Sunday, October 24, 2010

ခေတ်အကြောင်း ပြောပြီးကထဲက မြေခွေးတွေ ဖြစ်သွားကြတာ

သောက်ကျိုးနဲ !
တစ်တောလုံး မီးလောင်
တစ်တောင်လုံး မြေခွေးတွေကြီးပဲ
တော်သလင်း အကျော် သီတင်းကျွတ် ၊ တန်ဆောင်မုန်း
(အထူးသဖြင့် တန်ဆောင်မုန်း) ရေးရေးပေါ် နေတဲ့ "လ" ကွေးလေးကိုမျှော်ပြီး
လိင်စိတ်ထ ၊ မြူးတူး တက်ကြွနေတဲ့
အမြီးပြတ် ခွေးထီး ၊ ခွေးမတွေ

တစ်ကောင်က အူသံပေး
တစ်ကောင်က ဖင်ပြေးလျှက်

တစ်ကောင်က ထိုးထိုးဟောင်
တစ်ကောင်က ပေါင်တံကွေး

တစ်ကောင်က ပက်လက်လန်
တစ်ကောင်က ပြေးပြေးဟပ်

တစ်ကောင်က လက်အုပ်ချီ
တစ်ကောင်က ပတပ်ရပ်

တစ်ကောင်က ဆင်မြှီးခွေးမျှော်သယောင်
တစ်ကောင်က ကျင်ကြီးသေးစော်ဟောင်

ခွေးပါစပ်က နတ်စကားထွက်သောခွေး ၊ တောင်ဘက်ကို ပြေးတဲ့ယုန်နဲ့
မြောက်အရပ်ကို ပြေး ကပ်သောခွေး ၊ ဒယီးဒယိုင် ဆင်ခေါင်းကို
မချီနိုင်တော့တဲ့ခွေး ၊တစ်မွန်းတည့် ကောင်းစားအောင် ရူးချင်ယောင်
ဆောင်ပြနေသောခွေး ၊ လေလည်တဲ့ အသံကို နားဝင်ပီယံ ဖြစ်နေသောခွေး ၊
သားရေပေါ်အိပ် သားရေလိပ်ကြီးပါ မျိုချလိုက်သောခွေး ၊ စမုန်ထ အောင် ခုန်
ပြနေသောခွေး ၊ ခွေးမြီးကောက် လည်ပင်းပါ ကျည်တောက်နဲ့ စွပ်ထားရမယ့်ခွေး
၊ရွှေငုံးမင်း
အမြီးမျှော်သလို ခရီးတော် နီးရက်နဲ့ ဝေးနေသောခွေး ၊ ခွေး၂ ကောင်
ဟပ်တဲ့ကြားက အန်ဖတ်ပုံ ဖြစ်ချင်နေရှာသောခွေး ၊ ဒန်ခွက်ကို လျှံထွက်အောင်
အကြံခက် အတောင်းအရမ်း ပက်စက် သော ခွေး ၊ မျက်နှာသာပေး ရွှေရေးပန်းကန်ပါ
စားမာန်တက်နေသောခွေး ၊ လျှောက်ပြန် သံပေး ခြေအေး ဝမ်းယောင်
ဟောင်လွန်းသောကြောင့် လူအလေးစား မခံရသော ခွေး ၊ ခွေးခေတ် ကိုတော့
ရောက်တော့မည်မလွှဲပါ ဆိုသော ခွေး ၊ ဖျာလိုလိပ် ထိပ်ပေါ်တင်ထားလည်း
ပြာပုံပေါ်ဆင်း ဖင်ချင်းပူးနေသောခွေး ။
များလိုက်တဲ့ ခွေးတွေ
တော်သလင်းလကျော်ပြီးတာတောင် ခွေးသံပေး၊ခွေးရေးပြ ၊ ခွေးမွေးကင်းစ ၊
ခွေးဂီလာန ပါမကျန် ခွေးသဘင်ဆင်ယင်ကျင်းပ ၊ ခွေးကမြင်းကြောထ ၊ ခွေးပေါင်းခ
ပျော်မြူးနေကြပုံများ
တစ်တောလုံးမီးလောင် ၊ တစ်တောင်လုံးမြေခွေးတွေကြီးပဲ
သောက်ကျိုးနဲ !
ဟဲ့ခွေး . . . ဟဲ့ခွေး . . . ဟဲ့ခွေး ...။

MPM

Tuesday, October 5, 2010

ဝိုင်းစက်စက်ဝိုင်း








၃၆၀ ဒီဂရီ ဆလင်ဒါပုံလုံးဝန်းသော အရာဝတ္ထုအတွင်း။

ခွေးသွားစိတ်များဟာရွေ့လျား။

စိတ်ဟာ ဆိတ်ငြိမ် တိတ်ဆိတ်။

သောကြာနေ့ဟာ အခန်းမှားပြီးတံခါးခေါက်တယ်။

တောက်လျှောက်ဆိုသလို မြည်သံစွဲအလင်္ကာတွေ၊စက္ကူစတွေစွဲလောင်နေတဲ့မီးခိုး။

အတွင်းပိုင်း အင်္ဂါအစိတ်အပိုင်းတွေအထိ နက်နက်ရှိုင်းရှိုင်း ခိုးဝင်၊တိုးဝင်။

"အနာဂါတ်ဆိုတာ လင်ကောင်မပေါ်လို့ ဖျက်ချုလိုက်ရတဲ့ ပဋိသန္ဓေပဲပေါ့"။

"တစ်လောကလုံးလင်းပြီး ၊ ငါ့ကျမှမှောင်နေတဲ့ ကံကြမ္မာလိုမျိုးပေါ"့ ။

နာရီသံဟာ ချောင်ပိတ်မိနေတဲ့ ခွေးတစ်ကောင်လို ဆွံ့အ လှဲလျှောင်းနေပြီး ။

ဂြိုဟ်ဆိုးတွေ က လည်ချောင်းကို အလစ်ချောင်းပြီး ပြေးဟပ်တယ်။

၁၄ မိနစ်ခြားတိုင်း ရေဆူဆေးပြားတွေ မျိုချရတယ် ။

ရန်ကုန်ဟာ ရသမျှကုန်နေတာလား ၊ရစရာကုန်သွားလို့ပဲလား။

အထူးကုဆေးခန်းကြီးထဲက အထူးပြုလုပ်ချက်တွေကြောင့်

ခွေခေါက်သွားတဲ့ အရေခွံတစ်ခုကို ထရော်လီပေါ်တင်သွားတာ တွေ့လိုက်ရတယ်။

တမြို့လုံးမှာ အနီးကပ်ပေါင်းစရာဆိုလို့ ဆေးလိပ်ခွက်ထဲက ဆေးလိပ်တိုတချို့နဲ့

စာအုပ်လေး၊ငါးအုပ်စာလောက်ပဲ ရှိနေတာလား။

ရေလာချိန်လေး မီးလာရင် တော်သေးတာပေါ့စိတ်ထားဟာ

ရှည်မျောမျော ရှော့ပင်းမောလ်ကြားမှာ နစ်မြုပ်သွား ပြန်တယ် ။

ကျရှုံးမှု ဓါးရောင်ဟာ

ကျိုးတိုးကျဲတဲဩဘာသံနဲ့ ဖိတ်ဖိတ်တောက် နေတုန်းပဲပေါ့။

မည်းမှောင်ခြင်းဟာအရက်ဆိုင်ထဲက ပခုံးတွန့်ပြလိုက်တယ် ။

(သူဘာမှ မတတ်နိုင်ဘူးတဲ့ )

ဤလောက သုခမြေပြင်မှာ

ပျော်ပျော်ကြီး နေချင်သလိုနေတော့တဲ့။

အချစ်ရယ် မင်းရယ်သံ လွင်လွင်လေးတောင်

ငွေသံကြေးသံ တချွင်ချွင်နဲ့ လှနေပြန်ပါရော ။

ဘဝဟာ အဲ့ဒီလောက်လေးပဲဆိုတာ

ဘယ်သူ့ကိုမှ မရှင်းပြဖြစ်လိုက်ဘူး ။

                                      

                                       Ø  MPM

၃၀ရက်၊ စက်တင်ဘာ၊၂၀၁၀။


Saturday, October 2, 2010

မိသားစု




အတ္တကြိုးအရောင်စုံတွေနဲ့

တစ်ယောက်ကိုတစ်ယောက်

စုဖွဲ့ရစ်နှောင်ထားတာ

 


မအောင်မြင်တဲ့ အရောင်နဲ့

ဆက်ထုံးများတဲ့ကြိုးဟာ

ငါပေါ့ . . .။     

 MPM

၃၀ရက်၊ စက်တင်ဘာ၊ ၂၀၁၀

 


Wednesday, September 29, 2010

ခြေရာခွက်လေးထဲမှာ ရှိတ်ထား သားကြီး


ရှိတ်ထား . . . သားကြီး

ရှိတ်ထား . .

အရှေ့အလယ်ပိုင်းရပ်ဝန်းက

ဗယ်လီဒန့်ဇာ မကြီးလို

မင်းဗိုက်ခေါက်ထူကြီးတွေ တွန့်လိန်ပြီး

ရှိတ်ထား ..

စကတ်ထမိန် နှုတ်ခမ်းသားပေါ်မှာ

ပျံဝဲနေတဲ့ လိပ်ပြာလေး မင်းအတွက်

ပုရိသ ပိုလီတက္ကနစ်က

ယောက်ျား အစစ်တွေတတ်သင့်တဲ့

ပညာရပ်အကြောင်း ဥာဏ်သစ်လောင်းပေးချင်တယ် ကွာ

ဆောင့်ကြောင့် ထိုင်တတ်ရုံနဲ့

ဖားဟာ ကေသရာဇာ ဘယ်တော့မှ မဖြစ်သလို

နို့မျက်သား  အထွေးဆုံးလေးကိုလဲ

မောင်ဦးလို့ အမည်ပေးလို့မရဘူးလေ

ဗူးသီး ခိုးမှုနဲ့တောင် အချုပ်ထဲ မဝင်ဘူးပဲနဲ့တော့

နိုင်ငံရေးသုခမိန် မဖြစ်ချင်နေပါနဲ့ကွာ

အနုပညာ ပင်လယ်ပြင်ကျယ်ကြီးထဲ

ပုစွန်ခေါင်းလေး စက်တပ်ပြီး မောင်းချင်သေးသတဲ့လား

အလိုလိုက်ခံထားရလို့

အမှိုက်တွေ ကော်စားတော့မှာလား   . . . ငါ့သား

ခလေးဆိုးကြီးလို နှုတ်ခမ်းဆူ ၊ ခြေဆောင့်

ခြောက်တောက်တောက် ငိုမနေနဲ့ကွာ

ရှိတ်လိုက်ပါဦး

ခြေရာခွက်လေးထဲက ဖားသေလေး

ဖေ့ဖေ့သား

မာမီတွေ  ၊ အန်တီတွေ လက်ခုပ်ဝိုင်းတီးရင်

အဝှာပါ ကွေးနေအောင် .. ရှိတ်ထား

ရှိတ်ထား…  သားကြီးရေ့ . .  ရှိတ်ထား

အရှုးတွေနဲ့ ပွဲစည်နေတုန်း

ရှိတ်ထား             


MPM



Thursday, September 23, 2010

စာမျက်နှာပေါ်က S p a c e တွေ





 

ဝေါ . . . . .  . ကနဲ          သူသွန်ချလိုက်

တယ်          အရိပ်မည်း          ကြီးကန်          ရေပြင်ပေါ်

ဖျာဆင်း                 သွား

                      အကြောင်းအရာတစ်

ခုလုံး              ဖုံးလွှမ်းသွားဖုံး 

အုပ်ထားတဲ့အရာတွေ

ပျောက်ကွယ်         သွားပြီး

                       တဖျောင်း

ဖျောင်းလက်          ခမောင်းတွေ          ထတဲ့ခတ်ပြီး

L = E = D         မီးလုံးက

                လေး          ဆီလက်ဆန့်တန်းရင်း

ကြင်ကြင်            နာနာ          (ထို)          ပန်းအိုး          တို့အား          နာ

ကျင်စွာနှုတ်          ခွန်းဆက်စ          ကားဆိုရင်း

ကားဘီးတစ်ဘီး          လိုမြေသားကို          နင်းကြိတ်ချေ

          ထွက်          သွား          ပုံမှား

ယွင်းခြင်း          တစ်ခု          မှန်သား

လို          မှန်ကန်          မြန်ဆန်          ခြင်းတစ်ခုမရှိ        တိ

ကျသောအ            တိုင်းတာအ          တိုင်းယက်လုပ်

ချုပ်ထားသော          အဝတ်တစ်ထည်

                            ကိုယ်တစ်ခု

                            D မျက်နှာ

                            D အလေ့စရိုက်

တရား(သော)ကိုယ်ကိုယ်ကိုးကွယ်(သော)တရား

          ဆုံးအမဖြင့်          ငြိမ်းအေးစေ          လိုက်ပြီးမီး

တောက်များ          ရုတ်ခြည်း          ချုပ်ငြိမ်းပျောက်

ကွယ်သွားပုံ           မှာ

အဆန်း            တကြယ်            လှပ             တင့်တယ်

                                                                     စွာ          

 

MPM

 



Friday, September 17, 2010

ဘာ ! ! ! .. ဘယ်လို ! ! !.. ဘာ ! ! !




  ဘာ ! ! ! ..  ဘယ်လို ! ! !..  ဘာ ! ! !



ဘာလုပ်ရမလဲ ဆိုတဲ့ မေးခွန်းကို ငါ့ကို ခဏခဏ မမေးနဲ့ ။

ကိုယ်ကကျုး ကိုယ့်ဒူးတောင် မယုံရဘူးဆိုတော့လည်း ဂွဒ်မယ် ထင်ရင် ဒူးသာဒူးပေါ့

ငါက . ..  ဗာရာဏသီပြည်က ဘာသီးကြီးခွဲထွက်လာတဲ့  ဘာဆရာကြီးမှ မဟုတ်ဘူးလေ ။ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘူးဆိုတဲ့ မန္တာန်ကို နေ့စဉ်အကြိမ်သန်းပေါင်းများစွာ ရေရွတ်နေသူပါ ။ ဘာမထီတစ်ကောင်ဘွား "ကျား" ဆိုမှ "ကျား"  ဆိုတဲ့ အထဲကပဲ ။ ကျေးဇူးပြုပြီး ဘာ "ကျား"  လဲလို့ တော့ မမေးပါနဲ့ ။ ဘယ်သူ ။ ဘယ်ဝါ တွေက ဘယ်လိုစလိုက်လို့ရမယ်မသိ ။ ဘာမှ မသိရင်ပဲ ဘာမသိ ညာမသိ ဆရာကြီးဖြစ်သတဲ့ ။ ဘာကောင်ကြီးပဲ ညာကောင် ကြီးပဲလို့ ကြိမ်းဝါးနေရတာလဲ မောလှပါပြီ။

ငါလား . . . စီအန်န်အန်န်က ဘာလာလာ နေ့တိုင်းကြည့်တယ် ။ ဒဗလျု ဒဗလျု ဒဗလျု ဒေါ့ ဘာဘာ ညာညာ ဒေါ့ကွန်းမှာလဲ ဘာမှ မဟုတ်တာတွေရေးတယ် ။ ဘယ်အရပ်ဒေသကမှန်း မသိတဲ့လူတွေနဲ့ လဲ ဆိုရှယ်နက်ဝေါ့ကင်းမှာ ဝင်ဆံ့အောင်ပေါင်းသင်းနိုင်တယ် ။ ဘာဒေးကား ညာဒေးကား ဘာထရန်ရပ်ဆယ်လ် စသဟာတွေကိုလဲ  ထုံးလေခြေ ရေလိုနှောက် ဘလော့စပေါ့မှာ မှီငြမ်းဖော်ပြ နိုင်သူပါ ။ဂလိုဘယ်နဲ့ တိုတယ်လ် ဖွတ်ဘော ကိုလဲ နောဧကနောနေတာပဲ ။ ဘာဝန်းကျင် ထိမ်းသိမ်းရေး သမား ။ ဘယ်လို နိုင်ငံရေး အကဲဖြတ် ။ ဘယ်လို အနုပညာအားကောင်းသူ  ။ ဘာမှန်းညာမှန်းမသိတဲ့ အင်တာနက်ဆိုတာကို တကယ့်ဘဝထက် ယုံကြည်စွဲလန်းနေတဲ့သူ ဆိုတော့ကာ . . . . .။

 

ဘယ်သူတွေ  ဘာလာမေးမေး  "ဘာဘာ" ဘာမှ မသိဘူးလို့ပြော

ဘာရယ် ညာရယ် မဟုတ်ဘူး ဗယ်ရယ်ညာရယ်ပေါ့ . . . .

ဘာလုပ်ရမလဲ ဆိုတာ ငါ့ကို ထပ်ထပ် မေးမနေနဲ့ . . . .

 

ဘာ ! ! ! ..  ဘယ်လို ! ! !..  ဘာ ! ! ? ? ?


MPM

Tuesday, September 14, 2010

Last Of Lust

နိဂုံး အဆုံးသတ်သွားခဲ့သည် ။
နိဒန်းမရှိ . . .
လေလွင့်သူ၏ အခြားဖက် မျက်နှာစာမှာ
အထီးကျန်ခြင်း တိမ်တိုက်ဖြစ်သည် ။
ကာမိကာဇေ လေယဉ်လို
မိုးစက်များ ဝမ်းနည်းဖွယ် ခုန်ဆင်းလာကြသည် ။
သေခြင်းနှင့် ရှင်ခြင်းကြားရှိ
ရွေးချယ်ခွင့် အနည်းငယ်မှာ
ယုတ်ညံ့သော ညနေခင်း၏ အူသံသာဖြစ်သည် ။
အဓိပ္ပါယ်၏ ထပ်ဆင့် အဓိပ္ပါယ် ဆင့်ပွား အနက်ဖြင့်
သိမှုအရ အောက်ပါတို့ကို အမှန်ခြစ်ပါ။


(A) ။ ။ ငုံးဆူလူမသိ (မြန်မာစကားပုံ)
(B) ။ ။ ကြက်ဆူပင် ဓရင်ထိုး
ဓါးရိုးလုပ်
ရှင်ဘုရင် ရှိရင်ခိုး
အမျိုးလုပ် ။ (ရှေးခတ်မြန်မာကဗျာ)
(C) ။ ။ သမိုင်းဦး ဘုံမြေခေတ်၌ လူသားယောကျာ်းများသည်။
နှစ်သက်ရာ လူသား အမျိုးသမီး၏ ဦးခေါင်းကို ရိုက်နှက်၍
အိမ်ထောင်ဖက်အဖြစ် ပေါင်းသင်းဆက်ဆံနိုင်သည် ။


အပြုံးသည် နှစ်ချိုက်စွာပြုံးသည် ။ ရောင်စုံပန်းပွင့်များ ။ ကြိုးစင် ။ ပါးစပ်ဖွာသော မိန်းမများ ။
သို့ . . . ဂျုးလိယက်ဖူးချစ် ။ ဟိုတယ် ။ မှန်ပြုတင်းမှ နေရောင်ခြည်။ အိုဗာစတေး လက်သည်းပွင့်များ။တယ်လီဖုံးမြည်သံ။ အနက်ရိုင်းဆုံးအမှောင် ။ သည်းကြိုးပြတ်ဖိနပ် . . ။

နိဒန်းပြန်စသည် . . . .
နိဂုံးသည် အဆုံးမဲ့ . . . .။

MPM

Saturday, September 11, 2010

ကိုးဆယ့်တစ်

http://www.pemskool.org/wp-content/uploads/2010/09/pemskoolpdfpoetry-911.pdf



1. ကြက်သွန်
2. ခင်အောင်အေး
3. ဇာတိ
4. ဇေယျာလင်း
5. တည်ရ
6. တေလေ
7. nelay
8. နေည
9. နေ့သစ်
10. ပန်းချီ
11. ဖိုးခွား
12. မင်းယွန်းသစ်
13. မိုးလှိုင်ည
14. မိုးဝေး
15. မြတ်ဝေ
16. မောနွေ
17. မောင်ဖုန်းမြင့်
18. မောင်ယုပိုင်
19. မောင်ရင်ညို
20. မောင်လင်းရိပ်
21. မြေမှုန်လွင်
22. လင်းနီညို
23. လင်းရမ္မာ
24. လင်းဝေးခက်
25. လွန်းဆက်နိုးမြတ်
26. လေပြေ
27. လေပြေ (DOI)
28. သစ်ကောင်းအိမ်
29. သစ္စာနီ
30. သိုးထိန်း (အန္တိမ)
31. သောတ

p e m s k o o l p d f p o e t r y s e r i e s အမှတ် တစ် အောင်မြင်စွာဖြစ်မြောက်လာရန်
ကဗျာစာမူများကို မငြီးမငြူပေးပို့ခဲ့ကြသော ပြည်တွင်း/ပြည်ပ/on-paper/online/နောင်တော်/ညီတော်
ကဗျာဆရာများ အားလုံးကို pemskool မှ ကျေးဇူးမှတ်တမ်းတင်အပ်ပါသည်။

Friday, September 3, 2010

မြင့်မြတ်သန့်စင်တဲ့လေ

ရှုသွင်းလိုက်စမ်း..
အားရပါးရ ရှိုက်သွင်းလိုက်စမ်း..
အဲ့ဒီလို မြင့်မြတ်သန့်စင်တဲ့ “လေ” ကို
ဝမ်းဗိုက်ကြီး ဖောင်းကားထလာတဲ့ အထိ . . .ရှု
ပြီးရင် . . . မင်းပါးစုန့်မို့မို့ကြီးတွေ တုန်နေအောင်
ရယ်လိုက်ဦး
ပြီးမှ . . ဖြည်းဖြည်းချင်းပြန်မှုတ်ထုတ်
အဖိုးမဖြတ်နိုင်တဲ့ “လေ”
ဒီရေ . . . ဒီမြေမှာ
မညစ်မနွမ်းကျန်နေသေးတဲ့
တခုတည်းသော အဖိုးတန် “လေ”
ဒါဟာ . . .
မိုက်ရိုင်းထွားကျိုင်းလာတဲ့
မြို့ပြတောင် မဖျက်ဆီးနိုင်သေးတဲ့
အပျိုစင် “လေ”
ကာလ ။ ဒေသ ။ ပယောဂ ။
အတ္တ ။ မာန ။ အနုသယ ကိလေသာ
တစ်ခုမှ မပါစေနဲ့
အားရပါးရ . . . ရှု
အရောင်အမျိုးမျိုး ၊ ဝါဒအဖုံဖုံ
အရေပြားအရောင်တောင် မခွဲခြားနဲ့ . . . ရှု
ကွန်ဆားဗေးတစ် ။ လစ်ဘရယ် ဒီမိုကရက်တစ် ။
လေဘာပါတီဝင်ဖြစ်နေတာ မေ့ထားပြီး . . . ရှု
အမ်ဘီအေ ။ ဒီလစ် ။ အခဲဒမစ်
ဂျီအိုပေါ်လက်တစ် ။အမ်ဘရိုမန်တယ်လစ်
အဲ့ဒါတွေခေါက်ထားပြီး . . . ရှု
မင်း ဦးဏှောက်တွေ သန့်ရှင်းစင်ကြယ်သွားတဲ့အထိ . . . ရှု
မင်း ခန္ဓာကိုယ်တခုလုံး ပေါ့ပါးလန်းဆန်းသွားအောင် . . .ရှု
မင်း အသက်ဓါတ်နဲ့ အလေးအမြတ်ပြုပြီး . . .. ရှု
သန့်စင်တဲ့လေရဲ့ ကျသင့်တန်ဖိုးဟာ
မင်းရဲ့ ကျန်ရှိသက်တမ်း အနည်းငယ်မျှသာ
မသေခင်အားရပါးရ ဝအောင် ရှုလိုက်စမ်း . . . .။ ။

MPM