကြီး ... ၊ ညဘက် ခြံထိပ်မှာ ဂစ်တာ လာတီးနေကြ အကိုကြီးတွေ ..၊သူတို့နှင့် သီချင်း လိုက်ဆိုရင်း လေ့ကျင့်ခဲ့ရသော ဂစ်တာကော့ဒ်တွေ ..၊ ဆေးလိပ်ခိုးသောက်တဲ့ ညများ . . ၊ အဲ့ဒီ အချိန် ကာလက ခေတ်စားနေသော ဘရိတ်ဒန့်စ်ကရင်း ရိုက်ပွဲလေးများ ဆင်နွှဲခဲ့ရသော တန်ဆောင်တိုင် ပွဲတော် .  .၊ အိမ်ပြန်မအိပ်ခဲ့သော ရက်သတ္တပါတ် ပေါင်းများစွာ  အစရှိသဖြင့် . . . . ။

ထို့နောက် လေပြင်းမုန်တိုင်းကျသလို တစ်တိုင်းပြည်လုံး တုန်လှုပ်ခဲ့ရသော အပြောင်းအလဲ ၊ အဖြစ်အပျက်ကြီး က သူတို့ ခြံဝင်းလေးကိုပါ ပုတ်ခတ်လှုပ်ရှား သွားစေခဲ့သည် ။

   ခြံဝင်းလေးထဲမှ  အရင်ဆုံး နှုတ်ဆက် ခွဲခွာသွားကြသူများမှာ ငယ်သူငယ်ချင်း မိသားစုကလေးက “ဘဘ” ၏ အလုပ်တာဝန်ဖြင့် တစ်နေရာသို့  မမလေးနှင့် အကိုလို တွယ်တာရသူ နှစ်ယောက်မှာကား ထိုထက်ဝေးကွာ သော အဝေး တစ်နေရာသို့ . .  ဘဝဆိုတာ ပျော်ရွှင်မှု  ရာခိုင်နှုန်း အနည်းငယ်သာ ပါဝင်ပြီး  အစီအစဉ် မကျမှုများစွာနှင့် လွဲချော်ခြင်း ခပ်များများ ပေါင်းစပ် ပါဝင်သော အရာ ပါလားဟု သူစတင် မျက်ခုံးပင့် ကြည့်လိုက်မိသည် ။

     သူနှင့် သူ့မိသားစုလေးသည်လည်း ထိုစဉ်ကာလ က ရေစီးကြောင်းတစ်ခုလို အားကောင်းလှသော မြို့သစ် လေးများဆီသို့ ဦးတည်စီးမျောခဲ့ရလေသည် ။ မတူညီသော အသိုင်းအဝိုင်း ၊ ပတ်ဝန်းကျင်စိမ်း နှင့် ခက်ခဲ ကြမ်းတမ်းသော မြို့သစ်ညနေခင်းများ၏ ရိုက်ခတ်မှုက မြို့လည်ခေါင်မှ ရုတ်တရက် ပြောင်းရွေ့လာရသော သူ့အတွက် မသက်သာစေခဲ့ ။ ပျင်းရိ ငြီးငွေ့ဖွယ်ရာ မြို့သစ်နေရက်များကို တိုက်ခိုက်ဖို့ အတွက် သူ့ဂစ်တာကို ခပ်ကြမ်းကြမ်း တီးခတ်တတ်လာသည် ။ စက္ကူအလွတ်တွေပေါ်မှာ စကားလုံးများစွာ ဟိုခြစ် ဒီခြစ် ခြစ်တတ်လာ ခဲ့သည် ။ သူ၏ မိခင်ဖြစ်သူ ရုံးက ပြန်လာမည့် မြေနီလမ်းကလေးပေါ် စောင့်မျှော် ထွက်ကြိုရင်း ရုံးမှ အပြန် ဆုံနေကြ ကောင်မလေး တစ်ယောက် အပေါ်မှာ ရင်ခုန်လာမိခဲ့သည် ။ စစ်တုရင် ကစားခြင်းကို အလွန်အမင်း နှစ်သက် ခုံမင်လာခဲ့ပြီး ။သူ၏ လူငယ်ဘဝ အရိပ်ရှည်ရှည် လျားလျားက အရက်ဆိုင်များ အတွင်းသို့ ပျော်ဝင်သွားခဲ့ပြန်သည် ။

    မမျှော်လင့်ပဲ နိမ့်ပါးသွားသော အခြေအနေနှင့် ဖိစီးလာသော ငွေကြေး အခက်အခဲများကြားတွင် သူနှင့် သူ့ညီ၊ ညီမငယ်လေးတို့မှာ လူးလွန့်ကြီးပြင်းလာခဲ့ကြရသည်။

     ရွေးချယ်ခွင့်များစွာ မရှိသော သူ့အတွက် သူ့သူငယ်ချင်းတစ်ယောက် အိမ်သို့သွားရောက် နေထိုင်ကာ အလုပ်လုပ်ခဲ့သည် ။ အချိန် ကြာလာသည်နှင့် အမျှ မိမိ၏ ကိုယ်ပိုင် အိမ်မဟုတ်သည့်  အိမ်တစ်လုံး၏ သူစိမ်း ဆန်မှုကို ရုတ်တရက် ကြုံတွေ့လိုက်ရတော့ သူ့အတွက် အကြီးအကျယ် တုန်လှုပ်စေခဲ့ရပြန်သည်။ မြို့ပြ၏ ခမ်းနားကြီးကျယ်မှုကလည်း အဆင်မပြေသောနေ့ရက်များကိုသာ ပိုင်ဆိုင်သော သူ့အတွက် လေးလံသော ဖိစီးနှိပ်စက် မှုပင် ။ ကွန်ကရစ်တောအုပ်ကြီး၏ ရယ်မော ခြောက်လှန့်သံကို မခံနိုင်တော့သည့်အဆုံး သူ့ခြေလှမ်းများက မြို့သစ်လေးရှိ ရယ်စရာနည်းနည်း မောစရာများများ အိမ်ကလေး ရှိရာသို့ ဦးပြည်လှည့် လိုက်၏ ။ ထိုအချိန်မှစ၍ သက်မဲ့ အိမ်ကလေး တစ်လုံးအတွင်းတွင် ခံစားမှု စိတ်ဝိညဉ်နှင့် အသက် ရှိနေကြာင်း သူ့ကို သတိပြုမိခဲ့စေ၏ ။

    ရွေ့လျားနေသော အချိန်ကာလနှင့် မမြင်ရသော အကြောင်းအရာများက သူနှင့်သူ့မိသားစုလေးကို ဆင်ခြေဖုံးရှိ အခန်းငယ်လေး တစ်ခု အတွင်းသို့ တွန်းထိုး သယ်ဆောင်သွားပြန်လေသည် ။ သူ့အနေဖြင့် ဘ၀ဆိုတာ အလေးအနက် ထားစရာလို့ မမြင်နိုင်တော့ပဲ ပေါ့ပေါ့ပါးပါး အရွဲ့တိုက် လောကဓံတရားနှင့် တွန်းထိုးရန်ဖြစ်ရင်း “လူပုံအလည်..  မနေချင် .. တစ်ယောက်ထဲပဲ.. ရင်ခုန်သံအသေတွေကို.. ဖြန့်ကျဲပြီး အခန်းငယ်ထဲ” စသည့် စာသားများပါဝင်သော ရော့ခ် သီချင်းတစ်ပုဒ်ကို အကြိမ်ကြိမ် ဆိုငြီးနေခဲ့မိသည် ။

  နေ့စဉ်လှုပ်ရှားနေရသော ဖြစ်စဉ်ကြီး တစ်ခုလုံးအတွင်းမှာ မသေချာ မှုများစွာပဲ ရှိနေခဲ့သည်ဟု တဖြေးဖြေး သူ သက်ဝင်ယုံကြည်လာခဲ့ သည်။
   
အိမ်ကလေးပေါင်း များစွာ၏ အသံမဲ့ဘာသာစကားကို သူအနည်းငယ် နားလည်လာခဲ့ သည့်အချိန်မှစ၍ “ လောကသည် ရှိ၏ ထိုရှိနေသော လောကအတွင်း ဘာမှ မရှိခြင်းသာ ရှိ၏ ” ဟူသော အတွေးကို အလေးအနက် ဆင်ခြင်စဉ်းစားနေရင်း အိမ်ပေါင်းများစွာ ၏အသံမဲ့ အသံများစွာကို သူစုဆောင်း ရှာဖွေနေခဲ့မိသည်။

     ရပ်ဝေးမြေခြားရှိ သူနေထိုင်ခဲ့ရသော အလုပ်ရှင်မှပေးသည့် စုပေါင်း အိမ်ယာ အတွင်းမှာ  ..၊ အဆောင်တစ်ခု၏ အခန်းကျဉ်း ထဲမှာ ၊ လူအများ အစုစပ်စုငှားနေရသည် အိမ်ငယ်ကလေးအတွင်းမှာ ၊ နေ့ဘက်တွင် ရုံး ဖြစ်ပြီး ညဘက် လူပေါင်းများစွာ အခကြေးငွေပေး အိပ် ရသည့် အဆောက်အဦးအတွင်းမှာ ၊ ချစ်သူ ခင်သူတို့နှင့်ဝေးရာ မိကွဲဖကွဲ အခန်းလေးမှာ .. နာကျင်ကြေကွဲနေသည် အိမ်ကလေးများ ၏ အသံများစွာကို သူစုဆောင်းရရှိခဲ့ပြီးနောက် ...

   သူ့အသွေးအသားထဲမှာ ကျယ်လောင်စွာ တောင်းဆိုနေတာက  .  . အတ္တ ၊မာန ၊ ဒေါသ ကင်းစင်တဲ့ အိမ်ကလေးတွေရဲ့ အသံ ၊ ပျော်ရွင်ဖွယ်ရာ ကြည်နှုးမှုတွေနဲ့ ပြည့်လျှံနေတဲ့ အိမ်ကလေးတွေရဲ့အသံ . . ချစ်သူခြင်း နားလည်မှုတွေနဲ့ ဖြူစင်ဝင်းလက်နေတဲ့ အိမ်ကလေးတွေရဲ့ အသံ ၊ အထီးကျန်မှုတို့ ကင်းဝေးရာ ဆည်းလည်းလေးတွေ ရယ်မော ပျော်ရွင်နေတဲ့ အိမ်ကလေးတွေရဲ့ အသံလို့ အသေအချာ သိရှိ နားလည်ခဲ့လိုက်တော့သည် ။

   သူ့ခြေလှမ်းများက သူ့မြို့လေးရှိရာ ဦးတည်လျက် ၊ မြေနီလမ်းလေးအတိုင်းလျှောက်လာရင်း .. မျှော်လင့်ခြင်းအပြည့်နဲ့ ခြံတံခါးလေးကို တွန်းဖွင့်လိုက်တော့  . . . မိုးရေစက်တွေကြားများ အချိန်ကာလာများစွာ သူ့ကိုစောင့်စားရင်း ဖျားနာ သေဆုံးနေပြီဖြစ် တဲ့  ခြောက်သွေ့ အိမ်ကလေးကို တွေ့လိုက်ရလေရဲ့  . . .။


အို ! . . အိမ်ကလေး  . . . သင့် အား ငါ ပြင်းပြင်း ရှရှ လွမ်း၏ . . ။

                                                                                                          


                                                                                                                 မောင်ဖုန်းမြင့်

Sunday, April 4, 2010

ငါ့အဓိပ္ပါယ်တွေ တင်ဆောင်လာတဲ့ သဘောင်္ဟာ နစ်ရှေးရဲ့ ပင်လယ်ကို ဖြတ်ပြီ . . .။

"ဟေ့"

       ဒီမှာ . . . ဒီစကားလုံးတွေကို မသေခင် ငါ အသေအချာ ပြောခဲ့တာ  . .
တနည်းအားဖြင့် . . . ချစ်ခြင်းနှင့် မုန်းခြင်း ကြားထဲက သေမင်းနဲ့ အသေအချာ ချုပ်ဆိုထားခဲ့တဲ့ ကတိကဝတ် ဆိုင်ရာ နားလည်မှု စာချုပ်ဖြစ်တယ်  . . . ..
တနည်းအားဖြင် . . .
ငါ့အိမ်ကွင်းမှာ ပေးဂိုးမရှိစံချိန် ထိန်းထားနိုင်လိုက်တဲ ငါ့ရဲ့ အကောင်းဆုံးနဲ့ နောက်ဆုံးကစားပွဲ ဖြစ်တယ် . . .
တနည်းအားဖြင့် . . .
သုဂတိဘုံမှာ ဘဝပေါင်းလေးဆယ် ၊ ဒုဂ္ဂတိ ဘုံမှာ  ဘဝပေါင်း ရှစ်တယ် ၊ အကြမ်းကြုတ် အရက်စက်ဆုံး ငရဲမှာ  ဘဝပေါင်း ၁၆၀ အဖန်ဖန် အထပ်ထပ် ကျင်လည်ခဲ့ပြီးတာတောင် အနုပညာမရသေးတဲ့ ထူထပ် ၊ ပိန်းအ ၊ မိုက်မဲလွန်းတဲ့ ၊ ကုဗတုံးလို လူတွေ အတွက် အလင်းပြကျမ်းလဲ ဖြစ်တယ် . .  .။

          ခရစ်တော်ရဲ့ နောက်ဆုံးညစာလို
ပြက္ခဒိန်ထဲက စာသားတွေ အားလုံး ငါအကုန်အစင် စားသုံးခဲ့ပြီးပြီ  . . . . .
နေထိုင်မှု ပုံစံ အဆင့်မြင့်မားလှတဲ့ အထက်တန်းစား ကြေးစားမရဲ့ ဒဿနမျိုးနဲ့လဲ ဘဝဆိုတာကိုရှုမြင် သုံးသပ် ခဲ့ပြီးပြီ . . .
သေနတ်ထမ်းထားတဲ့ ရဲဘော်ချေရဲ့ ပုခုံးသားများလို ရုန်းကန်အား များစွာနဲ့ နာကျင် ခံစားခဲ့ ဖူးပြီ . . .
( ရဲဘော်ချေဟာ အခုထက်ထိ တီရှပ်ပေါ်က တိုက်ပွဲဆင်နေရတုန်းပဲ ချေရဲ့ကြီးမြတ်မှုကို  ကုဗတုံးလို ကောင်တွေ ဂါရဝ ပြုခဲ့ပုံလေ )  . . . . .
ပါဘလိုနီရှုဒါရဲ့ စာသားကို ကိုးကားလိုက်ရုံနဲ့   မျိုးချစ်ပုဂ္ဂိုလ် အော်တိုဖြစ်သွားတဲ့ အလံတင် အခမ်းအနား ရောင်စုံတွေကိုလဲ  ငါမြင်တွေ့ခဲ့ ပြီးပါပြီ . .
ဘဝမှာ ကဗျာကလွဲပြီးတော့ ဘာမှ အရေးမကြီးဘူးလို့ ထင်နေတဲ့ ကဗျာဆရာ အထီး ၊ အမတွေလိုလဲ ရူးကြောင်ကြောင် နေထိုင်ခဲ့ဖူး ပါပြီ . . . (အချစ်နဲ့စစ် မပါရင် ကဗျာ မစစ်/မဖြစ် ဘူးလို့ သူငယ်ချင်း ကဗျာဆရာ တကောင်က ထပ်ဖြည့်စွက်ပြောကြား )
တနည်းအားဖြင့် . . .
မြဒါလီဆိုတဲ့ မိန်းမ တယောက်ကို အသဲအသန် ချစ်ကြိုက်ခဲ့ ဖူးပြီး ၊ အဲ့ဒီမိန်းမရဲ့ သောက်ဂရု အစိုက်မခံရခြင်း ၊ ပစ်ပယ်ထားခဲ့ ခြင်းတွေမှာ နာကျင်စွာ ဂျွမ်းပြန်ကျနေတဲ့ ကောင်တကောင်ရဲ့ စကားလုံးတွေပေါ့ . . . .

"ဟေ့"

        ဒီမှာ ဒီနှစ် ရန်ကုန်နွေဟာ ဆဟာရ သဲကန္တာရထက်တောင် ပူသေးတယ် ၊ မေလတောင် မရောက်သေး ဘူး ငါ့ရဲ့ ကြွေကျချင်နေတဲ့ စိတ်က ပြည့်လုပြည့်ခင် ဖြစ်နေပြီ . . .  ငါဘာလို့ ငါ့ကိုယ်ငါ ခြွေမချသေးလဲ သိလား .... ? ငါ့စပျစ်ခင်းလေးတွေ လူလားမမြောက်သေးလို့ပဲ  . . နေရောင်ကြောင့် ပူနွေးစပြုလာတဲ့ စပျစ်သီးလေး တွေ မရင့်မှည့်သေးခင် လာလာထိုးဟပ်တဲ့ လေကြောင်းချီ မြေခွေးတွေရဲ့ အန္တရယ် ကာကွယ်ချင်သေးလို့ ပဲ  ..

   အေး   . ..  စပျစ်သီးတွေ ရင့်မှည့်ရင်တော့ ဝိုင်ဖောက်ပြီး မင်းတို့ကို ဂုဏ်ပြုတဲ့ အနေနဲ့ ကုဗပုံ ပုလင်းထဲ ထည့်ပြီး မာရ်နတ်နဲ့ငါ ၂ ယောက်ထဲ သောက်မယ် . . .။

         အခု ငါ့အိပ်ခန်းထဲမှာ လွှားထားတဲ့ အမဲရိကန်လုပ် လီဗိုင်း ဘောင်းဘီ၂ ထည်ရဲ့ ခြေဖျားမှာ အပြောင် မြောင်ဆုံး စာသားတွေကို ခိုးဝှက်သီချုပ်ထားတယ်  . . .  ငါ ကောင်းကင်ဘုံသွားတဲ့ ခရီး တလျှောက် အဆာပြေ စားသောက်ဖို့ပဲ  မင်းတို့မှာချင်တဲ့ စကားတွေ ငါနဲ့ လူကြုံပါးရင် ပါးလိုက်ကြ  . . . သေနတ်နဲ့ နှင်းဆီ အဖွဲ့က အဆိုတော် Knocking On Heaven Door စာသားကို ဌါန်ကရိုင်း မကျသေးလို့ ငါခရီး မသွားသေးတာ

                                                       ဒေါက် . . . ဒေါက် . . ဒေါက်. .
                                                       ကောင်းကင်ဘုံ တံခါးကို ခေါက်ကြ
                                                       ဒေါက် . . . ဒေါက် . . ဒေါက်. .
                                                       အမေရေ  ကျနော့် အတွက်
                                                     နောက်ဆံ တင်းမနေနဲ့တော့
                                                     ဒေါက် . . . ဒေါက် . . ဒေါက်. .
                                                      ငါတို့  . . အနာဂါတ်တွေကို
                                                      ဒိုမိန်းနိမ်းဝယ်ပြီး လွင့်တင်လိုက်ကြ
                                                      ဒေါက် . . . ဒေါက် . .
                                                      ကမ္ဘာမြေရဲ့ ဆင်းရဲမှုနဲ့
                                                      ရောဂါကပ်ဆိုးတွေကို
                                                      ဆွဲထုတ်ယူငင် ကယ်တင်လိုက်ကြတော့ . . . . .


"ဟေ့"
             ဒီမှာ  ..  ငါ့သဘောင်္ဟာ စကားလုံး အပြည့် တင်ဆောင် ပြီးသွားပြီ  . . .၊ ရာသီကုန်အထိ တောက်လျှောက် မနားတမ်း ကစားပြီး အကောင်းဆုံး ဆုဖလားလဲ ရခဲ့ပြီ   ...၊ကုဗတုံးတွေ အကုန်လုံးကိုလဲ    ပိရိမစ် ဆောက်တဲ့ အထဲ ထည့်လိုက်ပြီ  ။ ရဲဘော်ချေ ဟာလဲ သေနတ်နဲ့ နှင်းဆီ တေးသွား ကို စတင်လေ ချွန် နေပြီ  ၊ စာတန်ကလဲ ဝိုင်ပုလင်း အဖုံးကို ဖွင့်လိုက်ပြီ  ၊ ကတ်ကိုဘိန်း ဟာလဲသူ့နားထင် ကို သူဖောက်ခွဲပြီး  အပြစ်ကင်းစွာ သေဆုံးပြခဲ့ပြီးပြီ  ၊ မြို့မငြိမ်းလဲ အုတ်တင်ကား အောက်ထဲ  သူ့ဦးခေါင်း လှဲလျှောင်း အိပ်စက် ပြခဲ့ပြီးပြီ  ... ငါ့ အဓိပ္ပါယ်နဲ့ ငါ့ရွက်လွှင့်မှုဟာ ( ပြင်သစ်တော်လှန်ရေးနဲ့ ရန်ဖြစ်ပြီး   ကွန်ပြူတာ သင်တန်းလဲ မတက်တဲ့ နစ်ရှေးရဲ့ပင်လယ်ကို ဖြတ်မယ် )**

နားလည်တယ် ဆိုလဲ လိုက်လာခဲ့ကြ . . .  နားမလည်ဘူး ဆိုလဲ လဲသေ လိုက်ကြတော့ . . ..   ။

** သစ္စာနီ၏ နစ်ရှေးရဲ့ ပင်လယ် ကဗျာမှ  ....

MPM

Saturday, January 16, 2010

အနမ်းတပွင့်ရဲ့ ရွေ့လျားဖြစ်စဉ် မှော်ဝင်ညများ

ကောင်မကြီးရေ . . .

(အသဲကွဲနေတဲ့ ကဗျာဆရာ တွေသုံးနေကြ ကောင်မလေးလို့ မသုံးချင်လို့ )

ငါ့ ဘဝမှာ ဘယ်လောက် လှိုင်းထန် နေရဦးမှာလဲ ဟင် . . .
မင်းနှုတ်ခမ်းကို .. ငါ . စနမ်းတုန်းက တခါ ၊ ရှင့်ကို တနေ့နေ့ ကျမ ထားခဲ့ရဦးမှာပဲလို့ မင်းပြောလိုက်တုန်းက တခါ ၊ ရှင့်လောက် အသုံးမကျတဲ့ လူ ဒီကမ္ဘာမှာ မရှိဘူးလို့ မင်းနောက်ဆုံးပြောတုန်းက တခါ . . . ငါ့ ပင်လယ်မှာ . . . မင်းစကားလုံးတွေ နဲ့ဘောင်ဘင်ခတ်  ဆူနာမီ ဖြစ်ခဲ့တဲ့ အရပ်ဟာ  ငါ့ရင်ခွင်ပါလို့ ပြောရင်  မင်းရယ်သွမ်း သွေး ပြန်ဦးမယ် မဟုတ်လား  . . . ။



နှုတ်ခမ်းနဲ့ ပက်သက်လာရင်တော့ ငါ့မှာ ပြောစရာအများကြီးရှိတယ် ကောင်မကြီးရေ . . .
ကမ္ဘာကျော် ဂျိုလီနှုတ်ခမ်းတွေနဲ့ မင်းနှုတ်ခမ်းတွေကို စီးချင်းထိုးခိုင်းရရင်  ငါသနားတယ်  (ဂျို့လီကို) သူ့နှုတ် ခမ်းတွေ အတုန်းအရုန်းဖြစ်ကုန်မှာ မြင်ယောင်လို့ . . . မင်းက ငါ့ရဲ့ အသဲကွဲ နှုတ်ခမ်း အုံနာကြီးပေါ့ကွာ . . . ငါက မင်းနှုတ်ခမ်းပေါ်မှာ နေ့စားမောင်းနေရသူ  . ..( အုံနာကြေး မပြည့်ရင်  မင်းက တခြားတယောက် အစား ထိုးဦးမှာ လေ )   . . . ။




ငါက  ဘာလဲဆိုတော့ကာ နယ်ကျွံစွဲလန်းမိသူ  . . . င့ါ . .အစာအိမ်အတွက် အန္တရယ်ပေးမယ့် ဆေးလိပ် မီးခိုး တွေကို တရိုက်မက်မက် ရှိုက်သွင်း နေသလို  . . . မင်းကို ငါ့ဘဝ ထဲ ရှိုက်သွင်းခဲ့...  ကဲ . .  အခုတော့ . . ငါ့ကင်ဆာ ဟာ  မင်းမုန်းတယ်လို့ပြောတဲ့  ငါ့အတ္တပဲ . . ဒီကြားထဲ  ဘီယာဆိုင်မှာ ( မင်းမရှိ တာ နဲ့ ကော်ဖီဆိုင် မထိုင်တာတောင်ကြာပြီ )နားထောင်နေရတဲ့ သောက်ရူး အဆိုတော် ဆိုနေတဲ့ သီချင်းက  တနေကုန် ထိုင်ပြီး တစိမ့်စိမ့် ကြည့်  လာလုပ်နေသေးတယ်  . . . ငါက မင်းကို ကမ္ဘာကုန်ထိုင်ပြီး တစိမ့်စိမ့် ကြည့်ချင်နေတာ ကို သူမသိဘူး . . .။




မင်းဖဲထုတ်ကို မင်းချိုးချလိုက်တော့ ငါက အောက်ကိုးနဲ့ လှမ်းရှိုးလိုက်မိသူ (ဟောက်စားပေါ့ကွာ ) မင်းကလဲ  စပိတ်တစ်နဲ့ သိပ်ချစ်တယ်လို့  ဟန်ဆောင်ပြခဲ့သေးတာပဲမဟုတ်လား  . ... ဝိုင်းထဲမှာတော့  မင်းသာရှုံးသွား ရင် ဘာပေါင်မလဲလို့ စောင့်နေတဲ့ ကောင်တွေကလဲ အများသား ( အဲ့ကောင်တွေက အသေသား ၊ အရှင်သား အကုန်စားတဲ့ အမျိုးကောင်းသား ဝံပုလွေကြီးတွေလေ )




ငါ့ရဲ့ ဟောင်းနွမ်းနေတဲ့ လမ်းမတွေအပေါ်  မင်းဖြတ်မမောင်းတော့တဲ့  အချိန်ထဲက မင်းဆီက တရားမဝင် အခွန်အခ အနမ်းတွေ ငါမရတော့ဘူးပေါ့ ..  ကမ္ဘာလုံးဆိုင်ရာစီးပွားပျက်သလို   ငါ့ဆီမှာလဲ နှလုံးသား ပျက်တာပဲ ။



အမဲရိကရဲ့  ပထမဆုံး လူမည်းသမ္မတ က  "Change" လို့ ကြွေးကြော်တော့  ငါက  အပြောင်းအလဲကို မလိုချင် တဲ့ကောင် . . . ဒါပေမဲ့   . . ဘာမှ မရှိတာထက်စာရင်  မင်းရဲ့ချည်သား ဗြောင်ထမိန်လေးပေါ်မှာ ကြယ်ပွင်လေး တွေ ကိုတော့ ရှိနေစေချင်လိုက်တာ . . . မင်းသာ ငါ့ဆီက  ထွက်မပြေးခဲ့ရင်  မင်းနှလုံးသား အရှေ့ဖျားမှာ ငါ ဟာ ကူဗလိုင်ခန့် ဖြစ်နေလောက်ပြီ   ..  မင်း အတွေးထဲက နောက်တယောက် ဆိုတဲ့  ကောင်ကို လျှပ်စစ် ကုလားထိုင်ပေါ်ကို ငါ ပို့လိုက်တယ်  ( တာဝန်သိ အချစ်သား ပြည်သူတယောက် အနေနဲ့ပါ ) . . ငါ့နိုင်ငံတော် ငါ့နိုင်ငံသား  ငါ့အချစ်များစွာအတွက် ကာကွယ် စောင့်ရှောက်လိုက်ရတာပါကွာ . . .။




အလင်းဝတ်ရုံပေါ်မှာ . . . နှင်းဝတ်စုံချွတ်ချလိုက်ရတဲ့ . . ."ည"  . .ငါ့မျက်လွှာကိုတောင်  ငါမပင့်တင်နိုင်တော့တဲ့ . . . "ည " ... အမျိုးကောင်းသား ဝံပုလွေတွေ  အုပ်စုလိုက်ကခုန်နေတဲ့  . . . "ည ". .  မင်း . . နှုတ်ခမ်းဖျားတွေ  .. ဆတ်ဆတ်တုန်နေတဲ့ . . ."ည  ". . .   ငါ့ မျက်နှာကို ပက်ပက် စက်စက် တံတွေးနဲ့ ထွေးခံလိုက် ရတဲ့ "ည" . . . လမင်းတောင်   အပေါင်ဆိုင် ပြုတင်းမှာ မေးတင် ငေးနေရတဲ့ . . .  "ည" . . အနောက်တိုင်းသား သိပ္ပံပညာရှင် တွေ က စက်ရုပ်ချစ်သူလေး  ရိုစီကို တီထွင်လိုက်ပါပြီ လို့ ကြော်ငြာ ဝင်နေတဲ့ . . ."ည " . .  မန်ချက်စတာ ဘော လုံးအသင်း  ပင်နယ်တီ အသွင်းခံလိုက်ရတဲ့ "ည" . . .



ကောင်မကြီးရေ  . . .

အဲ့ဒီလို  ညပေါင်းများစွာကို  ညစ်ညမ်းစွာ ဆဲရေးတိုင်းထွာလိုက်ပြီးနောက်
မင်း ကို သတိရနေလိုက်ပုံများ   . . ။


MPM

Monday, October 26, 2009

ပုတ်သင်ညို ကမ္ဘာသစ်ပြဇတ်




ဝိဒေဟရာဇ် ခေတ် မှ တကောင်စ နှစ်ကောင်စကျန်ခဲ့သောပုတ်သင်ညိုများသည်၂၁ ရာစုထဲတွင်မျိုးပွားမှုနှုန်း လျှင်လျှင်မြန်မြန်ဖြင့် အုံလိုက်ကျင်းလိုက် ကြီးထွားလာနေကြပါသည် . . . ။


ထို ပုတ်သင်ညိုတို့သည် မိမိကိုယ် မိမိတို့ ကမ္ဘာဦး ဒိုင်နိုဆောများမှတဆင့် ရွေ့လျှားဆင်း သက်လာကြသူများဟု သက်ဝင် ယုံကြည်ကြပါသည် . . . ။


ပုတ်သင်ညိုတို့ ၏ သမိုင်းခေတ် ဖြတ်သန်းမှု အတွေ့အကြုံများအရ ရာစုသစ်ထဲတွင် အရောင်ပြောင်းရုံမျှဖြင့် လုံခြုံမှုမရှိတော့ဘူးဆိုခြင်းကို သိရှိလာကြပြီး ပုတ်သင်ညို ပါရာဒိုင်း အပြောင်းအလဲဖြစ်ဖို့ ပုတ်သင်ညို ရီဗော်လူးရှင်း တခု ပြုလုပ်ချင်လာကြပါသည် ။



ထို့ကြောင့် ပုတ်သင်တို့သည် . . .
အမြဲတန်းသင်ယူနေရမည့် ပုတ်သင်ညို အဖွဲ့အစည်းဟု ခံယူလိုက်ကြပြီး ၊ပုတ်သင်ညို ဂျင်နရေးရှင်းများ ၏ ဇီဝမျိုးစိတ် မြှင့်တင်ရေးအတွက် ကမ္ဘာအရပ်ရပ်ရှိ မြို့တော် အသီးသီး၏ မြေပေါ် ၊ မြေအောက် နေ ကြွက်များ ဆီမှ သင်ယူလေ့ကျင့်ခြင်း (တပါးသူများ သိုလှောင် သိမ်းဆည်းထားခြင်းမှ အလစ်အငိုက် ရှာဖွေ စားသောက် တတ်စေရန် ) ၊ ကမ္ဘာ့ တိုက်ကြီးများ အသီးသီးတွင် မှီတင်းနေထိုင်ကြ ကုန်သော ကျီးကန်းများဆီမှ သင်ယူခြင်း (ကျီးကန်းများ ၏ အမူအကျင့် ဓလေ့ စရိုက်များကိုမူ မြန်မာ့ စွယ်စုံ ကျမ်း များတွင် အကျယ်ရှုရန် ။ မှတ်ချက် ။ ။ဘရန်ဒွန်လီ၏ The Crow ဇတ်ကားကို ပုတ်သင်များ အသဲစွဲ ကြိုက် နှစ်သက်ကြပါသည် ။ ) ပုတ်သင်များသည် မိမိတို့၏ ပညာရည် မြင့်မားရေး ၊ ကျမ်းကြီး ၊ကျမ်းခိုင် များနှင့် စာကြီးပေကြီးများတွင် ကျွမ်းကျင် နှံ့စပ် နိုင်ရေးအတွက် ပိုးဟတ်များ၊ ခြများ ဆီမှလည်း သင်ယူလေ့ကျင့် ကြပါသေး သည် ။



ပုတ်သင်များသည် နိုင်ငံတကာ အသိုင်းအဝန်းနှင့်တကွ လူမှုအဖွဲ့အစည်း အသီးသီးတွင် ပူးပေါင်းပါဝင် ဆောင်ရွက် နိုင်ရေးအတွက် စားဖားများ ၊ဖားပြုတ်များ ၊ ဖားခုံညင်းများ ၊ ဖားလတက်များ ၊ ကျော်စံကေးများ ( ဖားဟူသည့် အက္ခရာ စာလုံးပေါင်းပါဝင်သည့် သက်ရှိများမှ အစ၊ စွတ်ဖားလှည်းအဆုံး ) ထံမှ လည်း အပတ် တကုတ် ၊ကြိုးစားပမ်းစား သင်ယူလေ့ကျင့်ခဲ့ ကြပါသည် ။ ( ဤနေရာတွင် ပုတ်သင်များ၏ ကြိုးစားအားထုတ်မှု ကို လေးနက်ပေါ်လွင်အောင် မည်ကဲ့သို့ ရေးသားရမည်ကို ကျွန်ုပ် အမှန်တကယ် မသိရှိခဲ့ပါ ။ )



ပုတ်သင်များ သည် အမြင် ကျယ်စေရေးအတွက် ဇီးကွက်များ ထံမှ သင်ယူခြင်း ၊ မြင့်မြင့်ပျံ၍ ဝေးဝေးမြင်နိုင်စေရန် လဒများ ဆီမှ သင်ယူခြင်း ၊ အညှီ ၊ အဟောက်ရှိရာ ဆီသို့ အုပ်ဖွဲ့ ပျော်ပါးနိုင်ရေးအတွက် ယင်ကောင်များ ဆီမှ သင်ယူခြင်း ၊ အစရှိသည့် အကြောင်းအရာများ ကိုမူ ဤနေရာမှ နေ၍ အကျယ်တဝင့် မရေးသား မပြောဆိုလိုတော့ပါ ။



ပုတ်သင်များသည် ကမ္ဘာပြားပြီ ဟူသော အယူအဆကိုလဲ လက်ခံယုံကြည်ကြပါသည် ။ ထို့အပြင် ပုတ်သင်များ သည်ခေတ်သစ် စိတ်ပညာကို ကျွမ်းကျင်လာကြသည့် အလျှောက် ၊ စိတ်ပညာ သဘောတရား အရ အုပ်စုဖွဲ့ ဖိအားပေးခြင်းသီဝရီ ( Group pressure ) ကို တွင်တွင်ကျယ်ကျယ် အသုံးချ လာနိုင်ကြပါသည် ။ ထို့ကြောင့် . . . pokethinnyo@gmail.com ဟူ၍ မေးလ် အကောင့်တခု ပြုလုပ်ကာ ကမ္ဘာ့ နေရာဒေသ အသီးသီးရှိ ပုတ်သင်များကို ဆက်သွယ်၍ ချက်တင်များတွင် ပုတ်သင် ပဓါန ဝါဒ ကို တွင်တွင် ကျယ်ကျယ် ဖြန့်ဖြူး ခြင်း ၊ ပုတ်သင် မျက်နှာ စာအုပ် အမည်ရ ဆိုရှယ် နက်ဝေါ့ ကင်း ဝဘ်ဆိုဒ်များတွင် ဖန်ကလပ်များ ထူထောင်ကြခြင်း ၊


ထို့အပြင် မိမိတို့၏ ဝါဒရေးရာများကို စိစစ်ဖြတ်တောက်ခြင်း အန္တရာယ်မှ လွတ်ကင်းရန် အလို့ငှာ ဂူဂယ်မှ အလကားပဲတင်းကို ဈေးမဆစ်ပဲ ရသောဘလော့များတွင် www.http//pokethinnyo.blogspot.com ဟူသော စာမျက်နှာကိုဖန်တီးကာ ပုတ်သင်ညိုအနုပညာ အမည်ရ ကဗျာ ၊ စာပေ၊ ဆောင်းပါး၊ အက်ဆေး များကို ရေးသားတင်ပြလာကြပါသည် . . . ။ ထိုအချိန်မှ စ၍ Art For Pokethinnyo Sake အနုပညာသည် ပုတ်သင်ညို များ အတွက် ဟူသောဝါဒတခုသည်လည်း ပျံ့နှံ့တွင်ကျယ်လာပါတော့သည် ။





ဤကဲ့သို့ ဂုဏ်အရည်အချင်းများနှင့် ပြည့်ဝသော ပုတ်သင်များကို ဂုဏ်ပြုကြိုဆိုသော အားဖြင့် ကမ္ဘာပေါ်ရှိ နိုင်ငံကြီးတနိုင်ငံမှ ထုတ်လုပ်သော ကွန်ဒုံများကို ပုတ်သင်များ ဖြင့်အမှတ်အသားလိုဂို ပြုလုပ်ကာ အဖော် ဟူသော အမှတ်တံဆိပ်ဖြင့် ဈေးကွက်တွင် တွင်ကျယ်စွာ ဖြန့်ဖြူး ရောင်းချခဲ့ပါတော့သည် ။



နောက်ဆက်တွဲအနေဖြင့် ထပ်မံသိရှိရသည်မှာ ရောခ့်ပုတ်သင်စတီးဝပ် သီဆိုသော ယောယိမ်းလိုက် ဘသား ယိမ်း လိုက် အမည်ရှိသော ရောခ့် တေးဂီတ အယ်လ်ဘမ်မှာ ပုတ်သင်များ ကြားတွင် အရောင်းရ အတွင်ကျယ်ဆုံး ဖြစ်နေခြင်းပင် ဖြစ်ပါသည် ။



ဤတွင် အက်ဆေးဟူသော လေဘယ်လ်ကပ်၍ ကျွန်ုပ် ရေးချင်ရာ လျှောက်ရေးသော အကြောင်းအရာများ နိဌိတံ ပါ၏ ... ။



ဖုန်းမြင့်
(ခတ္တ ပုတ်သင်ညို ယဉ်ကျေးမှု ထွန်းကားရာအရပ် )

Wednesday, October 14, 2009

မြဒါလီသို့ ...တမ်းချင်းများ (၃)





မင်းရဲ့ လက်နှစ်ချောင်းကို ကြက်ခြေခတ်လိုက် အဲ့ဒီအပေါ်မှာ ငါ့ဦးခေါင်းကိုတင် အန္တရာယ် ဆိုတဲ့ အမှတ် တံဆိပ် ကို ငါ့ရင်ဘတ်ပေါ်မှာ ခတ်နှိပ်လိုက်ပါ မြဒါလီ ဒါဟာ မင်းစစ်မြေပြင်ပေါ်မှာ ကျဆုံးသွားရတဲ့ အညတြ စစ်သည် ငါ့အတွက် မင်းရဲ့ ကြီးမြတ်သော ကရုဏာနဲ့ စွန့်ကျဲလိုက်တဲ့ ဆုလဘ် သို့မဟုတ် သူရဲကောင်းမှတ်တမ်းဝင် သံမဏိကြက်ခြေ ပဲပေါ့ . . ။




နေ့တလွမ်းလွမ်း ၊ ညတဆွေးဆွေး ဒီအခန်းထဲမှာ ငါ တေးချင်းမဆိုချင်တော့ဘူးကွယ် . . . အဝေးက ကြားရတဲ့ ဥဩ ငှက်သံဟာ နွေဦးရဲ့ အချက်ပေး တပ်လှန့်လိုက်သံလား . . . ငါ့နားထဲမှာတော့ ငါ့ဈာပန တေးသွားလို့ပဲ ကြားတယ် ။ မင်းနာမည်ကို သတိရလိုက်တာနဲ့ ငါ့ကောင်းကင်တခုလုံးဟာ ရုတ်တရက် ဗုံးကြဲလေယဉ်တွေ ပြည့်နှက်လာသလိုမျိုးပဲ ငါ့မှာ သက်သာရာ ဗုံးခိုကျင်း လိုက်ရှာမိတယ် . . . ငါ့ဟာ နေစရာ ၊ ဖြေစရာ မရှိရှာတဲ့ လေလွင့် သူပါ . . မင်းရင်ခွင် ကျပျောက်သွား ရတဲ့ အရူးတယောက်ရဲ့ ကောင်းကင်ပေါ့ကွာ . . . စိတ်သက်သာရာ ရလို ရငြား သီချင်းနားထောင်မိတော့ ပျံ့လွင့်လာတဲ့ သံစဉ်က . . . . "မပျော်ပါဘူး . .နှင်းဆီဖြူ . . မင်းမရှိတဲ့ ဘဝ" . . ကိုခင်ဝမ်း ဆိုတဲ့ "နှင်းဆီဖြူ ရဲ့ အဝေးကလူ " တဲ့ . . ဘုရား .ဘုရား ငါ့ယိုင်နဲ့ကျသွားပုံများ ဘယ်လိုပြန်ပြောပြ ရမလဲ ဆောက်တည်ရာ မရတော့ဘူး ငါ့မှာ.. ..ကိုခင်ဝမ်းဆိုနေတာ မဟုတ်ပဲ သင်းကွဲ ဝံပုလွေတကောင်ရဲ့ လမင်းကို မော့ကြည့် ပြီး နာနာကြည်း ကြည်း အူလိုက်သံလို့ မြင်ယောင်လာမိတယ် ငါ့လက်တွေ ကတုန်ကယင် နဲ့ ခလုတ်ကို အမြန်ပြေးပိတ်လိုက်ရတယ် . . . ခံနိုင်ရည် ပျောက်ဆုံးခဲ့ပါတယ် မြဒါလီ . . ။



တချိန်က ပင်လယ်ကမ်းစပ်နားမှာ မင်းခြေရာလေးတွေ ကျန်နေရစ်ခဲ့မလား ပြန်ရှာကြည့်မိပြန်တယ် . . . သောင်ပြင်ပေါ်မှာမင်းခြေရာတွေ ငါမတွေ့ပါဘူးကွာ .. ဒါပေမဲ့ မင်းနဲ့ ငါကြား တချိန်က ချစ်ခဲ့ကြဖူးတယ် ဆိုတဲ့ အတိတ်ခြေရာကြီးကတော့ မြေစိုင်ခဲ ကျစ်ကျစ်ပေါ်မှာ ထွန်တုံးနဲ့ နစ်နေအောင်ခြစ်ထားခဲ့သလို ငါ့ကမ်းခြေမှာ အစင်းသားကြီး ထင်ကျန်လို့ . . . အဲ့ဒီဒါဏ်ရာကိုပဲ တဖွဖွသနေရင်း ညတွေဟာ အငွေ့ပျံ ထွက်သွားကြ . . နေ့တွေဟာ ပျင်းရိလေးတွဲစွာ သေဆုံး . . . ငါ့ကိုယ်ငါ လုံးလုံး ဆယ်မရလိုက်ဘူး . . . ။



ငါ့ အခန်းဒေါင့် ချောင်ငယ်လေးထဲမှာ တိတ်ဆိတ်ငြိမ်သက်စွာရပ်နေတဲ့ ငါ့ဗီရိုငယ် ကလေးရှိတယ် မိဒါလီ အဲ့ဒီ ဗီရိုလေးရဲ့ အောက်ဆုံးဆင့်ထဲမှာ ငွေရောင်စက္ကူဗူးလေးတဗူး ၊ အဲ့ထဲမှာ နင်ဟိုတချိန်ခါက လက်ဆောင်ပေးခဲ့ဖူး တယ်ဆိုတဲ့ ပါတ်ကားတံဆိပ် စတိန်းလက်စတီး ဘောလ်ပင်လေး နှစ်ချောင်း ( တချောင်းက မှင်သိပ်မလိုက်ချင် ဘူး နင့်လိုပဲ ) ၊ပြီးတော့ တချိန်ကနင် စိတ်ဆိုးမာန်ဆိုးနဲ့ ငါ့ရှေ့မှာပဲ ကိုက်ဖြတ်လိုက်တဲ့ နင့်လက် သည်းရှည် လေး တွေ ( နင့်ရဲ့ ညာဘက်လက်တခုစာ အတိအကျ ငါရလိုက်ပါတယ် ) ၊ နင့်မျက်ရည်စတွေ စွန်းထင်း ပေကျံနေတဲ့ တစ်ရှုးပေပါလေး တရွက် ( အဲ့အပေါ်မှာ ငါ့လက်ရေး ကဗျာတပုဒ် ရှိတယ် ) . . အဲ့ဒါတွေကို ငါမျက်နှာချင်းမဆိုင် ရဲဘူး မြဒါလီ အဲ့ဒီဗူးလေးကို ရေဒီယိုဓါတ်သတ္တိကြွနေတဲ့ ဒြပ်စင်တခုလို ငါအဝေး ကနေ ရှောင်ကျဉ်မိတယ် . .




အဲဒီဗူးလေးဟာ ဇုနတ်မင်းကြီးက လူသားတွေအပေါ် ပြစ်ဒဏ်ခတ်ဘို့ အလှပ အပေါ်မှာ ရက်စက်ကြေ ကွဲ မှု တွေ ပေါင်းထည့်ထားတဲ့ ပန်ဒိုရာသေတ္တာလေး လိုပါပဲ သေချာတာ က .. အဲ့ဒီဗူးထဲမှာ ငါ့အတွက် မျှော်လင့်ချက် ဆိုတဲ့ အသက်ငွေ့ငွေ့တောင် ရှိတော့မှာ မဟုတ်ပါဘူးကွယ် . . . နင့်ကို သတိရစိတ်တွေ လှိုင်းထန်လာ တိုင်း ငွေရောင်ဗူးလေးအပေါ်မှာ ငါ့နာမည်ကို ငါ ကမ္ဗည်းထိုး . . နှင်းဆီပန်းလေးတပွင့် အသာအယာတင် . .ကြေကွဲမယ့်သူ မရှိတဲ့ ငါ့ဈာပန အခမ်းအနားလေးကို တကိုယ်တော် ကျင်းပ နေမိတာပေါ့ . . ။



ဆွေးမြေ့၊ပြတ်ရှ၊မွန်းကျပ်လွန်းလှတဲ့ မိုးတိမ်တွေ ငါ့အပေါ်တအိအိ ပြိုဆင်းလာကြ . . . ညနေခင်း ဝေရီရီတွေမှာ
မြစ်ကမ်းနဖူးမှာထိုင် တိမ်တွေကို လိုက်လိုက်ငေးကြည့်မိတယ် . . . နင်ဟာ နေခြည်အဆင်းတွေ ဝင်းလဲ့နေတဲ့ တိမ်တိုက် ပျိုလေးတခုလို ကစုန်ဆိုင်းလာပြီး ငါ့ရပ်ဝန်းမှာ တဒင်္ဂ စွတ်စိုဖူးခဲ့တယ်နော် . . . အခုတော့လဲ ပြိုပျက် လွင့်ကွယ်သွားပါပြီ အိပ်မက်တိမ်စိုင်လေးရယ် . .မှိုင်းရီနေတဲ့ ငါ့စိတ်နဲ့ တိမ်တွေကို စိတ်ကူးနဲ့ဆေးချယ် မိ ခဲ့ ငါ့ရေးဆွဲလိုက်သမျှ ပန်းချီကား တိုင်းမယ် နင့်နာမည်ပါတယ် မြဒါလီ . . .




နေကွယ်တော့မယ် မြဒါလီ . . .နင့်နာမည်နဲ့ ငါ့ အရှေ့အရပ်မှာ နေထွက်ခဲ့ရသလို နင့်နာမည်နဲ့ပဲအနောက်စွန်းမှာ မိုးစုန်းစုန်းချုပ်ခဲ့ ရပါပြီ . . ဖြူဆုတ်ဆုတ် လရောင်လေးတမျှင်တောင် မြင်ခွင့် မရတော့တဲ့ ငါ့ ကောင်းကင် အတွက် နင့်ကို ထာဝရ ဟစ်အော်တမ်းတရင်း ထွန်းလင်းတောက်ပ လိုက်ပါရစေတော့ . . . .




နေလုံး ပျောက်ကွယ်သွားပါပြီ . . .

နေလုံးဟာ ပျောက်ကွယ်သွား ပြီ....
နေလုံး ပျောက်ကွယ် သွားခဲ့ပြီ . . . . . . . .




ငါ့ ... စစ်မြေပြင် ညနေခင်းတွေမှာ မြူခိုးတွေ ဝေနေတုန်းပဲ မြဒါလီရေ့ . . . ။





ဖုန်းမြင့်

Thursday, August 6, 2009

ကြယ်စင်အကြွေတွေလိုက်ကောက်ရတဲ့မြို့

ဒီမြို့လေးရဲ့ကောင်းကင်မှာ ကြယ်စင်တွေ ခဏခဏကြွေတတ်သည် . . .။


သူ့ကို ဒီမြို့လေးမှာသူ့မိဘ၂ပါးက စတင်မွေးဖွားပေးခဲ့သည် ။
တနည်းအားဖြင့် ဒီမြို့လေးက သူ့ချက်မြုပ်ရာ သူ့ဇာတိမြို့လေးလဲဖြစ်သည် ။


သူ့ဖခင်ဖြစ်သူ ကဧရာဝတီ မြစ်ဝကျွန်းပေါ် ဘက်က နယ်မြို့လေး တမြို့မှ ၊ မိခင်ကတော့ ဒီမြို့သူစစ်စစ် သူ့မိဘ၂ပါးမှာ မြို့၏ မျက်နှာဖုံးစာရင်းဝင်များ မဟုတ်ကြသော်လည်း ဒီမြို့အပေါ်မှာ သံယောဇဉ် ကြီးမားလွန်း ကြသူတွေဖြစ်သည် ..။ ထိုမိဘ၂ ပါးမှ ပေါက်ဖွားလာသော သူ့အတွက် ဒီမြို့လေးအပေါ်မှာထားရှိတဲ့တွယ်နှောင် ရစ်ဖွဲ့မှု တွေက ပြောလို့မကုန်နိုင်တော့..။



ဒီမြို့မှာ မွေးဖွားကြီးပြင်းကြသူ အတော်များများများကလဲ မြို့လေးအပေါ်မှာ သူ့ထက်မသာရင်သာနေမယ် .. သူ့အောက်မလျှော့သည့် သံယောဇဉ် နှောင်ကြိုးများဖြင့် ခပ်တင်းတင်းရစ်ပါတ်ထားကြသူတွေများသာ ...
သို့သော် ..ဒီမြို့က သူတို့အပေါ်မှာ စိမ်းကားရက်စက်လွန်းလှသည် ..မြို့လေးနှင့် ပက်သက်လာရင် သွေးမတိတ်
နိုင်သော မိတ်ဆွေကဗျာဆရာလေးရဲ့ စကားလုံးများဖြင့်ဆိုလျှင် လင်တွေ ၊သားတွေကို ပြန်ပြန်မျှော်နေရတဲ့မြို့လေးပေါ့ မိတ်ဆွေလေးကတော့ ဒီမြို့လေးဟာ သူ့ရဲ့နောက်ဆုံးခံတပ်လို့ ကြွေးကြော်ခဲ့လေသည် ...။


ဒီမြို့လေးရဲ့နောက်ခံ ရာဇဝင်ကလဲ အနုညာတတော့ မဟုတ်ခဲ့ ဒီမြို့လေးရဲ့ ကုန်သည်ညီနောင်နှစ်ဦးက ဗုဒ္ဓဘာသာသမိုင်းမှာ ပထမဆုံး သရဏဂုံတည်ခဲ့သည် ပုဂ္ဂိုလ်တွေ ၊ ကြီးကျယ်ခမ်းနားလှသည့်အင်ပါယာတခုကို တည်ထောင်နိုင်ခဲ့ သော ဘုန်းလက်ရုံးနှင့်ပြည့်စုံသော ဘုရင်တပါးမှ အမည်ပြောင်းပေးခဲ့သောမြို့လေး... ဒီမြို့လေးကို ပတ်ခွေ စီးဆင်းနေသည့် မြစ်ရေများကတော့ ဝါကျင့်ကျင့်နှင့် ညစ်ထေးထေးနိုင်လှသည် . . . ။ သူကတော့ မြို့လေး အပေါ် အထပ်ထပ်ရစ်ပတ်ထားသော ချစ်ခြင်းများဖြင့် ချစ်နေလျှက်ပင် ....။


မြို့လေး၏ ကောင်းကင်တွင် ဆယ်စုနှစ်ပေါင်းများစွာ တိမ်ညိုတိမ်မည်းများ ဖုံးလွှမ်းခံခဲ့ရသည် ..။ တိမ်ညို တိမ်မည်း ဆိုသည့်အတိုင်း အစွမ်းကုန် ညစ်ထေးလျှက် မြို့လေးရဲ့ကောင်းကင်ပြင်မှ ကြယ်စင်များ၏ အရောင် အဆင်းကို မှေးမှိန်ဖျောက်ဖျက်ပစ်လိုက်ဘို့ အမြဲကြိုးစားနေတတ်သည်သာ....။ ထူးခြားဆန်းကြယ်သည့် အချက်တခုမှာ မြို့လေးကို သူတို့တတ်စွမ်းသမျှ အလင်းရောင်ပေးနေသည့် ကြယ်စင်များသည် တိမ်စိုင် မဲအုပ် များ လက်တွင်းမှ အတင်းထိုးထွက်လျှက် မရေတွက်နိုင်အောင် ထွက်ပေါ်လာနေကြခြင်းပင်ဖြစ်သည် ။
ယခုလည်း မြို့လေး၏ အတောက်ပဆုံးသော ကြယ်တာရာတစင်းကို အမှောင်ခန်းအတွင်း အတင်းသွတ်သွင်း ဘို့
ကြိုးစားနေကြပြန်လေသည် .. ။ သူ့မှာဖြင့် စိတ်မကောင်းခြင်းကြီးစွာ အဝေးက ငေးကြည့်နေရုံသာတတ်နိုင်ခဲ့ သည် ။


မြို့လေး၏ မြို့သူမြို့သားများကတော့ တုံဏှိဘာဝေ ဖြင့် အသံမထွက်နိုင်ကြ သူတို့၏ နိစ္စဓူဝများကို စက်ရုပ် ဆန်ဆန် အသက်ကင်းမဲ့စွာ လှုပ်ရှားနေကြရသည် ..။ သူတို့မှာ ဘာခံစားချက်မှ မရှိကြလေသလား.. သူကတော့ အဲ့လိုမထင်မြင်မိပါ ..သူတို့တွေရဲ့ခံစားချက်များမှာ ပြင်းထန်လွန်းလှသဖြင့် ဆောက်တည်ရာမရ ငြိမ်သက်သွားကြခြင်းသာ ဟု သိမြင်ခံစားလိုက်မိသည် အတွင်း၌ ဆူပွက်နေပြီး အပေါ်ယံမျက်နှာပြင်မှာ အေးစက်မာကျောနေသည့် မီးတောင်သေတွေလိုပေါ့ .. မြို့လေးအပေါ် အကြိမ်ပေါင်းများစွာ ဖြတ်သန်းတိုက် ခတ်ခဲ့သည့် မုန်တိုင်းပေါင်း မြောက်များစွာကို ကြံကြံခံ ရင်ကော့၍ အံတုကြသူများဟု ချီးမွမ်းနေမိသည် ..။
တနည်းအားဖြင့် မုန်းတိုင်းကြားမှ မီးလျှံငှက်များ....


သူကတော့ မြို့လေးကို အဝေးမှ တွေဝေမှုများစွာဖြင့်ငေးကြည့်နေရင်း သမ္မာကျမ်းစာလာစာတပိုဒ်ကို မြင်ယောင် ရေရွတ်နေမိသည် .. "အို... ယေရုယလင်မြို့ .. ၊ ယေရုယလင်မြို့ .. သင်သည် ပရောဖတ်တို့ကို သတ်မြဲရှိ၏ ၊ သင်ရှိရာသို့ စေလွှတ်လိုက်သော သူတို့ကိုလည်း ကျောက်ခဲနှင့်ပစ်မြဲရှိ၏ ကြက်မသည် မိမိ သားငယ်တို့ကို အတောင်အောက်၌ စုရုံးသကဲသို့ သင်၏သားတို့ကို စုရုံးစေခြင်းငှာ ငါအလိုရှိပြီ... ၊ သင်မူကား အလိုမရှိ"... ။


မြို့လေး၏ ကြယ်စင်များ အနှောင်အဖွဲ့ကင်းစွာဖြင့် ကောင်းကင်ယံမှာ အတောက်ပဆုံး လင်းလက်နိုင်စေဘို့ နှင့်၊ ကြယ်စင်အကြွေတွေ လိုက်ကောက်ပြီး နှမြောတမ်းတနေရသော အဖြစ်မျိုးမကြုံတွေ့ရပါစေလိုလို့ ဆုတောင်းရင်း..... ။


စိတ်ဓါတ်မကျနဲ့ မြို့လေးရေ.... ငါတို့ .. ပြန်လာနေပြီ...။




ဖုန်းမြင့်





Monday, March 2, 2009

တစ်ချို့ အကြောင်းအရာတွေက ကျွန်တော် ကိုယ်တိုင်သေချာ မသိဘူး

ပုထုဇဉ်နော ဥမ္မတ္တကောလို့ ဆိုရိုးစကား ရှိခဲ့လေသည် ...........။


လူ ၊ သတ္တာဝါ ပုထုဇဉ်တွေ မှန်သမျှ တနည်းမဟုတ် ၊ တနည်း ကိုယ်ယုံကြည် ထင်မြင်သည့် အယူအဆ ကို ဖက်တွယ် ကိုင်စွဲကာ ရူးသွပ်ခဲ့ကြဘူးပါလိမ့်မည် ။ ထိုနည်းတူစွာ ကျနော်လဲ အပြင်းအထန်ဆုံး ရူးသွပ်ခဲ့ဘူးလေ သည် .....။

အောက်ဖော်ပြပါ စာစု အချို့သည် အရူးတစ်ယောက်ရဲ့ အိပ့်မက် (သို့)ဥမ္မတ္တက တစ်ဦး၏ မှတ်တမ်းဟု အဓိပ္ပါယ် ဖွင့် ဆိုနိုင်ပါသည် ............။



(၁ ) ။ ။


တစ်ချို့အကြောင်းအရာတွေက ကျွန်တော် ကိုယ်တိုင် သေချာမသိဘူး ......

ကမ္ဘာမြေက နာဖျားနေတာ ကြာပြီဖြစ်သည်။

.. ``ကျနော် စစ်မတိုက် ချင်ဘုး မေမေ`` ... ပါလက်စတိုင်းခလေးငယ် တစ်ယောက်က သူ့အ မေရင်ခွင်မှာလဲလျောင်းနေလျက်က မိခင်မျက်နာကို မော့ကြည့်ရင်း ပြောလိုက်သည် ...။ `` အေးပါသားရယ် သားကြီးလာတဲ့ အချိန် ရောက်ရင် စစ်ပွဲတွေ ရှိတော့မှာမဟုတ်ပါဘူး`` `` ခု မေမေ တို့ ညစာအတွက် တစ်ခုခု ရှာလိုက်ဦးမယ်`` ဟု ပြောရင်း ခြေတု စွပ်ကာ ချိုင်းထောက်ကို အမှီ သဟဲပြုရင်း အမှောင်ထဲ တိုးဝင် ပျောက်ကွယ် သွားလေသည် ..........။

တစ်ချို့ အကြောင်းအရာတွေက ကျွန်တော်ကိုယ်တိုင် သေချာမသိဘူး ........။

(၂) ။ ။

``ဗားတော့ဘရက်`` က အကုန်လုံးလွတ်ရင်လွတ် အကုန်လုံးငတ်ရင်ငတ်တဲ့ ကဗျာတစ်ပိုဒ်ရေးခဲ့တယ် ကျနော်တို့ အကုန်လုံးလွတ်နိုင်ပါ့မလား( မသေချာပါ) အကုန်လုံးငတ်မှာလား (၈၀% လောက်သေချာတယ်) ၂၀ % ထဲမှာသင် ပါဝင်မည်မဟုတ်ပါ ...။
အထက်ပါ အဖြေများသည် ကမ္ဘာကျော် မိုက်ကရိုဆော့မှ ထုတ်လုပ်လိုက်သော မြန်နှုန်းမြင့် ဆော့ဝဲလ် တစ်ခု မှ ဖြေကြားခြင်းဖြစ်ပါသည် ။ ( ထို..ကွန်ပျုတာအား မဆိုင်းမတွပင် ချက်ခြင်းရိုက်ခွဲလိုက်ပါသည် ..၎င်းသည် တိကျသော အဖြေ ထုတ်ပေးနိုင်ခြင်းမရှိပါ )



(၃)။ ။

တစ်ချို့ အကြောင်းအရာတွေက ကျွန်တော် သေချာမသိသေးဘူး .......။

အမေရိကန်နိုင်ငံ ၌ အိုဘားမား သမ္မတ အဖြစ်ရွေးကောက်တင်မြှောက် ခြင်းခံရလေသည် ။သူသည် အမေရိကန်နိုင်ငံ ၏ ပထမ ဦးဆုံး လူမည်းသမ္မတ ဖြစ်လေသည် ။ အမေရိကန် သမ္မတ ရွေးကောက်ပွဲနှင့် ကမ္ဘာမြေကြီး၏ ခုခံ စွမ်းအားသည် တိုက်ရိုက် အချိုးကျပါသလား။
ကမ္ဘာကြီးသည် တဖြေးဖြေးပိုမို မှောင်မဲ လို့လာနေပါသည် ။ မြန်မာ လူငယ် ဟစ်ဟော့ သီဆိုသူများကတော့ " ဘာလုပ်ကြမှာလဲ " ဟု မေးခွန်းတစ်ခုကို သီချင်းလုပ်ဆိုနေကြပါသည် ။ မဆိုးဘူး ဒီသီချင်းက နားထောင်လို့ ကောင်းတယ် .... တစ်ယောက်ထဲ တိတ်တိတ်လေး မှတ်ချက် ချမိသည် ။ ( အသံတွေ သိပ်မထွက်ချင်တော့ပါ )


(၄) ။ ။

တစ်ချို့ အကြောင်းအရာတွေက ကျွန်တော် ကိုယ်တိုင်သေချာ မသိသေးဘူး.........။

ဆောင်းညတွေက ပိုမို အရိုင်းဆန်လာနေကြသည် ၊ အရင်တုန်းက ဆိုရင်တော့ ဆောင်းညများစွာက အဝတ်တွေ အထပ်ထပ်ရစ်ပတ် လို့ ကျပ်စည်းထားတဲ့ မံမီရုပ်အလောင်းလို ဖြစ်နေသည် ။ ဆောင်းရဲ့အထိအတွေ့က နူးနူးညံညံ အိအိ စက်စက်လေးဖြစ်သည် ဂီတစာဆို တစ်ဦးက ဆောင်းကတ္တီပါလို့တောင် အမည်ပေးခဲ့သည် ...ဘယ်လောက်ချစ်စရာကောင်းလိုက်တဲ့ နာမည်လေးလဲ ..ခုများတော့ ဆောင်းညတွေကလဲ မီးတောက် တစ်ခုလို အရိုင်းဆန်နေခဲ့ပေပြီ..... ဝတ်လစ်စလစ် ဆောင်းညများလို့ သာ အမည်ပြောင်းပေးလိုက် ချင်တော့ သည် ။ ဟုတ်တယ် .. အမေဇုံတောထဲက လူရိုင်းတွေလို မီးဖိုတစ်ခု လုပ်ပြီးတော့ ကကြတာပေါ့.....။ တစ်ခါ တစ်ခါ စိတ်လွတ်လက်လွတ် ကခုန်ပစ်လိုက်ခြင်းသည် စိတ်ဖိစီးမှုများကို အတန်ငယ် လျှော့ပါးစေပါသည်။ ( အမည်မသိ ပညာရှိတစ်ဦး )။
အထက်တန်းကျေင်းသား ဘဝကတော့ သူငယ်ချင်း၂ ယောက်နှင့်အတူ အိမ်အပေါ်ထပ် ထပ်ခိုးလေးပေါ်တွင် အကြောင်းမဲ့ သီချင်းများ ကျယ်လောင်စွာဖွင့်ပြီး အတန်ကြာအောင် ခုန်ပေါက် ကခုန်ဘူးခဲ့သည် ...။ နောက်တော့လဲ ခြေကုန်လက်ပန်းကျပြီး အိပ်ပျော်သွားခဲ့၏ ။
ပြန်နိုးလာတော့ လန်းလန်း ဆန်းဆန်း ဖြစ်နေခဲ့သည် ..။ ယခု အခြေအနေမှာလဲ ဒီလိုပဲ ခုန်ပေါက် ကလိုက်ရရင် ကောင်းမယ် ဟု တွေးမိခဲ့သည် ...။ ဟင့်အင်း မဖြစ်သေးဘူး တော်ကြာ အရူး ဆိုပြီး ဖမ်းသွားမှ ဟုတ်ပေ့ ဖြစ်နေမယ် ...။ (အရူးသည် ..အရူး ဟု စွတ်စွဲကာ ဖမ်းဆီးထိမ်းသိမ်းခံရမည် ကိုတော့ ကြောက်ရွံသေးသည် )





(၅) ။ ။

တစ်ချို့ အကြောင်းအရာတွေက ကျွန်တော် ကိုယ်တိုင်သေချာမသိဘူး............

ကယ်လိုရီတွေ များများရဘို့ ဘာတွေစားသုံး သင့်လဲ ကျနော်သေချာမသိပါ.. ၊ ရပ်ကွက်ထဲက ဆရာဝန် ပေါက်စလေးရဲ့ ဆေးခန်း သွားပြတော့ ရုပ်ပုံကားချပ်တွေဖြင့် သရုပ်ဖော်ထားသော အာဟာရ ဖြည့်စွက်စာများဆိုသည့် ကားချပ် တစ်ခုကိုတော့ ငေးမော ကြည့်ဘူးပါသည် ..။ ပုံတွေက အရောင် အသွေးစုံစုံ နှင့် လှပနေတာကြောင့်လဲ ဖြစ်ပါလိမ့်မည်...။ ကားချပ်ထဲက ကြက်ကောင်လုံးကြီးကတော့ ကြည့်လိုကောင်းတာ အမှန်ပဲဖြစ်သည် ... ။သို့သော် လမ်းထိပ် ကိုပြန်ရောက်တော့ လဘက်ရည်ဆိုင်မှ စားပွဲထိုး သူငယ်လေးက စမူဆာ ၂ ခုနဲ့ ထမင်းတစ်ဇလုံကို မြိန်ရေ ယှက်ရေ နယ်ဖတ်စားသောက်နေတာ တွေ့လိုက်ရလေသည် ..( အမှန် ဆို သူ့အရွယ်လေး နှင့် စာသင်ခန်းထဲမှာပဲ ရှိနေရမှာဖြစ်သည် ။ ) သူ့အနားကို အသာကပ်ကာ စကားစမည် ပြောကြည့်လိုက်သည် ..... `` ဘယ်လိုလဲကွ `` ``စားလို့ကောင်းရဲ့လား `` ဆိုတော့ `` ကောင်းတယ် လို့လဲ မဟုတ်ပါဘူးဗျ `` ``ဒီလိုပဲ သားတို့ကတော့ ကော်စားလိုက်တာပဲလို့ `` ခေတ်ဆွေး ကြော်ငြာ တစ်ခုကဲ့သို့ဖြေလေသည်... ။ ``ဒါဆို မင်းအဟာရ ဖြစ်အောင် ဘယ်လိုစားရမလဲ ဆိုတာ သိလား `` ဆိုတော့
``ဟုတ်ကဲ့ `` ``မနက်တိုင်း ထမင်းရည် သောက်မှာပေါ့ဗျ`` ဟု မခိုးမခန့် ဖြေလေသည်။

ထိုညက ကျနော် တစ်ယောက်ထဲ ချိုင်းနားတောင်းသွားကာ ဝါးစိမ်း အရက်တစ်အိုး မှာ ယူကာ မူးအောင် သောက်လိုက်မိ တော့သည် ....။ ရုတ်တရက် မှန်ပြန်ကြည့်လိုက်တော့ ကျနော်ကိုယ်တိုင်က စားပွဲထိုးလေး ဖြစ်နေသည်ကို တွေ့ရှိလိုက်ရသည် .....။


သို့သော် ပါးဖောင်းဖောင်းနဲ့ စားပွဲ ထိုးကလေးဖြစ်နေပါသည်။ ..မပီဝိုးတဝါး မှတ်ချက်ချ လိုက်မိသည်မှာ ..ဒီကောင် တော်တော် လူပါးဝတယ် .......ဟု ရေရွတ်မြည်တမ်းမိလေသည် ...။










Thursday, January 29, 2009

ဖိနပ်အရောင်းသမားလေးရဲ့ အတွေးများ.....

http://armedia.com.googlepages.com/header_shoes.gif




သူ့ကို ပါတ်တိုင်း အလုပ်ကလေးတစ်ခု ရှိသည် လုပ်မည်လား ဟု သူငယ်ချင်းတစ်ယောက်ကမေးတော့ လုပ်မည်လို့ပဲ အလွယ်တကူ တုံပြန်လိုက်သည် သူ့မှာ ရွေးချယ်စရာ သိပ်များများစားစား မရှိတော့ အခုလုပ်ရသည့် အချိန်ပိုင်းအလုပ်လေးမှမလုပ်လျှင် စားရေး ၊ သောက်ရေးက အခက်အခဲ ဖြစ်လာနေပြီ ဆက်လက် ရပ်တည်နိုင်ဘို့က မလွယ်ကူတော့ခေတ်စကား နဲ့ ပြောရလျှင် ဂိန်နေတာကြာပြီ ဖြစ်သည် ။

သူ့အလုပ်က ဖိနပ်ရောင်းဘို့ပင် ဖြစ်သည် ၊ အခုလို ဆွေမျိုးပေါက်ဖော်တွေရဲ့ နှစ်ကူးအခါသမယမှာ ဖိနပ် စက်ရုံများ၏ ကိုယ်စားလှယ်တစ်ဦးမှ ပရိုမိုးရှင်း ပြုလုပ်ခြင်းပင် ဖြစ်သည် ။ အမြဲတမ်းတော့ လုပ်လေ့မရှိ တနှစ်တွင် ၂ကြိမ်သာလုပ်သည် ပေးသည့် လုပ်အားခက မဆိုးဘူးလို့ပြောလို့ရသည် သေချာတွက်ကြည့် ရင်တော့ မတန် ညဘက်ပါ စောင့်အိပ်ပေးရလေသည် ။ ဖိနပ် ဆိုပေမဲ့ သာမန် ဖိနပ်မျိုးတွေ မဟုတ် လူလတ်တန်းစား အများစု စီးနိုင်သော ဈေးအသင့်တင့်တံဆိပ်များ မှသည် အကောင်းစား တံဆိပ်နှင့် မြန်မာငွေကြေး သိန်းကျော်တန်သော ဖိနပ်မျိုးအထိပါသည် ။

ရောင်းမယ် ဆိုတော့လဲ ရောင်းပေါ့ စပြီး ပြင်ဆင် ခင်းကျင်းတော့ ဘာမှပြသနာမှ မရှိ.. ရောင်းတဲ့အထိလဲ ပြသနာမရှိပါ ရောင်းပြီးတဲ့ အချိန်ထိလဲ ဘာပြသနာမှ မရှိ ၊ ပြသနာ ရှိသည်က သူ့အတွေးများပင် ဖြစ်သည် ..သူက ဈေးရောင်းနေတုန်း ဆို သိပ်တွေးလေ့မရှိ ၊ တွေးချိန်လဲ သိပ်မရပါ လာဝယ်သူတွေကို အသေချာ ရှင်းလင်းပြောပြပြီး စိတ်တိုင်းကျ အောင် ဝန်ဆောင်မှုပေးရလေသည်ကိုး ၊ ဝယ်သူပါး သည့် အချိန်အခါမျိုးနှင့် ဝယ်သူပြန်ထွက်သွား သည့် အချိန်အခါ မျိုး ဆိုလျှင် သူ့အတွေးတွေက တရစပ် ဝင်လာတတ်သည်..
အလကားနေရင်း ခေါင်းထဲ ဝင်လာတတ်သည်က ဒီလူတစ်ယောက်ရဲ့ ခြေထောက်တွေနဲ့ အခုလို ဖိနပ်မျိုးက တန်ရဲလား.ဆိုသည့် အတွေးပင် ဖြစ်သည် ၊ ပြီးတော့ ခြေထောက်တွေဆိုတာ လူတစ်ယောက်ရဲ့ အောက်ဖက်ဆုံးမှာ ရှိနေတာ မဟုတ်လား ခုလိုမျိုး တန်ဘိုးရှိ အဆင်တန်ဆာမျိုး တွေနဲ့ဆင်ယင် ဖုံးကွယ်သင့်သလား တကယ်လို့ ဆင်ယင်သင့်တယ်လို့ ဆိုရင်လဲ ခုလို ဝတ်ဆင်လိုက်ခြင်း ဖြင့် ဒီလူ တစ်ယောက်ဟာ ယဉ်ကျေးမှု ပိုမို အဆင့်မြင့် သွားပြီ လား၊ လူ့တစ်ယောက်ရဲ့ ကျင့်ဝတ်သိက္ခာနဲ့ ကိုယ်ကျင့်တရားဟာ ဒီလိုဝတ်ဆင်လိုက်ယုံနဲ့ ပိုမို ကောင်းမွန်သွားခဲ့ပြီလား ၊ ပြီးတော့ ဒီလို ဖိနပ်တစ်ရံနဲ့ လောကဓံတွေ ကြားမှာ ခြေစုံ မတ်မတ်ရပ်နိုင်ပြီလား ဆိုသည့် အတွေးများပင်ဖြစ်သည် ။

တစ်ခါတစ်ခါ သူစဉ်းစားနေမိသည်က လူတစ်ယောက်တွင် ဦးခေါင်းနှင့် ခြေထောက် ဘယ်ဟာက ပိုအရေးကြီး သလဲ ဆိုသည့် အတွေးပင် ဖြစ်သည် ..၊ လူတွေက ဦးခေါင်းကို ဆံပင်ပုံ လှလှလေးတွေ ညှပ်ပြီး အလှဆင်ဘို့ ကြိုးစားကြပြန်သည် .... ဆံပင်မရှိတဲ့ လူကတော့ ဆံပင်တု တစ်ခုတပ်လိုက်ရုံ သို့မဟုတ် ဦးထုပ် တစ်လုံးဝယ်ဆောင်းလိုက် ရုံပင် ဦးရေပြား အောက်က ဦးခေါင်းခွံထဲမှာ ဘာတွေ ဖြည့်တင်းထားကြပြီလဲ တစ်ချို့က ကိန်းသေမျဉ်းများ နှင့် ပြည့်ကျပ်နေသည် တစ်ချို့ကတော့ အပေါင်း၊ အနှုတ်၊ အမြှောက်၊ အစား များများလုပ်တတ်သော ဂဏန်းပေါင်းစက်မှ ဆားကစ်ပြား များနှင့် ပြည့်ကျပ်နေပါ လိမ့်မည်..တစ်ချို့သောဦးခေါင်းထဲ တွင် ငါဟုခေါ်သော အက္ခရာ များစွာ သံမှိုစွဲထားသကဲ့ သို့ ဖြစ်နေပါလိမ့်မည် ၊ သူ့မရဲ့ ဦးခေါင်းထဲတွင်ရော ဘာတွေရှိနေလဲ ....? ..? (ကျနော် သေချာ မခန့်မှန်းနိုင်ဘူး လို့ သူကိုယ်တိုင် ဖြေပါသည်။ ) အိုင်း စတိုင်း ဦးခေါင်းထဲမှာရော...ဘာတွေရှိခဲ့လဲ .. ဟစ်တလာ ရဲ့ ဦးခေါင်းထဲမှာရော ဘာတွေ ရှိနေလဲ ... မြို့မငြိမ်းကရော သူ့ဦးခေါင်းကို ဘာလို့ အုတ်တင်ကားအောက် ထိုးထဲ့ လိုက်ရတာလဲ တစ်ချို့သော ဦးခေါင်းများကတော့ ခပ်တင်းတင်းမော့ထားကြလေသည် .. တစ်ချို့ကတော့ မဝံမရဲနှင့် ဦးခေါင်းတွေ အောက်စိုက်လို့.. တစ်ချို့သော ဦးခေါင်းများ က ပုတ်သင်ညိုလို တဆတ်ဆတ်ညိမ့်ကြ၏...တစ်ချို့ကတော့ ဆင်တစ်ကောင် လို ဘယ်ယမ်း ၊ ညာယမ်း ယမ်းခဲ့ကြသည် .. ဦးခေါင်းများသည် အများနားလည်သော ဘာသာစကားတစ်ခု ကို ပြောတတ်ကြလေသည် ...သူ့ကိုယ်တိုင်ကမူ ဦးခေါင်းကို လက်တစ်ဖက်ဖြင့် ခပ်ဖွဖွ ပွတ်လိုက်သည် ...။ သိပ်မတွေးနေပါနဲ့ကွာ မင်းလိုက်လို့ မှီမှာ မဟုတ်ပါဘူး ဆိုသည့် သဘောဖြင့် ကလေးငယ် တစ်ယောက်၏ ဦးခေါင်းကို ကျီစယ်လိုက်သလိုမျိုး ဖြစ်သည် ....။

တဖြည်းဖြည်းနဲ့ သူ့လက်က ရင်ဘတ်ပေါ် လျောဆင်း သွားသည် ဘယ်ဘက် ရင်အုံ ပေါ် အရောက် ဖျတ်ကနဲ ရပ်တန့် သွားလေသည် ..အလို ...သူ့ နှလုံးသား တွေ ဆတ်ဆတ် ခုန်နေပါလား... ထိုမှ တစ်ဆင့် ရှင်သန်နေခြင်း နှင့် နှလုံးသားများ ဆက်စပ်မှုကို တွေးမိပြန်သည် ။နှလုံးခုန်သံတွေက ကရော ဘယ်လိုသဘောလဲ ခုန်နေရုံ သက်သက်ပဲလား...သူတို့ရဲ့ခုန်ခြင်းတွေက ဘာအဓိပ္ပါယ် ရှိခဲ့လဲ.. ကောင်လေးတစ်ယောက်က ကောင်မလေးတစ်ယောက်ကို မြင်လို့ ခုန်တာထက်တော့ ပိုမို အဓိပ္ပါယ် ကျယ်ဝန်းပါလိမ့်မည် .. ။

ဒါဆိုရင် မာသာထရီစာရဲ့ ရင်ခုန်သံကရော ဘယ်လိုမျိုးပါလိမ့် .... ဟီရိုရှီးမား ကို အဏုမြူဗုံးချခဲ့တဲ့ အချိန်မှာ အဲ့ဒီ လေယဉ်မှုးဟာ ဘယ်လိုများရင်ခုန်နေခဲ့ပါလိမ့် .. ၊ နိုဘယ်လ်ဆုတွေ တီထွင်ပေးအပ်ခဲ့တဲ့ အဲ့ဖရက်နိုဘယ်လ် ကိုယ်တိုင်က ဒိုင်းနမိုက်ကို ဘယ်လို ရင်ခုန်သံနဲ့များ ခရီရေးတစ်ဗ် လုပ်ခဲ့ပါသလဲ ... ပါဘလို ပီကာဆို ကရော ဘယ်လိုမျိုး ရင်ခုန်လဲ ၊ သူ့ရင်သွေးတွေကို သူရင်ခွင်ထဲမှာပဲ မြုပ်နှံစတေး လိုက်ရတဲ့ ချစ်သောဧရာဝတီ ရဲ့ ရင်ခုန်သံကရော ..၊ ဂစ်တာသမား တစ်ယောက်ရဲ့ ရင်ခုန်သံကရော....သေချာတယ် လူသတ်သမားတွေထက်တော့ ပိုမိုငြိမ့်ငြောင်းနေမှာ အမှန်ပဲ ......။

ထိုနေ့မှ စ၍ သူ အသေအချာ ဆုံးဖြတ် မိလေသည် ...ဟုတ်တယ် လူတစ်ယောက်မှာ ရင်ခုန်သံဟာ အရေးအကြီးဆုံးပဲ ..အသက်ရှင် နေထိုင်ဖို့ တင်မကဘူး အသေအချာ အမှန်အကန်ဆုံးလမ်းစဉ်နဲ့ ရင်ခုန်နေတဲ့လူသား တစ်ယောက်ဟာ လောက မှာအကြီးအမြတ်ဆုံးပဲ ဖြစ်တယ် ....။

ထို့နောက် သူသည် သူ၏ဦးခေါင်းအတွက် ဖိနပ် ၃ရံ ၊ ခြေထောက်များ အတွက် ခေါင်းလျှော်ရည် ကောင်းကောင်း တစ်ဗူးဝယ်ယူကာ သူ့လက်အစုံ ဖြင့် သူ့နှလုံးသားများကိုထွေးပွေ့ လျှက် လောကကလမ်းများပေါ်သို့ ခရီးထွက်ခဲ့လေသည် ....။
ဖုန်းမြင့်

Thursday, December 4, 2008

ဒီဇင်ဘာ အတွက် စာ....။

ဘာလိုလိုနဲ့ ..ဒီဇင်ဘာတောင်ရောက်လာပြီပဲ အကိုကြီးရေ.....မသိလိုက်မသိဘာသာနဲ့ပဲ ဒီဇင်ဘာရဲ့ အလယ်ခေါင် တည့်တည့် ရပ်နေမိသား ဖြစ်နေပါလား...။ဒီမှာတော့ နှင်းတွေ မကျဘူးဗျာ.. ၊ တကယ်တမ်း တော့လည်း နှင်းတွေကျနေတာထက်စာရင် မြူမှုန်လေးတွေ ဆိုင်းနေတာမျိုး ကို ကျနော်က ပိုကြိုက်တာ......။ အကိုကြိုက်တဲ့ အဆိုတော်ကြီး ခင်ဝမ်းရဲ့ ``ပြည်မှဆောင်း`` ထဲကလိုပေါ့ တစ်လောကလုံးမှာ ခရမ်းရောင် နှင်းမှုန်လေးတွေနဲ့ဆိုတော့ ..ဘယ်လောက် တွေး လို့ကောင်း ငေးလို့ကောင်းလိုက် မလဲနော် .. ။


ကျနော်နဲ့ အကိုတောင် မဆုံဖြစ်တာကြာပြီ .. စာတွေလဲ မရေးနိုင် ၊ မတွေးနိုင်တာ ကြာပေါ့ .. အကြောင်းပြ ရင် လောကဇတ်ခုံ ၊ ဇတ်လမ်း အစုံစုံပေါ့ အကိုရာ .. ၊ လူ့ဘဝ အချိန်တိုလေး အတွင်းမှာ လုပ်ချင်တာတွေက လဲ များသား ဗျာ၊ အခြေ အနေပေးရင် အကိုနဲ့ တောင် ၃၃ လမ်းထဲက လက်ဘက်ရည်ဆိုင်လေးထဲ မှာ ကျစိမ့်လေးမှာ ဆေးလိပ်လေးဖွာပြီး တောအကြောင်း ၊တောင်အကြောင်း ၊ သောင်းပြောင်းထွေလာ စကားဖောင်ဖွဲ့ ချင်သေးတာ ။ ပြီးတော့ အခွေလေးတစ်ခွေ လောက် လုပ်မယ်ဗျာ.. အကိုကို့ပဲ တီးခိုင်းရမှာပဲ၊ ကျနော်ကတောာ့တစ်ပုဒ်စ နှစ်ပုဒ် စ ဝင်ရေးတာပေါ့ ။ လသာသာည တွေမှာကလက်စီကယ် ဂစ်တာသမား Edgar Cruz ကို ခေါ်ပြီး ပန်းရည်ဘဏ်တိုက် သီချင်းကို Bohemian Rhapsody တီးသလို တီးခိုင်းမယ်ဗျာ.. ကျနော်တို့က မျက်စိလေး အသာမှိတ် ကိုယ်တွေ ယိမ်းနွဲ့ပြီး စည်းချက်လိုက် ၊ နတ်ဝင်သည် တွေ နတ်ပူး သလို မျိုး စီးမျောကြတာပေါ့ ။


လူနဲ့လူ့ပတ်ဝန်းကျင် ဆိုတာကလဲ အမြဲတမ်း ပြသနာ တစ်ခုမဟုတ် တစ်ခုရှိတတ်တာမျိုးကလား ၊ လူတွေ အကြောင်း ပိုပို သိလာရတာလဲ အမြတ်ပေါ့ ။ ကျနော်တို့ မြန်မာ ဘလော့ရွာ ကလေးမှာလဲ ဟိုးနား ညံစီစီ ၊ ဒီနားညံစီစီနဲ့ ပျော်စရာတစ်မျိုးပဲပေါ့ ဗျာ ။( ဒီကောင်မလေးကတော့ အမြဲတမ်းပွဲဆူ တယ်ဗျနော် ..းD ) ရောက်နေကြ ၊လည်နေကြ ဘလော့တွေနဲ့ညီအကို ၊ မောင်နှမ တွေရဲ့ ဘလော့တွေ ၊ ဘလော့ဖော် ၊ ဘလော့ဖက် ရောင်းရင်းတွေရဲ့ ဘလော့တွေ ကိုတောင် မရောက်နိုင် မလည်နိုင်တာ ကြာပြီ ၊ အချိန် အားလေးရရင်တော့ အပြးအလွား ရောက်အောင်သွားတာပါပဲ .. ရောက်မိ ၊ ဖတ်မိတယ် ဆိုရင်ပဲ အချိန်အကြာကြီးခွဲ နေရတဲ့ ရင်ဘတ်မိတ်ဆွေ တွေနဲ့ တဝကြီး စကားတွေ ပြောလိုက်ရသ လိုမျိုး ခံစားလိုက်ရ တာမျိုးပဲ ။

ခုတစ်လော လူတွေရဲ့ လုပ်ပုံကိုင်ပုံ မြင်ရတာ အချိုးမကျတော့ စိတ်ထဲက ကျလိ ကျလိ ဖြစ်လာတယ် ၊ ကိုယ့်လူတွေကလဲ ကိုယ့်လူတွေပဲဗျ နော်..။ အကိုရော အခုလို အခြေအနေ မျိုးကြုံရင် ဘာလုပ်မိမလဲ ? ကျနော်ထင်ပါတယ် ... ကဗျာ တစ်ပိုဒ်လောက် ရေးရင်ရေး ဒါမှမဟုတ် ဂစ်တာကိုခပ်ကြမ်းကြမ်းခေါက်ပြီး Rock သီချင်း တစ်ပိုဒ်လောက် ခပ်ကြမ်းကြမ်း ဆိုဖြစ်မယ်ထင်တယ်.. . အကိုရေးတဲ့ ပို့်စ်တစ်ပိုဒ်လို ဘဝဆိုတာတိုတိုလေး ချိုအောင်နေကြ လို့ပဲ ပြောချင်တော့တယ် ..။

တကယ်တမ်းကျနော်တို့တွေဟာ ကိုယ့်အသားကိုယ် ကိုက်ဖဲ့စားသုံးပြီး နာနာကျင်ကျင် ဟစ်အော်နေကြတဲ့လူတွေနဲ့တူတယ် ..။ ကိုယ်ပေးခဲ့သလောက် ကျနော်တို့ ပြန်ရတာတွေက ဒါဏ်ရာတွေပဲမဟုတ်လား ....။
ဆရာချော ရေးခဲ့သလို့ပေါ့ အကိုရာ အကိုနဲ့ ကျနော်က လမ်းချင်းတူလို့ လူချင်း တွေ့ကြတာ ဆိုပေမဲ့ ကျနော်တို့ ရဲ့ ရစ်ပတ်နှောင်ဖွဲ့မှု က သေးသေးကွေးကွေးမှမဟုတ်တာ .. ကဲလာ ကျနော်တို့ရွှေတူးသမားချင်း ကျောချင်းကပ်ထားလိုက်ကြစို့ ... ကျနော်တို့ ရရှိထားတဲ့ မြေပုံသိုက်ညွှန်းနဲ့ ရင်ဘတ်တွေကို တူးဆွ ..... ရတနာတွေ ဖွေရှာကြမယ်........။
အကိုကြီး ရေ ကဗျာဆိုတာ ကျနော်တို့ လက်ရ သိမ်းပိုက်ထားတဲ့ နောက်ဆုံးခံတပ်မြို့ပါပဲ .....ကျနော်ကတော့ တစ်လက်မ မျှ နောက် ဆုတ်မပေးနိုင်တော့ ပါဘူးခင်ဗျာ......................။

( ရေးလက်စ ကဗျာတွေ နောက်ရက်မှ တင်လိုက်ပါ့မယ် ....၊ စိတ်ကျနေတုန်း ဒီဂစ်တာ သမားကို ကြည့်မိတော့ ချက်ချင်း fresh ဖြစ်သွား တယ် .... ။ PS ... ခွင့်မတောင်းပဲ အကို့ကိုပြောပြနေသလို ရေးလိုက်တာ ခွင့်လွှတ်.....:D )

Thursday, August 28, 2008

ရွှေတံဆိပ်ပေါ်ကျတဲ့ မျက်ရည်


အထက်က ပုံလေးတွေက ကျနော့် မေးလ်ထဲကို ဖော်ဝပ်လုပ်လာတဲ့ ပုံကလေးတွေပါ ။ ဒီပုံထဲက ကလေးတွေ ကိုကြည့်ပြီး တွေးမိတာလေးတွေ ရေးကြည့်ရရင် ..။

သူ့နဂို ခေါင်းစဉ်ကတော့ How China Get Gold Medals တဲ့ တနည်းအားဖြင့် ကြည့်ရင်တော့ ကလေးတွေ ကို ထူးချွန်တဲ့ အားကစား သမားတွေ ဖြစ်လာဖို့ ကို ငယ်ငယ် ထဲကနေ လေ့ကျင်ပျိုးထောင် ပေးနေသလိုပါပဲ
ဒါပေမဲ့ ဒီကလေးတွေဘက် ကရော ဘယ်လိုခံစားချက်တွေ ရှိရှာလေမလဲ ၊ ပုံထဲ မှာ မြင်နေရသလောက် က တော့ ကလေးတွေ ဟာ ပျော်ရွှင် ချမ်းမြေ့စွာနဲ့ စိတ်ပါလက်ပါ လေ့ကျင် နေတဲ့ ပုံ မပေါ်ပါဘူး..။

ကလေးငယ်လေးတွေ ဆိုတာကလဲ သူတို့စိတ်တိုင်းကျ လွတ်လပ်ပေါ့ပါးစွာ ပြေးလွှးဆော့ကစားနေရရင် မျက်
နှာလေးတွေက ဝင်းသန့်ကြည်လင်နေပြီး ချစ်စရာအလွန်ကောင်းတာမျိုးပါ .. ၊ သူတို့ရဲ့ အပြစ်ကင်းစင်တဲ့ မျက်နှာလေးတွေကို ကြည့်လိုက်ရင် ကြည့်လိုက်ရသူရဲ့ စိတ်နှလုံးကို အေးချမ်းမှု တစ်မျိုးပေးပါတယ်...။

ထူးချွန် ထက်မြက်တဲ့ ကလေးငယ်လေးတွေ အဖြစ် အထူးသဖြင့် အိုလံပစ် လိုပြိုင်ပွဲမျိုးကနေ ရွှေတံဆိပ်တွေ ဆွတ်ခူးပြီး နိုင်ငံဂုဏ်ဆောင်နိုင်တဲ့ အားကစားမောင်မယ် လေးတွေအဖြစ် ရောက်ရှိလာဖို့ လေ့ကျင့်ပေးနေတာဟာ အင်မတန်ပဲ ဝမ်းသာဂုဏ်ယူ ဖို့ကောင်းပါတယ် ..။ ..သို့သော်... ဒီကလေးတွေရဲ့ စိတ်ဆန္ဒ မပါပဲနဲ့ လူကြီးတွေရဲ့ တစ်ဘက်သတ် အလိုဆန္ဒအရ မဖြစ်မနေ လုပ်ကိုလုပ်ရမယ် ဆိုတာမျိုး ကတော့ဘယ်လိုမှ မကောင်းပါဘူး ။ ဒီကလေးတွေမှာရော အဲ့လိုမျိုး အလိုဆန္ဒမပါပဲ အတင်းအကျပ် ခိုင်းစေခံရတဲ့ အတွက် စိတ်ဒါဏ်ရာတွေ ရရှိမသွားနိုင်ဘူးလား ဆိုတာ စဉ်းစားစရာပါ...။

ထူးချွန်တဲ့ လူငယ် မောင်မယ်လေးတွေတော့ ဖြစ်လာပါရဲ့ ရရှိလာတဲ့ စိတ်ဒါဏ်ရာ အစိုင်အခဲတွေကြောင့် စိတ်သဘောထား မပြည့်ဝတဲ့ ၊ သူတပါးတွေရဲ့ ခံစားချက် တွေကို နားလည်မှု မပေးနိုင်တဲ့၊ ငါမှငါဆိုတဲ့ အစွန်းရောက် အတ္တစိတ်တွေနဲ့ ထက်မြက်သူ လေးတွေ အဖြစ် ရောက်ရှိလာခဲ့တယ် ဆိုရင် လောက လူ့အသိုင်း အဝန်းကို အပြည့်အဝ အကျိုးရှိစေ နိုင်လာပါ့မလား...။
တော်တာကတော့ တော်ပါရဲ့ ဟစ်တလာတော်သလို တော်တယ် ဆိုတာမျိုးကတော့ နေရာ မကျပါဘူး ..။

အခုခေတ် ကလေးငယ်တွေဟာ အလွန် လျှင်မြန်လှတဲ့ ခေတ်၊ စနစ်ရဲ့ တောင်းဆိုမှု၊ပြင်းထန်လှတဲ့ ပြိုင်ဆိုင်မှုတွေ၊ လူကြီးမိဘတွေရဲ့ အတင်းအကျပ် ခိုင်းစေ မှုတွေကြားမှာသူတို့ကို ကြည့်ရတာတာဟာ မွန်းကြပ် ပိတ်လှောင် နေသလိုပါပဲ...။

ကျန်တော်တို့မြန်မာလူမျိုးမိဘတွေမှာလဲမသိစိတ်ကနေဖြစ်ပေါ်နေတဲ့ အတ္တစိတ်ကြောင့်၊ကိုယ်ကလေးသူငယ် လူငယ်ဘဝမှာ ဖြစ်မလာခဲ့တဲ့ အရာ တွေကို တလွဲမာနတွေနဲ့ ကိုယ့်ရဲ့ သားသမီးတွေ အလှည့်မှာ မဖြစ်မနေ အတင်း အကျပ် ပုံသွင်းခိုင်းစေမှုတွေ ကို တွေ့မြင် နေရပါတယ်..။ ဒါဟာ တရားမျှတမှု ရှိရဲ့လားဆိုတာ မေးချင်စရာပါ..။


ကလေးငယ် လေးတွေကို အနာဂတ်အတွက် ပြုစုပျိုးထောင်ပေးတယ် ဆိုတဲ့ နေရာမှာ လူကြီးမိဘတွေရဲ့ ဖြစ်ချင်စိတ် လွန်ကဲတဲ့ အတ္တမာနတွေကို ဘေးဖယ်ထားပြီး သဘာဝအတိုင်း ကြီးထွားတိုးတက်စေမယ် ဆိုရင်တော့ အကောင်းဆုံးဖြစ်လာ ပါလိမ့်မယ်...။ ရုပ်ပိုင်းရော စိတ်ပိုင်းပါ မျှမျှတတ တိုးတက် လာစေပြီး ထူးချွန်တဲ့ ၊စိတ်သဘောထားပြည့်ဝတဲ့ လူငယ်မောင်မယ် လေးတွေ အဖြစ်ကို ရောက်ရှိလာအောင် လူကြီး မိဘတွေ အနေနဲ့ ဝိုင်းဝန်းကြိုးစားဖို့ တာဝန် ရှိပါတယ်...။

ကျွန်တော် ကတော့ အိန္ဒိယ ကဗျာ စာဆို အကျော်အမော် ကြီး တဂိုး လေ့ကျင်သင်ကြားပေးတဲ့ ရှန်တိနိကေတန် လို ကျောင်းလေးမှာ ကလေးငယ်လေးတွေ တပျော်တပါး စာအံနေတဲ့ အသံတွေ နဲ့ အတူ သူတို့ ဆိုငြီးပြကြတဲ့ ချစ်စရာတေးသီချင်းသံလေးတွေ ကမ္ဘာမြေ တစ်လွှားမှာ လွင့်ပျံ့ လာတာကို နားစိုက်ထောင်နေပါ ဦးမယ်..။

Saturday, July 12, 2008

အတွေးသက်သက်များ


ကျွန်တော် အိပ်ယာက နိုးထလာတော.နွေဦးပေါက် နေရောင်ခြည်များက အခန်းထဲမှာ လေးတွဲ့စွာ ဝဲပျံကြလို့ နေသည် ။ မက်လက်စ အိပ်မက် ကို အသာအယာ ခေါက်သိမ်းလိုက်တော့ အိပ်မက် က ဆက်မမက် တော.ဘူးလား ဟု ကြာဟန်ပါပါ မေးသေးသည် ၊ ကျွန်တော်က အိပ်မက် အဟောင်းတွေ ဈေးကောင်း မရတော.ဘူးဟု ပြောကာ အခန်းအပြင် ဘက်သို. ထွက်လာခဲ.လိုက်သည် ။

အပြင်ဘက်က ပန်းခြံ ထဲမှာ သဘာဝရဲ့ ပန်းပွင့်ငယ် များ ဖြစ်တဲ့ ကလေးငယ်များ က ပေါ့ပါး လွတ်လပ် စွာ သဘာဝ ဆန်ဆန် ပြေးလွှားဆော့ ကစားနေကြသည် ။ အဲ့ဒီထဲမှာ ကျွန်တော်တို.ဧရာဝတီရဲ့ ရင်သွေးငယ်လေး တွေ ရော ဘယ်နားရောက်နေခဲ.လဲ ကျွန်တော် ဆက် မတွေးချင်တော့ ၊ ပြင်ပ ကမ္ဘာကြီးထဲ မှာတော. ကောင်းကင် ကြီးက ပြာလွင်တောက် ပ လို့ သက်တန့် ရောင်စုံများနှင့် မနာလိုစရာ ကောင်းလောက် အောင် လှပလွန်းနေသည် ...။ တိမ်ပြာပြာ ဆန်းဒေးပေါ့ ... ကျွန်တော်တို. သိပ်ချစ်တဲ့ အမိမြေရဲ့ ကောင်းကင်ကြီး ကတော့ တိမ်ညို ၊ တိမ်မဲ များ မကင်းစင်နိုင်သေး ...။


တကယ်တမ်း ကြတော့ ဘဝ ဟာ ကစားပွဲ တစ်ခုထက် ကို ပိုမိုလွန်း နေခဲ.သည့်.... ။ ဘာပြီးရင် ဘာလာမလဲ
တိတိကျကျ ခန့်မှန်းလို့ မရ၊ ကံကြမ္မာက ထိုးနှက်သည့် လက်သီးချက် များက အတားအဆီး မဲ့စွာ ကျွန်တော် မျက်နာ ပေါ်မှာ ..တစ်လုံး ပြီး တစ်လုံး.... တန်ပြန် တိုက်ခိုက်ဖို့ စိတ်ကူးခွင့် မရ နိုင်ခဲ့ လောက်အောင် ပင် တရစပ် မြန်ဆန်လွန်းလှသည်......။


အခုတစ်လော ၊လောဘဗေဒ ပါရဂူများ ထုတ်ပြန်သည့် အရောင်းသွက် ၁၀ မျိုးစာရင်းတွင် အဆင်သင့် သောက် သုံးနိုင်သည့် လွင်.မျော မိုးတိမ် တံဆိပ် မိုးခါးရေများ ထိပ်ဆုံးက ပါလာသည်...။ ဝိရောဓိ ဟု အမည်ပေးထား သော မျက်ရည် သန်.စက်များမှာ မူ ပုံမှန် အဝယ်လိုက်နေမြဲပင် ဖြစ်သည်။ နာဂစ် မုန်တိုင်း အပြီး တစ်ချို့သော မျက်ရည် များမှာ သန့်ရှင်းလတ်ဆတ်မှု မရှိတော့ သဖြင့် လူသာမန် များ ခံစားရန် မသင်တော်ကြောင်း ကမ္ဘာ.နှ လုံးသား အဖွဲချုပ် ကြီးက ထုတ်ပြန်ကြော်ငြာခဲ့လေသည်....။

ကျွန်တော်ကတော့ အရိုသားဆုံး ခင်းကျင်းပြလိုက်တာပါ ... ။ "မာရာဒိုနာ"...ကျွန်တော် ခင်ဗျားကို သဘောကျ တယ်ဗျာ..ဒါပေမဲ.ခင်ဗျားက ကျွန်တော်ရဲ့ သူရဲကောင်းမဟုတ်ခဲဘူး ..... "ရှာရာပိုဗာ" ကို ကျွန်တော် သဘော ကျခဲ့ သလိုမျိုး ခင်ဗျားကို သဘောကျတယ်...ကျွန်တော့် ရဲ့သူရဲကောင်းတွေ ဟာ "မာသာထရီစာ" "ဦးဝင်းတင်" “ဒေါ်အောင်ဆန်းစုကြည်” နှင်. သူတို.ရဲ. လိုအင် ဆန္ဒ တွေကို ရှေ့တန်းမတင်ပဲ အမြဲတမ်း ပေးဆပ်ခဲ့တဲ လူတွေ ဟာ ကျွန်တော့်ရင် ထဲမှာ နေရာအပြည်.ယူလို့.............။

လူငယ် တစ်ယောက် ရဲ့ ယုံကြည် မူ မိုးကောင်းကင် ကရော ဘယ်ဆီလွင့် ပါးခဲ.ပြီလဲ ........ဂစ်တာ တစ်လုံး နဲ့ ရော.ခ် သီချင်း ကြိုက် တတ်သူ..ဆင်ခြေဖုံး မြို့လေးရဲ့ တီးရှော. အဟောင်းလေး ထဲမှာ ထိုင်ပြီး တောင်စဉ်ရေမရ အတွေးတွေ ကို ကဗျာ တွေ ချချ ရေးတတ် တဲ့ သူ......သောက အခိုးအငွေ.တွေကို ဆေးလိပ် တစ်လိပ်ထဲ ထည့် ပြီး မီးခိုးငွေတွေ အဖြစ် ပြောင်းလဲ တတ်ခဲ့သူ လေ....သူကောင်း ကင်ထဲ က တိမ်တိုက် တွေက ကြီးကြီးမားမား သိပ်မရှိရှာဘူး....ချစ်ခြင်းတရား ၊ အနုပညာ နဲ့ မန်ချက်စတာ ဘောလုံး အသင်း ကို ထုထည်ဖွဲ့ ခုံမင်တတ်ခဲ့ သူ..... ပြန်မရ နိုင်တော့ ဘူးကွယ် ...ဒီညတွေကို ...ဒီဘဝမှာ ပြန်မရတော.ဘူး..............။


ဒီလိုနဲ့ပဲ ကျွန်တော်တို့ အိပ်မက်တွေ မိုးခေါင် နေခဲ့သည် မှာ ကာလ အတန်ကြာနေခဲ့လေပြီ......ကျွန်တော် တို့ အသွေး ၊ အသား ထဲက ဆာလောင် တက်မက်နေတဲ့......လွတ်လပ်ခြင်း လွင်ပြင်ကျယ် ဆီကို....ပျံသန်းရောက်ရှိဖို့.....အတောင်ပံတွေကို မီးကုန်၊ယမ်းကုန် ဆန့်တန်း ခတ်ထုတ်ရအုန်းမည်........လမ်းခုလတ် နားခိုရာ နေရာကောင်း မှာ မှီတွယ် ကျန်ရစ်ခဲ့သူတွေ လည်း ကျန်ခဲ.ကြလေပြီ.....တစ်ချို့ ကတော့ သက်လုံ မကောင်းချင်တော့........ရှိပလေစေတော့.....အမြင်.ပျံငှက် တို့ရဲ့ မိုင်ထောင်ချီ ခရီး အချည်းအနှီး တော့ မဖြစ်စေရ....။

ကျွန်တော် က တော့ ဒီလွင်ပြင်ကျယ် ရိုးတစ်လျှောက် မှာ ထိုးဖောက် ပျံသန်း နေရအုနုးမှာပါ ....တတ်နိုင်ရင် မိုးကုတ် စက်ဝိုင်းနား ရောက် တဲ့ အထိပေါ့.....။

အော်...အခုများတော့လဲ ရွှေသား အသက်ဓါတ်လေး လို တယုတယ တန်ဘိုးထား မြတ်နိုးရတဲ့ ကဗျာ မှော်ဝတ်ရုံ လေးခြုံလို့ လောကဓါတ် မြေတစ်ခွင် မှာ နေတတ်၊ သေတတ် ခဲ့လေပြီ......။

Thursday, June 5, 2008

အခုတစ်လော ဖြစ်နေသမျှ

အခုတလော ဘလော.ရေးဘို.ကို စိတ်ထဲက ဘယ်လိုမှကို ဈာန်သွင်းလို. မရဘူးဖြစ်နေတယ် ။ နာဂစ်ကြောင်. ဖြစ်တဲ.စိတ်ဒါဏ်ရာတွေလဲ ပါတာပေါ. ၊ တနေ.တနေ. ကွန်ပျုတာရှေ.ထိုင် မြန်မာပြည် သတင်းတွေစောင်.ဖတ် နိုင်ငံတကာ က ခောတ်မှီ ကယ်ဆယ်ရေးတွေ အလုံးအရင်းနဲ့ဝင် လာလိမ်.မလားလို. မျှော်လင်.ချက် ကြီးကြီးနဲ.ပေါ့ ၊သေလိုက် ကြတဲ့ လူတွေဆိုတာလဲ သောက်သောက်လဲ ၊သတင်းစာ မျက်နှာတွေနဲ့ ကိုယ်တိုင်သွားရောက် ကူညီ လှုဒါန်းကြတဲ့ ဘလောဂါ များရဲ့ ဘလော.တွေပေါ်က မြင်နေ၊ တွေ.နေရတဲ. သတင်းဓါတ်ပုံ တွေကို ကြည်.ပြီး စိတ် အနာတွေက တဖြည်းဖြည်း များလာတယ် ။

ဘယ်လိုမှ စိတ်ချမ်းသာစရာမရှိဘူး။ စိတ်မထိန်းနိုင် တော. ကလော်တုပ် ချင်လာရော ။ ဒီကြားထဲ အမေရိကန်နဲ. ပြင်သစ်က ကယ်ဆယ်ရေး ပစ္စည်းတွေ တင်လာတဲ. သဘောင်္တွေ ပြန်တော.မယ် လည်းဆိုရော စိတ်ဓါတ်က ပြုတ်ကျ သွားသလိုပဲ ။ (ဟိုဆရာ တွေပြောသလို ပြည်ပအားကိုး တာ မဟုတ်ရပေါင်ဗျာ ၊ သူတို.ဆီမှာ ပါလာတဲ ခောတ်မှီ နည်းပညာတွေနဲ. ကယ်ဆယ်ရေး ပစ္စည်းတွေက ကျွန်တော်တို. ပြည်သူတွေ ထောင်ပေါင်းများ စွာရဲ. အသက်ကို ကယ်တင်နိုင်တယ်လေ) ။

အလုပ်ထဲမှာလဲ အပြောင်းအရွှေ.တွေ လုပ်ရ ၊ ကိုယ်ပိုင် ပြသနာလေးတွေက လဲ နည်းနည်းရှိ နေတော. ဘလော့ရေးဘို.ဘက်ကို ခြေဦး မလှည့်ဖြစ်ဘူး ။ မုန်တိုင်းတိုက် ပြီးသွားထဲ က အိမ်ကို အဆက်အသွယ် လုပ်နေတာ မနေ.က မှ ဖုံး ပြောလို့ရတယ် ။ ဘယ်လောက်တောင် စိတ်ပူနေရသလဲ ဆိုတာသာ စဉ်းစားကြည်.ပေတော. အမေနဲ့ စကားပြော လိုက်ရတော. စိတ်ဖိစီး မှုတွေ နည်းနည်းလျော. သွားသလိုပဲ ။ မဟုတ်ရင် လူက မှုန်ကုပ်ကုပ်နဲ. ကြည်ကြည် သာသာ ကိုမရှိဘူး ၊ အလုပ်ထဲမှာ စိတ်နှစ်ထားလို.မရဘူး ။

အခုကျွန်တော် ကြုံတွေ.ခံစားနေရတာ က လမ်းဆုံ ၊လမ်းခွ တစ်ခုမှာ ရောက်နေသလိုပဲ ။ ကိုယ်ကိုယ် တိုင်လဲ ဘယ်လမ်းကို ရွေးချယ် ရမလဲဆိုတာ ပြတ်ပြတ်သားသား ဆုံးဖြတ်လို.မရသေးဘူး ။ သိပ် မကြာခင် အချိန်အတွင်းမှာ တော. ကျွန်တော်ရဲ. ကိုယ်ပိုင် ပြသနာ လေးတွေ ပြေလည် သွားလိမ်.မယ် ထင်ပါရဲ. ။

ဒီနှစ် ၂၀၀၈ ခုနှစ်ဟာ ကျွန်တော် အတွက် အပြောင်းအလဲ နှင်. အနိမ်.အမြင်. အတက် အကျ တွေ တော်တော် များတဲ.နှစ်လို. မှတ်မှတ် ထင်ထင်ရှိမိတယ် ။ မကြာခင် အချိန် အတွင်းမှာ မလေးရှားရောက် ကျွန်တော် တို. မြန်မာတွေရဲ့ ဘဝ အတွေ.အကြုံဇတ် လမ်းအစုံစုံကို အခန်းဆက် သဘောမျိုး တင်ဆက် သွားပါမယ် ။ စောင်.မျှော် ဖတ်ရှုသွားကြ ပါလို့ အသိပေးရင်း နုတ်ဆက် လိုက်ပါတယ် ခင်ဗျာ ။

မောင်ဖုန်းမြင်.





Wednesday, April 16, 2008

အဝေးကနေ လွမ်းတဲ့ပိတောက်

(ဘုရား သခင် သင်ဟာ ကမ္ဘာမြေကို ပြန်လည်ရုပ်သိမ်းတော. မယ်ဆိုရင် သင်ဖန်ဆင်းထား တဲ. အရာအားလုံး ထဲက ချစ်ခြင်းတရား ၊ အနုပညာနဲ. ပိတောက်ခက် တစ်ခက်
လောက်ပဲ ချန်ထားပေးစေ ချင်ပါတယ် )


သင်္ကြန် ကျ ပီ တဲ.လား
ဒီအချိန်ဆို ပိတောက်ပန်း တွေ ပွင်.နေပြီ ထင်ပါရဲ. အတွေးထဲမှာ တောင် ပိတောက် ရနံ.တွေ သင်းပျံ.လာသလိုပဲ
ဟိုအဝေးက တိမ်တိုက်တွေ ကြား အဝါရောင် ဝိုးတဝါးဟာ ပိတောက်ရဲ. အလင်းနိမိတ် တစ်ပါးပဲ ပေါ. ............

အိပ်မက်တွေ .....အိပ်မက်တွေ....ငါ.အိပ်မက်တွေ ထဲမှာ အဝါရောင်တွေ ထိန်ထိန်ညီးလို. ဗုံ.တီးသံ တွေလဲ ကြားတယ် ။ ချိုမြိန်လွန်းပါတယ် ငယ်ဘဝရဲ. နှောင်ကြိုးမဲ. လွတ်လပ်မှုများ ကြား ကူးခတ် ပျော်ပါးခွင်. ရခဲ.တဲ. အချိန်တွေ....။

ရှင်သန်ခြင်း မှာ အဓ္ဓိပါယ် တစ်ခုခု ရှိခဲ.သလား ....? အရာ အားလုံး ဝရုန်းသုန်းကား နိုင်လွန်းတယ်။ပိတောက်ဆိုတာ
ကမ္ဘာပေါ်မှာ မြန်မာတွေ တစ်ဦးတည်း ပိုင်ဆိုင်ခွင်. ရခဲ.တဲ. ဆုထူး တစ်ပါးပဲပေါ. ....အဲ.ဒီလို ပိတောက်နဲ. ငါတို.ကြားဘယ် အရာ တွေက စည်းခြားခဲ.တာလဲ....။

ဆာလောင် နေတဲ. အာရုံက ပိတောက်ခက် စိမ်းစိမ်းတွေကြား မြိုမငြိမ်း တေးသွားနဲ. ငွေငန်းရုပ်ကြီးများ ဘွားကနဲ ထွက်လာမလားလို. အရူး အမူးလိုက်ရှာ နေတယ်။နေခြည်ဖြာတဲ. လမ်းလေးထက်က ရှည်မျောမျော
သစ်ကိုင်းရိပ်တွေရဲ. ကြားမှာ ကျွန်တော်ကျ ပျောက် သွားတဲ. ပိတောက်ရိပ် ကလေး ကို တွေ.မိကြရင် ပြန်ပေးစေ ချင်ပါတယ်.....။

တစ်ချို.လူတွေက အချိန်မှန် မပွင်.နိုင်ရှာတဲ့ ပိတောက်ပန်း တွေကို သစ္စာမဲ. သည်ဟု စကားတင်း
ဆိုချင်ကြသေးသည် ။ပိတောက် ခမျာ တစ်နှစ်လုံးလုံး စောင်.စားလာ ခဲ.သမျှ ပေးလာသည်. အခြေ အနေအတွင်း အစွမ်းရှိသမျှ ဖူးပွင်.ပြရသည်ကို ကျေးဖူးစကားမဆို၊ ကျွန်တော် ကတော.ပိတောက်အပေါ်မှာ မည်သို.သော ငြူစူ မှုမျှမလုပ်ရက်ပါ ။


သက္ကရာဇ် ဟုဆိုသော ရထားတွေ တစ်စင်းပီး တစ်စင်း ဖြတ်သန်းသွားခဲ.ကြသည် ကျွန်တော် ဖြတ်သန်းခဲ.ရာတစ်လျှောက် စောင်းငဲ.ကြည်.ရာ အရာအားလုံးက မှုန်ပြပြသာ ....ကြီးမားကျယ်ပြန်.သော ပုံရိပ်ဟူ၍
ပြောပလောက် စရာမရှိခဲ. ၊သို.သော် ဖြတ်သန်းပြီးသား မှတ်တိုင်တိုင်းတွင် ပိတောက်ကတော. တစ်နည်းနည်း
နဲ.ပါဝင်ပက်သက် ခဲ.ဘူးသည်..။

ညတိုင်းလိုလို မက်နေကြ ခြောက်အိပ်မက်တွေ ကြား မှာကျွန်တော် မောလှပြီ ၊ဒီပုံ အတိုင်းဆို ကြာကြာ တောင်.ခံနိုင်မည် မထင်.... ၊ တိုးတိုးလေး ကြားနေရတဲ. အသံကို အသေအချာ နားစိုက်ထောင် ကြည့်မိလိုက်
တော့ လွန်စွာ နှက်သက်ခဲ. ဘူးသော ရွေရောင်အိပ်မက် များသီချင်း ဖြစ်နေလေသည် ။

ပိတောက် နဲ. ကျွန်တော်တို. လို ရှင်ကွဲ ကွဲခဲ.ရသည် ဘဝ တွေများစွာ ရှိခဲ.သည်ကို ကျွန်တော် အသေအချာ
သိသည်. အကြောင်း အရင်းဇစ်မြစ်တွေကို လိုက် မည်ဆိုပါက ၂၁ ရာစု၏ ခေတ်သစ် ပသီပုံပြင်ဖြစ်သွားနိုင်
သည် ၊ ရှေးလူကြီး တွေထားခဲ့သည့် ရေကြည်ရာ ၊မြက်နုရာ ဆိုသည်. စကားပုံလေး ကို ပြက်ပြက်ထင်ထင် သတိရနေမိသည် ၊ ကျွန်တော့် ရဲ့ အခန်းလေးထဲတွင်ချိတ်ဆွဲ ထားသော စာတန်းလေးကတော. ရေသာများ၍
ငါး မတွေ.ဟု ပြောင်းလဲသွားလေသည်......။

တော်ဝင် ပိတောက်ရဲ. မှော်ဝင်ကကြိုး တေးသွား ကို ဆိုညည်းခွင်.လေးများ ရမလား ဆိုတာ.... မွေးရပ် မြေခြား လူငယ်တွေကြား မှာ ရေပန်းအစားဆုံး စကားပဲပေါ. ....... တစ်ချိန်ချိန် မှာ ကျွန်တော်တို.ဟာ အိမ် အပြန် သီချင်းကို လေချွန်စည်းချက် လိုက်ရင်း ပိတောက်ပင်ပျို တွေ အစီအရီစိုက် ထားတဲ. လမ်း လေးထက် အေးချမ်းပျော် ရွင်စွာ ပြန်လာ နိုင်တော.မှာပါ....။

Sunday, March 9, 2008

ခုံတန်းရှည်လေး

Le-Banc-Boulevard-Pasteur-Paris-1927-Print-I10093911 ဒီခုံတန်းလေးက ဘယ်အချိန်ကာလ  ထဲကတည်ရှိနေ သလဲမသိ  သေချာသည်က

ကျွန်တော်တို.   ဒီတိုက်ခန်းလေး တွေကို ပြောင်းမလာခင် နှစ်ကာလတော်တော် ကြာကြာက ပင်  တည်ရှိနေတာဖြစ်မည် ။  ဘယ်သူဘယ်ဝါ  ဆောက်လုပ်သွားမှန်း

မသိရ ကျနော်တို့တိုက်တန်းလေးရဲ့ အစွန်း  အ၀င်အထွက်ပေါက်နားလေးမှာ ဖြစ်သည် ။

 

         ခုံတန်းလေးကို ဘိလပ်မြေနှင်.  ပုံသွင်းဆောက်လုပ်ထားပီး  အပေါ်ယံမျက် နာပြင်ကို ကြွေပြားကြမ်း  လေးတွေကပ်ထား သည် နောက်မှီမပါပါ  အရောင်က

ညိုညစ်ညစ် နဲ.ဘယ်လိုမှ  ရိုမန်တစ်မဖြစ်ပါ အမြင်.ကတစ်ပေခွဲ နှစ်ပေခန်.သာ  သူ.အပေါ်. ထိုင်ချင်လျှင် ရန်ကုန်က လမ်းဘေးဆိုင်လေးတွေမှာ  ထိုင်သလို ခြေထောက်ချထိုင်မှ  အဆင်ပြေသည် ။

 

            ခုံတန်းလေးမှာ သက်မဲ့ပင်ဖြစ်သော်ငြား  တိုက်ခန်းတွဲလေး ၏ ရာဇ၀င် နှင်. ဒီတိုက်ခန်းတွဲလေးမှာ  နေထိုင်ခဲ.ဘူးသော  လူသားများ၏  ပျော်ရွှင်မှု ၊ ၀မ်းနည်းကြေကွဲမှု၊ လွမ်းဆွတ်တမ်းတမှု  တွေကိုမျှဝေခံစားခဲ.ဘူးသည်။

 

         ခုံတန်းလေးရဲ.  အစည်ကားဆုံးအချိန်မှာ   ခြေခင်းလက်ခင်း သာသောနေ့

များ၏ညနေခင်းများ ပင်ဖြစ်သည် ၊ နေရောင်ခြည်ဖြာသော  ညနေခင်းလေပြည်

ညင်းများ ကြား  တိုက်တန်းလေးမှ  ကလေးငယ်တွေ  ပြေးလွားဆော.ကစားနေလျှင် ခုံတန်းလေးမှာ  ပျော်ရွှင်ရယ်မောကာ သူ၏အပေါ်တွင် ထိုင်နေသော ကလေးငယ်တို့၏  မိခင်များနှင်အတူ  ငေးကြည့်နေတတ်သည် ...။

 

      နံနက်ခင်း  ကျောင်းသွားချိန် မှာတော.  ခုံတန်းလေးက    ကလေးများ၏ ကျောင်းလွယ်အိတ် ၊ထမင်းဗူး များနှင်.တကွ ကလေးငယ်များကိုပါ  ချီပိုးရင်း

ကျောင်းကြိုပို့ကား မလာမချင်း စိတ်ရှည် လက်ရှည် စောင်.နေပေးပြန်သည် ။

 

   ဒီခုံတန်းရှည်လေးက  မိုးစုတ်စုတ်ချုပ်မှ အလုပ်က ပြန်လာသော ကျနော်တို.WR0306~Wooden-Bench-in-Garden-Setting-Posters

အတွက် စိတ်ဝန်ထုပ် ဝန်ပိုးများ ပစ်ချပြီး အာရုံများ အညောင်းဆန်. အပန်းဖြေ စရာနေရာလေးလဲ ဖြစ်သည်  ။

    

     တခါတရံ ဇာတိမြေကို  လွမ်းဆွတ်သည့်ညများမှာ  ကျနော်တစ်ယောက်ထဲ

ခုံတန်းရှည်လေးထက်  ထိုင်ကာ  ညကောင်းကင်ကြီးကို  မော.ကြည်.ရင်း

အိမ်လွမ်းသူသီချင်းလေး ညည်းတော. သူက တိတ်ဆိတ် ငြိမ်သက်စွာ နားလည်

ပေးခဲ.ပြန်သည်။

    တိုက်တန်းလေး  ရှေ့က လမ်းမထက်  တစ်ပတ်တစ်ကြိမ် ညဈေးတန်းရှိ

သည်.ရက် ရောက်လျှင် ခုံတန်းလေးမှာ  စိတ်ညစ်ညူးရသည်  ဈေးသည်

များ ၏ အော်သံ ၊ညှော်သံ ၊မီးစက်သံများ ၊အိတ်ခွံများ၊ဆေးကြောသန့်စင်

ထားသည်.ရေညစ်များဖြင်.  ပေပွညစ်ထေးနေတတ်သည် ။

  

   ကျနော်တို.တွေ  လူစုံတတ်သည်. လခထုတ်ရက်လို  နေ.မျိုး  ရီဝေဝေ

ညနေခင်းများ  ဝယ်ယူစားသုံးသည်.အခါ  ကျနော်တို့နဲ့အတူ  ခုံတန်းလေးက   စိတ်လှုပ်ရှား  တက်ကြွစွာ  ယိမ်းထိုးကခုန်တတ်သည်။

 

       ထိုသို.ဖြင်. ခုံတန်းလေးနှင်  ကျနော်တို့ရဲ. ဆက်ဆံရေး က နွေးထွေးစွာ

ရင်းနှီးကျွမ်းဝင်လွန်းလှသည်  ။

 

       မှတ်မှတ်ရရ  ထိုနေ့က ကျနော်တို. ခုံတန်းလေးထက်မှာ ထိုင်နေတုန်း ဆိုင်း

မဆင်.ဗုံမဆင်. မိုးကသဲသဲမဲမဲ  ရွာချသဖြင်. ကိုယ်.အခန်းရှိရာသို့ အမြန်ပြေးကြ

ရသည် ။  မိုးက တစ်ညလုံး မတိတ်သည်.အပြင် လျှပ်စီးများလက်ကာ လေကြမ်း

များပင် တိုက်ခတ်လာပါသည် ။

 The-Bench-Print-I10383632

      နံနက်ခင်း မိုးစဲ၍ အလုပ်သွားရန် လှေကားမှအဆင်း  အမှတ်မထင် ကျနော်.မိတ်ဆွေလေးရှိရာ လှမ်းအကြည်.   ကျနော်တို.မိတ်ဆွေ ခုံတန်းရှည်လေးမှာ

အလဲလဲအပြိုပြို  ဒါဏ်ရာဗရပွဖြင်.  ပြိုလဲကျနေပါသည်  ။

 

      ဘယ်လိုများ  ဖြစ်ပါလိမ်.ဗျာ........“...ညကမိုးမှောင် ထဲ  အမှုက်သိမ်းကား တိုက်သွားတာဗျ ” ....အတူနေအခန်းဖော်ရဲ. စကားသံကို ကြားသိလိုက်ရပါသည်

 

                 ထိုနေ.ကကျနော်. မိတ်ဆွေ လေးရဲ့ဈာပန အခမ်းအနားသို. ကျနော်  မတက်ရောက်တော.ပါ...............။

                                                         မောင်ဖုန်းမြင့်(၈.၀၃.၂၀၀၈)