Sunday, August 30, 2009

ငါ့နောက်ကျောက ကျာပွတ်ရာတွေ

မြို့ကြီးနှယ်
ဝိရိယနည်းလိုက်ပုံများ
ကိုယ့်အမှတ်ရနေ့လေး ပါတော်မူသွားတာတောင်
အိပ်ယာက လုံးလုံးမနိုးဘူး . . .။


ကိုယ့်ဘဝကို
အမှောင်ခေတ်ထဲက
ရဲတိုက်ကြီးလို အမှောင်ပြန်ချ
ဝင်ရိုးစွန်းတန်းက ဆောင်းခိုဝက်ဝံကြီးဘဝနဲ့
မြင့်မြင့်မားမား အထီးကျန်မျောလွင့်နေရ . . .


ဘယ်မှာလဲ . . . နေရဲ့တောက်ပပုံတွေ
ဘယ်မှာလဲ . . . ပင်လယ်လို ခမ်းနားတယ်ဆိုတဲ့ အရာတွေ
ဘယ်မှာလဲ . . . လတ်လတ်ဆတ်ဆတ် အသက်ရှုသံတွေ
ဘယ်မှာလဲ . . . တခါတုန်းက ညနေတွေ
ဘယ်မှာလဲ . . . ငါ့ဘဝရဲ့အဓိပ္ပါယ်တွေ . . .


ကိုယ့်ရင်ကို ထုတ်ချင်းပေါက်အောင်လျှိုသွားတဲ့

သူလျှိုမလေးရေ...


တကယ်တော့ ငါ့ကဗျာဆိုတာ
ငါ့နောက်ကျောက ကျာပွတ်ရာတွေပါပဲကွာ ။ ။


ဖုန်းမြင့်

Monday, August 24, 2009

ငါ့သမီးလေးကဗျာအိမ်ကိုပြန်မရောက်တော့ဘူး


ဟိုမှာ ..မြင်လား..
စကားလုံးမိုင်းကွင်းတွေ
သတိသမ္ပဇဉ်ကို ဉာဏ်စဉ်မှာကပ်
ကဗျာခြေပြတ် ၊ လက်ပြတ်မဖြစ်ခင်လေး ၊ ကဗျာအသက်မထွက်ခင်လေး
ရဲရဲကြီးဖြတ်လိုက်
အဲ့ဒီကအကျော်မှာ ကဗျာသတ်ကွင်းထဲဝင်
ကဗျာဘက်နက်တွေတပ်ကြ ၊ ကဗျာလှံစွယ်တွေဖွေးဖွေးထ
'ဒါနဲ့ စကားမစပ် ကဗျာ မဟာမိတ်တွေ နော်မန်ဒီ ကမ်းခြေကို တက်လာနေပြီလား'
ငါ့ . . .ကဗျာတပ်သားလေးယန် ကို ကယ်တင်ပါဦး မောင့်ဘက်တန်
ကဗျာ ဂတ်စတာပိုလ်တွေ ၊ ကဗျာဖက်ဆစ်တွေ လက်ထဲမှာ
ကဗျာနိုင်ငံတော်ဟာ အတုန်းအရုန်းလဲကျ
ကဗျာမြို့ကြီးမီးလောင်နေပြီ
ကဗျာအလံတော်ကို သူတို့ဖိနပ်ကြီးတွေနဲ့နင်းချေကြ
ကဗျာအမျိုးကောင်းသားသမီးတွေကို ကဗျာနဲ့ပဲဖျက်လိုဖျက်ဆီးလုပ်ကြ
အသဲကွဲသမား ကဗျာလေးတွေနဲ့ ၊ ကဗျာကလေးသူငယ်တွေ
မျက်ရည်ချောင်းစီးငိုကြွေးကြ
သွေးပျက်ဖွယ်ရာကဗျာပါပဲ . . .
"တိတ်တိတ်နေ" . . .
"အသံတစက်မှမထွက်စေနဲ့" . . .
"သူတို့ကင်းလှည့်လာနေတယ် "
"သူတို့မှာ အနံခံကောင်းတဲ့ ခွေးတွေပါတယ်"
ကဗျာဗုံးကြဲလေယဉ်တွေ က ကောင်းကင်မှာအပြည့်ပဲ
ကဗျာဝပ်ကျင်းထဲကနေ ခေါင်းထောင်မကြည့်လိုက်နဲ့လေ...
သူတို့လက်ထဲမှာ ကဗျာ အသွေးအသားတွေ
ကဗျာအရိုးတခြား ၊ ကဗျာအသားတခြား
ဖြစ်သွားလိမ့်မယ် . . .
ကဗျာအော့ဇ်ဝက်ငရဲခန်းမှာ
ကဗျာချွေးတပ်သား ထောင်ပေါင်းများစွာရှိနေတယ်
အယူအဆမတူတဲ့ ကဗျာ၆ သန်းကျော်ကို
သူတို့ဟာ အဆိပ်ငွေ့ပေးသတ်လိုက်ကြပြီ
ကဗျာဝတ်လစ်စလစ်တွေနဲ့
ကဗျာရုပ်အလောင်းတွေကို ကျင်းတကျင်းထဲမှာ စုမြုပ်လိုက်ကြတယ်
ကဗျာခေတ်ကြီးမကောင်းတော့
ကဗျာလေးလက်ဝန်ရှိလာရင်တောင်
ကဗျာမီးရှုးသန့်စင်ဘို့ အဆင်မပြေဘူး..
ကဗျာလက်မှတ်ရဆရာဝန်တွေ တယောက်မှ မရှိကြတော့ဘူးလား...
ကဗျာ ဂလက်ဒီယေတာတွေကို ခေါ်ပေးပါ..
ကဗျာချေမှုန်းရေးတပ်ဖွဲ့လွှတ်ပြီး
ငါ့ကဗျာ တပ်စုလေးကိုအမြန်ကယ်ထုတ်ပါ
ကဗျာရာဇဝတ်ကောင်တွေကို
ကဗျာခုံရုံးတင်ပါ
ငါ့ သမီးလေး ကဗျာအိမ်ကိုပြန်မရောက်တော့ဘူး...
ကဗျာအမေအိုကြီး သူ့သားလေးကဗျာကိုပို့လိုက်တဲ့စာ လမ်းမှာပျောက်သွားတယ်

ငါ့သမီးလေးကဗျာ အိမ်ကိုပြန်မရောက်တော့ဘူး
ငါ့ကဗျာရှေ့တန်းက ပြန်လာရင်
နှင်းဆီပန်းတွေနဲ့ကြိုပါ . . . စကားလက်အိုဟာရာ ။ ။


ဖုန်းမြင့်

Wednesday, August 19, 2009

မြဒါလီသို့ ...တမ်းချင်းများ (၂)



ည တွေကမှိုင်းရော် ရီဝေ လွန်းနေတယ်

မြဒါလီရေ့... ။


တိမ်မျှင်တွေ ကျဲပါးနေတဲ့

အခိုက်မှာတောင်

လရောင်က
ပြည့်ပြည့် ဝဝ
မလင်းနိုင်ရှာပါဘူးကွယ် . . .။


မှုန်ရီ လဲ့ဖြာနေတဲ့

အလင်းသွဲ့ငယ်ကြားကနေ
ငါ့အိပ်မက်တွေ
မင်းဆီ တိတ်တိတ်လေး ပို့လိုက်ပါပေရဲ့
ချမ်းမြေ့ ပျော်ရွင်နိုင်ပါစေ ငါ့အချစ်... ။


ဒီလိုညမျိုးမှာ ငါဟာ

ကယောင်ခြောက်ချားနဲ့ပေါ့ မြဒါလီ . . .



ပြုတင်းတံခါးဘောင်နဲ့ တိုက်မိပြီး
လွင့်စင်ကျလာတဲ့
ပီယာနိုသံလို မင်းရယ်သံလေးတွေကို

လိပ်ပြာဖမ်း ပိုက်ကွန် နဲ့ လိုက်ဖမ်းကြည့်နေမိသူရယ်ပါ . . .။


ဘယ်လို မိနိုင်ပါ့ မလဲကွယ်

မင်းရယ်သံလေးတွေက အငွေ့ ပျံလွယ်တဲ့

စံပယ်ပန်းလေးတွေ ဖြစ်နေခဲ့တာကိုး . . .။


မင်းဟာ..ငါ့ သိစိတ် ၊ မသိစိတ် တွေအားလုံးရဲ့

ကျမ်းစာ အုပ်လေးပါပဲ မြဒါလီ

ငါ တဖွဖွ ရွတ်ဆို တမ်းတနေခဲ့ရတာကလဲ

မင်းရဲ့ နာမ တော်လေးပါပဲ . . ။



ရွှေသားလို ငါ့ အသက်ဓါတ်အား နှင်းအပ်ပါတယ် မြဒါလီ . . . ။


ငါ လဲကျရာ ကြမ်းပြင်မှ
မင်းနှုတ်ခမ်းများဖြင့်
ပြန်လည်ထူမတ်လှည့်ပါ . . . ။


မြစ်ရေတွေ တသွင်သွင်စီးဆင်းသွားကြပေမယ့်

ငါ့ရဲ့ အလွမ်းတွေ စီးဆင်းနေရတြဲ့မစ်က

မင်းသောင်ခြေဦးမှာ လူးလွန့်အေးခဲနေဆဲပါကွယ် . . . ။



မင်းမျက်ဝန်းလေး တချက်စိုဘို့ ..

ဘယ်နှဘဝစာ အထိ ငါငိုရဦးမှာလဲ

မြဒါလီ...


ဝီစကီတခွက်လို သွေးကြောထဲ အဆက်မပြတ်

လှည့်ပတ်၍ ငြင်သာစွာ မူးယစ်စေခဲ့သော
မြဒါလီ ...



တရှိုက်မက်မက် နစ်ကိုတင်းဓါတ်လို

ဖြတ်တောက်ရခက်စေသော
မြဒါလီ...


နေ့စဉ် ရက်ဆက် ငါ့ အား

တရှိန်ရှိန် အဖျားတက်စေခဲ့သော

မြဒါလီ ....


မင်းကို . . . ငါ . . .ချစ်တယ် ...

မင်းကို . . . ငါ . . .ချစ်ခဲ့တယ် ...

မင်းကို . . . ငါ . . .ဆက်ချစ်နေဦးမယ် . . .။


နှစ်ပေါင်းများစွာအကြာမှာ မတော်တဆ ၊ တိုက်ဆိုင်မှုအဖြစ်

ငါ့ကျောက်ဖြစ်ရုပ်ကြွင်းအား မင်းတူးဖော် ရရှိနိုင်ခဲ့လျှင်
ဘယ်ဘက်ရင်အုံတနေရာကို သေချာကြည့်လိုက်ပါ... မြဒါလီ
မင်း အက္ခရာတွေနဲ့ ငါ့နှလုံးသားဟာ
ဝင်းပနေတာကို မင်းတွေ့ရှိရပေလိမ့်မယ် . . . ။ ။



ဖုန်းမြင့်

(၂၅.၇.၂၀၀၉)

Saturday, August 15, 2009

မှော်ရုံတောမှာမျောလွင့်နေတယ်

စိတ်ကမ်းနဖူးမှာ
အာရုံကိုရွက်လွှင့်လိုက်တယ်. . .။

မထင်မှတ်သောမျက်နှာများ
ရွာချလာတဲ့အခိုက် . . .

ဝဋ်ဒုက္ခများနှင့်အတူတကွ
ယှဉ်တွဲနေထိုင်ရခြင်း . . .

အလိုမတူမှုမောဟမီးများ
ငွေ့ငွေ့လှိုက်စားနေစဉ်. . .

အသံတွေရဲ့နှောက်ယှက်မှုက
အတားဆီး
မဲ့ခဲ့ . . .

စကားပြောခြင်းမှ
အနုပညာဆင်ခြင်နု
ိင်မှုမရှိ . . .

ခရီးတခုရဲ့လားရာ
မည်ကဲ့သို့အဆုံး
သတ်မလဲ . . . ?

သင်္ချိုင်းမြေတခုလို
ငြီးငွေ့ဖွယ်ပက်ကြားအက်မှုများ . . .

ဂီတသံများနှင့်
မိမိကိုယ်ကိုယ် လှုပ်နှိုးနေရခြင်း . . .

စွဲလန်းခြင်း ပင့်ကူအိမ် ၌
ငြိတွယ်မိသောဥပါဒါန်အချို့. . .

ရမ္မက်မီးမှတဆင့် ဆက်စပ်မိသော
ဗင်းဆင့်ဗန်ဂိုးနားရွက်. . .

စာမျက်နှာအလွတ်များပေါ်
လက်ဖဝါးဖြင့်ဆက်သွယ်ချက် . . .

ရေဆုံးရေဖျားရူးသွပ်ခဲ့ရမှု . . .
{ မွန်းကျပ်ခြင်းမှ လွတ်မြောက်ရပါလို၏ ။ }

ဒုက္ခသစ္စာ၌တမြေ့မြေ့
ကျွမ်းလောင်နေရခြင်း . . .

မီးညှိဖွာရှိုက်လိုက်မိသော
ရှင်သန်မှုများ . . .

အိုမာခရမ် အရိပ်တွေ
မှတ်ဉာဏ်၌စွဲထင် . . .

စမ်းချောင်းလေးသဖွယ်
စီးဆင်းချင်နေသောစိတ် . . .

ပိတ်ဆို့တားဆီးမှုအဝိဇ္ဇာများ
မျက်ဝါးထင်ထင်ပြခဲ့သော ဖြစ်၊ပျက်တရား . . . ။

(အပ္ပမာဒေန ၊သမ္ပာဒေထ ကိုယ့်ဒါဏ်ရာ
ကိုယ်မမေ့ဘို့တော့လိုတယ် . . . ။ မောင်ချောနွယ်) . . .


ဖုန်းမြင့်
(၅.၈.၂၀၀၉)







Tuesday, August 11, 2009

လမ်းမတွေကငါ့ကိုခေါ်နေပြီ

ခေတ်ကိုထမ်းထားရတဲ့လမ်းမက
ခေတ်ကြီးကိုသူ့ခြေဖဝါးအောက်ထဲပြန်ထည့်ဘို့
လမ်းမတွေကငါ့ကိုခေါ်နေပြီ

တရုတ်တွေလိုချင်နေတဲ့လမ်းမက
တရုတ်တွေကိုလေပြန်ချွန်ပြဘို့
လမ်းမတွေက ငါ့ကိုခေါ်နေပြီ

သမိုင်းအဆက်ဆက်ကို
ခင်းကျင်းပြထားတဲ့ လမ်းမရဲ့ဧည့်ခန်းဆောင်ဟာ
သူ့ဂုဏ်ရောင်ကို
လေဘေးထည်ပုံရောင်းရုံနဲ့
မတင်းတိမ်နိုင်တော့ဘူးတဲ့

ရင်ကွဲပက်လက်မြို့ထဲ
ခွေခေါက်ထိုးထည့်ခံထားရတဲ့ လမ်းမက
ခါးဆန့်အညောင်းဖြေချင်ရှာပေါ့

လမ်းမပေါ် လမ်းသလားပြနေတဲ့
ကောင်မလေးတွေရဲ့စကတ်တွေတိုလာပေမယ့်
လမ်းမကတော့
ရှည်ရှည်လျားလျား ခင်းထားနေတုန်းပဲ
ရောခ့်သီချင်းတွေနဲ့ ကြီးပြင်းလာရတဲ့
လမ်းမရဲ့ပုံစံက
ဆံပင်ရှည်ရှည်နဲ့ ခက်ထန်ထန် ဟန်ပန်ရှိပေတယ်

လမ်းမက
နော်မန်ဗက်သွန်းကိုမျှော်နေတယ်
ရဲဘော်ချေ ကို မျှော်နေတယ်
မြို့မငြိမ်းကိုမျှော်နေတယ်
နယ်မြေသစ်ကိုအသဲအသန်ရှာနေတဲ့
လူငယ်သဘောင်္လေးတွေကိုမျှော်နေတယ်

တောထုတ်ကြ
တောထုတ်ကြ
လမ်းမတွေပေါ်ကနေ တောထုတ်ကြ
လမ်းမတွေက ငါတို့ကိုခေါ်နေပြီ

ကမ္ဘာအရပ်ရပ်က ကွဲကွာသွားတဲ့
သူငယ်ချင်း ၊ညီအကိုတွေကို
ပြန်မျှော်နေရတဲ့လမ်းမက
အတိမ်းအစောင်းမခံတော့ဘူး
လမ်းမတွေက ငါတို့ကိုအော်ခေါ်နေပြီ


ဖုန်းမြင့်

Sunday, August 9, 2009

ခံတပ်ဟောင်း၌လေ့ကျင့်ပြင်ဆင်ခြင်း

ရရှိခဲ့ရခြင်းများမှ တဆင့် ၊ ရောက်ရှိခဲ့ရခြင်းများ
မြင်နေကျ ဥခွံအတွင်းမှ ထိုးဖောက်ထွက်ကျလာသောအစွယ်ငေါငေါများ
အများသူငါနှင့်တကွ စားသုံးနေခဲ့ရသော ဘာသာစကားများ /ဝါကျများ ။

ထို့နောက်....

ခင်ဗျား ၊ကျနော် ၊ကျမ ၊ နာမ် ၊နမ်စား ၊ နာမဝိသေသန
အစရှိသည်တို့ဖြင့်မွမ်းမံအပ်သောမြို့ဟောင်း၊မြို့ပျက်များ
ယင်ကောင်အသေတွေပေါလောမျောနေတဲ့ကော်ဖီတခွက် သို့မဟုတ်
ခံတပ်ဟောင်းကို ပြုပြင်ပြင်ဆင်ရန်လိုအပ်နေသေးခြင်း
"စံပယ်တွေ မွှေးမြခဲ့သည်" ဟု အကြိမ်ကြိမ်ရွတ်ဆို ပြရန်၊
ကိုယ်လုံဂါထာများကျက်မှတ်ရန်လိုနေသေးခြင်း မှ
သဘောင်္တစီး၏ခေါင်းတိုင်ကဲ့သို့ အသက်ရှုတတ်ရန်လေ့ကျင့် သင်ကြားခြင်း ။

ဤကဲ့သို့ သင်ခန်းစာများမှတဆင့်.....

ချိန်းချက်ထားရှိခဲ့မှု အကြွင်းအကျန်များမှာ
ရေဒီယို တလုံးမှ အသံများကိုဆေးကြောသုတ်သင်ပစ်ရန်
တိမ်ပြာသော တနင်္ဂနွေနေ့၌ ဘုရားသခင်အား
စစ်တုရင်ကစားနည်း သင်ကြားပြသရန်
သံသရာဂေါက်သီးအားဘဝမြက်ခင်းပြင်တုတွင်
တချက်တည်းကျင်းဝင်ရန် ကြိုးစားခြင်း
သေခြင်းတရားအားယဉ်ကျေးအောင် မွေးမြူလေ့ကျင့်ပေးခြင်းနှင့်
အနော်မာ သောင်ကမ်းသို့ ခရီးရှည်ချီတက်ခြင်း ။

မှတ်ချက်ပေးရန် များမှာ...

ရေဗူး၊ဖိနပ်နှင့် ဘဏ်စာရင်းများ
တောင်ကုန်းများပေါ်တွင် ထွန်ယက်စိုက်ပျိုးခြင်း
နှင်းဆီရိုင်းများ တဝက်လွှင့်ထူဦးညွှတ်လိုက်ခြင်း
ပြတိုက်တံခါးများလုံခြုံစွာသော့ခတ်ပစ်လိုက်ရန်
ယခုရေးခဲ့သည်များကို မည်သို့သော အကြောင်းပြချက်ဖြင့်မျှ
ကဗျာဟု အဓိပ္ပါယ် ဖွင့်ဆိုခြင်းမပြုလုပ်ရ ။ ။


ဖုန်းမြင့်
(၅.၈.၂၀၀၉)


Thursday, August 6, 2009

ကြယ်စင်အကြွေတွေလိုက်ကောက်ရတဲ့မြို့

ဒီမြို့လေးရဲ့ကောင်းကင်မှာ ကြယ်စင်တွေ ခဏခဏကြွေတတ်သည် . . .။


သူ့ကို ဒီမြို့လေးမှာသူ့မိဘ၂ပါးက စတင်မွေးဖွားပေးခဲ့သည် ။
တနည်းအားဖြင့် ဒီမြို့လေးက သူ့ချက်မြုပ်ရာ သူ့ဇာတိမြို့လေးလဲဖြစ်သည် ။


သူ့ဖခင်ဖြစ်သူ ကဧရာဝတီ မြစ်ဝကျွန်းပေါ် ဘက်က နယ်မြို့လေး တမြို့မှ ၊ မိခင်ကတော့ ဒီမြို့သူစစ်စစ် သူ့မိဘ၂ပါးမှာ မြို့၏ မျက်နှာဖုံးစာရင်းဝင်များ မဟုတ်ကြသော်လည်း ဒီမြို့အပေါ်မှာ သံယောဇဉ် ကြီးမားလွန်း ကြသူတွေဖြစ်သည် ..။ ထိုမိဘ၂ ပါးမှ ပေါက်ဖွားလာသော သူ့အတွက် ဒီမြို့လေးအပေါ်မှာထားရှိတဲ့တွယ်နှောင် ရစ်ဖွဲ့မှု တွေက ပြောလို့မကုန်နိုင်တော့..။



ဒီမြို့မှာ မွေးဖွားကြီးပြင်းကြသူ အတော်များများများကလဲ မြို့လေးအပေါ်မှာ သူ့ထက်မသာရင်သာနေမယ် .. သူ့အောက်မလျှော့သည့် သံယောဇဉ် နှောင်ကြိုးများဖြင့် ခပ်တင်းတင်းရစ်ပါတ်ထားကြသူတွေများသာ ...
သို့သော် ..ဒီမြို့က သူတို့အပေါ်မှာ စိမ်းကားရက်စက်လွန်းလှသည် ..မြို့လေးနှင့် ပက်သက်လာရင် သွေးမတိတ်
နိုင်သော မိတ်ဆွေကဗျာဆရာလေးရဲ့ စကားလုံးများဖြင့်ဆိုလျှင် လင်တွေ ၊သားတွေကို ပြန်ပြန်မျှော်နေရတဲ့မြို့လေးပေါ့ မိတ်ဆွေလေးကတော့ ဒီမြို့လေးဟာ သူ့ရဲ့နောက်ဆုံးခံတပ်လို့ ကြွေးကြော်ခဲ့လေသည် ...။


ဒီမြို့လေးရဲ့နောက်ခံ ရာဇဝင်ကလဲ အနုညာတတော့ မဟုတ်ခဲ့ ဒီမြို့လေးရဲ့ ကုန်သည်ညီနောင်နှစ်ဦးက ဗုဒ္ဓဘာသာသမိုင်းမှာ ပထမဆုံး သရဏဂုံတည်ခဲ့သည် ပုဂ္ဂိုလ်တွေ ၊ ကြီးကျယ်ခမ်းနားလှသည့်အင်ပါယာတခုကို တည်ထောင်နိုင်ခဲ့ သော ဘုန်းလက်ရုံးနှင့်ပြည့်စုံသော ဘုရင်တပါးမှ အမည်ပြောင်းပေးခဲ့သောမြို့လေး... ဒီမြို့လေးကို ပတ်ခွေ စီးဆင်းနေသည့် မြစ်ရေများကတော့ ဝါကျင့်ကျင့်နှင့် ညစ်ထေးထေးနိုင်လှသည် . . . ။ သူကတော့ မြို့လေး အပေါ် အထပ်ထပ်ရစ်ပတ်ထားသော ချစ်ခြင်းများဖြင့် ချစ်နေလျှက်ပင် ....။


မြို့လေး၏ ကောင်းကင်တွင် ဆယ်စုနှစ်ပေါင်းများစွာ တိမ်ညိုတိမ်မည်းများ ဖုံးလွှမ်းခံခဲ့ရသည် ..။ တိမ်ညို တိမ်မည်း ဆိုသည့်အတိုင်း အစွမ်းကုန် ညစ်ထေးလျှက် မြို့လေးရဲ့ကောင်းကင်ပြင်မှ ကြယ်စင်များ၏ အရောင် အဆင်းကို မှေးမှိန်ဖျောက်ဖျက်ပစ်လိုက်ဘို့ အမြဲကြိုးစားနေတတ်သည်သာ....။ ထူးခြားဆန်းကြယ်သည့် အချက်တခုမှာ မြို့လေးကို သူတို့တတ်စွမ်းသမျှ အလင်းရောင်ပေးနေသည့် ကြယ်စင်များသည် တိမ်စိုင် မဲအုပ် များ လက်တွင်းမှ အတင်းထိုးထွက်လျှက် မရေတွက်နိုင်အောင် ထွက်ပေါ်လာနေကြခြင်းပင်ဖြစ်သည် ။
ယခုလည်း မြို့လေး၏ အတောက်ပဆုံးသော ကြယ်တာရာတစင်းကို အမှောင်ခန်းအတွင်း အတင်းသွတ်သွင်း ဘို့
ကြိုးစားနေကြပြန်လေသည် .. ။ သူ့မှာဖြင့် စိတ်မကောင်းခြင်းကြီးစွာ အဝေးက ငေးကြည့်နေရုံသာတတ်နိုင်ခဲ့ သည် ။


မြို့လေး၏ မြို့သူမြို့သားများကတော့ တုံဏှိဘာဝေ ဖြင့် အသံမထွက်နိုင်ကြ သူတို့၏ နိစ္စဓူဝများကို စက်ရုပ် ဆန်ဆန် အသက်ကင်းမဲ့စွာ လှုပ်ရှားနေကြရသည် ..။ သူတို့မှာ ဘာခံစားချက်မှ မရှိကြလေသလား.. သူကတော့ အဲ့လိုမထင်မြင်မိပါ ..သူတို့တွေရဲ့ခံစားချက်များမှာ ပြင်းထန်လွန်းလှသဖြင့် ဆောက်တည်ရာမရ ငြိမ်သက်သွားကြခြင်းသာ ဟု သိမြင်ခံစားလိုက်မိသည် အတွင်း၌ ဆူပွက်နေပြီး အပေါ်ယံမျက်နှာပြင်မှာ အေးစက်မာကျောနေသည့် မီးတောင်သေတွေလိုပေါ့ .. မြို့လေးအပေါ် အကြိမ်ပေါင်းများစွာ ဖြတ်သန်းတိုက် ခတ်ခဲ့သည့် မုန်တိုင်းပေါင်း မြောက်များစွာကို ကြံကြံခံ ရင်ကော့၍ အံတုကြသူများဟု ချီးမွမ်းနေမိသည် ..။
တနည်းအားဖြင့် မုန်းတိုင်းကြားမှ မီးလျှံငှက်များ....


သူကတော့ မြို့လေးကို အဝေးမှ တွေဝေမှုများစွာဖြင့်ငေးကြည့်နေရင်း သမ္မာကျမ်းစာလာစာတပိုဒ်ကို မြင်ယောင် ရေရွတ်နေမိသည် .. "အို... ယေရုယလင်မြို့ .. ၊ ယေရုယလင်မြို့ .. သင်သည် ပရောဖတ်တို့ကို သတ်မြဲရှိ၏ ၊ သင်ရှိရာသို့ စေလွှတ်လိုက်သော သူတို့ကိုလည်း ကျောက်ခဲနှင့်ပစ်မြဲရှိ၏ ကြက်မသည် မိမိ သားငယ်တို့ကို အတောင်အောက်၌ စုရုံးသကဲသို့ သင်၏သားတို့ကို စုရုံးစေခြင်းငှာ ငါအလိုရှိပြီ... ၊ သင်မူကား အလိုမရှိ"... ။


မြို့လေး၏ ကြယ်စင်များ အနှောင်အဖွဲ့ကင်းစွာဖြင့် ကောင်းကင်ယံမှာ အတောက်ပဆုံး လင်းလက်နိုင်စေဘို့ နှင့်၊ ကြယ်စင်အကြွေတွေ လိုက်ကောက်ပြီး နှမြောတမ်းတနေရသော အဖြစ်မျိုးမကြုံတွေ့ရပါစေလိုလို့ ဆုတောင်းရင်း..... ။


စိတ်ဓါတ်မကျနဲ့ မြို့လေးရေ.... ငါတို့ .. ပြန်လာနေပြီ...။




ဖုန်းမြင့်





Tuesday, August 4, 2009

မ mie nge ၏ ခုတလော



(ဘလော့တွေကို အစဉ်အမြဲ ဂရုတစိုက်ဖတ်လေ့ရှိပြီး ဘလော့ဂါတွေနဲ့ ဘလော့တွေအပေါ်အမြဲတန်း နားလည်မှုပေးတဲ့ ဘလော့ရီဒါ အစစ်ကြီး မ mie nge ကိုတဂ်လိုက်တာပါ ။ သူက ဘလော့မရှိရင် ရေးစရာမလိုဘူးလို့ ကြိတ်ပျော်နေတုန်း အလစ်အငိုက် တဂ်ခံလိုက်ရပါတယ် .. ကောင်းလေစွ ။ )



တွေးနေမိတာက


ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ ဗမာပြည်ရှိ ဒေသအသီးသီးမှာ နေထိုင်နေကြသော နိုင်ငံရေးအကျဉ်းသားများရဲ့  စားဝတ်နေရေးအခက်အခဲများ...




ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက

မဖြစ်သင့်တာကို မလုပ်မိနိုင်အောင် မိမိကိုယ်မိမိ ဆုံးမခြင်း



ကျန်းမာရေး

နှာစေးချောင်းဆိုးတောင်ဖြစ်ခဲပါတယ်..ဒါပေမယ့် အခုတလော ကိုယ်ထဲက ကလီဇာတခု
ဘယ်အချိန်အနှောက်အယှက် ပေးလိမ့်ဦးမယ်မသိလို့ စိတ်ပူနေမိရဲ့ ...ကြီးကြီးမားမားတော့ မဟုတ်ပါဘူး



ဖတ်ဖြစ်တဲ့စာအုပ်တွေက

မရှိပါ...ဘလော့တချို့ က နှစ်သက်တဲ့ပို့စ်များသာဖတ်ဖြစ်နေပါတယ်...မေ့တော့မလို့...စာမေးပွဲတခုဖြေဖို့လို့ စာအုပ်တအုပ်မဖတ်ချင်ဘဲ ဖတ်နေရပါတယ်...



ရောက်နေဖြစ်တာက

ကိုအောင်သာငယ့်ဘလော့ဂ်နှင့် တချို့ ဘလော့ဂ်များ


ရေးဖြစ်နေတာက

ဘလော့ဂ်မှာရှိတဲ့ စီဘောက်နဲ့ ကွန်မန့်မှာ...



နားထောင်ဖြစ်နေတာက

ကိုအောင်သာငယ်ပြန်ဆိုထားတဲ့ နေရာဟောင်း..နေညိုချိန်အတွေး နှင့် အွန်လိုင်းရှိ ဗမာသီချင်းများ..အပြင်..keith urban ရဲ့ 
somebody like you
you're my better half
once in a life time
memories of us
who wouldn't want to be me



ရွတ်နေမိတဲ့ကဗျာက


မရှိပါ..သီချင်းကိုပိုနှစ်သက်လို့
သီချင်းတွေဘဲလိုက်ဆိုမိနေရဲ့



ဖြစ်ချင်နေတာက

နိုင်ငံရေးအကျဉ်းသားများကို လွတ်မြောက်နိုင်အောင်
တကိုယ်တော်စွန့်စားစွမ်းဆောင်ပေးနိုင်သူတယောက်...



စားဖြစ်နေတတ်တာက


အဆင်ပြေသလိုချက်စားဖြစ်နေသော စားစရာများနှင့် မိတ်ဆွေများကခေါ်ကျွေးသော အလှုစားစရာများ...
( ခြေလေးချောင်းသား မစားတတ်ပါ...ဘာသာရေးကြောင့် မဟုတ်ပါ...) ..။( မ mie nge)

အောက်ကတော့ ကိုယ့်ဘလော့ ကိုပိတ်ထားပြီး သူများကွန်မန့်နဲ့ စီဗုံးမှာ တဗြဲဗြဲနဲ့ အော်ဟစ်ပြီး အသလွတ် ဝင်ကြော်ငြာလေ့ ရှိတယ် မအယ်ဇီရဲ့ ကြော်ငြာပါ ..။း)

(ပိုက်ဆံရှိတယ်ဆိုပြီး အသားတွေ အစားတွေ နင်းကန်စားတာတွေ ကြောင့် ငတ်တဲ့သူတွေပိုငတ်ကုန်တာတဲ့။
အသားစားပါတဲ့။ fao က ပြောတာ။မအယ်လည်း ခြေလေးချောင်းသား မစားဘူးပြောလို့ ရတယ်။
အမဲမစား၊၀က် ကို ၀လာမှာ ကြောက်လို့ မစား။
ဆိတ်က ၀ယ်မရလို့ မစား။
သိုးက နံလို့ မစား။
ယုံတွေ ဘာတွေဆို ၀ိုင်းထဲမှာ စားတာမြင်ရင်ကို သနားလို့ ရင်တွေတုန်လာတယ်။ ကြားတောင် ကြားချင်ဘူး။)

မှတ်ချက် ။ ။ သူတို့ ၂ယောက်စလုံးလက်ရှိအိပ်နေသည့် ကုတင်များကို ခြေထောက်ဖြတ်ပစ်ရန် အမြန်ဆုံးလို အပ်နေပါသည် (ဖုန်းမြင့်) ။



သနားနေမိတာက

ဗမာပြည်မှာရှိတဲ့ မီးပျက်လို့စိတ်ညစ်နေရသူများ အင်တာနက်ကွန်နက်ရှင် မကောင်းလို့ စိတ်ရှုပ်နေရသူများ စားဝတ်နေရေးခက်ခဲနေရသူများ...


လွမ်းနေမိတာက

ဗမာပြည်မှာရှိစဉ်က ရောက်ဖူးခဲ့သောနေရာများနှင့် မိဘဆွေမျိုး သူငယ်ချင်းများ



မေ့လျော့ပစ်နေမိတာက

သက်ရှိများကိုတော့မမေ့တတ်ပါ...သင်ခဲ့ဖူးသောကျောင်းစာများကိုတော့မေ့တတ်ပ..


ခါးသက်နေမိတာက

အခြားသူများကို ညှင်းပန်းနှိပ်စက် ချိုးနှိမ်ပြီး မိမိအသက်ရှင်ရပ်တည်နိုင်ဖို့ ကြိုးစားသူများ



တမ်းတနေမိတာက

အနားမှာမရှိတဲ့ မိမိက ပြုစုခွင့်မရတဲ့ မိဘ နှစ်ပါး...



ကြိတ်ပြီးချီးကျူးနေမိတာက

မိမိထက် အသက်ကြီးသူ ငယ်သူ အတွေးကောင်း အရေးကောင်းတဲ့ ဘလော့ဂ်ဂါများ...




ကြိတ်ပြီးအထင်သေးနေမိတာက

ကျမနေထိုင်ရာကနေ ဗမာပြည်သို့ အလေးချိန်ဖြင့်၊ငွေကြေးဖြင့် လူကြုံသယ်တဲ့အခါ ပေါင်ချိန်ခိုးသောသူများ...( ကိုယ်တွေ့ကြုံရတာများပြီ..)



ဆန္ဒမရှိတဲ့နေရာ

မိဘများနှင့်ဝေးနေရတဲ့နေရာ


ဆန္ဒရှိနေတဲ့ကိစ္စ

ကမ္ဘာပေါ်ရှိ အစာရေစာငတ်မွတ်ခေါင်းပါးသော နေရာများရှိ သက်ရှိသက်မဲ့များကို အစာရေစာကျွေးခြင်း...


မုန်းတီးနေမိတာက

ကမ္ဘာပေါ်ရှိ စစ်အာဏာရှင်များအားလုံး...


စိတ်ပျက်နေမိတာက

တပါးသူများကို ထိထိရောက်ရောက် မကူညီ ပေးနိုင်တဲ့ မိမိကိုယ်ကိုယ်...


လိုအပ်နေတာက

အချိန်နဲ့ ငွေကြေး


စွဲလန်းနေမိတာက

အခုအချိန်မှာတော့ ဘလော့ဂ်လည်ဖတ်ခြင်း.


တောင်းနေမိတဲ့ဆု

အခုနောက်ပိုင်းတော့ မိမိအတွက် ဆုတောင်းခြင်းအမှုကို မပြုတော့ပါ..
သူများအတွက်တော့ တောင်းဖြစ်နေပါတယ် ...



ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက

မိမိစကားကို နားမထောင်တဲ့အခါ မိမိသမီးကို မအော်ချင်ဘဲနှင့် အော်မိခြင်း( အလုပ်များလို့စိတ်တိုနေတဲ့အချိန် )


ဝန်ခံချင်တာက

ဒီပို့စ်ရေးဖို့ တဂ်လိုက်တဲ့ မောင်ဖုန်းမြင့်အား ပထမတော့ စိတ်ရှုပ်သွားပြီး နောက်တော့ ကိုယ့်ကို သတိတရရှိလို့ တဂ်တာဘဲလေဆိုပြီး ကျေးဇူးတင် ၀မ်းမြောက်မိပါတယ်လို့ ၀န်ခံချင်ပါတယ်...

တခါမှမရေးဖူးလို့ အမှားပါရင်ခွင့်လွှတ်ပေးပါရန်..
တောင်းပန်အပ်ပါသည်...။

အခုလို ဗမာဖောင့်ရိုက်နိုင်အောင် အားပေးတဲ့
လေးစားချစ်ခင်ရသော ကိုအောင်သာငယ် နှင့် ဒီပို့စ်ဖြစ်အောင် တဂ်လိုက်တဲ့ မောင်ဖုန်းမြင့်
တို့ကို ကျမကနေပြီး ကျေးဇူးအထူးတလည် တင်ရှိပါကြောင်း.. ။

mie nge

ခုတလော (တဂ်ခြင်း၏အနုပညာ)



ကိုအောင်သာ နှင့် Mirror အချွန်နှင့်မ၍ ရေးပါသည် . . .။


တွေးနေမိတာက

(၁) မြန်မာပြည်ကို လက်ညိုးထိုးရောင်းနေကြတဲ့ လူတွေကို
ပြန်ပြီးလက်ညိုးထိုးရောင်းရင် ဘယ်လောက်များ ရမှာပါလိမ့်
(၂) ငါ့ကိုယ်ငါရော တခါထဲ ရောင်းလိုက်ရရင်ကောင်းမလား
(၃) ဒီအချိန် သူ .?.?.? ဘာတွေလုပ်နေမလဲ



ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက

တော်တော်လေးအပျင်းထူပြီး သနားစရာကောင်းတဲ့ သတ္တဝါပဲ

ဘာအကြောင်းကိုမှ ခုထိသေချာ မသိသေးဘူး


ကျန်းမာရေး

မကောင်းတချက် ကောင်းတချက်
အာရုံကြောတွေ အားနည်းနေတယ်


ဖတ်ဖြစ်တဲ့စာအုပ်တွေက

ကိုယ့်ဘဝထဲက စာမျက်နှာတချို့ (အပျင်းပြေ ပြန်လှန်ကြည့်နေတာ ..ကြည့်မကောင်းပါဘူး)

လူပေါ်လူဇော်လုပ်နည်းကို အလွတ်ရအောင် ကျက်ပစ်မယ်


ရောက်နေဖြစ်တာက

အဝေးရောက်ပင်လယ်


ရေးဖြစ်နေတာက

ဟိုမရောက် ဒီမရောက် ကဗျာတချို့နဲ့
အဆုံးမသတ်နိုင်သေးသော အက်ဆေးများ
မြဒါလီသို့ ...တမ်းချင်းများ စီးရီးလိုက်
( မှတ်ချက် ။ အမှတ်စဉ် အင်ဖနတီရောက်သည်အထိရေးပါမည် စိတ်ညစ်တော်မူကြပါကုန် )



နားထောင်ဖြစ်နေတာက

Rod Stewart ရဲ့
I don't wanna talk about it
နဲ့ You're in my heart

ရွတ်နေမိတဲ့ကဗျာက

ငါ့ရင်ဘတ်ထဲ လာခွေမနေပါနဲ့
မြွေမလေးရယ်
မင်းအတွက်က
အနမ်းသက်သက်ပါ
ငါကတော့
တစ်ဘ၀လုံးအဆိပ်တက်နေပြီ... (မိုးလှိုင် ရဲ့ကောင်မလေးက မြွေပဲကဗျာထဲက )



ဖြစ်ချင်နေတာက

ဒေးဗစ်ကော့ပါးဖီးလ် (ကိုယ့်ဘာသာ ပြန်ဖျောက်ကြည့်ချင်လို့)
ဒွန်ကင်း (မိုက်တိုင်ဆန်ကို ရအောင်ပြန်ခေါ်ပြီး အဘ**တယောက်နဲ့ ရုံသွင်းလိုက်ချင်တယ် )



စားဖြစ်နေတတ်တာက

သေစာရှင်စာလောက်ပဲ (တခါတခါ စားဖြစ်ချင်မှ စားဖြစ်တယ် )



သနားနေမိတာက

ကိုယ့်ကိုယ်ကိုယ် (ဒါကတော့ ချွင်းချက်မရှိပေဘူး)



လွမ်းနေမိတာက

တခါက ပင်လယ်ကမ်းခြေညများ



မေ့လျော့ပစ်နေမိတာက

ကိုယ့်ရဲ့ လူအဖြစ်တည်ရှိနေခဲ့မှုကို



ခါးသက်နေမိတာက

အလွမ်းနေရဆုံးသော အရာ



တမ်းတနေမိတာက

နှုတ်ခမ်းပါးလေးတစုံနဲ့ ရယ်သံတချို့



ကြိတ်ပြီးချီးကျူးနေမိတာက

ကမ္ဘာကြီးပြားပြီလို့ အလန့်တကြား ထအော်လိုက်တဲ့လူ



ကြိတ်ပြီးအထင်သေးနေမိတာက

ဟောင်ဘွာ ဟောင်ဘွာ ပြောတတ်လွန်းတဲ့ ကိုယ့်ပါးစပ်



ဆန္ဒမရှိတဲ့နေရာ

သေပြီးရင်ဗြဟ္မာဘုံမှာသွားမဖြစ်ချင်ဘူး . . .း)



ဆန္ဒရှိနေတဲ့ကိစ္စ

ဘလော့ဂါတွေရေးခဲ့တဲ့ ရန်ကုန်ကဗျာတွေကို စာအုပ်ထုတ်ချင်တာ



မုန်းတီးနေမိတာက

အသုံးမကျလွန်းတဲ့ ကိုယ့်ဦးနှောက်ကို



ချစ်နေတာက

ရင်ထဲအထိစူးအောင် ဖတ်လိုက်ရတဲ့ကဗျာတွေကို



စိတ်ပျက်နေမိတာက

သုံးနေတဲ့ ကွန်ပျုတာ ဟမ်း သွားတာ


စွဲလန်းနေမိတာက

အရင်တချိန်က အဖြစ်အပျက်များ


လိုအပ်နေတာက

ဘဝတခုလုံးစာမကဘူး



ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက

အမေ့အိမ်သီချင်း
(ခလုတ်ထိမှ အမိတတယ် ပြောချင်လဲပြောတော့)


ဝန်ခံချင်တာက

အပေါ်ဆုံးက ၂ ယောက် အချွန်နှင့် မခြင်းကြောင့်ပါ




ကိုယ့်အလှည့်ပြီးတော့ ထပ်မလိုက်ပါဦးမည်
မိုးလှိုင်ည ( မဖြစ်မနေရေးပေးပါရန်)
ကလင်းထက် ( ကိုအောင်သာ တဂ်ပြီးပါပြီ ထပ်တဂ်ပါသည် )
ဘလော့မရှိလျှင် ရေးစရာမလို လွတ်ပြီထင်နေသော
မ mie nge ( ကွန်မန့်၌ ရေးခဲ့ပါ ဘလော့တွင် ပြန်တင်ပါမည် ။ )

ရန်ဖြစ်နေကျ ဖောက်သည် ဘော်ဘော်ကြီး မအယ်ဇီ (ကိုအောင်သာ တက်ဂ်ပြီးသော်လည်း ထပ်တဂ်ပါသည် )




ခင်မင်မှုများစွာဖြင့်

ဖုန်းမြင့်











Saturday, August 1, 2009

အမှတ်မထင်ရွာချလိုက်သောမိုးစက်များ


ကမ္ဘာမြေတနေရာမှာ
သူတို့ရှိခဲ့တယ်ဆိုတာ

သေချာဘို့ သက်သေပြခြင်းအဖြစ်
ငွေ့ရည်ဖွဲ့မှုကို အရည်ဖျော်ချတယ် ။


ဒါဟာ . . .

လေလွင့်မိုးတိမ်တခုရဲ့ ... ငိုကြွေးမှုလား
မိုးမျှော်နေသူအတွက် ... ကြည်နှုးဖွယ်ဂီတလား
မေ့လျှော့ခံရခြင်းကိုပဲ သတိရနေခဲ့မှုက
အတွင်းပိုင်းနက်နက်ထိ
တမြေ့မြေ့စိမ့်ဝင်စီးတယ်



ခလုတ်မပိတ်ပစ်နိုင်ခဲ့သော

အထပ်ထပ်မှားယွင်းမှုထဲ
မိုးဦးလို မင်းပုံရိပ်တွေကို
Delete လုပ်ပစ်ချင်တယ် ။


ကြေက်မက်ဖွယ် ရွာသွန်းမှုအပြီး

အထိတ်တလန့် ထကြည့်မိတဲ့ ဝန်းကျင်မှာ
ဆွေးမြေ့မှုတွေသာရွဲနစ်
လွမ်းဆွတ်ခြင်းတွေက
ရွံနွံအဖြစ် တင်ကျန်နေရစ်တယ် ။ ။


ဖုန်းမြင့်