ကဗျာဆိုတာ ......ကျနော်တို့ ...... လက်ရသိမ်းပိုက်ထားတဲ့ နောက်ဆုံးခံတပ် ... မြို့ပါပဲ.......။
Saturday, October 31, 2009
လူစားထိုးခံလိုက်ရတဲ့တစ္ဆေ
ပျှမ်းမျှ အပူချိန် ဖာရင်ဟိုက်ဒီဂရီ
ဘယ်ရွှေ့ဘယ်မျှ
ဒီကောင်လေး ကိုယ်တွေတော်တော်ပူနေပါလား
နားထဲက သဲသဲကွဲကွဲမကြားဘူး
လေတွေက တအူးအူး
ဇောချွေးတွေက ရေတံခွန်လို စီးဆင်း
လည်ချောင်းထဲမှာ မီးလောင်တိုက်ကြီးလား
သတိက မရတချက် ရတချက်
မှိန်ဖျော့ဖျော့ မြင်ကွင်းထဲ
အမေ့ပုံရိပ် က တဖြေးဖြေးဝေဝါး
"အား" !! ..
အော်သံက ပဲ့တင်ပြန်မလာဘူး
ဒါ .. မွန့်ခ်ျရဲ့ ပန်းချီကားမှ မဟုတ်တာ
စိတ်မလွတ်သွားစေနဲ့
ဘုရားတရားကိုအာရုံပြု
နှာသီးဝလေးမှာ သတိလေးကပ်
အာနာပါနလေး ရှုကြည့်ပါလား
မရဘူး . . .
ဝေဒနာနုပဿနာမှာ နာကျင်မှုမလျှော့ပါးဘူး
ထိန်းထားတဲ့ကြား က အာရုံကလွင့်ကနဲပါသွားတယ်
ဟိုမှာ . . .
ပါရီမြို့က လမ်းမတွေလား
သေချာပြီ
အဝါရောင်ကဖေးမှာထိုင်နေတာ တစ္ဆေ .. ဗန်ဂိုး
"ခင်ဗျား အရူးပဲ" လို့ပြောလိုက်တယ်
"ကိုယ်ချစ်တဲ့ မိန်းမက ကိုယ်ကို့ပြန်သတ်တာခံလိုက်ရတဲ့ "
"အသုံးမကျ လွန်းတဲ့ တစ္ဆေ"
သူက လက်ခုပ်လက်ဝါးတွေ တီးပြီးသဘောကျလို့
"မင်းကို ငါ့နေရာမှာ အစားထိုးဖို့စောင့်နေတာ နှစ်ပေါင်းများစွာကြာပြီ"
အေးစက်စက် ပြန်ပြောတယ်
သူ့စကားဆုံးမှ ကျနော်ကိုယ်တိုင်ကလဲ
အသတ်ခံလိုက်ရတဲ့
တစ္ဆေတကောင်မှန်းသိလိုက်ရတယ် အမေ . . .။
ဖုန်းမြင့်
Wednesday, October 28, 2009
အပျင်းပြေ အပျော်ဖတ်
အရေပြားပေါ်က အယားပြေအောင်
တကိုယ်ရည် အာသာပြေ ချင်နေတဲ့စိတ်
ကိစ္စက ထိပ်ဝ ရောက်ခါနီး
တကိုယ်လုံး ကြက်သီးတွေ ဖျန်းဖျန်း ထ
ညောင်ဦး ကမ်းပါး(ကဘား)ပြို တော့
စမ္ဗနဂိုရ်က နမ /နွားမ တွေ ဈေးပေါင်ကျိုးတယ်ပဲပြောလိုက်မယ်
ခါလာကြီးက မာလကီးမယားခင်
မာလကာသီးမှ စားချင်တယ်ဆိုလို့
အရေးတကြီးပြေးဝယ်
ဂွေးသီးသယ်ပဲ တွေ့တွေ့နေတယ်
ဒီမောင်က ဆေးဘဲ / ဟိုဘဲက ဖွန်ကြောင်
အခွံ(အခွန်) ဆောင်ရန် ၊ ရှောင်ရန် များမှာ
မိမိတို့နှင့် မသက်ဆိုင်ပါကြောင်း . . .
ခက်ခက်ခဲခဲ၊ ပင်ပန်းတကြီး၊ တပ်ဆင်မှုကြီး ရဲ့နောက်ကွယ်မှ
ဇာဘော်လီချိတ် ပြုတ်ထွက်ခြင်း
ကဲ . . . ဒါကိုပဲ ခင်ဗျားတို့သိတယ်ဆိုတဲ့
အနုပညာနဲ့ ဘာသာပြန်ကြည့်စမ်းပါ
တခဏတာ လမ်းလွဲ အောင်မြင်မှု
( အထွဋ်အထိပ် ရောက်မှ ၁၅ မိနစ်လောက်ပဲကြာမယ် )
တပ်မက်ချင်ယောင်ဆောင်မနေနဲ့
ချွေးသံတလုံးလုံး အားထုတ်ကြိုးပမ်းမှုရဲ့ နောက်ကွယ်
ဟော . . . ဒါဟာ . . .ကဗျာ ဖြစ်တယ်
ဟော . . . ဒီလိုမျိုး . . . ကဗျာတွေရမယ်
တလဟော ၊ တရစပ် ပန်းထွက်လာတဲ့ကဗျာများ
(ခင်ဗျားလေးတို့အတွက် သီးသန့်စပါယ်ရှယ်)
ဖတ်ချင်လဲ ဖတ် ၊ မဖတ်ချင်လဲနေ
ပြတိုက်ထဲမှာ သိမ်းချင်သိမ်း ၊ ကျပ်ခိုးစင်ပေါ်တင်ချင်လဲတင်
နမ/နွားမ တော် ညိုပြာညက်များ
အားလပ်ရင် ခါးစပ်မှာ ဆင်ဘို့
(လတ်လျှား လတ်လျှား လုပ်နေမယ့်အစား )
ဟောဒီမှာ . . .လမ်းဘေးက ကဗျာတွေ
ပူပူနွေးနွေး အထူး ပြုလုပ်ဖန်တီးပေးနေပါပီ
ဖုန်းမြင့်
Monday, October 26, 2009
ပုတ်သင်ညို ကမ္ဘာသစ်ပြဇတ်
ဝိဒေဟရာဇ် ခေတ် မှ တကောင်စ နှစ်ကောင်စကျန်ခဲ့သောပုတ်သင်ညိုများသည်၂၁ ရာစုထဲတွင်မျိုးပွားမှုနှုန်း လျှင်လျှင်မြန်မြန်ဖြင့် အုံလိုက်ကျင်းလိုက် ကြီးထွားလာနေကြပါသည် . . . ။
ု
ထို ပုတ်သင်ညိုတို့သည် မိမိကိုယ် မိမိတို့ ကမ္ဘာဦး ဒိုင်နိုဆောများမှတဆင့် ရွေ့လျှားဆင်း သက်လာကြသူများဟု သက်ဝင် ယုံကြည်ကြပါသည် . . . ။
ပုတ်သင်ညိုတို့ ၏ သမိုင်းခေတ် ဖြတ်သန်းမှု အတွေ့အကြုံများအရ ရာစုသစ်ထဲတွင် အရောင်ပြောင်းရုံမျှဖြင့် လုံခြုံမှုမရှိတော့ဘူးဆိုခြင်းကို သိရှိလာကြပြီး ပုတ်သင်ညို ပါရာဒိုင်း အပြောင်းအလဲဖြစ်ဖို့ ပုတ်သင်ညို ရီဗော်လူးရှင်း တခု ပြုလုပ်ချင်လာကြပါသည် ။
ထို့ကြောင့် ပုတ်သင်တို့သည် . . .
အမြဲတန်းသင်ယူနေရမည့် ပုတ်သင်ညို အဖွဲ့အစည်းဟု ခံယူလိုက်ကြပြီး ၊ပုတ်သင်ညို ဂျင်နရေးရှင်းများ ၏ ဇီဝမျိုးစိတ် မြှင့်တင်ရေးအတွက် ကမ္ဘာအရပ်ရပ်ရှိ မြို့တော် အသီးသီး၏ မြေပေါ် ၊ မြေအောက် နေ ကြွက်များ ဆီမှ သင်ယူလေ့ကျင့်ခြင်း (တပါးသူများ သိုလှောင် သိမ်းဆည်းထားခြင်းမှ အလစ်အငိုက် ရှာဖွေ စားသောက် တတ်စေရန် ) ၊ ကမ္ဘာ့ တိုက်ကြီးများ အသီးသီးတွင် မှီတင်းနေထိုင်ကြ ကုန်သော ကျီးကန်းများဆီမှ သင်ယူခြင်း (ကျီးကန်းများ ၏ အမူအကျင့် ဓလေ့ စရိုက်များကိုမူ မြန်မာ့ စွယ်စုံ ကျမ်း များတွင် အကျယ်ရှုရန် ။ မှတ်ချက် ။ ။ဘရန်ဒွန်လီ၏ The Crow ဇတ်ကားကို ပုတ်သင်များ အသဲစွဲ ကြိုက် နှစ်သက်ကြပါသည် ။ ) ပုတ်သင်များသည် မိမိတို့၏ ပညာရည် မြင့်မားရေး ၊ ကျမ်းကြီး ၊ကျမ်းခိုင် များနှင့် စာကြီးပေကြီးများတွင် ကျွမ်းကျင် နှံ့စပ် နိုင်ရေးအတွက် ပိုးဟတ်များ၊ ခြများ ဆီမှလည်း သင်ယူလေ့ကျင့် ကြပါသေး သည် ။
ပုတ်သင်များသည် နိုင်ငံတကာ အသိုင်းအဝန်းနှင့်တကွ လူမှုအဖွဲ့အစည်း အသီးသီးတွင် ပူးပေါင်းပါဝင် ဆောင်ရွက် နိုင်ရေးအတွက် စားဖားများ ၊ဖားပြုတ်များ ၊ ဖားခုံညင်းများ ၊ ဖားလတက်များ ၊ ကျော်စံကေးများ ( ဖားဟူသည့် အက္ခရာ စာလုံးပေါင်းပါဝင်သည့် သက်ရှိများမှ အစ၊ စွတ်ဖားလှည်းအဆုံး ) ထံမှ လည်း အပတ် တကုတ် ၊ကြိုးစားပမ်းစား သင်ယူလေ့ကျင့်ခဲ့ ကြပါသည် ။ ( ဤနေရာတွင် ပုတ်သင်များ၏ ကြိုးစားအားထုတ်မှု ကို လေးနက်ပေါ်လွင်အောင် မည်ကဲ့သို့ ရေးသားရမည်ကို ကျွန်ုပ် အမှန်တကယ် မသိရှိခဲ့ပါ ။ )
ပုတ်သင်များ သည် အမြင် ကျယ်စေရေးအတွက် ဇီးကွက်များ ထံမှ သင်ယူခြင်း ၊ မြင့်မြင့်ပျံ၍ ဝေးဝေးမြင်နိုင်စေရန် လဒများ ဆီမှ သင်ယူခြင်း ၊ အညှီ ၊ အဟောက်ရှိရာ ဆီသို့ အုပ်ဖွဲ့ ပျော်ပါးနိုင်ရေးအတွက် ယင်ကောင်များ ဆီမှ သင်ယူခြင်း ၊ အစရှိသည့် အကြောင်းအရာများ ကိုမူ ဤနေရာမှ နေ၍ အကျယ်တဝင့် မရေးသား မပြောဆိုလိုတော့ပါ ။
ပုတ်သင်များသည် ကမ္ဘာပြားပြီ ဟူသော အယူအဆကိုလဲ လက်ခံယုံကြည်ကြပါသည် ။ ထို့အပြင် ပုတ်သင်များ သည်ခေတ်သစ် စိတ်ပညာကို ကျွမ်းကျင်လာကြသည့် အလျှောက် ၊ စိတ်ပညာ သဘောတရား အရ အုပ်စုဖွဲ့ ဖိအားပေးခြင်းသီဝရီ ( Group pressure ) ကို တွင်တွင်ကျယ်ကျယ် အသုံးချ လာနိုင်ကြပါသည် ။ ထို့ကြောင့် . . . pokethinnyo@gmail.com ဟူ၍ မေးလ် အကောင့်တခု ပြုလုပ်ကာ ကမ္ဘာ့ နေရာဒေသ အသီးသီးရှိ ပုတ်သင်များကို ဆက်သွယ်၍ ချက်တင်များတွင် ပုတ်သင် ပဓါန ဝါဒ ကို တွင်တွင် ကျယ်ကျယ် ဖြန့်ဖြူး ခြင်း ၊ ပုတ်သင် မျက်နှာ စာအုပ် အမည်ရ ဆိုရှယ် နက်ဝေါ့ ကင်း ဝဘ်ဆိုဒ်များတွင် ဖန်ကလပ်များ ထူထောင်ကြခြင်း ၊
ထို့အပြင် မိမိတို့၏ ဝါဒရေးရာများကို စိစစ်ဖြတ်တောက်ခြင်း အန္တရာယ်မှ လွတ်ကင်းရန် အလို့ငှာ ဂူဂယ်မှ အလကားပဲတင်းကို ဈေးမဆစ်ပဲ ရသောဘလော့များတွင် www.http//pokethinnyo.blogspot.com ဟူသော စာမျက်နှာကိုဖန်တီးကာ ပုတ်သင်ညိုအနုပညာ အမည်ရ ကဗျာ ၊ စာပေ၊ ဆောင်းပါး၊ အက်ဆေး များကို ရေးသားတင်ပြလာကြပါသည် . . . ။ ထိုအချိန်မှ စ၍ Art For Pokethinnyo Sake အနုပညာသည် ပုတ်သင်ညို များ အတွက် ဟူသောဝါဒတခုသည်လည်း ပျံ့နှံ့တွင်ကျယ်လာပါတော့သည် ။
ဤကဲ့သို့ ဂုဏ်အရည်အချင်းများနှင့် ပြည့်ဝသော ပုတ်သင်များကို ဂုဏ်ပြုကြိုဆိုသော အားဖြင့် ကမ္ဘာပေါ်ရှိ နိုင်ငံကြီးတနိုင်ငံမှ ထုတ်လုပ်သော ကွန်ဒုံများကို ပုတ်သင်များ ဖြင့်အမှတ်အသားလိုဂို ပြုလုပ်ကာ အဖော် ဟူသော အမှတ်တံဆိပ်ဖြင့် ဈေးကွက်တွင် တွင်ကျယ်စွာ ဖြန့်ဖြူး ရောင်းချခဲ့ပါတော့သည် ။
နောက်ဆက်တွဲအနေဖြင့် ထပ်မံသိရှိရသည်မှာ ရောခ့်ပုတ်သင်စတီးဝပ် သီဆိုသော ယောယိမ်းလိုက် ဘသား ယိမ်း လိုက် အမည်ရှိသော ရောခ့် တေးဂီတ အယ်လ်ဘမ်မှာ ပုတ်သင်များ ကြားတွင် အရောင်းရ အတွင်ကျယ်ဆုံး ဖြစ်နေခြင်းပင် ဖြစ်ပါသည် ။
ဤတွင် အက်ဆေးဟူသော လေဘယ်လ်ကပ်၍ ကျွန်ုပ် ရေးချင်ရာ လျှောက်ရေးသော အကြောင်းအရာများ နိဌိတံ ပါ၏ ... ။
ဖုန်းမြင့်
(ခတ္တ ပုတ်သင်ညို ယဉ်ကျေးမှု ထွန်းကားရာအရပ် )
Sunday, October 18, 2009
ဒေးဗစ်ကော်ပါးဖီးလ် လို ငါတို့ရဲ့ ဖျောက်ဖျက်ခဲ့မှုများ ။
မီးလင်းဖိုလေးရှေ့မှာပဲ
ငါ့ကိုယ်ငါ ပြန်နွှေးနေရတယ်
ငါ့တို့ရဲ့ညစာတွေဟာ လဲ ငါတို့လိုအေးစက်ကြလို့ . . .
”ကမ္ဘာမြေကြီးအပေါ်မှာ လူသားတွေဟာ
မတော်မတရားကျင့်ခဲ့တယ် “ . . .
အဲ့ဒီလို . . .
ငါတို့အမြဲစားသုံးနေကြ ပွဲနေ၊ ပွဲထိုင် စကားလုံး တွေနဲ့
ဧည့်ခံပွဲတွေဟာ တောက်ပ အသက်ဝင်ခဲ့ကြရ . . .
ညညဆို . . .ငါ တို့ဟာ
ဘဂ္ဂဒက်မြို့က လမ်းကြို လမ်းကြားတွေကို
မော်နီတာ ဖန်သားပြင်က တဆင့်သွားတယ် . . .
ငါတို့ရဲ့ အကြင်နာတရားဟာ
ကီးဘုတ်က ခလုတ်တွေ အပေါ်မှာ
”ဧရာဝတီဒယ်လ်တာက မိဘမဲ့ ကလေးသူငယ်တွေကိုကွာ” . .
အခုလိုပြောလိုက်တဲ့ ငါ့ သူငယ်ချင်းရဲ့စာနာမှုဟာ
သူ့လက်ထဲက ပြာမကြွေသေးတဲ့ စီးကရက်ရှည်လိုပဲ
ရှည်ရှည်မျောမျော ကြီးတိုးထွက်လာခဲ့ . .
ငါတို့ဟာ . . .
ဆပ်ပြာပူဖောင်းတွေ မှုတ်ထုတ်လိုက်သလို
စကားလုံးတွေ တဖူးဖူးမှုတ်ထုတ် ပြီး ပျော်ရွှင်စွာ ဆော့ကစားကြ
ငါတို့ရဲ့ . . .ဝမ်းနည်းကြေကွဲမှုကို
အိမ်မြှောင်တကောင်လို တကျွတ်ကျွတ် စုတ်သတ်ပြ လိုက်ကြ
ငါတို့ဟာ လူပီပီသသ ၊
ငါ့တို့ ရဲ့ . . . ဒုက္ခတရားကမှ
စကြဝဠာကြီးထဲ က မဟာအခက်ခဲဖြစ်တယ်ဆိုတဲ့အကြောင်း
စီကာပတ်ကုံး ဖွဲ့နွဲ့လိုက်ကြ
ငါတို့ . . . အတ္တတွေ ထူပိန်းထလာတဲ့အထိ
ဆေးသားတွေ တလွှာပြီးတလွှာ အသပ်ရပ်ဆုံး တင်ကြ
လူတိုင်းက စိုးရိမ်ရေမှတ် ရောက်နေချိန်မှာ
ငါတို့ကြမှပဲ ထူးကဲဒီရေ တက်သလိုမျိုး
ငါတို့ဟာ ပြောဆိုရယ်မောခဲ့ကြ
ဒီလ အတွက် အိမ်ကိုငွေလွှဲပြီးပြီးဆိုတဲ့အကြောင်း
သရီးဂျီအိုင်ဖုံးနဲ့ ဆက်သွယ်ပြောခဲ့ကြ
ငါတို့စကားလုံးတွေဟာ ပလုံစီပြီး
ဘလော့စပေါ့ဒေါ့ကွန် ထဲ မျောပါခဲ့ကြ
ငါတို့ဇတ်ရှိန် အမြင့်တက်လာဆုံးအချိန်မှာ
ငါတို့ဟာ ဒေးဗစ်ကော့ပါးဖီးလ်လို
ရန်ကုန်မြို့ကြီးကို ဖျောက်ဖျက်လိုက်တယ် . . .
ဘဂ္ဂဒက်မြို့ကြီးကို
ငါတို့ရဲ့ အဆုံးစွန်ခံစားမှုတွေဟာ
ဒီညနဲ့ မဆန့်တော့ဘူးလို့ ယူဆပြီး
ငါတို့အရှေ့က မော်နီတာဖန်သားပြင်ကို
Alt+F4 နဲ့ ရှပ်ဒေါင်းပိတ်ချလိုက်တော့တယ် . . . ။ ။
ဖုန်းမြင့်
Wednesday, October 14, 2009
မြဒါလီသို့ ...တမ်းချင်းများ (၃)
မင်းရဲ့ လက်နှစ်ချောင်းကို ကြက်ခြေခတ်လိုက် အဲ့ဒီအပေါ်မှာ ငါ့ဦးခေါင်းကိုတင် အန္တရာယ် ဆိုတဲ့ အမှတ် တံဆိပ် ကို ငါ့ရင်ဘတ်ပေါ်မှာ ခတ်နှိပ်လိုက်ပါ မြဒါလီ ဒါဟာ မင်းစစ်မြေပြင်ပေါ်မှာ ကျဆုံးသွားရတဲ့ အညတြ စစ်သည် ငါ့အတွက် မင်းရဲ့ ကြီးမြတ်သော ကရုဏာနဲ့ စွန့်ကျဲလိုက်တဲ့ ဆုလဘ် သို့မဟုတ် သူရဲကောင်းမှတ်တမ်းဝင် သံမဏိကြက်ခြေ ပဲပေါ့ . . ။
နေ့တလွမ်းလွမ်း ၊ ညတဆွေးဆွေး ဒီအခန်းထဲမှာ ငါ တေးချင်းမဆိုချင်တော့ဘူးကွယ် . . . အဝေးက ကြားရတဲ့ ဥဩ ငှက်သံဟာ နွေဦးရဲ့ အချက်ပေး တပ်လှန့်လိုက်သံလား . . . ငါ့နားထဲမှာတော့ ငါ့ဈာပန တေးသွားလို့ပဲ ကြားတယ် ။ မင်းနာမည်ကို သတိရလိုက်တာနဲ့ ငါ့ကောင်းကင်တခုလုံးဟာ ရုတ်တရက် ဗုံးကြဲလေယဉ်တွေ ပြည့်နှက်လာသလိုမျိုးပဲ ငါ့မှာ သက်သာရာ ဗုံးခိုကျင်း လိုက်ရှာမိတယ် . . . ငါ့ဟာ နေစရာ ၊ ဖြေစရာ မရှိရှာတဲ့ လေလွင့် သူပါ . . မင်းရင်ခွင် ကျပျောက်သွား ရတဲ့ အရူးတယောက်ရဲ့ ကောင်းကင်ပေါ့ကွာ . . . စိတ်သက်သာရာ ရလို ရငြား သီချင်းနားထောင်မိတော့ ပျံ့လွင့်လာတဲ့ သံစဉ်က . . . . "မပျော်ပါဘူး . .နှင်းဆီဖြူ . . မင်းမရှိတဲ့ ဘဝ" . . ကိုခင်ဝမ်း ဆိုတဲ့ "နှင်းဆီဖြူ ရဲ့ အဝေးကလူ " တဲ့ . . ဘုရား .ဘုရား ငါ့ယိုင်နဲ့ကျသွားပုံများ ဘယ်လိုပြန်ပြောပြ ရမလဲ ဆောက်တည်ရာ မရတော့ဘူး ငါ့မှာ.. ..ကိုခင်ဝမ်းဆိုနေတာ မဟုတ်ပဲ သင်းကွဲ ဝံပုလွေတကောင်ရဲ့ လမင်းကို မော့ကြည့် ပြီး နာနာကြည်း ကြည်း အူလိုက်သံလို့ မြင်ယောင်လာမိတယ် ငါ့လက်တွေ ကတုန်ကယင် နဲ့ ခလုတ်ကို အမြန်ပြေးပိတ်လိုက်ရတယ် . . . ခံနိုင်ရည် ပျောက်ဆုံးခဲ့ပါတယ် မြဒါလီ . . ။
တချိန်က ပင်လယ်ကမ်းစပ်နားမှာ မင်းခြေရာလေးတွေ ကျန်နေရစ်ခဲ့မလား ပြန်ရှာကြည့်မိပြန်တယ် . . . သောင်ပြင်ပေါ်မှာမင်းခြေရာတွေ ငါမတွေ့ပါဘူးကွာ .. ဒါပေမဲ့ မင်းနဲ့ ငါကြား တချိန်က ချစ်ခဲ့ကြဖူးတယ် ဆိုတဲ့ အတိတ်ခြေရာကြီးကတော့ မြေစိုင်ခဲ ကျစ်ကျစ်ပေါ်မှာ ထွန်တုံးနဲ့ နစ်နေအောင်ခြစ်ထားခဲ့သလို ငါ့ကမ်းခြေမှာ အစင်းသားကြီး ထင်ကျန်လို့ . . . အဲ့ဒီဒါဏ်ရာကိုပဲ တဖွဖွသနေရင်း ညတွေဟာ အငွေ့ပျံ ထွက်သွားကြ . . နေ့တွေဟာ ပျင်းရိလေးတွဲစွာ သေဆုံး . . . ငါ့ကိုယ်ငါ လုံးလုံး ဆယ်မရလိုက်ဘူး . . . ။
ငါ့ အခန်းဒေါင့် ချောင်ငယ်လေးထဲမှာ တိတ်ဆိတ်ငြိမ်သက်စွာရပ်နေတဲ့ ငါ့ဗီရိုငယ် ကလေးရှိတယ် မိဒါလီ အဲ့ဒီ ဗီရိုလေးရဲ့ အောက်ဆုံးဆင့်ထဲမှာ ငွေရောင်စက္ကူဗူးလေးတဗူး ၊ အဲ့ထဲမှာ နင်ဟိုတချိန်ခါက လက်ဆောင်ပေးခဲ့ဖူး တယ်ဆိုတဲ့ ပါတ်ကားတံဆိပ် စတိန်းလက်စတီး ဘောလ်ပင်လေး နှစ်ချောင်း ( တချောင်းက မှင်သိပ်မလိုက်ချင် ဘူး နင့်လိုပဲ ) ၊ပြီးတော့ တချိန်ကနင် စိတ်ဆိုးမာန်ဆိုးနဲ့ ငါ့ရှေ့မှာပဲ ကိုက်ဖြတ်လိုက်တဲ့ နင့်လက် သည်းရှည် လေး တွေ ( နင့်ရဲ့ ညာဘက်လက်တခုစာ အတိအကျ ငါရလိုက်ပါတယ် ) ၊ နင့်မျက်ရည်စတွေ စွန်းထင်း ပေကျံနေတဲ့ တစ်ရှုးပေပါလေး တရွက် ( အဲ့အပေါ်မှာ ငါ့လက်ရေး ကဗျာတပုဒ် ရှိတယ် ) . . အဲ့ဒါတွေကို ငါမျက်နှာချင်းမဆိုင် ရဲဘူး မြဒါလီ အဲ့ဒီဗူးလေးကို ရေဒီယိုဓါတ်သတ္တိကြွနေတဲ့ ဒြပ်စင်တခုလို ငါအဝေး ကနေ ရှောင်ကျဉ်မိတယ် . .
အဲဒီဗူးလေးဟာ ဇုနတ်မင်းကြီးက လူသားတွေအပေါ် ပြစ်ဒဏ်ခတ်ဘို့ အလှပ အပေါ်မှာ ရက်စက်ကြေ ကွဲ မှု တွေ ပေါင်းထည့်ထားတဲ့ ပန်ဒိုရာသေတ္တာလေး လိုပါပဲ သေချာတာ က .. အဲ့ဒီဗူးထဲမှာ ငါ့အတွက် မျှော်လင့်ချက် ဆိုတဲ့ အသက်ငွေ့ငွေ့တောင် ရှိတော့မှာ မဟုတ်ပါဘူးကွယ် . . . နင့်ကို သတိရစိတ်တွေ လှိုင်းထန်လာ တိုင်း ငွေရောင်ဗူးလေးအပေါ်မှာ ငါ့နာမည်ကို ငါ ကမ္ဗည်းထိုး . . နှင်းဆီပန်းလေးတပွင့် အသာအယာတင် . .ကြေကွဲမယ့်သူ မရှိတဲ့ ငါ့ဈာပန အခမ်းအနားလေးကို တကိုယ်တော် ကျင်းပ နေမိတာပေါ့ . . ။
ဆွေးမြေ့၊ပြတ်ရှ၊မွန်းကျပ်လွန်းလှတဲ့ မိုးတိမ်တွေ ငါ့အပေါ်တအိအိ ပြိုဆင်းလာကြ . . . ညနေခင်း ဝေရီရီတွေမှာ
မြစ်ကမ်းနဖူးမှာထိုင် တိမ်တွေကို လိုက်လိုက်ငေးကြည့်မိတယ် . . . နင်ဟာ နေခြည်အဆင်းတွေ ဝင်းလဲ့နေတဲ့ တိမ်တိုက် ပျိုလေးတခုလို ကစုန်ဆိုင်းလာပြီး ငါ့ရပ်ဝန်းမှာ တဒင်္ဂ စွတ်စိုဖူးခဲ့တယ်နော် . . . အခုတော့လဲ ပြိုပျက် လွင့်ကွယ်သွားပါပြီ အိပ်မက်တိမ်စိုင်လေးရယ် . .မှိုင်းရီနေတဲ့ ငါ့စိတ်နဲ့ တိမ်တွေကို စိတ်ကူးနဲ့ဆေးချယ် မိ ခဲ့ ငါ့ရေးဆွဲလိုက်သမျှ ပန်းချီကား တိုင်းမယ် နင့်နာမည်ပါတယ် မြဒါလီ . . .
နေကွယ်တော့မယ် မြဒါလီ . . .နင့်နာမည်နဲ့ ငါ့ အရှေ့အရပ်မှာ နေထွက်ခဲ့ရသလို နင့်နာမည်နဲ့ပဲအနောက်စွန်းမှာ မိုးစုန်းစုန်းချုပ်ခဲ့ ရပါပြီ . . ဖြူဆုတ်ဆုတ် လရောင်လေးတမျှင်တောင် မြင်ခွင့် မရတော့တဲ့ ငါ့ ကောင်းကင် အတွက် နင့်ကို ထာဝရ ဟစ်အော်တမ်းတရင်း ထွန်းလင်းတောက်ပ လိုက်ပါရစေတော့ . . . .
နေလုံး ပျောက်ကွယ်သွားပါပြီ . . .
နေလုံးဟာ ပျောက်ကွယ်သွား ပြီ....
နေလုံး ပျောက်ကွယ် သွားခဲ့ပြီ . . . . . . . .
ငါ့ ... စစ်မြေပြင် ညနေခင်းတွေမှာ မြူခိုးတွေ ဝေနေတုန်းပဲ မြဒါလီရေ့ . . . ။
ဖုန်းမြင့်
Sunday, October 11, 2009
ဘုရားသခင်အလိုတော်အရ ခင်ဗျားနဲ့ကျနော် ။
ကမ္ဘာကြီးကို ရေလွှမ်းမိုးမယ် မကြံသေးဘူး
ခင်ဗျားက နောဧပေါ်ရောက်နေပြီ
ခင်ဗျားရဲ့ အာရုံသိ အကင်းပါးမှုနဲ့
နေရာယူတတ်မှု ဆိုတဲ့ ဘာသာစကားကိုတော့ လေးစားမိပါရဲ့
နွားကျတယ်ပဲပြောပြော
ကျနော်ရဲ့ ပိန်းအ ခဲ့မှုဟာ
ဘုရားသခင်အလိုတော်အရပါ
ခင်ဗျားဟာ ဝိတ်မ လေ့ကျင့်လေ့ရှိသူ ဆိုတော့
လူထူပြီဆိုရင် အင်္ကျီလက်မောင်းလေးပင့်
လက်မောင်းကြွက်သားတွေ ကားကားနဲ့ လမ်းသလားလေ့ရှိတယ်
ဒါဟာလဲ ဘုရားသခင်အလိုတော်အရပါ
ခင်ဗျားမှာ ဘာရည်ရွယ်ချက်မှ မပါမှန်း
ကျနော်သိပါတယ်
အခုဆို ကျနော်ဟာ
အလင်း၊ အလျှင် ၊ အရွေ့ဆိုတဲ့ ပြတ်ရွေ့ကြောင်းကြီးထဲမှာ
တစုံတခုက ကျနော်နေ့တွေကို တွန်းတိုက်သွားတယ်
အမျိုးအမည်မသိ ဘာသာစကား နဲ့
လူနားမလည်တဲ့ ဝေါဟာရတွေကို တဖွဖွရွတ်လို့
နံရံတွေကို ကျနော် တွန်းဖြိုကြည့်မိနေတယ်
ခင်ဗျားလို ထွားကျိုင်းသန်မာမှုမရှိတဲ့
ကျနော့်လက်ဖျံရိုးလေး နှစ်ချောင်းဟာ အသနားခံသလို တောင်းပန်တယ်
ဘုရားသခင်အလိုတော်အရ ဖွံထွားမှု နောက်ကျရတာပါဗျာ တဲ့
ခင်ဗျားရဲ့ အိပ်မက် ဆောင်ကြာမြိုင် ထဲက
လေညှင်းကလေးတွေ လှုတ်ခတ် ကစားတဲ့ ခန်းဆီးစ မှာ
နားလေ့ရှိသူ လိပ်ပြာကလေးတွေအပေါ်
ဆေးရောင်စုံချယ်ရေး ပရောဂျက် လက်စသတ်လိုက်နိုင်ပြီလား
ဘုရားသခင် အလိုတော်အရ အဆင်ပြေချောမွေ့ပါစေဗျာ
ကမ္ဘာကြီးလုံးတယ် ပြောပြော ၊ ပြားတယ်ဆိုဆို
ကျနော်ကတော့ လုံးလည်ချာလည်ပါပဲ
လူပျက်တွေ ပြက်လုံးထုတ်ကြသလို
လည်သာလည်တယ် ၂ပတ်ထဲဆိုတာမျိုးပါ
ဘုရားသခင်အလိုတော် အရ ခင်ဗျားကတော့
အထုခံလိုက်ရတိုင်း တဒူဒူ အော်နေရတဲ့ ကြေးစည်လို ချာချာလည်နိုင်ပါစေ
ဒီတပတ်အတွင်း အကောင်းဆုံး ဟာသ စာရင်းမှာ
ခင်ဗျားရယ် ၊ ဘုရားသခင်ရယ် ၊ ချာလီချက်ပလင်ရယ် ပါတယ်
စိတ်မရှိလိုက်ပါနဲ့ဗျာ
အခုကျနော် ချရေးလိုက်တဲ့ အကြောင်းအရာကလဲ
ဘုရား သခင်အလိုတော်အရပါပဲ
ကားစင်ထက်က ဘုရားသခင်ရဲ့
လည်ပင်းပေါ်ကိုမှ
ဓါးတင်ထားချင် တယ် ဆိုတဲ့ခင်ဗျား
ကောင်းချီးမင်္ဂလာ ဝေဖြာပါစေ
အာမင် . . . ။ ။
ဖုန်းမြင့်
(အဝေးရောက် ပင်လယ်မှ ကူးယူဖော်ပြပါသည် ။ )
Thursday, October 8, 2009
ငါ့ဝတ်စုံဟာ သူ့အစွယ်ဖျားမှာ ပါသွားပြီ ။
ကြေးနန်းစာ ဝင်လာတယ်
လှို့ဝှက်ချက်ကို ဖောက်စစ်ကြည့်လိုက်တော့
နွေဦးက မီးလောင်သွားပြီတဲ့
ပါရီမြို့ကြီးကို ဒီအတိုင်း ကြည့်နေလိုက်ရတယ်
ငါကိုယ် ငါက ပြန်မကယ်နိုင်လိုက်တဲ့ နှစ်များ
ကြောင်မလေးက cat walk လျှောက်ရင်း
ကြောင်လက်သည်း ဝှက်လိုက်သလို ကြောင်တောင်တောင်ပြောလိုက်တယ်
" ရှင့်ကို ကျမ မချစ်နိုင်ဘူး"
"ရှင့်ကို ကျမ ချစ်လို့ မရဘူး "
ဒီဝတ်စုံဟာ ငါ့ခန္ဓာကိုယ် အတိုင်းအတာနဲ့ ဆို အချိုးအစားမကျဘူး
ဒီအဆင် ဒီဇိုင်းကို ငါမကြိုက်ဘူး
ညနေခင်းဟာ သွေးစိမ်းရှင်ရှင်ထွက်တယ်
အစွမ်းရှိသလောက် တုန်ယင်မိတော့
ခလုတ် ထိတိုင်း ဗုဒ္ဓံသရဏံဂစ္ဆာမိနေရ
တကယ့်အဖြစ်အပျက်ဆိုတော့
ပြစက်ထဲက အခွေလို ကောင်းခန်းတခုထဲ ရစ်ကြည့်လို့မရ
အိမ်မြှောင်အမြှီးပြတ်သလို
တဆတ်ဆတ်ခုန်တယ်
အရက်ဆိုင်ထဲမှာ မူးယစ်ရမ်းကားတဲ့ ကောင်းဘွိုင်လို
မဲမဲ မြင်သမျှ ပစ်ချလိုက်မိတယ်
ဒါ . . . ဟာ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့်ပါကွာ လို့
မချေပချင်တော့ဘူး
သူငယ်ချင်းရေ . . .
မိုးလှိုင်ညရေ . . .
အဲ့ဒီကြောင်မလေး အစွယ်ဖျား မှာ
အလွမ်းတွေ စက်လက်နဲ့ ပါသွားတာဟာ
ငါ့ ကိုယ်ပေါ်က ချွတ်ချလိုက်ရတဲ့ ဝတ်စုံသစ်လေးပေါ့ကွာ ။ ။
ဖုန်းမြင့်