၁) ။ အိပ်ယာထ ။ ( ၂ ) ။ မျက်နှာသစ် ။ ( ၃ ) သွားတိုက် ။ ( ၄ ) ။ အိပ်ယာသိမ်း ။
( ၅ ) လေ့ကျင့်ခန်းစ ။
လူပဲဗျာ ။ သွေးနဲ့ကိုယ် ။ သားနဲ့ကိုယ်ပဲ ။ တွမ်ခရုစ် ။ မကြိုက်လဲ ။ ပင်နာလိုပီခရုစ်
ကို ပြစ်မှားမိတာ ဘာဆန်းလဲ ။ တကယ်ဆို ။ ဒါဟာ ။ အလွမ်းခန်း ။ နှင်းတွေဝေနေတာ။
ငှက်တွေအော်နေတာ ။ အရုဏ်ဦးမှာ လူးလှိမ့်နေတာဟာ ။ စိတ်အင်ဂျင်ကို ဖွင့်ထား ။
ကြွက်သားတွေကို ဖျော့ထား ။ အသက်ကိုပြင်းပြင်းရှု ။ အဆုတ်ထဲမှာ အောက်ဆီဂျင်တွေ
ပြည့်နေအောင် ဖြည့်ထား ။ ဇတ်လမ်း ။ ပတ်ကြမ်းမတိုက်နဲ့ ။ ကြမ်းပတ်ပတ်လည်မှာ ။
လည်လည်ပတ်ပတ် ဖြန့်ကျက်ထား ။ သတိမေ့နေတယ် ။ အသိထဲမှာ။ တိုက်ပွဲတွေ ။ တိုက်
ပွဲခေါ်သံတွေ ။ သွေးညှီနံ့တွေ ။ ကြမ်းတမ်းတယ် ။ လှိုင်းတံပိုးတွေ ထန်နေတယ် ။
ငါ့ အသွေး ငါ့အသားဟာ ။ ဘဂ္ဂဒက်ပဲ ။ အီရတ်ပဲ ။ တိုက်ချင်းပစ် ဒုံးကျည်ပဲ ။
ကျဉ်ကနဲ ။ ကျင်ကနဲ ။ မီးတောင်ပွက်သလို ။ ဆူပွက်နေတယ် ။ မြောက်ဝင်ရိုးစွန်းမှာ ။ မအေးခဲမှီ။
အလင်းသဲ့သဲ့ ။ အော်သံတွေ ။ ညည်းသံတွေ ။ မြင်းတွေ ပြေးလွှားသလို ။ပန်းတိုင်ဟာ လက်တကမ်း ။
ဟိုဘက်ကမ်း ။ မရောက်ခင် ။ အမောဖြေ ။ ရွက်ပြန်လွှင့် ။ တက်ကုန်ဖွင့်ထား ။ ပြင်သစ်တပ်တွေ။
ဝိုင်းခံထားရတဲ့ ။ မော်စကိုလို ။ ရွပ်ရွပ်ချွံချွံ ။ ခုခံ ။ တောင်ကုန်းပေါ်မှာ ။ ချုသံတွေ ကြားလား ။
Milk ဇတ်ကားထဲက ။ ဇတ်ဝင်ခန်း ။ ရှောင်ပင်းန် ဟာ လိင်တူခြင်း နမ်းပြီး ။ အော်စကာ ယူသွား
လက်ခုပ်သံများ ။ လက်ခုပ်ထဲက ရယ်သံများ ။ လက်ခုပ်ကို စွန်းမယ့် ။ သွေးစက်များ ။ မျက်လုံးဟာ။
မှောင်နေတာ ။ ရီဝေေ၀ရီ ။ ဆေးလိပ်ဖွာချင်လာတယ် ။ ၃၂ ကောဌသ ကမဌန်း ။ အရိုး ။ အကြော ။
အရေ ။ အရွတ်။ ချွဲ ။ သလိပ် ။ ပျစ်နှစ်နေတာ ။ ပျစ်ခဲနေတာဟာ ။ ရောင်နီမလာခင် ။ စိတ်အမှောင် ။
လွန်းပျံယဉ်ပျံမတက်ခင် ။ မီးတဖွားဖွား ။ ဂျိန်းကနဲဂျိုင်းကနဲပါပဲ ဂျိမ်းစ် ။ အိမ်ပြန်ကြရအောင်လား
ဂျိမ်းစ် ရေ ။ ပိုးကောင်တွေ ။ ပြေးနေတာ ။ ဖော်ရက်စ်ဂမ့်လိုလား ။ ဖွာလန်ကျဲ ။ တစ်စစီ ။ တပွင့်စီ။
တစ်လွှာစီ ။ ရေစင် ။ ရေပန်း ။ အေးစိမ့် ။ ငြိမ့်ငြိမ်းညောင်းနေပါပြီညိမ်းညိမ်း ။ မပွင့်လဲကြွေ ။ မဝေလဲညွှတ်။
မဆွတ်မှီကခူး နှင့်သူပါ ဂျိမ်းစ် ။ ကိုယ့်နာမည် ဒေစီဂျိမ်းစ် ။
(၁) ။ အိပ်ယာထ ။ ( ၂ ) ။ မျက်နှာသစ် ။ ( ၃ ) သွားတိုက် ။ ( ၄ ) ။ အိပ်ယာသိမ်း ။
( ၅ ) အလုပ်သွား ။
မောင်ဖုန်းမြင့်
ကဗျာဆိုတာ ......ကျနော်တို့ ...... လက်ရသိမ်းပိုက်ထားတဲ့ နောက်ဆုံးခံတပ် ... မြို့ပါပဲ.......။
Saturday, May 21, 2011
Saturday, April 23, 2011
ဒီညနေခင်းနဲ့ ငါနဲ့ မဖွဲ့ဖြစ်တဲ့ ၀ါကျများနဲ့
ဒီ ညနေခင်းကိုတော့ ခြေထောက်ရိုက်ချိုးမိတော့မယ်
ဒီကောင် တွန့်လိမ်ပြနေတာက
ငါ့ရှုံးနိမ့်မှုကို လှောင်ရီနေတာ
ဒီကောင့် ရွှေအိုရောင် အရည်တွေ စီးနေပုံဟာ
နာသာခံခက် ချင်စရာ သွားရည် တမြားမြား
သူ့အရိပ်ထဲ ခေါင်းဝင်အိပ်ပြီး
ငါ့ဖြစ်တည်မှုကို မထီမဲ့မြင်ပြုတယ်
ဒင်းလှိမ့်လာနေပုံကိုက
သေမင်းလို တလှိမ့်ချင်း ၊ တလှိမ့်ချင်း
သူ့လက်တံ မည်းမည်းတွေ
ငါ့လည်မျိုပေါ် တစ်ရစ်ချင်း တစ်ရစ်ချင်း
ရာဇ၀တ်သားလို ငနဲ
လေပူတွေ မှုတ်ထုတ် ၊ ကောင်မလေးတွေ ပါးပေါ်က နံသာမှုန့်တောင်
သူ့နှာသီးဖျားမှာ အပုတ်နံ့ဝေလို့
ငါ ထွက်ပြေးရင်ကောင်းမလား
နိုင်တဲ့သူ အကုန်ယူသွားလဲ
ရှုံးနိမ့်မှုတစ်ခုတော့ လုယူလို့မရ
နာကျင် အချိန်ပိုဟာ ငါ့ပခုန်းပေါ် တွားတက်လာတယ်
နာဇီ ပုံစံ အလေးပြုလိုက်ပြီး ၊ ဖြတ်မောင်း လာတဲ့ “ည” ပေါ်ခုန်တက်လိုက်တယ် ။
ဘယ်သွားမှာလဲ မေးရင် ငရဲဘုံ ဂိတ်ဆုံးပေါ့
ညနေခင်းဟာ သွားဖြီးပြီး
“ဥက္ကဌကြီး မော် ခင်ဗျား ချမ်းသာတာ ကောင်းလား ဟင် !” ဆိုတော့
မိုက်ကရိုဆော့ဖ် ဟာ ၀င်းဒိုးပေါ်က ပြုတ်ကျသွားတယ်
ခိုင်မာလာ နှင်းဆီ သီချင်းလေးနဲ့
ဒင်းမှေးနေတုန်း
“သေနာကျ ဘယ်အရက်ဆိုင်က ထ လာတာလဲ ” လို့ မေးလိုက်တဲ့
တပ်နီတော်သား ၊ မိန်းမ တစ်ယောက်ရဲ့ ခြေဖျားမှာ
ညနေခင်းဟာ ကားကနဲ ပျောက်သွားပါရော ။

Wednesday, April 13, 2011
ရန်ကုန်ဟာ ခင်ဗျား ပြင်ချင်တိုင်းပြင်လို့ရတဲ့ ဇတ်လမ်း
ရန်ကုန်ဟာ တက္ကဆတ်မဟုတ်ဘူး အဲ့ဒီလို ခေါင်းစဉ်နဲ့စ
ကြွတက်လာပါပြီ တက်ကြွသော လူကြီးလူကောင်း အပေါင်းတို့ရဲ့
အထူးပြုလုပ်ချက်များနဲ့ တင်ဆက်လိုက်သော အထူး
ကားပေါ်က ယဉ်ကျေး ။ သိမ်မွေ့ ။ ခွေးမသား ။ စပယ်ယာ ။ လူချောလူလှတို့ရဲ့
အထူးဝါကျ ထွက်ကျလာတယ်
သင့်နှင့် ရန်ကုန်၏ နံနက်ခင်းကိုသာ ၀င်ခွင့်ပြုသည် စာသားတီရှပ်နဲ့
ထစ်ကနဲရှိ ထုတ်ပစ်လိုက်ကြတာပဲ မြို့သားများ
လိမ်ချင်ရင် ကြိုးကျစ် ၊ ပြောင်ချင်နောက်ချင် ဇတ်ထဲဝင်
ရန်ကုန်ဟာ အချဉ်မဟုတ်ဘူးပေါ့ ( ကတ် )
ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါသည်
ဆိုပေမယ့်
ငါတို့သောက်နေတာ ရူဘီနဲ့ ပီရီမီယမ်ဂိုးလ် . . . (ဟားဟား)၂ . . သနားတယ်
လူတစ်ကာဟာ ဆူပါမှာ ဆူပါပဲဗျာ၊ နေအထွက်မှာ ရွှေခွက်နဲ့ ငွေမခပ်ခင်
သရီးအင်ဝမ်းလေးတွေ ရေနွေးဖျော၊ အဆာဖြေ ၊ လုပ်ငန်းခွင်ဝင် လုပ်သားပျားများ
busy bee လေးတွေ ပျံသန်း လာပါပြီ ။
ဥုံမဏိပဒ္ဒမေဟုမ် ၊ အောင်သံ ဗုဒ္ဓေ၊ အာဒကေ တွေလဲ လန်းပါစေကြောင်း
ကားမထွက်ဦးတင် ၊ တီးတိုးရွတ် ၊ တောင်းဆုချွေ ၊ လိုရာပြည့်စေ
နောက်ကြည့်မှန်ပေါ်မှာ စံပယ်ရနံများ သင်းပျံ့ရီဝေ
မြို့တစ်မြို့က ၀ှက်ထားသော ဖဲချပ်များ ၊
ရန်ကုန်ကို အောက်ကိုးနဲ့ ရှိုးလို့ မရတော့ဘူးပေါ့ ။
ရိုးသွားပြီ ။
ဆယ်အိမ်ခေါင်းကအစဘန်ကီမွန်းအဆုံး ၀ိတ်သုံးလိုက်ရင် ဖျားသွားမယ် ။
အရေးကြုံရင် ငါးသိန်းဖုန်းကိုသာ ခေါ်လိုက်သားကြီး ။
တီးဆိုင်မှာ ထီးဆိုင်နဲ့ ငိုင်နေတဲ့ မြို့မဟုတ်တော့ဘူး ။ ဘီယာပါတ်မှာ
မဒီကညာလေးတွေနဲ့ ပလီပလာနှပ်နေတဲ့ မြို့
ရှောပင်းမော်လ်နဲ့ ဟစ်ဟော့ပ်နဲ့ စိုင်းစိုင်း ဘတ်ဒေးနဲ့
(ကောင်မလေးတွေ )
မင်းတို့ ခြေထောက်တွေကို လေထဲကို မြှောက်ထားလိုက်
ကိုကြီး . . . ကိုကြီး . . . ဒီနေ့ ကွန်နက်ရှင်ကောင်းလားဟင် . . .
၂၁ ရာစု မြို့တစ်မြို့ရဲ့ မဟာသင်္ကြန်ကို သားစိုးစောင့်ပါတယ်
နေညိုရင် လေပြိုချင်တယ်ပေါ
နယ်မြေသစ်ရှာဖွေသူ ကိုလံဘတ်စ်ဟာကံစမ်းမဲလဲပါ ။ လန်းဆန်းမောပြေ
မူးယစ်ရီဝေစေတဲ့ ..ခင်မင်ချင်စရာ အမျိုးကောင်းသားကြီးပေါ့
တစ်လုံးလား ၊ နှစ်လုံးလား ၊ သုံးလုံးလား
အလုံးလေးများစွာနဲ့ ပျော်ရွင်စရာ ဆော့ကစား
ငွေသံ ကြေးသံပေးလိုက်ရင် ရင်ငွေ့နွေးနွေးလေးတွေလဲ ခိုလှုံလို့ရပါတယ်
ဥက္ကလာပမင်းကြီး တည်ထောင် ၊ ဦးအောင်ဇေယျ အမည်ပြောင်း
ကဲညောင်းချင်သလောက် ညောင်းစမ်း
တင်းမာနေတဲ့ ကြွက်သားတွေ ပြေလျှော့ သွားစေမယ့် မာဆတ်
လိုအပ်သေးရင် နောက်တစ်ဆင့်တက် ၊ အရသာ မြိုးမြိုး မျက်မျက် ရှိစေရမယ့်
မာဆတ် ။
ဘတ်စ်ဂိတ်မှာ မုဆိုးတစ်ပိုင်း မိန်းမရိုင်း လေးတွေရဲ့
မာယာ ကျော့ကွင်းမှာ သက်ဆင်းချင်တယ်ဆိုလဲ သက်ဆင်း
အိတ်ကပ်ထဲက ခြသေ့င်္ တွေခုန်ဆင်းသွားရလိမ့်မယ်
မက်စီနဲ့ ဒိုလေးဟာ ကျေးဇူးရှင်လေးတွေ
ရွန်နီနဲ့ ရွှန်းမီနဲ့
မအူပင်ကလပ်နဲ့ ဂျုဗင်တပ်နဲ့
ဂလိုဘယ်နဲ့ ဟိုတယ်နဲ့
သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး စာသားအောက်မှာ
အပေါများဆုံးဟာ ကျွတ်ကျွတ်အိတ်နဲ့ ကဗျာဆရာ ဆိုပဲ
ခေးအော့ ဟာ ခင်ဗျားနေထိုင်တဲ့ မြို့ကို ပြန်ပေးဆွဲလိုက်ပါပြီ ။
အသွေးနဲ့ ။ အသားနဲ့ ။ နိုက်ကလပ်ထဲမှာ
`ဟေ့လူ´ . . . ဟိုကားပေါ်က ` သင်အိမ်ပြန်လာချိန် ကို သင့်မိဘ ၊ ဇနီး ၊ သားမယား
များက စောင့်မျှော်နေကြပါသည် ´ စာသားဟာ ရီစရာမကောင်းဘူးလား

Wednesday, April 6, 2011
အမည်မသိ ကြားခံ မီဒီယာ လူ့အဖွဲ့အစည်း
ဘ၀ရဲ့ အောင်မြင်မှု ပန်းတိုင်အစစ်
သင့် စိတ်ဖိစီးမှုကို အလျှင်အမြန် သက်သာစေနိုင်မယ့် X . . X . . X
ယခုကြည့်ရှု နေသော လူ့ဘ၀ အစီအစဉ်ကို
ကျွန်ုပ်တို့မှ ဂုဏ်ယူစွာ တင်ဆက်လိုက်ပါသည် . . . Enjoy the life ။
ဘရာဇီး ကော်ဖီ အရာသာ အစစ်
Blur Blur ကော်ဖီမစ်
ဘာဘာ ညာညာ နဲ့ သာသာယာယာပဲ မဟုတ်လား
9/11 အလွန် အခင်းအကျင်း
ပိန်းကြာရွက်ပေါ် ရေမတင်သကဲ့သို့ ဒီကိုဂျင် ။
ဟိုက်ဒေဂါ ။ ဒီဘိုနို ။ မြို့မငြိမ်း ။
ဆောမျုစ် ဟာ ချွဲသလိပ်များ ကို လျှင်မြန်စွာ သက်သာ ပျောက်ကင်းစေနိုင်ပါတယ် ။
ဒရီဒါး ။ တွိုင်ဘီ ။ ဒူးရွှန့် ။ ဘတ်ကတ် ။
အိုဗာတင်းကို မှန်မှန် သောက်ပြီးတဲ့နောက်မှာတော့
ကျွန်မသမီးဟာ အရမ်းကို ပြောင်းလဲသွားပြီ ။
“Poetry is Death ” !!
တကယ်တော့ ကဗျာသေသွားတာဗျ ။
ဟေတီနိုင်ငံ အုပ်စုဖွဲ့ မုဒိန်းကျင့်ခံရမှု
လုံခြုံရေးကောင်စီ၌ အရေးပေါ်စည်းဝေး ။
ချောင်းဆိုးကင်းစင် ပြုံးပျှော်ရွှင် . . ကိုနီဒင်း ။
ကဒါဖီအား စစ်ရေးအရ အရေးယူမှု စတင်
ရှေးမူမပျက် အုန်းနို့ကျောက်ကျော အာဂါး . . . အာဂါး. . . အာဂါး . . .
ဂျပန်ငလျှင်နှင့် ဆူနာမီ လှိုင်းတိုက်ခတ်မှု ၊ နျုဓာတ်ပေါင်းဖိုများ ပေါက်ကွဲ
ဗျုတီ ခေါင်းလျှော်ရည်ဟာ ထက်ထက် ရဲ့ဆံပင်လေးတွေကို ပျော့ပြောင်း နှုးညံ့
ညင်သာစေပါတယ် ရှင် . . . ။
ကမ္ဘာလုံးဆိုင်ရာ အဏုမြူ စံချိန်စံညွှန်း သတ်မှတ်ရေး
ပြင်သစ်သမ္မတ မှတင်ပြ ။
နှစ်လည် ကျောက်မျက်ရတနာ ပြပွဲ တရုတ်ကုန်သည်များဖြင့်
အထူးစည်ကားလျှက်ရှိ . . ။
ဤတွင် မြန်မာစံတော်ချိန် ည ရှစ်(ထ်) နာရီ ရှိပါသဖြင့်
သတင်းများကို စတင် ကြော်ငြာပါတော့မယ် ခင်ဗျာ . . . ။

Sunday, March 27, 2011
ဘလော့ရေးသက့် နှစ်တစ်သန်းပြည့်နှင့်.. Hit သန်းတစ်ထောင်ပြည့် ကျေးဇူးစကား ။
မှန်ရာကို ဆိုရသော် အကျွန်ုပ်ကဲ့သို့သော အင်မတိ အင်မတန် ရေးအား ၊ တွေးအား ကောင်း ၍ စာကောင်း ပေမွန် များကိုသာ တစိုက်မတ်မတ် ရေးသားတော် မူထသော ၊ စူပါ့စူပါ မဟာ ဘလော့ဂါ လဲ ဖြစ်တော်မူထသော အကျွန်ုပ်သည် နှစ်တစ်သန်းပြည့် သည်အထိဘလော့စပေါ့ ပလက်ဖောင်း ကိုသာ စွဲစွဲမြဲမြဲ သုံးစွဲတော် မူသည့် အတွက် ဆာဂျီကင်း နှင့် လာရီပေ့ခ်ျ တို့လို သကောင့်သားများ ထူထောင်သော ဖွတ်ချက် ဖွတ်ချက် ဂူဂယ်လ် ကော်ပရေးရှင်း လေး အနေဖြင့် ဦးစွာ ပထမ လွန်စွာ ၀မ်းသာ ဂုဏ်ယူသင့်လှပေသည် ၊ အဘယ်ကြောင့် ဆိုသော် လူတော် အင်မတန်များသော မြန်မာပြည်သားတွေထဲမှ ကျွန်ုပ်သည် နံပတ်မှာတစ် ဂဏန်းမှာ ၀မ်း ဖြစ်နေသူ မဟုတ်လော . . .။
ကျွန်ုပ် ဘာကြောင့် ဘလော့စရေး ဖြစ်သည်ကို စာဖတ်သူများအား သနားငဲ့ညှာသော အားဖြင့် မအားလပ်သည့်ကြားမှာ အချိန်စဉ်းငယ်ခန့် ဖဲ့ကာ အနည်းငယ် ရှင်းပြရချေဦးမည် ။
နိုင်ငံရပ်ခြားတွင် အကျွန်ုပ် နေထိုင်ခဲ့စဉ်အခါက (ဒါကလဲ ကြုံလို့ပြောတာပါ ကြွားတာ မဟုတ်ရ ၊ အများနည်းတူ အလုံးကြီး လွှတ်လိုက်တာ ) ဟိုက်ပါမားကတ် တစ်ခုတွင် အလုပ်ဆင်းရလေသည် ။ အလုပ်ရှင်မှာ အကျွန်ုပ်တို့၏ ဆွေမျိုး ပေါက်ဖော်များ ဖြစ်သည့်အလျှောက် . . ယားလို့ပင် ဟိုဟာ. မကုတ်အားအောင် . . (ဦးခေါင်း ) အလွန်အမင်း ခိုင်းတတ်လေသည် ။ သို့သော် အကျွန်ုပ်မှာ မူ ဂုဏ်သရေရှိ မြန်မာအမျိုးသား ဖြစ်သည့်အလျှောက် နိုင်ငံခြားသားများထံတွင် အညံ့မခံလိုသည် ဇာတိပုည ဂုဏ်မာန ရှိနေသည့် အတွက် တိုင်းတစ်ပါး လက်အောက်ခံ အဖြစ်မှ ရုန်းထွက်ရန် အမြဲ ကြံစည်ကြိုးစားခဲ့ပါပေ၏ ။ ထိုသို့ နေ့မအား ညမအား မည်ကဲ့သို့ တော်လှန်ရမည်နည်းဟု အပြင်းအထန် ကြံစည်ခဲ့ရာ တစ်နေ့တွင် ဤကဲ့သို့သော် အကြံတော် မဟာကြီးကို ရရှိခဲ့ပေသည်၊ ကျွန်ုပ်သည် ကျွန်ုပ်တို့ ဟိုက်ပါမားကတ်မှ ၀ယ်ယူသည့် Invoice ဘောက်ချာများကို ကွန်ပျုတာ ဖြင့် စာရင်းသွင်းရလေ့ရှိရာ ယင်းအချိန်တွင် ထိုဘောက်ချာများကို ခေါက်ထား၍ အင်တာနက်ကိုသာ စွဲစွဲမြဲမြဲ အသုံးပြုရန် ဟူလို့ . . . ။
ထိုသို့ဖြင့် သူ့ကျွန်မခံလိုသော ကျွန်ုပ်၏ တကိုယ်ရည် စွန့်စားခန်း တော်လှန်ရေးမဟာကြီး စတင်ခဲ့ပါပေ၏ ။ ကျွန်ုပ်သည်
မဆုတ်မနစ်သော ဇွဲလုံ့လ ဖြင့် အီးမေးလ် ဖွင့်ထားက invisible လုပ်ပြီး ချတ်၏ ၊ စုံစီနဖာကုန်သော မြန်မာ ၀က်ဘ်ဆိုဒ်များ ၊ ဖိုရမ်များ (ကိုကိုတို့ အကြိုက် ဟိုဟာ ဒီဟာတွေလဲ ပါသပေါ့ ) အတွင်းသို့ အမည်ဝှက် များဖြင့် ၀င်ရောက်ကာ အမျိုးသားရေး ( အမျိုးသားတွေရဲ့ အရေး ကိစ္စတွေကို ပြောတာပါ ) ကိစ္စရပ်များကို ပြင်းပြင်း ထန်ထန် ဆွေးနွေး ဝေဘန် ၏ ရပ်ဝေးနေ၊ ရပ်နီးနေ အမျိုးတူ ၊ မတူ လုံမငယ် များထံ (ကုလားမလေးတွေတောင် ပါသေး ) မွေးနေ့ဆုတောင်း အီးကတ်ဒ်များ ပို့လွှတ်ခြင်း၊ မထိတထိ ကလူ၏သို့ မြူ၏သို့ ဆောင်းပါးရိပ်ခြည် ပြောဆိုခြင်း (ဒါကလဲ စည်းရုံးရေးအသွင်နဲ့ပါဗျာ) စသည့်ကိစ္စရပ်များကို အပြင်းအထန် ကြိုးပန်းလုပ်ဆောင်လာခဲ့ပါပေ၏ ။
သို့သော် ကျွန်ုပ်အနေဖြင့် ဤကဲ့သို့ အားထုတ်ကြိုးပမ်းနေရခြင်းကို မတင်းတိမ် ၊ မရောင့်ရဲနိုင်ခဲ့ပါ ၊ သူ့ကျွန်မခံ အမျိုးသားရေး စိတ်ဓါတ်ပြင်းထန်လွန်းလာသည်အလျှောက် တစ်ခုခု ထပ်လုပ်ရန် အမြဲတမ်း ကြံစည်ကြိုးစားခဲ့လေသည် ။ တစ်နေ့သ၌
ဂူဂယ်လ် ကော်ပရေးရှင်းလေးကို လည်ပတ်စေရန် အားထုတ်ကြိုးပမ်းနေသည် သူငယ်လေး နှစ်ယောက်ဖြစ်သည့်ဆာဂျီကင်း နှင့် လာရီပေ့ခ်ျ ဆိုသည် သူငယ်လေး များသည် အကျွန်ုပ်မှ သူတို့ ထုတ်လုပ်သော ဘလော့စပေါ့ ကို မသုံးလျှင် ဘ၀ပျက်တော့မလို ငိုယို၍ တောင်းပန်စာ ပို့လာသည် အလျှောက် အကျွန်ုပ်လည်း ကျွန်ုပ်၏ အထက်တန်းကျလှ၍ ( အောက်တန်းကျိုးလို့ ) အဆင့်မြင့်လှသော ( ခွေးခြေခုံ တစ်လုံးစာ ) ဘလော့ မဟာကြီး ကို စ . . . . တင် . . . . ခဲ့ . . . ရ . . . ပေ . . တော့ . . . သည် . . (ဒန်တန်တန် )
ကျွန်ုပ် ဘလော့ ရေးသက် နှစ် တစ်သန်း အတွင်း ရေးသားခဲ့ သည်များကို သုံးသပ်ပြရသည်ရှိသော် . . . . .
ကဗျာ
----------------------------------------
တစ်ပုဒ် ဆိုဆိုသလောက် ပီပီ ပြင်ပြင် ရေးဖွဲ့နိုင်ကာ သောက်ကျိုးနည်း ကောင်းလှပေ၏
( ကောင်းမှာပေါ့ ငါရေးတာကိုး )
ကျွန်ုပ်၏ ဘလော့တွင် ဖော်ပြထားသော် ကဗျာများကိုသာ မက .. ချပင်မရေးရသေး အတွေးအဆင့် ပင်ရှိသေးသော ကဗျာများ က အစ ကိန်းဘရစ်ခ်ျလို အောက်စဖို့လို ယူနီဗာစီတီများမှ ဘာသာဗေဒ ပါမောက္ခများက စူးစမ်းလေ့လာ ၍ သင်ရိုးညွှန်းတမ်း ပြုလုပ်ရန် အလုအယက် တောင်းခံလေ့ရှိ၏ ။
ဝတ္ထုတို
-----------------------------------------
အကျွန်ုပ်အနေဖြင့် ဤကဲ့သို့သော Short story ခေါ်သည့် ၀တ္ထုတို များကို ရေးရန်ဆန္ဒ မရှိပါ ။ အဘယ်ကြောင့်ဆိုသော် . . အကျွန်ုပ် ၏ဦးခေါင်းမဟာဖြင့် ဆိုလျှင် စစ်နှင့်ငြိမ်းချမ်းရေးလို ၀တ္ထုကြီးတွေကို ၁၀ မိနစ် အတွင်း တစ်ထိုင်ထဲ ချရေးနိုင်သောကြောင့် ပါပေ... ထို့ကြောင့် ရေးကြပါစေ .. အပြင်က ဆိုလျှင် ဂါစီယာမားကွတ်ဇ် တို့. ကပ်ဖကာတို့ ဘော်ဒလဲ တို့ .. ပြည်တွင်းကဆိုလျှင် ခင်မင်ရင်းစွဲရှိသည့် ကိုရဲကြီး(သစ္စာနီ) မှစ၍ ဆရာ နေ၀င်းမြင့် တို့ ဆရာမ ခင်ခင်ထူးတို့ ဗိုလ်ကြူး (ကြူးနှစ်) တို့ . . .။
အက်ဆေး
--------------------------------------------
စကားပြေပုံစံတွေကိုတော့ အကျွန်ုပ်အနေဖြင့် ကြိုက်နှစ်သက်လှသည့် အလျှောက်.. ပုဒ်ရေ ၁၀ ပုဒ်ခန့် ရေးသားအားထုတ် ခဲ့ပါပေ၏
ထို့ကြောင့် ကိုးကားကြပါစေ ကမ္ဘာ့ စာပေလောက ၊ မြန်မာ့ စာပေလောက ( ပန်းဆိုးတန်းက စာအုပ်ဆိုင်မဟုတ် ) နှောင်းလူများ . . ( ဆယ်ပုဒ်ကြီးတောင်ရှိနေတာပဲ တော်ပြီပေါ့ )
ရုပ်ရှင် ၀တ္ထု ခံစားမှု ဆောင်းပါးများ၊ အခြားစကားပြေများ
---------------------------------------------------------
ရေးချင်စိတ်မရှိပါ.. သို့သော် မကင်းရာ မကင်းကြောင်း လေးတွေ တောင်းဆိုလာလျှင်တော့ အလျှောက် အလျှောက်ပေါ့လေ....
(တစ်လောက အော်စကာဆု တပြွတ်ကြီး ရတဲ့ King speech လိုကားရိုက်တဲ့ ကလေးတွေကတောင် ဇတ်ညွှန်း လာခွဲခိုင်းလို့ ဟောက်လွှတ်လိုက်သေးတယ် ) ကိုယ်မှမအားတာ နော်...။
ဓာတ်ပုံ

ပုံသေ တွေ မရိုက်ချင်ဘူး ပျင်းလာလို့.. အရင်က ကျုပ်ဘာပုံပဲရိုက်ရိုက် အံဩတကြီး ဆုပေးဘို့ပဲ ကြိုးစားနေကြတာ.. လက်ထဲရှိတဲ့ ကိရိယာ မျိုးစုံနဲ့ ပုံဖြစ်အောင် ရိုက်နိုင်တာကိုက ကျုပ်အရည်အချင်းကိုး . . ပလာယာရှိ ပလာယာနဲ့ရိုက် ဓါတ်ပုံဖြစ်တယ်.. ၊ ၀က်အူလှည့်ရှိ ၀က်အူလှည့်နဲ့ရိုက်. . . ဓတ်ပုံဖြစ်တယ် .. အိမ်မြှောင် နှစ်ကောင် မိတ်လိုက်နေတဲ့ ပုံ ရိုက်လိုက်တာ ရိုဒင်ရဲ့ တွေးခေါ်သူ ပန်းပုရုပ်ထက် လွှတ် နာမည်ကြီးတာပေါ့ .. အခုတော့ အဲ့လိုပုံသေတွေ ရိုက်ရတာ ပျင်းလာပြီ ပုံရှင်တွေ ရိုက်ဘို့ကြိုးစားနေတာ ..။ ဥပမာ ပရိတ်သတ်ကြီးကို ကျုပ်ရိုက်ပြလိုက်တဲ့ငှက်ပုံနော်... သူတို့လက်ထဲ ရောက်မှ ပျံထွက်သွားတာမျိုး..
ကျုပ်အတွက်ကတော့ နတ်သမီးပုံတွေကြီးပဲ သီးသန့် ရိုက်မှာ ။
ပန်းချီ
--------------------------------------------------------
သနားတယ်` ဗန်ဂိုး ´ . . . ခြံတိုးပေတော့ .. `ဒါလီ´ . . . နာရီ သာပြင်စားတော့...ပြောပြီးပါကောလား ကျုပ်က အနုပညာ မှော် အောင်နေတဲ့လူ ..ကွမ်းတစ်ယာလောက်ဝါးပြီး... ကင်းဗတ်စပေါ် ကွမ်းသွေး ထွေးချလိုက် ပန်းချီကားဖြစ်တယ်.....
ဓါတ်ပုံကိစ္စမှာလိုပေါ့... ဘာနဲ့ ဆွဲဆွဲ ပန်းချီဖြစ်တယ် ကွန်ပျုတာနဲ့လား..ကျောက်သင်ပုန်းနဲ့လား.. ထန်းပက်လက်ခြောက်ကို အဖျားတစ်ဘက် ဖွာအောင် ထု ထုံးပုံးထဲနှစ်ပြီး ဆွဲခါလိုက်ရင်တောင် .. ပန်းချီကား ဖြစ်ပြီး သန်းချီတန်ပါတယ်ဆို....
နောက်ဆုံးအနေနဲ့ကတော့ ကျုပ်လို စွယ်စုံရ အနုပညာရှင် တစ်ယောက်ကို ရထားတာ..လူ့လောက အတွက်သာမက.. ၃၁ ဘုံ အတွင်းရော စကြာဝဌာ အတွင်းရော ပြင်ပမှာပါ အင်မတန်မှ ရခဲ လှတဲ့ ဒုလဘ္ဘ ဖြစ်တဲ့ အတွက်ကြောင့် . ..
သန်းထောင်ချီတဲ့ စာဖတ်သူတွေသာမက မြင်အပ် မမြင်အပ် ၂ ရပ်များစွာ သတ္တ၀ါတွေပါ အကျွန်ုပ် ကို ကျေးဇူးတွေ တင် ပြီး ကျုပ် ဘလော့တစ်ခါ လာဖတ် စာမူခ ဆယ်ဒေါ်လာ မပေးမနေရ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အဖြစ် ထုတ်ပြန်ကြော်ငြာသွား မှာပါ လို့ . . . . ။ ( လူသန်းတစ်ထောင် ကို ဆယ်ဒေါ်လာနဲ့သာမြှောက်ကြည့် ထောပြီ )
မြို့မေတ္တာခံယူလျှက်
မောင်ဖုန်းမြင့် ( ခတ္တလူ့ပြည်)
ပြန်ဖတ်လိုပါက
ဘလော့ နှစ်ပါတ်လည် တာဝတိန်တာ နတ်ပြည်
ဘလော့ နှစ်ပါတ်လည် ယာမာ နတ်ပြည်
ဘလော့ နှစ်ပါတ်လည် တုသီတာ နတ်ပြည်

Thursday, February 24, 2011
ကျွန်ုပ်တို့နဲ့ တိုက်ရိုက်မသက်ဆိုင်တဲ့ ကိစ္စ
ဘယ်လိုလဲ ဒီမေးခွန်းက ..
ဘာနဲ့စပြီး ဘာနဲ့ ဆုံးမလဲ အဆုံးအမ မှာ စုန်းမ တစ်ကောင် လို တောက်စား
စားပြီးအိပ်နေ နေသာသပ လေညှာကပဲလို့ ပြောရဦးမယ်
မယ်မယ်ရရ ပြောစရာ မရှိတော့ပြန်ဘူး . .
ဘူးတစ်လုံးဆောင်ထား အိုအောင်မင်းအောင်
မနေ့က ကိစ္စ ဟာ ဒီနေ့မှာ သိုးသွားပြီ
ဟဲလို ဘူတာရုံလေးလား
ရထား . . ရထား .. ရထား
ထပ်တလဲလဲ ပြန်ကျော့
ဗဟိုချက်မဲ့နေတဲ့ လိုင်းတွေ
ခြောက်ဒသမ သုညတစ်လား ၊ ကျိုက်ဝိုင်း စစ်တမ်းလား
စိတ်ကို တင်းထား..
လွတ်ထွက်မသွားစေနဲ့
ဈေးနှုန်း နဲ့ပိုခ တွက်ပြီးမှ ချိန်မယ်
ဆိုင်ကြီးတွေလောက်ဘဲငွေအောင်းတာလုပ်တော့တယ်
ကျန်တာကတောဆူလွယ်နပ်လွယ်ကိုဘဲလုပ်ကြတယ်
ဒါမှ အရေ အတွက် ရောင်အားကိုချိန်မှရမှာ . . .
ကျေးဇူး ပြုပြီး ခင်ဗျား ကဗျာစာအုပ်တွေ ထပ်မထုတ်ပါနဲ့ တော့ လား
“ပစ္စည်းကောင်း ကိုင်တဲ့သူတွေရော ဘယ်သူမှ အရောင်းအ၀ယ် မဖြစ်ဘူး။
ကျမဆို ဈေးဦး မပေါက်တာ ၁ ပတ်လောက်တောင် ရှိနေပြီ”
ပိုယဲ့ထရီ ဈေးကွက် အတက်အကျဟာ
တရုတ်လူများ၏ ဝယ်လိုအားနှင့် ဆက်စပ်နေသောကြောင့် တရုတ်နှစ်သစ်ကူးရာသီ နီးလာသည့်အချိန်မှစ၍ ဈေးကွက်အေးသွားလေ့ရှိကြောင်း ။
ခင်ဗျားသိချင်တဲ့ ကဗျာဆရာ အကြောင်းလား
သူ့ယောက်ျားအလုပ်လုပ်တဲ့နေရာကို ဆူပူရေးသမားတွေက သိမ်းလိုက်ပြီ။
အင်္ဂါနေ့ကတည်းက ဖုန်းဆက်တာ မရဘူး။
အဲ့ဒီ ဒေသမှာ ကဗျာအလုပ်သမား ၂၃,၆၀၀ ရှိပါတယ်
သူတို့ကို ကုန်းကြောင်းနဲ့ပဲဖြစ်ဖြစ် ရေကြောင်းနဲ့ပဲဖြစ်ဖြစ် ကယ်ဆယ် ရပါမယ်။
ဝန်ကြီးဌာနတွေက ကယ်ဆယ်ရေးလုပ်ငန်းတွေကို အမိန့်ပေးဖို့ အသင့်ဖြစ်လုနီး ရှိနေပါပြီ ။
ကယ်ဆယ်ရေးကာလမှာ ဗီဇာကင်းလွတ်ခွင့် ရနိုင်မယ့် အလားအလာ ရှိပါတယ်။
ဒါပေမယ့် သူ့ကိုတော့ တရားမဝင် မူးယစ်ဆေးဝါး လက်ဝယ် တွေ့ရှိမှုနဲ့ အရေးယူရမှာပါ
အစိုးရက ဦးစီးပြုလုပ်နေတဲ့ အရောင်းပြပွဲများ၏ ရိုက်ခတ်မှုကြောင့်လည်း ပါဝင်နိုင်ပါတယ်
ကဗျာ့ အရည် ဈေးကွက် တစ်လီတာလျှင် ကျပ်ငါးဆယ်အောက် ရောက်တဲ့ အထိ
ထိန်းချုပ်သွားဘို့လဲ ရှိပါတယ် ။
စားသုံးသူ လိုအပ်ချက်အရ ပုလင်းသွတ် ပြည်ပ ကဗျာ အမျိုးမျိုးကိုလဲ ဆက်လက် တင်သွင်းသွားမှာပါ
ကုန်အမှတ် တံဆိပ် အတုအပ နဲ့
အရည်အသွေး ကောင်း ၊ သင့် ၊ ညံ့ မှာမူ
လူကြီးမင်းများ ၏ ကုသိုလ်ကံပေါ်တွင် သာ မူတည်ပါကြောင်း ။

Sunday, February 6, 2011
EaTing + rEading + talKing + sMiling + iN +a + DarK

a piEce of bOne + cofFee 3 in 1 + Too mUch foOd + giVe + TAke + shaRe + selF + otHer + hoNest + liE peOple========+ gOlden ++========illusiOn ========================....?....============ ========== ligHt ===================THe ==? ++++ect.++++TURN ON ALL THE LIGHTS.!!! NOW!!
source: from Vichukron Tangpaiboon

Thursday, January 20, 2011
အေးစက်နေသောနံရံများ
နံရံတွေက အေးစက်နေတာပဲ
ငါ့မျှော်လင့်ချက်ကဘာလဲ
အေးစက်စက် နံရံတွေပေါ် ငါ့လက်ဖ၀ါးနဲ့ ပွတ်သပ်ကြည့်မိ
မနက်ဖြန်ငါ ဘာဖြစ်လာမလဲ
င့ါကိုချစ်တယ်ဆိုတဲ့ မိန်းမ
ငါကချစ်ရတယ်ဆိုတဲ့ မိန်းမ
သူတို့နာမည်တွေ နံရံတွေအပေါ်မှာရှိနေတာလား
ငါ့ငယ်ဘ၀ အိပ်မက်ဟာ စမ်းတ၀ါးဝါး
ငါနံရံတွေအပေါ် ကို ထပ်စမ်းသပ်ကြည့်မိ
ငါ့အကြောင်းဟာ
ငါရေးထိုးထားမိသမျှဟာ
ငါနဲ့ငါမိသားစုဟာ
ငါနဲ့ ငါ့ယုံကြည်ချက်တွေဟာ
ငါနဲ့ ငါ့သူငယ်ချင်းတွေဟာ
ငါနဲ့ငါ့မိတ်ဆွေတွေဟာ
ငါနဲ့ငါ့လူအဖွဲ့အစည်းဟာ
ငါတို့ကို အုပ်ချုပ်နေသူများ
ငါတို့ရဲ့ ကဗျာ ဆရာများ
ငါတို့ရဲ့အနုပညာရှင်များ
ငါတို့ရဲ့ပေါ့ပ်စတား ၊ ရော့စတားများ
ငါ့ခွက်ကို ငါ လှမ်းယူလိုက်တယ်
နံရံတွေအပေါ်က အတွေ့အထိဟာ အေးစက်စက်
ငါ့နဖူးကို ငါပြန်စမ်းမိ
ငါ့အတွေ့ အကြုံကို ငါပြန်စမ်းမိ
ငါ့လူ့ဘ၀ကို ငါပြန်စမ်းမိ
နံရံတွေက အေးစက်နေတာပဲ
ငါ့ဘ၀ဆိုတာ အေးစက်တဲ့ နံရံတွေကြားမှ ညှပ်လို့ . . . . ။
===

Wednesday, January 5, 2011
အဟောင်းဟုထင်ရသော
အညွှန်းနှင့် အညွှန်းခံ တို့အား ဗဟိုပြု
အတည်မပြုရသေးသော အိပ်မက်တို့ အား ကောက်သင်းကောက်၍
ဘဝ ဟာ ပုလင်းခွံအလွတ်တစ်လုံးကဲ့သို့ တန်ဖိုးမဲ့သည်
အပြောင်းအလဲများတဲ့ ကမ္ဘာမှာ (ဒီစကားက ဟောင်းနေပြီ )
အရောင်ချယ်ထားသမျှ လွင့်ပြယ်
ငွေကြေးတန်ဖိုး မြင့်တိုင်း
ချစ်ခြင်း ဟာ ဈေးကျတယ် ( ဟုထင်ရ )
အသိ ချဲ့ထွင်မှု အောက်က အသံမဲ့ မေးခွန်းများ
သမိုင်းဘီး လည်ပုံဟာ သံသယ ဖြစ်ချင်စရာ
နေရောင်ခြည်တွေလို လှို့ဝှက်ချက် ရှိတယ်လို့
ဟန်ဆောင်ထား
ဖြေးဖြေး ပြေးသွားနော် မောနေဦးမယ်
မောတော့မောတာပေါ့ ဒါပေမယ့် မမောဘူးဟာ ပြုတ်ကျ သွားပြီ
အာကာသထဲက ဘလက်ခ်ဟိုးတွေ အကြောင်း ပြောကြစို့
ငွေတင်းနက်တဲ့ အကြောင်းဆို ပျင်းစရာသိပ်ကောင်းမယ်
အဟောင်းတွေ သိမ်းစရာ မလိုတော့ဘူး
ငါ့တို့ကိုယ်တိုင် က ဟောင်းနွမ်းနေတာ
ဘဝ ဆိုတာကြီး ကို ရီဆိုင်ကယ် လုပ်ပေးပါ
ရေငွေ့ပျံချွေးဓါတ်များ
ဒီနှစ်ဆောင်းဟာနဲနဲပိုစောင်းပါတယ် ဆောင်း
မီနီမားကတ်တွေအကြောင်း ၊ မီနီဘတ်စ်တွေ အကြောင်း ၊ မီနီစကတ်တွေ အကြောင်းနဲ့
မိနီရဲ့ လက်ဘက်ရည်ဆိုင် လေး ပွယောင်းယောင်း ဖြစ်လာ
ဒီနှစ်တော့ မန်ယူဖလားပဲ ၊ ချယ်လ်ဆီး နားကားသွားပြီ
မနက်ဖန် အပိုင် ရထားတယ်ရှိတယ် ပြောရင်း
ဘဝဆိုတာ ကြီးက လေချွန်ပြီး သီချင်းဆိုတယ်
မင်္ဂလာပါ သေခြင်းတရား . . . . ။
MPM
4.12.2011

Subscribe to:
Posts (Atom)