Thursday, August 28, 2008

ရွှေတံဆိပ်ပေါ်ကျတဲ့ မျက်ရည်


အထက်က ပုံလေးတွေက ကျနော့် မေးလ်ထဲကို ဖော်ဝပ်လုပ်လာတဲ့ ပုံကလေးတွေပါ ။ ဒီပုံထဲက ကလေးတွေ ကိုကြည့်ပြီး တွေးမိတာလေးတွေ ရေးကြည့်ရရင် ..။

သူ့နဂို ခေါင်းစဉ်ကတော့ How China Get Gold Medals တဲ့ တနည်းအားဖြင့် ကြည့်ရင်တော့ ကလေးတွေ ကို ထူးချွန်တဲ့ အားကစား သမားတွေ ဖြစ်လာဖို့ ကို ငယ်ငယ် ထဲကနေ လေ့ကျင်ပျိုးထောင် ပေးနေသလိုပါပဲ
ဒါပေမဲ့ ဒီကလေးတွေဘက် ကရော ဘယ်လိုခံစားချက်တွေ ရှိရှာလေမလဲ ၊ ပုံထဲ မှာ မြင်နေရသလောက် က တော့ ကလေးတွေ ဟာ ပျော်ရွှင် ချမ်းမြေ့စွာနဲ့ စိတ်ပါလက်ပါ လေ့ကျင် နေတဲ့ ပုံ မပေါ်ပါဘူး..။

ကလေးငယ်လေးတွေ ဆိုတာကလဲ သူတို့စိတ်တိုင်းကျ လွတ်လပ်ပေါ့ပါးစွာ ပြေးလွှးဆော့ကစားနေရရင် မျက်
နှာလေးတွေက ဝင်းသန့်ကြည်လင်နေပြီး ချစ်စရာအလွန်ကောင်းတာမျိုးပါ .. ၊ သူတို့ရဲ့ အပြစ်ကင်းစင်တဲ့ မျက်နှာလေးတွေကို ကြည့်လိုက်ရင် ကြည့်လိုက်ရသူရဲ့ စိတ်နှလုံးကို အေးချမ်းမှု တစ်မျိုးပေးပါတယ်...။

ထူးချွန် ထက်မြက်တဲ့ ကလေးငယ်လေးတွေ အဖြစ် အထူးသဖြင့် အိုလံပစ် လိုပြိုင်ပွဲမျိုးကနေ ရွှေတံဆိပ်တွေ ဆွတ်ခူးပြီး နိုင်ငံဂုဏ်ဆောင်နိုင်တဲ့ အားကစားမောင်မယ် လေးတွေအဖြစ် ရောက်ရှိလာဖို့ လေ့ကျင့်ပေးနေတာဟာ အင်မတန်ပဲ ဝမ်းသာဂုဏ်ယူ ဖို့ကောင်းပါတယ် ..။ ..သို့သော်... ဒီကလေးတွေရဲ့ စိတ်ဆန္ဒ မပါပဲနဲ့ လူကြီးတွေရဲ့ တစ်ဘက်သတ် အလိုဆန္ဒအရ မဖြစ်မနေ လုပ်ကိုလုပ်ရမယ် ဆိုတာမျိုး ကတော့ဘယ်လိုမှ မကောင်းပါဘူး ။ ဒီကလေးတွေမှာရော အဲ့လိုမျိုး အလိုဆန္ဒမပါပဲ အတင်းအကျပ် ခိုင်းစေခံရတဲ့ အတွက် စိတ်ဒါဏ်ရာတွေ ရရှိမသွားနိုင်ဘူးလား ဆိုတာ စဉ်းစားစရာပါ...။

ထူးချွန်တဲ့ လူငယ် မောင်မယ်လေးတွေတော့ ဖြစ်လာပါရဲ့ ရရှိလာတဲ့ စိတ်ဒါဏ်ရာ အစိုင်အခဲတွေကြောင့် စိတ်သဘောထား မပြည့်ဝတဲ့ ၊ သူတပါးတွေရဲ့ ခံစားချက် တွေကို နားလည်မှု မပေးနိုင်တဲ့၊ ငါမှငါဆိုတဲ့ အစွန်းရောက် အတ္တစိတ်တွေနဲ့ ထက်မြက်သူ လေးတွေ အဖြစ် ရောက်ရှိလာခဲ့တယ် ဆိုရင် လောက လူ့အသိုင်း အဝန်းကို အပြည့်အဝ အကျိုးရှိစေ နိုင်လာပါ့မလား...။
တော်တာကတော့ တော်ပါရဲ့ ဟစ်တလာတော်သလို တော်တယ် ဆိုတာမျိုးကတော့ နေရာ မကျပါဘူး ..။

အခုခေတ် ကလေးငယ်တွေဟာ အလွန် လျှင်မြန်လှတဲ့ ခေတ်၊ စနစ်ရဲ့ တောင်းဆိုမှု၊ပြင်းထန်လှတဲ့ ပြိုင်ဆိုင်မှုတွေ၊ လူကြီးမိဘတွေရဲ့ အတင်းအကျပ် ခိုင်းစေ မှုတွေကြားမှာသူတို့ကို ကြည့်ရတာတာဟာ မွန်းကြပ် ပိတ်လှောင် နေသလိုပါပဲ...။

ကျန်တော်တို့မြန်မာလူမျိုးမိဘတွေမှာလဲမသိစိတ်ကနေဖြစ်ပေါ်နေတဲ့ အတ္တစိတ်ကြောင့်၊ကိုယ်ကလေးသူငယ် လူငယ်ဘဝမှာ ဖြစ်မလာခဲ့တဲ့ အရာ တွေကို တလွဲမာနတွေနဲ့ ကိုယ့်ရဲ့ သားသမီးတွေ အလှည့်မှာ မဖြစ်မနေ အတင်း အကျပ် ပုံသွင်းခိုင်းစေမှုတွေ ကို တွေ့မြင် နေရပါတယ်..။ ဒါဟာ တရားမျှတမှု ရှိရဲ့လားဆိုတာ မေးချင်စရာပါ..။


ကလေးငယ် လေးတွေကို အနာဂတ်အတွက် ပြုစုပျိုးထောင်ပေးတယ် ဆိုတဲ့ နေရာမှာ လူကြီးမိဘတွေရဲ့ ဖြစ်ချင်စိတ် လွန်ကဲတဲ့ အတ္တမာနတွေကို ဘေးဖယ်ထားပြီး သဘာဝအတိုင်း ကြီးထွားတိုးတက်စေမယ် ဆိုရင်တော့ အကောင်းဆုံးဖြစ်လာ ပါလိမ့်မယ်...။ ရုပ်ပိုင်းရော စိတ်ပိုင်းပါ မျှမျှတတ တိုးတက် လာစေပြီး ထူးချွန်တဲ့ ၊စိတ်သဘောထားပြည့်ဝတဲ့ လူငယ်မောင်မယ် လေးတွေ အဖြစ်ကို ရောက်ရှိလာအောင် လူကြီး မိဘတွေ အနေနဲ့ ဝိုင်းဝန်းကြိုးစားဖို့ တာဝန် ရှိပါတယ်...။

ကျွန်တော် ကတော့ အိန္ဒိယ ကဗျာ စာဆို အကျော်အမော် ကြီး တဂိုး လေ့ကျင်သင်ကြားပေးတဲ့ ရှန်တိနိကေတန် လို ကျောင်းလေးမှာ ကလေးငယ်လေးတွေ တပျော်တပါး စာအံနေတဲ့ အသံတွေ နဲ့ အတူ သူတို့ ဆိုငြီးပြကြတဲ့ ချစ်စရာတေးသီချင်းသံလေးတွေ ကမ္ဘာမြေ တစ်လွှားမှာ လွင့်ပျံ့ လာတာကို နားစိုက်ထောင်နေပါ ဦးမယ်..။

်

Monday, August 18, 2008

"ရှင်ကွဲ"



မနက်ဖြန်ဆိုတာ
သိမ်းဆည်းထားရမဲ့ အရာမှမဟုတ်တာ
ဘဝ တစ်ခုလုံးကို
ငါးမျှားချိတ်မှာတပ်လိုက်
ပြီးတော့
လောကကြီး ကို မျှားကြည့်လိုက်ရအောင်
မာယာဆိုတာ
လိမ်လည်ခြင်း ကိုဖုံးထားတဲ့
သကြားခဲလေးပဲ မဟုတ်လား...။

အသံတစ်သံ နဲ့ အသံတစ်သံကြား
ချစ်ခြင်းတရားတစ်ခုနဲ့ နောက်ထပ်
ချစ်ခြင်းတရား တစ်ခုအကြား
သက္ကရာဇ် အဟောင်းတွေ ခြားခဲ့ပြီ...။

လွှတ်ချလိုက်တယ် ..
ဘယ်အရာက မြဲခဲ့ဘူးလဲ
"ခွမ်း" ကနဲ မကွဲခဲ့တာတောင်မှ
အက်ကြောင်း ဆိုတဲ့ ဒဏ်ရာ
သေရာပါ နေဦးမယ်....

မျက်နှာချင်းဆိုင် ရပ်ပါ
ကျောချင်းကပ် စရာ မလိုတော့ဘူး
နောက်ကျောက အနာထက်
ရင်ဘတ် က အနာတွေသာများခဲ့
"ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော" တဲ့
ချစ်သူ ၊ ခင်သူ တွေနဲ့
ကွေကွင်းရတာလဲ
ဆင်းရဲခြင်း တစ်မျိုးပဲ မဟုတ်လား...။

နေတတ်သလို နေခဲ့တာတောင်မှ
ဟောဒီ..
အလွမ်းဇတ်ကို မရပ်တန့်နိုင်ခဲ့ဘူး
သီချင်းတွေအော်ဆိုလိုက်တယ်
အပူတွေငြိမ်းလေမလားရယ်လို့...။


မောင်ဖုန်းမြင့်

Saturday, August 16, 2008

"ကူညီပါရစေ" ဟု ဆိုရာဝယ် ....

"ပြော...ကို...မပြောချင်တော့ဘူး"ဟု မြန်မာရုပ်ရှင် ခေတ်ဟောင်းကားများထဲက ဒေါ်မြလေး စတိုင်ဖြင့်သာ ဟစ် အော် ငြီးတွားလိုက်ချင် တော့သည် ။ အစကတော့ ယခုလို လူပြောသူပြောများ သော မလေးရဲတွေ အကြောင်း ကို နားလျှံအောင် ကြားနေရသည် သို့သော် သာမန်ကာ လျှံကာ လောက်သာ သဘောမှာထားမိသည် ။ ယခု လို ကိုယ်တွေ့ကြုံလိုက်မှ သူများတွေပြောသည် ကမှ လိုကောင်းလို ပေဦးတော့မည်...။

လွန်ခဲ့သော ၂ ရက်လောက်က မိတ်ဆွေ တစ်ယောက်က ညဘက် ရုတ်တရက် လာခေါ်သည်။ သူ့ကို ယခင် ကျနော် နေခဲ့သည့် အိမ် ခန်းဘက် ကိုရောက်မည် ဆိုလျှင် လမ်းကြုံ လိုက်ခဲ့ ချင်သည် ဟု ပြောထားခဲ့ဖူးသည်။ အရင် အိမ်ခန်း လေးက မသယ် ဖြစ်သေးသည့် ကျနော့် ပစ္စည်း ပစ္စယ များကို လမ်းကြုံသယ်ချင်၍ ဖြစ်သည်။ ထိုနေ့မှ သူကလဲ အဲ့ဒီဘက်ကို သွား၍ ပစ္စည်းတစ်ခု ယူစရာရှိတော့ အတော် ပဲပေါ့ အသွားတွင် သူ့ဆိုင်ကယ်ဖြင့်သွား ၍ အပြန်တွင် ကျနော်က ပစ္စည်း တွေတင်ပြီး ကားငှါးပြန်ကြမည် ဟု တိုင်ပင်ကာ ထွက်လာခဲ့ကြသည် ။

နှစ်ယောက်သား အိမ်က ထွက်လို့ ၁၀ မိနစ် ဝန်းကျင်လောက် ပဲရှိဦးမည် block check နှင့် တည့်တည့် တိုးမိ လေသည် ။ ရုပ်ရှင်တွေထဲကလို ရဲကားများနှင့် လမ်းပိတ်ထားကာ လမ်းသွားလမ်းလာ ကားများ ၊ ဆိုင်ကယ် များကို ရဲများက လက်နက်အပြည့်အစုံ နှင့် ရပ်တန့် စစ်ဆေးနေ ခြင်းဖြစ်သည် ။ သူတို့ block ချထားသည်က မီးပ္ပိုင့် အကျော်မှောင်ရိပ်လေးထဲ မှာ ၊ ကျနော် နှင့် ကျနော့် မိတ်ဆွေကလဲ ညဘက် လူရှင်းတဲ့ အချိန်ဆိုတော့ စကားလေးတစ်ပြောပြော နဲ့ အမှတ်တမဲ့ပင် ၊ မီးပွိုင့် ကိုဖြတ်အကူး ထွက်တား သည့် ရဲကို တွေ့လိုက်ရမှပင် block ဟု သိလိုက်ရတော့သည် ။

ဘာတတ်နိုင်မှာလဲ ရှင်းပေါ့ ဒါပဲရှိတော့တဲ့ ဟာ ၊ ရဲက အနားရောက် လာပြီးမေးပါသည် "လိုင်စင်" တဲ့ ကျနော့် မိတ်ဆွေက ထုတ်ပေးလိုက်သည်။ ယူကြည့်ပြီး "ပတ်စပို့" တဲ့ ထပ်တောင်းပြန်သည် ။ ကျနော့်မိတ်ဆွေက ပတ်စပို့ စာအုပ်ပျောက်ဆုံးနေသဖြင့် သက်ဆိုင်ရာဌါနသို့ အကြောင်းကြားထားပြီးသူ။ သူ့မှာက ရဲဌါနနှင့် အင်မီဂရေး ရှင်းက ထုတ်ပေးထားသော စာအုပ် ပျောက်ဆုံးကြောင်း ထောက်ခံချက်သာပါသည် ။ အဲ့သည်ဟာ ကို ထုတ် ပေးလိုက်တော့ မျက်မှောင်ကုပ်ပြီး သေချာကြည့်သည် ပြီးမှ "မင်းအောက်ကိုဆင်းပြီး ငါနှင့်လိုက်ခဲ့" ဟု စားပွဲနှင့် ထိုင်နေသော သူတို့ အရာရှိထံ ခေါ်သွားသည် ။ ကျနော် ကတော့ရဲတွေ မျက်စေ့နောက်ပြီး အရစ်ရှည်မှာ စိုး သောကြောင့် ဆိုင်ကယ်နောက်မြီးမှာ ခပ်ရို့ရို့လေး ထိုင်စောင့် နေခဲ့သည်။

ထိုအချိန်မှာပင် နောက်က ကားတွေတား၍ စစ်နေသော ရဲက ဘာစိတ်ကူးပေါက်သည်မသိ ရုတ်တရက် ကျနော့်ဘက်လှည့်ကာ "အဲဒါမင်းသူငယ်ချင်းလား" ဟု မေးသည် ၊ "အေးဟုတ်တယ်" ဆိုတော့ "သူက ဘာမ ရှိတာလဲ"ဟု ထပ်မေးပြန်သည် ။ ကျနော်က " သူ့မှာ အကုန်လုံး ရှိပါတယ်" ဆိုတော့ "မင်းရော"တဲ့ " ကျနော် က အေးအေး ဆေးဆေးပင် "ငါ့မှာပါမစ် ရှိတယ်"ဆိုတော့ "ဘယ်မှာလဲပြ" တဲ့ ကျနော် သူ့ကိုပြဖို့ ဘောင်းဘီ နောက်အိတ်ထဲက ပိုက်ဆံအိတ် ကို စမ်းတော့.....သွားပြီ... ချက်ချင်းပင် ခေါင်းနပန်းကြီးသွားရသည် အပြင် ထွက်ခါနီး ဘောင်းဘီလဲဝတ်တော့ ပိုက်ဆံအိတ်က ချွတ်ခဲ့သည့် ဘောင်းဘီထဲမှာ ကျန်ခဲ့ပြီ ။

အတန်ကြာ ဟိုစမ်း ၊ ဒီစမ်းလျှောက် စမ်းတော့မှ သက်တမ်း မကျန်တော့သည့် ယမန်နှစ်က ကဒ်ပြား အဟောင်းလေး သာစမ်းမိသည် ။မထူးတော့ပြီမို့ အဲဒါလေးပဲထုတ် ပြလိုက်ရသည် သူက ယူကြည့်ပြီး
"ini sudah mathi " "manna baru" တဲ့ "ဒီကဒ်က သေနေပြီပဲ" "ဘယ်မှာလဲ အသစ်" ဆိုတော့ ကျနော် က "saya lupa" "ငါမေ့လာတယ်"လို့ပြောလိုက် သည်နှင့် "လာ မင်းပါလိုက် ခဲ့" ဆိုပြီး ကျနော့် မိတ်ဆွေကို စစ်မေးနေသည့် သူတို့ အရာရှိထံခေါ်သွားသည် ။ အရာရှိဆိုသူထံ ရောက်တော့ " မင်းဒီကဒ်ကို ကိုင်လို့ မရတော့ဘူး ဆိုတာ မသိဘူးလား" "သိပါတယ် ငါမေ့လာလို့ " "ဒါဆို မင်းရဲ့ အလုပ်ကို ငါဖုံးဆက်ကြည့်မယ်"
"ရတယ် ဆက်" ဟုပြောပြီး လိပ်စာကဒ်ပြား ပေးလိုက်တော့ ကျနော့် မိတ်ဆွေဘက် ကို လှည့်သွားသည် ..။

" မင်းရဲ့လိုင်စင်က မလေးရှားမှာကိုင်ဆောင်ခွင့်မရှိဘူး" ကျနော် လှမ်းကြည့်မိလိုက်တော့ ကျနော့်မိတ်ဆွေရဲ့ လိုင်စင်က မြန်မာပြည်မှ ထုတ်ပေးထားသည့် International Driving Licence ဖြစ်နေသည် ။ ကျနော့် မိတ် ဆွေက လဲ မလေးလိုမပြောတတ် ရဲလုပ်သူကလဲ အဂ်လိပ်လို မပြောနိုင် ဆိုတော့ ကျနော်ကပဲ ကြားက ဝင်ပြီး "ရပါတယ် ဒီလိုင်စင် က နိုင်ငံတကာမှာမောင်းခွင့် ရှိတာပဲ" ပြောလျှင် သူက " ငါတို့ဆီက ခွင့်ပြုတဲ့ တံဆိပ်တုံး ထုဖို့လိုသေးတယ်လေ"ဟုဆိုပြီး ဘေးဘီဝဲယာသို့ မျက်လုံးကစားကာ ကြည့်လေသည် ။ ကျနော်လဲ ဘာများ ကြည့်တာလဲ ဟု လိုက်ကြည့်မိတော့မှ အထာပေါက်သွားသည် ...လား..လား ..သူထိုင်နေသည့် နေရာနားမှာ မည်သူမှမရှိတော့ ကျန်သည့် ရဲတွေကလဲ နောက်ဝင်လာသည့် ကားများ ၊ ဆိုင်ကယ်များကို စစ်သူစစ် ၊ မေးသူ မေးနှင့် အလုပ်ရှုပ်နေကြသည် ။

ကျနော်လဲ သူ့အနားတိုးကာ "မင်းငါတို့ကို ကူညီပါလားကွာ" ဆိုတော့ "ဘယ်လို ကူညီရမလဲ ပြောလေ" တဲ့ "မင်းကို ပြုစုမယ်လေ" လို့ စကားခေါ်ကြည့်တော့ "ဒီမှာ ငါ့လူတွေကအများကြီးရှိတယ်" လို့ပြန်ဖြေသည် ၊ သူ ပြောသည့် အဓိပ္ပါယ်က နည်းနည်း နှင့်တော့ နာမည်ပျက်တယ် ဆိုတာမျိုး ။ ဒါမျိုးတော့ ကျနော်လည်း နားလည် ပါသည် ပါလာသည့် ရင်းဂစ် ၅၀ တန် တစ်ရွက်ကို အလျင်အမြန် ဆွဲထုတ်လိုက်ကာ သေးအောင် ခေါက်၍ သူ့အနားသို့ ကပ်ခါပေးလိုက်သည် ။ ထို ဆရာသမားက အသေအချာ ကြည့်ပြီးမှ သိမ်းယူထားသော ကျနော်တို့၏ စာရွက် ၊ စာတမ်းများနှင့် ဆိုင်ကယ်သော့ကို ထုတ်ပေးပြီး သူကိုယ်တိုင် ဆိုင်ကယ်ရပ် ထားရာ သို့လိုက်ပို့ပေးလေသည်....။

ကျနော်တို့ ဆိုင်ကယ်စက် နှိုး၍ မောင်းအထွက် ထို ကိုရွှေရဲအရာရှိမှ ဖောက်သည် အသစ်လေးတွေကို နှုတ် ဆက်သည့် ဟန်မျိုးဖြင့် "နောက်လဲ အကူအညီလိုရင် ပြောပေါ့ကွာ" ဟု ပြောရင်း လက်ဆွဲ နှုတ်ဆက်ကာ မိန့်မိန့် ကြီး ပြုံးရင်း အနောက်ဘက် ၌ တဖြည်းဖြည်း ဝေးကွာ ကျန်ရစ်ခဲ့ လေသည်............။

Sunday, August 10, 2008

တန်ဘိုးကြီးတဲ့ အိုလံပစ်တဲ့လား

မနေ့ညက အိုလံပစ်ဖွင့်ပွဲ အခမ်းအနားကို မောင်ဖုန်း အထူးတန်းက နေကြည့်ခွင့် ရခဲ့ပါတယ် ..။ ဟဲဟဲ .. အထင်ကြီးသွားလား အထူးတန်းဆိုတာ လူတွေအားလုံး စုကြည့်တဲ့ တီဗီရှေ့နားလေးမှာ ကော်ဖီတစ်ခွက်နဲ့ စီးကရက်လေး ဖွာရင်း ကြည့်တာကိုပြောတာပါ..။ ဘယ်လိုလုပ်ပြီး စိနတိုင်းကို သွားကြည့်နိုင်ပါ့ မလဲခင်ဗျာ ။
ဒီလောက်ဈေးတွေ ခေါင်ခိုက်နေတဲ့ဟာ ။ ပြောမဲ့သာပြောတာပါ ကွင်းထဲက သွားကြည့်ရင်တောင် ဒီလောက်မြင် ကွင်းကကောင်းမှာမဟုတ်ဘူး အခုတော့ ကိုရွှေကင်မရာမင်းက အနီးကပ်ရိုက်ပြလိုက် အဝေးကြီးက ရိုက်ပြလိုက်ဆိုတော့ဖွင့်ပွဲကျင်းပရာငှက်သိုက်(သတင်းတွေ ထဲမတော့Bird's Nest လို့ရေးထားလေရဲ့)အားကစားရုံကြီးကို ဒေါင့်စုံဘက်စုံ ကမြင်ကွင်းကောင်းကောင်းနဲ့ မြင်နေရတာပေါ့ဗျာ ။

ဖွင့်ပွဲအခမ်းအနား မှာတော့ကျနော်တို့ဆွေမျိုးပေါက်ဖော်တွေက ထွင်သလားမမေးနဲ့ ၊ ကမ္ဘာ့ ငထွင်ကြီးဘွဲ့ တောင်ပေးဘို့ ကောင်းတယ် ။ သုံးလိုက်တဲ့လူဆိုတာလဲ သောက်သောက်လဲ လူဦးရေ များတိုင်းကို သုံးထားတာ ပဲ ၊ အိုလံပစ် မီးရှုးတိုင် ထွန်းတာတောင်မှ ရိုးရိုး မထွန်းဘူး သိုင်းကားတွေထဲက လို မိုးပေါ်မှာ ပျံဝဲပြီးမှထွန်းတာ
အခမ်းအနား ကျင်းပနေတုန်း ပတ်ဝန်းကျင် က လူနေအိမ်ခြေတွေကို မီးအမှောင်ချထားတော့ မဆီမဆိုင် ရန်ကုန်ကိုတောင်ပြေးသတိရလိုက်မိသေးတယ်၊ဒီလို အိုလံပစ်ဖွင့်ပွဲ အခမ်းအနား ကိုဘယ်လောက်ပဲ ထယ်ထယ်ဝါဝါ ဖြစ်အောင် လုပ်ပါစေ မောင်ဖုန်း မျက်စိထဲမတော့ ရွှေဝါရောင် တော်လှန်ရေးက ဘုန်းဘုန်းတွေ ချီတက်လာတဲပုံရယ် ၊တိဗက်ဒေသ က မဟာယန ကိုယ်တော် တွေ လည်ပင်းကို တက်နင်းထားတဲ့ တရုတ်စစ် သားပုံတွေပဲ သွားမြင်နေတာဗျား ။ အကောင်းမမြင်တတ် ဘူးလို့ပြောလဲပြောပါစေတော့နော် ။

ဒါနဲ့မဆီမဆိုင်ဗျာ ဟိုက တရုတ်ပြည်မကြီးမှာ အိုလံပစ်ဖွင့်ပွဲ အခမ်းအနား ကို မီးရူး မီးပန်းတွေဖောက်တော့ မောင်ဖုန်းနေတဲ့ အိမ်နားလေးက မလေး တရုတ်တွေက ပါ မီးပန်းတွေထဖောက်ပါရောလား ၊ ညဘက် လူခြေတိတ်ချိန် ကြီး သူတို့က ဝုန်းဒိုင်း ၊ ဝုန်းဒိုင်းတွေ လုပ်တော့ ဘာများဖြစ်တာလဲလို့ ထကြည့်ရသေးတယ်။ ပြီးမှ ဘာမှ မဟုတ်လို့ တရုတ်လိုပဲ ဆဲလိုက်ပါတယ်။(ဟတ်ဟတ် မကြားအောင်ပေါ့ဗျာ) အင်းသူတို့လဲ သခင်မျိုးဟေ့ ဒို့တရုတ် ဆိုပြီးဂုဏ်ယူတာနေမှာပေါ့ဗျာ ။

တရုတ် စစ်တပ်က ဒရမ်သမား 2008 ယောက်က ဖွင့်ပွဲစတင်မဲ့ အချိန်ကို ရေပြီး ဒရမ်တီးနေတာပေါ့ ၊ အချိန်လဲ စေ့ရော မောင်ဖုန်းတို့ ဘဘကြီးရဲ့ဆရာ ဟူကျင်းတောင် က အားကစား ပွဲကြီး ဖွင့်လှစ် ကြောင်းကို ကြော်ငြာ တာပေါ့ခင်ဗျာ ပြီးမှ ( IOC ) ဥက္ကဌ က အာလူးတွေ ဖုတ်ပါလေရော ဘာတဲ့ "ကာလရှည်ကြာစွာထဲက ရှိခဲ့တဲ့ တရုတ်ပြည်ရဲ့ အိပ်မက်ဟာ တံခါးတွေ ဖွင့်ပြီးတော့ပြင်ပ ကမ္ဘာကို ဖိတ်ခေါ်ပြချင် တာပါတဲ့ ခုဒီည မှာဒီအိပ့်မက် ဟာတကယ် ဖြစ်လာပါပြီ " ဆိုလားပဲ မောင်ဖုန်းလဲ တတ်သလောက်လေးဘာသာပြန်ကြည့်တာ ဒင်းက ဒီလို မိန့်ခွန်းပြောတော့ မောင်ဖုန်းက လဲ ဒီကာတွန်းလေး ပြေးမြင်မိပြန်ရော
မောင်ဖုန်းတို့ အကောင်းမမြင်တတ်ပုံများ ပြောပါတယ် ၊ ဒီဖွင့်ပွဲအခမ်းအနားကို အမေရိကန် သမ္မတ ဂျော့ခ်ျဘုရှ် အပါအဝင် ကမာ့္ဘ နိုင်ငံပေါင်း ၈၀ ကျော်က ခေါင်းဆောင်များ တက်ရောက် ကြပါသတဲ့ ။ သူတို့ရဲ့ ငှက်သိုက့်ကွင်း ထဲမှာ လာကြည့်သူပေါင်း 91000 ကျော်ပြီး ရုပ်သံကြည့်နေသူ တစ်ဘီလီယံ ကျော်ပါသတဲ့ ဒါတောင် မောင်ဖုန်း တို့ကို ထဲရေ ချင်မှရေ မှာ ၊ ဒရမ်သမားတွေ တီးတဲ့ သီချင်းက ဘာတဲ့ "မိတ်ဆွေတွေ အဝေးကြီး က လာတော့ ဘယ်လောက် ပျော်ဘို့ကောင်း လဲ ငါတို့တွေ တဲ့ " ပျော်မှာပေါ့ဗျာ ဧည့်သည် တွေပါလာတဲ့ ဒေါ်လာငွေတွေ က နည်းမျိုးစုံနဲ့ သူတို့ အိတ်ထဲရောက်တော့မှာကိုး ။ ကမ္ဘာတစ်ခု အိပ်မက်တစ်ခု တေးသရုပ်ဖော်တော့လည်း ကမ္ဘာ လုံးကြီးပေါ်မှာ အဖြူမနဲ့ တရုတ်ကြီး တစ်ယောက် တရုတ်သီချင်း ကို စွဲစွဲငင်ငင် ဆိုပြီး မျက်ရည်ချုသေးတာ ကိုး
ပြီးမှ ကမ္ဘာလုံးကြီးက တရုတ်မီးအိမ်ကြီးလို ဖျတ်ကနဲ ပြောင်းသွား တော့ ဒီတရုတ်တွေ ကမ္ဘာကို စိုးမိုးတော့ မဲ့နိမိတ် များလားလို့ စိုးရိမ် မိသေးတယ် .. .ယခု 2008 ခုနှစ် အိုလံပစ်ပွဲကြီးရဲ့ ကုန်ကျစရိတ်ပေါင်းဟာ အမေရိကန် ဒေါ်လာ 43 ဘီလီယံ ရှိပါသတဲ့ ပြီးခဲ့တဲ့ ဂရိနိုင်ငံ အေသင် မြို့မှာ ကျင်းပတဲ့ အိုလံပစ်ထက် 15 ဘီလီယံ ပိုမို သုံးစွဲထားပါသတဲ့ ခင်ဗျာ ။ အင်း..မောင်ဖုန်း ကတော့ အဲဒီငွေတွေ ယူပြီး နာဂစ်ကြောင့် ဆုံးရှုံးသွားတဲ့ မြန်မာပြည်က ဒေသတွေကို ပြန်လည်ထူထောင်ရေး လုပ်ချင်တာပါပဲ ။ ကိုယ်ဘာသာတော့ နှစ်သိမ့်ထားရတယ် နေဦး ငါ IOC ဥက္ကဌဖြစ်ရင် မြန်မာပြည်မှာ အိုလံ ပစ်ုပြိုင်ပွဲလုပ်ပြီး ရန်ပုံငွေရှာပစ်မယ်လို့ ။

အာကစား သမားတွေ အလံကိုင်ပြီး ငှက်သိုက်ရုံကြီးထဲ ချီတက်လာတော့ ကျနော်တို့ မြန်မာနိုင်ငံ အလံကို ဘယ်သူ ကိုင်လာမှာလဲ လို့ စိတ်ဝင်စားပြီး မျက်လုံးကို ပြူးပြဲနေအောင် လိုက်ကြည့်သေးတယ်ခင်ဗျ ၊ မောင်ဖုန်း ပဲအကြည့်မှားသလား ၊တပိုတပါးထသွားတုန်း ကပဲ ဖြတ်သွားသလားတော့ မသိလိုက်ဘူး မြန်မာအလံကိုင် ပြီးချီ တက်လာတာ မတွေ့လိုက်ဘူး ဗျာ တော်တော် ဆိုးတဲ့ ကင်မရာသမားတွေ ။ စိနတိုင်းသားတွေ ချီတက်လာတုန်း တော့ အမေရိကန် NBA မှာ နာမည်ကြီးနေတဲ့ ဘတ်စကတ်ဘော ကစားသမား Yao Ming က (ဒီမောင် နာမည်ကို မောင်ဖုန်း လဲအသံမထွက်တတ်ဘူး ) အရပ်ကြီး ကလန်ကလားနဲ့ သူ့အသင်းကို ဦးဆောင်ပြီး ချီတက် လာတာခင်ဗျ ၊ အမေရိကန်တွေ အလှည့်ကြတော့ တရုတ်ပြည်ရဲ့ လူ့အခွင့်အရေး စံချိန်စံညွှန်း တွေကိုပဲ အရွဲ့တိုက်လေသလား တော့ မပြောတတ်ဘူး လိုပက် လိုမောင် (Lopez Lomong ) ဆိုတဲ့ဆူဒန်နိုင်ငံကဒုက္ခ သည်အဖြစ်ထွက်ပြေးလာပြီး အမေရိကန် နိုင်ငံသားအဖြစ်ခံယူထားတဲ့ ပြေးခုန်ပစ် ကစားသမားကို အလံကိုင်ပြီး ရှေ့ဆုံးက ချီတက် ခိုင်းခဲ့ပါတယ် ။ ဒါလဲ နိုင်ငံရေး လှုပ်ရှားတစ်မျိုး ပါပဲခင်ဗျာ။

ဘာပဲဖြစ်ဖြစ် တန်ဘိုးကြီးမားတဲ့ အိုလံပစ် အားကစားပွဲကြီးကတော့ နိုင်ငံတကာမှာလူ့အခွင့်ရေး ကိစ္စတွေနဲ့ ပက်သက်ရင် အမြဲတမ်း အငြင်းပွားစရာ ဖြစ်နေခဲ့ ပြီး မောင်ဖုန်းတို့ တိုင်းပြည်က ဘဘကြီးတွေရဲ့ အားကိုး အားထားရာ စိနတိုင်းမဟာမှာတော့ အောင်မြင်စွာ ဖွင့်လှစ်ခဲ့ပြီးပါပြီ ။ ဒီလို တန်ဘိုးကြီးတဲ့ အိုလံပစ် ပွဲတော်ကြီး ကျင်းပခွင့်နဲ့ ထိုက်တန်တယ် မတန်ဘူးဆိုတာ ငွေရောင်ပိတ်ကားပေါ်မှာ ဆက်လက် စောင့်မျှော်ကြည့် ရှုကြပါလို့ တိုက်တွန်းရင်း မောင်ဖုန်း သဘောကျတဲ့ အိုလံပစ် ကာတွန်းလေးတွေကို မျှဝေ လိုက်ပါတယ် ခင်ဗျာ။





.....
်..
......
...

....

...
..
...
်


Saturday, July 26, 2008

ဂျိမ်း ဂျွိုက် (စ်) (၁၈၈၂-၁၉၄၁) - James Joyce (1882-1941) အပိုင်း (၂ )


၁၉၁၈ တွင် ပြည်နှင်ဒဏ် ပြဇတ်တစ်ပုဒ်ကို ထုတ်ဝေသည် ။ နော်ဝေ စာရေးဆရာကြီး အစ်ဘဆင်၏ နည်းနာများ ကို သုံးစွဲရေးဖွဲထားခြင်းပင်ဖြစ်သည် ။ အသက် ၁၈နှစ်တွင် ရေးသားခဲ့ဖူးသည့် "အစ်ဘဆင်၏ ပြဇတ်သစ်" ဆောင်း ပါး၏ လှုံ့ဆော်စူးနစ်ချက်ပင် ဖြစ်သည် ။ အမှန်တရားကို စွဲစွဲမြဲမြဲ ဆုပ်ကိုင် ဖန်တီးသည့် အစ်ဘဆင်ကို လေးစားရာ မှပေါက်ဖွား လာမှုဖြစ်သည် ။

The Little Review စာစောင်၌ အခန်းဆက် ဝတ္ထုရှည် အဖြစ် တစ်စိတ်တစ်ပိုင်း ဖော်ပြခဲ့ပြီး တစ်ပိုင်းတန်းလန်း ရပ် ဆိုင်းခဲ့ရသော ယူလီဆီး (Ulysses) ဝတ္ထုကြီးမှာမူ ၁၉၂၂ ခုနှစ် ဂျွိုက်(စ်) အသက် ၄၀ ပြည့် မွေးနေ့တွင် ထွက်ပေါ်ခဲ့သည်။ အနုပညာရှင်တစ်ဦး၏ ငယ်ရွယ်စဉ်ဘဝ ရုပ်ပုံလွှာ၏ အဆက်ဟုလည်း ဆိုနိုင်သည် ။ စတီ ဖင် ဒီဒယ်လပ် ၊ လီယိုပိုဘလွန်း နှင့် ဘလွန်း၏ ဇနီး မော်လီဘလွန်း ၊ဒဗ္ဗလင်မြို့သား သုံးဦး၏ ၁၉၀၄ ခု ဇွန်လ ၁၆ ရက် တစ်နေ့တာ အဖြစ်အပျက်များကို ရေးဖွဲ့ထားခြင်း ဖြစ်သည် ။ ၂၀ ရာစု စာပေသမိုင်းတွင် ဂယက်အထဆုံး ၊ ပြဿနာအပေါ်ဆုံး နှင့် ဖတ်ရှု နားလည်ရ အခက်ဆုံး ဝတ္ထုကြီးအဖြစ် မှတ်တမ်းတင် ခံရသည် ။ ဂျွိုက်(စ်)သည် ဤဝတ္ထုကို ခုနှစ်နှစ် ကြာအောင် ကျားကုတ် ကျားခဲ့ ရေးခဲ့ရသည် ။ ဟိုးမား၏ အိုဒက်ဆီ (Odyssey) ဂန္တဝင် ပုလင်းထဲတွင် ဂျွိုက်(စ်) ချက်လုပ်သည့် ၂၀ ရာစု ဝိုင်အရက်ကို ထည့်သွင်းခဲ့ခြင်းပင် ဖြစ်သည် ။ အစဉ်အလာ ကမ္ဘာလောကနှင့် ခေတ်သစ် ကမ္ဘာလောက နှစ်ခုလုံး ကို ပကတိရှုမြင် သုံးသပ်မှုဖြင့် တင်ပြထားခြင်း ဖြစ်သည် ။ ထို့ပြင် ဤဝတ္ထုကို အနောက်တိုင်း မြို့ပြ ယဉ်ကျေးမှု သမိုင်းအား ဆန့်ကျင်သည့် လမ်းကြောင်းပေါ် ပစ်တင်လိုက်ခြင်း ဖြင့် ဝတ္ထု၏ ကြီးကျယ် ခမ်းနားမှု သည် တအားကျယ်ပြန့်သွားတော့သည် ။


ဝတ္ထု၏ အဓိကဖြစ်ရပ် ၁၈ ခုအနက် တစ်ခုစီကို သီးခြားရေးနည်း ပုံစံများဖြင့် ဖွဲ့စည်းထားသည် ။တီထွင်မှုပါသည့် စကားလုံး ကစားပွဲအား လွတ်လပ်စွာ ဇက်ကြိုး လွှတ်ပးထားသည် ။ ပြေပြစ်ချောမွေ့သည့် ထပ်ပြန်ကျော့ အရှိန်မြှင့်ချက်များဖြင့် လက်ရာမြောက် ရက်ဖောက်ထားသည် ။ အဓိက ဇတ်ဆောင် တစ်ဦးစီ၏ ဖြစ်တည်စ အတွေးများနှင့် ခံစားချက် အပိုင်းအစများကို အကွက်ချ မရေးဘဲ စိတ်ထဲ ဖြစ်ပျက်လာမှု အတိုင်း ခင်းကျင်းပြခဲ့ သည် ။ ဤဝတ္ထု၌ ဂျွိုက်(စ်) သည် ကမ္ဘာတစ်ခုလုံးက အညီအညွတ် လက်ခံထားသည့် ကြီးကြီး ကျယ်ကျယ် ခံ့ခံ့ ညားညား ဝေါဟာရ စကားလုံးများကို ပါရဂူမြောက် သုံးနှုန်းထားသည် ။ ထို့ပြင် ပညာရှိ နှင့်ပညာမဲ့ ၊ ယဉ်ကျေးသူ နှင့် ရိုင်းစိုင်းသူ မည်သူမဆို မသုံးနှုန်းသင့်ဟု သဘောကြိုက်ညီသည့် အောက်တန်းစား ယုတ်ညံ့သိမ်ဖျင်း ကြမ်း တမ်းသော ဗန်းစကားများကိုလည်း တစ်ပုံတပင် သုံးထားသည် ။ ထို့ကြောင့်ပင် ညစ်ညမ်းသည်ဟု ဝေဖန် ရှုတ်ချ ပိတ်ပင် တားမြစ်ခဲ့ခြင်း ဖြစ်သည် ။ "...သည်နိုင်ငံ ၊ သည်လူမျိုး နဲ့ သည်ဘဝကြီးက ကျုပ်ကို သည်အတိုင်း ထုတ် လုပ်ပေးလိုက်တာပဲ ။ ဒီတော့ ကျုပ်ကလည်း အရှိအတိုင်း ဖော်ကျုးရမှာပဲ " ဟူ၍ ဂျွိုက်(စ်) က ရှင်းခဲ့သည် ။ ဂျွိုက်(စ်) သည် သူ့ရှိသမျှ အတွေးများ ၊ သူရခဲ့ သမျှ အတွေ့ အကြုံများ ၊သူတွေ့ဖူးခဲ့သမျှ လူပုဂ္ဂိုလ်များ ၊ သူ ဖတ် ခဲ့ သမျှ စာကောင်း စာသန့်များ နှင့် စာညံစာဖျင်းများ အားလုံးကို ယူလီဆီး ၏ ပွင့်လင်းမှု သို့မဟုတ် ကွယ်ဝှက် မှုများထဲတွင် စုစည်းခင်းကျင်းခဲ့သည် ။

အရူးဂေဟာ အပြင်ဘက်မှာ တွေ့ရသော လူတစ်ယောက် ကဲ့သို့ မိမိ၏ ရှောင်တခင် ပေါ်လာသမျှ အတွေးများ ၊
ခံစားချက်များ ၊ စိတ်လှုပ်ရှားမူများ ၊ တုံ့ပြန်ရိုက်ခတ်မှု များကို ကလောင်ဖျားမှ စီးဆင်း သွန်ချရာတွင် အစီအစဉ် တကျလည်း မလုပ် ၊ ရှေ့နောက် ညီညွတ် အောင်လည်း မကြိုးစား ၊ လွတ်လွတ် လပ်လပ် ပေါ်လာသည့် အတိုင်း ကစဉ်ကလျား ဖော်ပြထားသည် ။ မသိစိတ်ကို စာရွက်ပေါ်ချပြရာတွင် သိစိတ်၏ အတည်ပြုမှုကို မရယူခဲ့ ။
ဆစ်ဂမန်ဖရွိုက်
၏ "မသိစိတ်ဟူသည် အစစ်အမှန် လူသား ၊ သဘာဝလူသားကို ကိုယ်စားပြုပြီး ၊သိစိတ်က အတုအယောင်လူသား ၊ ပကာသနလူသားကို ကိုယ်စားပြုသည်" ဟူသော သဘောတရားကို ကိုင်စွဲပုံဖော်ခဲ့ သည်။ ဤသို့ဖြင့် ဤဝတ္ထုကြီးသည် စာဖတ်သူ ၁၀၀ တွင် ၁၀ ဦးသာ အဆုံးအထိ ဖတ်ဖြစ်၍ ၊ယင်း ၁၀ ဦးတွင် လည်း ၅ ဦးမှာ ခက်ခဲစွာ ကြိုးပမ်း သည့်တိုင် ၊ တစ်ဦးမျှသာပဲနားလည်သည် ဟု အဆိုရှိသည် ။မည်သို့ပင်ဖြစ်စေ ဤဝတ္ထု၏ ကျယ်ဝန်းမှု ၊ သိပ်သည်းမှု နှင့် ပုံသဏ္ဍာန် မျိုးပေါင်း စုံလင်မှုတို့က ဖြစ်ရပ်မှန် မဟုတ်သော စာပေ လက်ရာ တစ်ခုတွင် ဖော်ကျုးနိုင်သည့် အာရုံခံစားမှု များ ကို အပြောင်းအလဲ များစွာ ချဲ့ထွင်ပေးသည် ကိုကား မငြင်းနိုင် ။ထို့ကြောင့်ပင် ဤဝတ္ထုကြီးသည် နံပါတ်တစ် စွဲကာ၊ ဂျွိုက်(စ်) မှာ လည်း ရာစုနှစ်၏ အကြီးမြတ်ဆုံး စာ ရေးဆရာကြီး တစ်ဦး အဖြစ် သတ်မှတ်ကြရတော့သည် ။

ထို့နောက် ဂျွိုက်(စ်) သည် ပို၍ကြီးမားသည့် စိန်ခေါ်မှု တစ်ရပ်ကို သူကိုယ်တိုင် ချမှတ်ပြန်သည် ။ စကားလုံး ကင်း မဲ့သည့် အိမ်မက်ကမ္ဘာ အကြောင်းကို လူအများ နားလည် သဘောပေါက် အောင် စကားပြေဖြင့် ရေးသား တင် ပြဖို့ဖြစ်သည်။ သူသည် "တိုးတက်မှု ရရှိနေသည့် သူ၏လက်ရာ" ကို ၁၇ နှစ်တိုင်တိုင် ပင်ပင်ပန်းပန်း အားထုတ် ခဲ့ရသည် ။ ဖင်နီဂန်ဝိတ် (Finnegans Wake) ကို ၁၉၃၉ ခုနှစ်တွင် ပုံနှိပ် ထုတ်ဝေ သည့်အခါ ၊ " အများ အသိအမှတ်ပြုထားသည့် ပါရမီရှင် ပုဂ္ဂိုလ်တစ်ဦးက သိလျက်နှင့် တမင်သက်သက် ရေးသားပြုစုထားသည့် နား လည်ရ အခက်ဆုံး လက်ရာဖြစ်ပါသည်" ဟု တိုင်းမ်မဂ္ဂဇင်းက ရေးသားခဲ့သည် ။ ယူလီဆီး ကို ပြောင်းပြန် ရေးသား ထားသည့် ဖင်နီဂန်ဝိတ် တွင် အဓိကဇတ်ကောင် အိပ်ခ်ျစီအီးယားဝစ်ကာ ၏ အိပ်မက်မက် နေသော စိတ်ထဲမှ တစ်ဆင့် စိမ့်ဝင်လာသည့် ၊ ရှည်လျားသည့် ဒဗ္ဗလင် ညတစ်ည အကြောင်းကို ပုံဖော်ထားသည် ။ ထပ် တလဲလဲ သုံးထားသော စကားလုံးများ ၊အဓိပ္ပါယ် မကွဲပြားသည့် စကားဝှက်များ ၊ ပုံသဏ္ဍာန် ပြောင်းလဲနေသည့် ဇတ်ကောင်များ ၊ ဘာသာစကား ၊ သမိုင်းနှင့် ယဉ်ကျေးမှုတို့ဖြင့် သွယ်ဝိုက်ညွှန်းဆို မှုများဖြင့် အတိပြီးသည့် ဖင်နီဂန်ဝိတ် တွင်၊ ပင်လယ် အတွင်းသို့ မြစ်တစင်း စီးဆင်းသွားသည့်အလား ဖော်ကျုးတင်ပြချက်များ မှာ ထိရောက် အားကောင်းလှသည်။ ဂျွိုက်(စ်) က သူ၏လက်ရာ ကို " တားမြစ်ထားသည့် ပိုင်နက်နယ်မြေ အတွင်း သို့ လိုသည်ထက်ပို၍ ဝင်ရောက်လေ့လာခြင်း " ဟု ခေါ်ဆို ခဲ့သည် ။ လိုသည်ထက် ပိုလွန်းသော သည်ဝတ္ထုရှည်သည် စာဖတ်သူ အများစု အတွက် နားလည်ရ အလွန်ခက်ခဲကြောင်း ကိုလည်း သက်သေပြခဲ့ သည် ။

၁၉၄၄ ခုနှစ်၌ အနုပညာရှင်တစ်ဦး၏ ငယ်ရွယ်စဉ် ဘဝ ရုပ်ပုံလွှာ ၏ ပထမမူကြမ်း တစ်စိတ်တစ်ဒေသ ဖြစ်သော စတီဖင်သူရဲကောင်း ထွက်လာသည် ။ ဤဝတ္ထုက ဂျွိုက်(စ်) အပေါ် သတိရဖွယ် အချက်နှစ်ချက်ကို ဖော်ညွှန်းသည် ။ပထမအချက်မှာ ယူလီဆီး အပါအဝင် သူ၏ အစောပိုင်း စာအုပ်များမှာ စွဲစွဲလမ်းလမ်း ဖတ်ရှုနိုင် ဖွယ် လက်ရာများဖြစိသညိ ဟူသော အချက်ဖြစ်သည် ။ ဒုတိယ အချက်မှာ ပြည်နှင်ဒါဏ်ခံ အနုပညာရှင်အဖြစ် ကိုယ့်ကိုယ်ကိုယ် ပုံစံချထားသော ဂျွိုက်(စ်) မှာ သူ့ခေတ် သူ့ကာလ၏ အကြီးကျယ်ဆုံး ပုံပြောကောင်းသူ တစ်ဦး ဖြစ်သည် ဟူသော အချက်ဖြစ်၏ ။

ဆင်းရဲမွဲတေမှု ၊ မကျန်းမမာဖြစ်မှု ၊ စိတ်ရောဂါကု ဆေးရုံ ရောက် သမီး လူစီယာအတွက် သောကထွေပြားရမှု စသည့် လောကဓံ၏ အထုအထောင်းကို အန်တုလျက် ၊ ဗြိတိသျှ နှင့် အမေရိကန်တို့၏ စာပေထုတ်ဝေမှု ပိတ်ပင် ချက်များကို ရင်ဆိုင်နေရသည့် ကြားမှ၊ ဂျွိုက်(စ်)သည် ယုံကြည်ချက် ခိုင်ကျည်စွာ ရေးသားဖန်တီးခဲ့ရာ တဖြည်းဖြည်း အောင်မြင်လာခဲ့တော့သည် ။ ဒဗ္ဗလင်မြို့သားများ ဖြင့် အဆုံးစွန် ဝတ္ထုတို ကျွန်းကျင်သူ ဖြစ်လာသည် ။ အနုပညာရှင်တစ်ဦး၏ ငယ်ရွယ်စဉ်ဘဝ ရုပ်ပုံလွှာ ဖြင့် မှတ်တိုင်စိုက်ရမည့် ဝတ္ထုရေးဆရာကြီး စာရင်းဝင်ခဲ့သည် ။ ယူလီဆီး ဖြင့်မူ ပထမ ကမ္ဘာ စစ်ကြီး အပြီး ပြိုကွဲပျက်စီးနေသော လူ့အဖွဲ့ အစည်းကြီးကို စာပေဖြင့် ထင်ဟပ်ရာတွင် အသစ်တီထွင်သူ အဖြစ်သာမက ၊ ရာစုနှစ်၏ အကြီးကျယ်ဆုံး စာရေးဆရာ အဖြစ်လည်း ကမ္ပည်းထိုးခဲ့သည် ။ အငြင်းပွားမှု ၊ ဝိဝါဒ ကွဲပြားမှု အရပ်ရပ်၏ မဏ္ဍိုင်တစ်ရပ်လည်း ဖြစ်ခဲ့သည်။ သူ့ခေတ်ပြိုင် လက်ရာများကို ကျော်လွှား၍ ကျယ်ကျယ်ပြန့်ပြန့် ဩဇာညောင်းခဲ့သည့်  သိစိတ် အလျင် ရေးဖွဲ့နည်း ၊အဇ္ဈတ္တ တစ်ကိုယ်တော် ရေရွတ်နည်း တို့ဖြင့် ခေတ်သစ် စိတ်ဝိညာဉ် အပိုင်းအစများကို အနုမြူဝဲဩဃ အတွင်း သွတ်သွင်းလိုက်ရာ ၊မည်မျှ ခြားနားသော ဝိရောဓိများ ရောယှက်လာသနည်း ဆိုသော် ဟိုးမားပင်လျှင် သူ့နည်းကို အသုံးပြုပါမှ သူ့အနုပညာ ဖန်တီးမှုအပေါ် ကျော်လွှားနိုင်တော့မည်ဟု ဆိုရမတတ်ပင်
သူ့စာပေ လက်ရာအားလုံးကို မော်ဒန်စာပေ၌ ကွယ်ဝှက်မှုအရာ တွင် အစွန်းရောက် စာပေအဖြစ် နေရာ သတ်မှတ် ပေးသင့်သည် ဟူ၏ ။

ဂျွိုက်(စ်) သည် အစဉ်အလာ ထိန်းသိမ်းသည့် ဣနြေ္ဒ မျိုး ဖြင့် ဝတ်စား ဆင်ဝင်တတ်ပြီး လမ်းလျှောက် တုတ်ကောက် တစ်ချောင်း ဆောင်ထားရသည်ကို သဘောကျသူ ။ အနုပညာနှင့် အလှအပကို ခုံမင်သူ ဖြစ်သည် ။ မျက်နာ သေးသွယ်ပြီး ကျန်းမာရေး မပြည့်စုံသည့် ဂျွိုက်(စ်) သည် လေတိုးရုံဖြင့် လဲကျသွားမည့် ပုံစံမျိုး ရှိသည် ။ သို့သော်လည်း သူ၏စိတ်က သံမဏိတမျှ မာကျောသည်။ နှစ်ပေါင်းများစွာအတွင်း မျက်လုံး ၁၁ ကြိမ် ခွဲစိတ်ကုသ ခံခဲ့ရသည် ။ မေ့ဆေး တစ်ခါမှ မသုံးပဲ ခွဲစိတ်ခံခဲ့ခြင်း ဖြစ်သည်။ ဖင်နီဂန် ထုတ်ဝေပြီးကာစ နာက်ပိုင်း ဒုတိယ ကမ္ဘာစစ် ဖြစ်ပွားလာသည့် အခါ ဂျွိုက်(စ်) ဇနီးမောင်နှံသည် ပါရီမှနေ၍ ရန်သူမသိမ်းပိုက်သေးသည့် ပြင် သစ်နိုင်ငံအတွင်း ဗီချီအရပ် အနီးရှိ ရွာကလေးတစ်ရွာသို့ ပြောင်းရွှေ့သွားကြသည် ။ ဂျွိုက်(စ်)သည် အပေါက်များ ဖြစ်နေသည့် အနာခွက်ရောဂါ ကြောင့် မမာမကျန်းဖြစ်နေသည် ။သူသည် ၁၉၄၁ ခုနှစ် ဇန်နဝါရီ ၁၃ ရက်တွင် ဝမ်းတွင်းမြှေး ရောင်ရမ်းသည့် ရောဂါဖြင့် ဆွစ်လန်နိုင်ငံ ဇူးရစ်မြို့၌ ကွယ်လွန်ခဲ့သည် ။ နိုင်ငံရပ်ခြားတွင် စာပေ အနုပညာ ရေးသားပြုစုခဲ့သည့် စာရေးဆရာကြီးကို နိုင်ငံရပ်ခြားတွင်ပင် မြှပ်နှံ သင်္ဂြိုဟ်ခဲ့သည် ။


ဂျွိုက်(စ်)၏ အားထုတ်မှု အစုစုကို တီအက်(စ်)အိလိယော့ က ဤသို့မှတ်ချက်ပြုခဲ့၏ ။ "ဂျော့ခ်ျမီလ်တန် နောက်ပိုင်း ဂျွိုက်(စ်) သည် အင်္ဂလိပ် ဘာသာစကား၏ အကြီးဆုံး ဆရာတစ်ဆူ ပါရဂူတစ်ယောက် ပင် ဖြစ်သည် " ဟူ၏ ။









Wednesday, July 23, 2008

ဂျိမ်း ဂျွိုက် (စ်) (၁၈၈၂-၁၉၄၁) - James Joyce (1882-1941)


ကျွန်တော် သဘောကျ ကြိုက်နှစ်သက် တဲ့ စာရေးဆရာ တွေထဲ မှာအပါအဝင် ဖြစ်တဲ့ ဂျိမ်းဂျွိုက်(စ်) ရဲ့ ရုပ်ပုံလွှာ ကို ရာပြည့် စာတည်း အဖွဲ့ က စုဆောင်း တင်ပြထားတဲ့ အတိုင်း ပြန်လည် ဝေမျှ ပေးလိုက် ပါတယ် ။


"စိတ်မနောတွင် မကြားရသည့် ဂီတသံကို တေးဆိုနေသည့် စကားလုံး ကွန်ရက်များ အဖြစ် ရက်လုပ်ပေးခဲ့သူမှာ ဂျိမ်း ဂျွိုက်(စ်) ပင် ဖြစ်သည် " ....။ [Great people of 20th Century: Time]

နှစ်ဆယ်ရာစု ကမ္ဘာ့စာပေသမိုင်းတွင် ဩဇာတိက္ကမ အရှိဆုံး ၊ အကြီးမြတ်ဆုံး စာရေးဆရာကြီး တစ်ဦးအဖြစ် လည်းကောင်း ၊ မော်ဒန်စာပေ ဖြစ်ထွန်းမှု၏ ရှေ့ဆောင် ပုဂ္ဂိုလ်ကြီး အဖြစ်လည်းကောင်း ၊ "သိစိတ်အလျင် ရေးဖွဲ့ နည်း" နှင့် "အဇ္ဈတ္တ တစ်ကိုယ်တော် ရေရွတ်နည်း" တို့ကို အပြောင်မြောက်ဆုံး တီထွင်ခဲ့ သူ အဖြစ် လည်းကောင်း ၊ အနုပညာ သဘောတရားသစ် များကို သင်ကြားပို့ချခဲ့သည့် ဆရာတစ်ဆူ အဖြစ် လည်းကောင်း ၊ကဗျာဆရာ အဖြစ်သာမက ပညာရှိ ကဝိစာဆို အဖြစ်ပါ ထင်ရှား သူ အဖြစ်လည်းကောင်း တညီတညွတ် လက်ခံခဲ့ရသူမှာ အိုင်းရစ် စာရေးဆရာကြီး ဂျိမ်းဂျွိုက်(စ်) ပင်ဖြစ်သည် ။



ဖေဖော်ဝါရီလ ၂ ရက် ၁၈၈၂ တွင် အိုင်ယာလန်နိုင်ငံ ဒဗ္ဗလင် မြို့ ရက်သဂါ အရပ် မှာမွေးသည် ။ မိဘများမှာ နစ္စ လပ်ဂျွိုက်(စ်) နှင့် မေရီ ဂျိန်းမာရေး တို့ဖြစ်သည် ။ ဖခင်မှာ ဥာဏ်ရည် ထက်မြက်သော်လည်း သောက်သောက် စားစား ပျော်ပျော် ပါးပါး ရည်မှန်းချက် မည်မည်ရရ မထားသူ ဖြစ်သည် ။ ဖခင်ထံမှ ရန်လိုမှုနှင့် ယောကျာ်း ဆန်ဆန် ချိုမြမြ အသံတို့ ကို ဂျွိုက်(စ်) အမွေရသည်ဟု ဆိုသည် ၊မိခင်မှာ လောင်းဖို့ဒ်ဇာတိ ဖြစ်သည် ။ ပါရမီရှိ သော ဂီတပညာရှင် နှင့် ဘာသာတရား ကိုင်းရှိုင်းသူ ဖြစ်သည် ။

မွေးချင်း ၁၀ ဦးအနက် ဂျွိုက်(စ်)မှာ အကြီးဆုံးဖြစ်သည် ။ အသက် ခြောက်နှစ်မှ နှစ်ဆယ်ပြည့်သည်အထိ ကလွန်ဂိုး ဝက်စ်ဝုဒ် ကောလိပ် ၊ ဘက်ဗဲဒယ် ကောလိပ် ၊ ဒဗ္ဗလင် ယူနီဗာစီတီ ကောလိပ်နှင့် ဂျက်ဆူအစ် ဗရင်ဂျီ ကျောင်းမှားတွင် ပညာသင် ယူသည်။ကျောင်းပညာ ထူးချွန်သည် ။ ကဗျာ ၊လက်တင် ၊ နှင့် ဘာသာဗေဒ ၊ဒသနိ ကတို့ကို အထူးပြုလေ့လာသည်။ ငယ်စဉ်က ဘာသာတရား အဆုံး အမအောက် တွင် ကြီးပြင်းခဲ့ရာ ၊သာသနာ့ ဝန်ထမ်းအဖြစ် ပင် ရည်ရွယ်ခဲ့သေး၏ ။ သို့သော် နိုင်ငံရပ်ခြား ဘာသာ၊ စာ ၊စကားများကို အကြီးအကျယ် လေ့လာရာမှ အတွေးအခေါ် လမ်းကြောင်း ပြောင်းခဲ့သည် ။ အရွယ် အသိ ရလာသည်နှင့် အမျှ ဘာသာအယူနှင့် ဆန့်ကျင်ဘက် ဖြစ်လာသည် ။ အိုင်းရစ် ဘာသာစကား ကိုလည်း သဘောမကျနိုင် ။ အိုင်းရစ် အရေးတော် ပုံကိုလည်း ဘဝင်မကျ ။အဆုံးစွန် မိမိ၏ သွေးသားရင်း မိသားစုနှင့်ပင် အံဝင်ခွင်ကျ မဖြစ်တော့ ။ သူ့ဇာတိမြေ ကို "မိမိမွေးသည့် သားကလေးများ အား ပြန်စားသည့် ဝက်အိုမကြီး " ဟု ဖော်ပြဖူးသည် ။


တိုင်းပြည်အပေါ် ၊မိသားစုအပေါ် ၊ ဘာသာအယူအပေါ် ယုံကြည် သက်ဝင်မှု လုံးပါးပါး ခဲ့သော ဂျွိုက်(စ်) သည်ယုံ ကြည် အားထားရာ အသစ်ကို တက်မက်စွာ ရှာဖွေခဲ့သည် ။ ယင်းမှာ အနုပညာအပေါ်တွင် အကြွင်းမဲ့ ယုံကြည် သက်ဝင် ရူးသွပ် လိုက်ခြင်း ဖြစ်သည် ။ ဤသို့ဖြင့် သူ့မိသားစု ၊တိုင်းပြည် ၊ဘာသာ အယူတို့နှင့် သီးခြားကင်းလွတ်သော လွတ်လပ်သည့် အနုပညာရှင် စစ်စစ် ဖြစ်ရေး ဦးတည်ချက် ဖြင့် ၁၉၀၄ တွင် အိုင်ယာလန် မှ ဥရောပသို့ ခွက်ခွာခဲ့သည် ။ သူနှင့်အတူ စာမတတ် ပေမတတ် ဟိုတယ် အလုပ်သမ ဂယ်လ်ဝေး မြို့သူ နိုရာဘာနေကယ် ကို တစ်ပါတည်း ခေါ်ဆောင် ခဲ့သည် ။ " ကျုပ်ရဲ့ မိသားစု ဖြစ်ဖြစ် ၊ ကျုပ်ရဲ့ တိုင်းပြည် ဖြစ်ဖြစ် ၊ကျုပ်ရဲ့ ဘာသာအယူ ဖြစ်ဖြစ် ၊ဘယ်လိုပဲ ကင်ပွန်း တပ်ထားသည်ဖြစ်စေ ၊ ကျုပ် မယုံကြည် နိုင် တော့ တဲ့ အရာကိစ္စ ကို ကျုပ်က ဘာမှ ဆက်ပြီး ခေါင်းခံနေစရာ မရှိတော့ ဘူး " ဟူ၍ အနုပညာရှင် တစ်ဦး၏ ငယ်ရွယ်စဉ် ဘဝရုပ်ပုံလွှာ စာအုပ်တွင် ဖော်ပြထားသည် ။

အီတလီ ၊ ဆွစ်ဇာလန် ၊ပြင်သစ် တို့တွင် စာသင်လိုက် ၊ စာရေးလိုက် ၊ဘာသာပြန်အလုပ် လုပ်လိုက် နှင့် ကြုံရာကျပန်း အလုပ်မျိုးစုံ လုပ်ကိုင်ပြီး ဆင်းရဲနိမ့် ကျစွာ အသက်မွေး ဝမ်းကျောင်းခဲရသည်။ သူငယ်ချင်း မိတ်ဆွေ များက ဝိုင်းဝန်း ထောက်ပံရသည် အထိဖြစ်သည် ။ "နိုင်ငံရပ်ခြားတွင် ပြည်နှင်ဒဏ် ခံရသူ တစ်ဦးသဖွယ် တစ်ဖက်သားကို လှည့်စားနေထိုင်" ခဲ့သော်လည်း သူ့ဇာတိမြိုတော်၏ ဖမ်းစားညှို့ယူချက် များကို မူ သူကိုယ်တိုင် စွဲလမ်းမြတ်နိုးဆဲ ဖြစ်သည် ။ သူသည် ပါရီတွင် နေသည် ဖြစ်စေ၊ ထရီယယ်စတီး တွင် နေသည်ဖြစ်စေ ဒဗ္ဗလင် သတင်းစာများ ကို နှစ်စဉ်ကြေး ပေး၍ မှာယူကာ ဇာတိမြေနှင့် စပ်လျဉ်းသည့် သူ့ဗဟု သုတ များကု အမြဲတမ်း စိမ်းစိုလန်းဆန်း အောင်ထိန်းသိမ်း ခဲ့သည် ။ အိုင်းရစ် လူမျိုးတို့၏ အသိတရားကို စကားလုံးများဖြင့် ပီပြင်ရှင်းလင်းအောင် ဖွင့်ဆိုရန်မှာ သူ၏ အန္တိမ ရည်မှန်းချက် ပင်ဖြစ်သည် ။

အစဉ်အလာ အင်္ဂလိပ်စာပေ ဩဇာသက်ရောက် မှု ရှိသော်လည်း ခောတ်ပေါ် အင်္ဂလိပ် ဘာသာစကားကို အထူးပြု သင်ယူခဲ့သည် ။ဂီတနယ်ပယ်တွင်လည်း ကျွမ်းဝင် နှံစပ်ခဲ့သည် ။ ဆေးပညာ သင်ယူဖို့ ကြိုးစားခဲ့သည် ။ "အိုင်းရစ် နေ့စဉ်သတင်းစာ " ထုတ်ဝေဖို့ စိုင်းပြင်း ခဲ့သည် ။ ပြဇတ်ရုံ တည်ထောင်ခဲ့သည် ။ ဤသို့သော် ကျယ်ပြန့် လေးနက် သည့် စိတ်ဝင်စားမှု အဖုံဖုံက သူ့စာပေ လက်ရာ များထဲ၌ ရိုးရာ ဆန်းသစ်မှုနှင့် စမ်းသပ် တီထွင်မှုတို့ ၊ သာမန်ထက် ထူးကဲစွာ မည်သို့ ပေါင်းစပ် ထားကြောင်း ရှင်းပြထားသည် ။ ဇတ်ကြောင်းပြန်မှု နှင့် ပီပြင်ရွှန်းပြက် တင်ဆက်မှုများအတွက် ရှေးရိုး ပုံစံများကို အစိတ်စိတ် အမြွှာမြွှာ ချေဖျက်ထားသည် ။ ရာစုနှစ်၏ အတွေးအခေါ် များ ကို ဖမ်းစားပုံဖော်မည့် စိတ်ကူးယဉ် ဝတ္ထုပုံစံသစ်ကို ဖန်တီးခဲ့သည် ။ ဇတ်ကောင် ၊ ဘာသာစကား ၊ အကြောင်း ရပ်ဆိုင်ရာ ဗဟုသုတများကို ဟာသ ၊ အဓိပ္ပါယ် နှစ်ခွ ပြည့်နှက် သည့် စကားလုံး ၊ မကွဲပြားသည့် သွယ် ဝိုက်ညွှန်းဆိုချက်များ ၊စိတ်ထဲ ရုတ်ခြည်းပေါ်ထွန်းလာသည့် ရှည်လျား ထွေပြားစကားများ ၊ ဝေါဟာရသစ်များဖြင့် တငွေ့ငွေ့စီးဆင်း ပေါင်းစည်းခဲ့ သည် ။ သူ့တွင် အဟာင်းကို ပြန်လည် အသက်သွင်း လိုစိတ် တစိုးတစိ မျှ မရှိ ။ အသစ်ကို မက်မက် စက်စက် ပုံသွင်းလိုသည့် ဆန္ဒ သာရှိသည် ။ ယင်းမှလွဲ၍ အခြားမရှိတော့ပြီ ။

ဂျွိုက်(စ်) ပထမဦးဆုံး ပု့နှပ်ထုတ်ဝေ ခဲ့သည့် စာပေ လက်ရာမှာ ခန်းဆောင်ဂီတ(Chamber Music-1907)
ဖြစ်သည်။ အဲလိဇဘက်ခေတ် ရိုးရာဆန်ဆန် လိရစ်ကဗျာ အဖွဲနှင့် ပြင်သစ် သင်္ကေတဝါဒ အငွေ့အသက်များ ရောစွက်နေသည်။ မအောင်မြင်ချေ ခန်းဆောင်ဂီတ တွင်ပင် အသစ်တစ်ပုဒ် ဖြည့်စွက်၍ ကဗျာပေါင်းချုပ် (Collected Poems-1936) အမည်ဖြင့် ထုတ်ဝေခဲ့ပြန်သည် ။ နောက်ထပ် Poems Penyeach (1927)
ကဗျာစာအုပ် ထွက်ပေါ်လာသေးသည် ။

၁၉၀၃ ခုမိခင်ကြီး ကွယ်လွန်ပြီးနောက် ဒဗ္ဗလင်မြို့သားများ(Dubliners) ဝတ္ထုတိုပေါင်းချုပ် အတွက် ပထမ ဆုံး ဝတ္ထုတိုများကို စတင်ရေးဖွဲသည် ။ ဒဗ္ဗလင်မြို့သူ မြို့သားများ၏ စိတ်ပျက် ငြီးငွေ့ဖွယ် ၊ စိတ်မချမ်းမြေ့ဖွယ် ဘဝဇတ်လမ်းစုံ ကို သရုပ်ဖော်ထားသည်။ ဇတ်ကောင်တစ်ဦးစီ၏ အဇ္ဈတ္တ ဘဝ မီးမောင်းထိုးပြမည့် အမှတ်တမဲ့ အခိုက်အတန့်လေးများကို ဖန်တီးရန် ကြိုးစားခဲ့သည် ။သဘာဝ အဖွဲအနွဲ့များမှာ ပြိုးပြက် စိုလက်နေသည် ။ သရုပ်မှန် အရေးအဖွဲ့တွင် သင်္ကေတပုံစံ ရောစွက်ထားသည် ။၁၉၀၄ ခုတွင်ပြီးစီးသည် ။ဝတ္ထုတို ၁၅ ပုဒ် တိတိ ပါဝင်သည်။ ထုတ်ဝေသူနှင့် ပြသနာမျိုးစုံတက်ပြီးမှ ၁၉၁၄ တွင် လန်ဒန်၌ ထုတ်ဝေဖြစ်သည် ။ "ကျွန်တော် နိုင်ငံ အိုင်ယာလန်ရဲက စိတ်ဓါတ်ရေးရာ အနှစ်ချုပ် သမိုင်းစာမျက် နာများကို ရေးဖွဲ့တင်ပြ ဖို့ ရည်ရွယ်တယ်။ ဇတ်ကွက် အခင်းအကျင်း အဖြစ် ဘာကြောင့် ဒဗ္ဗလင်ကို ရွေးခဲ့သလဲ...တဲ့ ။ ဒီမြို့ဟာ ကျွန်တော် အတွက်တော့
သွက်ချာပါဒ လိုက်နေသူများရဲ့ ဗဟိုချပ်မလို့ မြင်သိခံစားမိတယ် ။ ဒီအချက်ကို သာမန်လူသား တွေဆီ ရှုထောင့် လေးရပ်ကနေ တင်ပြဖို့ ကျွန်တော် ကြိုးစားခဲ့တာပါ ။ ကလေးဘဝ ၊ဆယ်ကျော်သက် ၊ အရွယ်ရောက်စ နဲ့ အများပြည်သူ ဘဝဆိုတဲ့ ရှုထောင့် တွေကပေါ့ ။ ဝတ္ထုတိုတွေကို အဲဒီ အစီအစဉ် အတိုင်း နေရာချထားပါတယ် ။ ဝတ္ထုတိုတိုင်းကို ရေးဖွဲ့ရာမှာ ယေဘူယျ အပြုအမူက အစ၊ အမှတ်တမဲ့ ဟန်ပန် အဆုံး ဂရုတစိုက် အသေးစိတ် စူးစိုက်ခံစား ထားပါတယ်" လို့ ဂျွိုက်(စ်)က ဖွင့်ဟခဲ့သည် ။ရေးဟန်မှာ အေထ့အငေါ့ နှင့် ခံစားမှု တွဲဖက်ထားသဖြင့် အင်္ဂလိပ် နှင့် အမေရိကန် ဝတ္ထုတို ဆရာများအပေါ် များစွာ ဩဇာ လွှမ်းခဲ့သည်။ဤစာအုပ် ဖြင့် ဂျွိုက်(စ်) နာမည်ရခဲ့ပေသည် ။

၁၉၁၆ တွင် အနုပညာရှင်တစ်ဦး၏ ငယ်ရွယ်စဉ် ဘဝရုပ်ပုံလွှာ ( A portrait of the Artist as a Young Man ) ဝတ္ထု ထွက်ပေါ်လာသည် ။ ၁၉၀၁ နှင့် ၁၉၀၆ အကြား စတင်ရေးသားခဲ့သည့် စတီဖင် သူရဲကောင်း (Stephen Hero) မူကြမ်းကို အသစ်ထပ်မံ ရေးသားခြင်း ဖြစ်သည် ။ မူလက Egoist စာစောင်တွင် အခန်းဆက် ဝတ္ထုရှည် အဖြစ် ဖော်ပြခဲ့သည်။ စတီဖင် ဒီဒယ်လပ် ဆိုသည့် လူငယ် တစ်ဦး၏ အတွင်းစိတ် ဖွံ့ဖြိုးလာပုံကို သက္ကရာဇ်စဉ် အလိုက် ဖော်ပြထားသော စာရေးသူ၏ ထည်ဝါခံညားသည့် ကိုယ်ရေးအတ္ထုပ္ပတ္တိ ဝတ္ထုပင် ဖြစ်သည် ။ ကြမ်းတမ်းသော ငယ်ဘဝ ၊ ချောက်ချား စရာ ပတ်ဝန်းကျင် ၊အိမ်တွင်း ကျောင်းတွင်း အဆင်မပြေမှု ၊ ဘာသာရေး ၊ နိုင်ငံရေး ယုံကြည်မှုများနှင့် ယင်းတို့ အပေါ် သံသယ စိတ်ထားများကို ရောမွှေ ရေးခြယ်ထားသည်။ ဘာသာအယူ ကိုင်းရှိုင်းမှုမှ သည် အနုပညာ ရူးသွပ်မှု ဆီသို့ ရွေ့လျောသွားပုံ မြင်ကွင်းများမှာ ဂျွိုက်(စ်)၏ ဘဝနှင့် တစ်သားတည်းပင် ။ ဂျွိုက်(စ်) ၏ ပထမ ဆုံး နှင့် အပြည့်စုံဆုံးသော သိစိတ်အလျင် ရေးဖွဲနည်း ကို အဓိကဇတ်ဆောင် ရှုထောင့်မှ ပူးကပ်ရေးဖွဲခဲ့သည် ။ဒဗ္ဗလင် မြို့၏အသေးစိတ် မြင်ကွင်းအလွှာနှင့် ၊နုနယ်ပျိုမျစ် မရင့်ကျက်သေးသော လူငယ် တစ်ဦး စကားလုံးများ ၏ ဖမ်းစားမှု ၊အသံ၏ နိုးကြားလှုပ်ရှားမှု မြင်ကွင်း အလွှာဟူ၍ အလွှာနှစ်ထပ်ဖြစ် နေသည် ။လူတစ်ဦး ၏ စိတ်နေသဘောထား ကိုပြောင်းလဲစေ ခဲ့သည့် အတွေ့အကြုံများ အကြောင်း ရေးသားထားသမျှ ဝတ္ထုများထဲတွင် အကောင်းဆုံးဖြစ်သညိဟု မှတ်ချတ် ချခဲ့ ရသည်အထိ အနုပညာ ဂုဏ် တက်ခဲ့ရသော ဝတ္ထုပင် ဖြစ်သည် ။




ဒုတိယပိုင်း ကို ဆက်လက်ဖော်ပြပါမည် ..။




Sunday, July 20, 2008

အတင်းပြော တတ်သူများ


ဝေါကနဲ အန်ချလိုက်တယ်...
အာရုံ နောက်ကျိလွန်းလို့
အရေ မရ ၊ အဖတ် မရ
စကားလုံးတွေ ထောင်းလမောင်း ထလို့
ပြောမပြီး ၊ ဆိုမပြီး
နားတွေလဲ ငြီးလာပြီ.....။

ဘယ်တုန်းက ဘာဖြစ်တာ
အဲ့ဒီမှာ..ငါက..ဘာပေါ့
ဘယ်သူတွေ ၊ ဘာမှ မလုပ်ခင်
ငါက အရင် ဘာလုပ် ခဲ့တယ်ပေါ့
ငါ့ထက် ကောင်းတဲ့သူတောင်
ငါ့လောက် ကောင်းတော့မှာ မဟုတ်လို့
ဘယ်ဘဝမှာ ဖြစ်ဖြစ်
ငါက ၊ငါပဲ ဆက်ဖြစ်နေမှာလေ....။


ဝေဒ ၃ ပုံ ကို အာဂုံ ဆောင်နိုင်ခဲ့သူ
ပလေတို ရဲ့ ကြက်တူရွေး လို
လေပြင်းများ တိုက်ခတ် နိုင်သူ
ဇတ်တော်ထဲက ပရဗိုဇ် ကြီးလို
ခါးပတ် ကြီးကြီးကို ဝမ်းမှာပတ်
ဗိုက်ပေါက် ထွက်မှာ ကြောက်နေတတ်သူ.....။

ကန်နာဗာရိုး စတိုင်ထုတ်...
စကားလုံး တွေ နဲ့ အလုပ်ရှုပ် နေလိုက်တာ.......။

ငါတို့ အသင်း ဂိုးသွင်း ခံနေရတာ
နှစ်ပေါင်း ၂၀ ကျော် ကြာပြီ..........။

မောင်ဖုန်းမြင့်



Wednesday, July 16, 2008

အချစ်အကြောင်း မပြောနဲ့


အချစ်အကြောင်း မပြောနဲ့
အချစ်အကြောင်းမပြောလိုက်ကြပါနဲ့အုံးကွယ်
ပုစ္ဆာတွေအဖြေရှာ
ငါကိုယ်တိုင်မရေရာသေးလို့
အချစ်အကြောင်းမပြောပါနဲ့လားကွယ်.......။


အချစ်အကြောင်း..ပြောပြတော့
သူ့ဘဝမှာ..တစ်ခါမှ..မကြားဘူးတဲ့
တေးသွား တစ်ပိုဒ်ဆိုပြသလိုမျိုး
မျက်လုံး အဝိုင်းသားနဲ့
သူလေးက နားထောင်တယ်.......။


အချစ်ရယ် ၊ပေါင်မုန့်တစ်လုံးရယ် ၊
ဝိုင်တစ်ခွက်ရယ်၊ ကဗျာတစ်ပုဒ်ရယ်...
စီးဆင်းနေတဲ့ စမ်းချောင်းလေးရယ်....
လှုပ်ခတ်နေတဲ့ လေညှင်းလေးတွေရယ်...
အစရှိသဖြင်ပေါ့လေ....။

အချစ်အကြာင်းပြောသူကို
သူကလေးက ပိုက်သာဂိုးရပ်ရဲ့
အမှန်တရားအကြောင်းပြောပြတယ်...။

ဆော့ကရေးတီးရဲ့ ရဲရဲတောက်
အဆိပ်တစ်ခွက် အကြောင်း
ပြောပြတယ်....။

အမှန်တရား အတွက်
ဘဝတွေ ခါးတဲ့ အကြောင်းပြောပြတယ်...။

ရက်စက်တဲ့ နရသိန် အမှောင်တွေထဲက
လူငယ် တွေရဲ့ ဘဝကို
ကာလ တန်ဖိုး နဲ့ ..
ပိုင်းခြားတွက်ချက်ပြခဲ့တယ်.......။

အချစ် အကြောင်း မပြောကြနဲ့
ကြယ်စင်တွေကြွေတာ
သီချင်း လုပ်ဆို ရအုန်းမယ်....။

အချစ်အကြောင်း မပြောပါနဲ့
ဘဝတွေကို ရင်းပြီး
ထမင်းရှာဖွေစားရတယ်...။

အချစ်အကြောင်း မပြောလိုက်နဲ့
လူ့ဘဝရဲ့ ဖြစ်တည်မှု ဟာ..
အသက်ရှင် ရုံလေး ရပ်တည်နိုင်ဘို့ မဟုတ်ဘူး....။

အချစ် အကြောင်း မပြောနဲ့
စီးကရက် တစ်လိပ် ကို မီးညှိလိုက် သလို
ဘဝတွေလောင် မြိုက်ခံရတယ်......။

အချစ်ကြောင်း မပြောလိုက် နဲ့
ကက်ဆက် ခလုတ်ကို ဖွင့်လိုက်
ကြားရတဲ့ တေးသွားမှာ တံခါးချပ်တွေပါတယ် ......။

အချစ် အကြောင်း မပြောနဲ့
ငါကိုယ်တိုင် က
ကြော်ငြာ ချက် တစ်စောင်ဖြစ်တယ်....။

အချစ် အကြောင်း မပြော ကြနဲ့တော့
အပြန်လမ်း ပျောက်သူတွေ
တဖြည်းဖြည်း များနေပြီ
လေးကိုင်း တွေ အသင်ပြင်
လေးညို့ ကို အတင်းဆုံး ဆွဲတင်လိုက်
တံခွန်တွေ လွှင့်ထူလိုက်ကြ
သွေးစက် တွေ ပက်ဖြန်း
ကိုယ့် လမ်းတွေ ကိုယ်ရွေးထားလိုက်တော့....။

ငါတို့ ရဲ့ အကောင်းဆုံး တေး တွေဟာ
အဆွေးဆုံး အတွေးမဟုတ်ဘူး.....။

အဲ့ဒီညက ....
အချစ် အကြောင်းပြော သူ ဟာ
ရုတ်တရက် လဲကျ သေဆုံးသွားခဲ့ တယ်...........။

မောင်ဖုန်းမြင့်

Saturday, July 12, 2008

အတွေးသက်သက်များ


ကျွန်တော် အိပ်ယာက နိုးထလာတော.နွေဦးပေါက် နေရောင်ခြည်များက အခန်းထဲမှာ လေးတွဲ့စွာ ဝဲပျံကြလို့ နေသည် ။ မက်လက်စ အိပ်မက် ကို အသာအယာ ခေါက်သိမ်းလိုက်တော့ အိပ်မက် က ဆက်မမက် တော.ဘူးလား ဟု ကြာဟန်ပါပါ မေးသေးသည် ၊ ကျွန်တော်က အိပ်မက် အဟောင်းတွေ ဈေးကောင်း မရတော.ဘူးဟု ပြောကာ အခန်းအပြင် ဘက်သို. ထွက်လာခဲ.လိုက်သည် ။

အပြင်ဘက်က ပန်းခြံ ထဲမှာ သဘာဝရဲ့ ပန်းပွင့်ငယ် များ ဖြစ်တဲ့ ကလေးငယ်များ က ပေါ့ပါး လွတ်လပ် စွာ သဘာဝ ဆန်ဆန် ပြေးလွှားဆော့ ကစားနေကြသည် ။ အဲ့ဒီထဲမှာ ကျွန်တော်တို.ဧရာဝတီရဲ့ ရင်သွေးငယ်လေး တွေ ရော ဘယ်နားရောက်နေခဲ.လဲ ကျွန်တော် ဆက် မတွေးချင်တော့ ၊ ပြင်ပ ကမ္ဘာကြီးထဲ မှာတော. ကောင်းကင် ကြီးက ပြာလွင်တောက် ပ လို့ သက်တန့် ရောင်စုံများနှင့် မနာလိုစရာ ကောင်းလောက် အောင် လှပလွန်းနေသည် ...။ တိမ်ပြာပြာ ဆန်းဒေးပေါ့ ... ကျွန်တော်တို. သိပ်ချစ်တဲ့ အမိမြေရဲ့ ကောင်းကင်ကြီး ကတော့ တိမ်ညို ၊ တိမ်မဲ များ မကင်းစင်နိုင်သေး ...။


တကယ်တမ်း ကြတော့ ဘဝ ဟာ ကစားပွဲ တစ်ခုထက် ကို ပိုမိုလွန်း နေခဲ.သည့်.... ။ ဘာပြီးရင် ဘာလာမလဲ
တိတိကျကျ ခန့်မှန်းလို့ မရ၊ ကံကြမ္မာက ထိုးနှက်သည့် လက်သီးချက် များက အတားအဆီး မဲ့စွာ ကျွန်တော် မျက်နာ ပေါ်မှာ ..တစ်လုံး ပြီး တစ်လုံး.... တန်ပြန် တိုက်ခိုက်ဖို့ စိတ်ကူးခွင့် မရ နိုင်ခဲ့ လောက်အောင် ပင် တရစပ် မြန်ဆန်လွန်းလှသည်......။


အခုတစ်လော ၊လောဘဗေဒ ပါရဂူများ ထုတ်ပြန်သည့် အရောင်းသွက် ၁၀ မျိုးစာရင်းတွင် အဆင်သင့် သောက် သုံးနိုင်သည့် လွင်.မျော မိုးတိမ် တံဆိပ် မိုးခါးရေများ ထိပ်ဆုံးက ပါလာသည်...။ ဝိရောဓိ ဟု အမည်ပေးထား သော မျက်ရည် သန်.စက်များမှာ မူ ပုံမှန် အဝယ်လိုက်နေမြဲပင် ဖြစ်သည်။ နာဂစ် မုန်တိုင်း အပြီး တစ်ချို့သော မျက်ရည် များမှာ သန့်ရှင်းလတ်ဆတ်မှု မရှိတော့ သဖြင့် လူသာမန် များ ခံစားရန် မသင်တော်ကြောင်း ကမ္ဘာ.နှ လုံးသား အဖွဲချုပ် ကြီးက ထုတ်ပြန်ကြော်ငြာခဲ့လေသည်....။

ကျွန်တော်ကတော့ အရိုသားဆုံး ခင်းကျင်းပြလိုက်တာပါ ... ။ "မာရာဒိုနာ"...ကျွန်တော် ခင်ဗျားကို သဘောကျ တယ်ဗျာ..ဒါပေမဲ.ခင်ဗျားက ကျွန်တော်ရဲ့ သူရဲကောင်းမဟုတ်ခဲဘူး ..... "ရှာရာပိုဗာ" ကို ကျွန်တော် သဘော ကျခဲ့ သလိုမျိုး ခင်ဗျားကို သဘောကျတယ်...ကျွန်တော့် ရဲ့သူရဲကောင်းတွေ ဟာ "မာသာထရီစာ" "ဦးဝင်းတင်" “ဒေါ်အောင်ဆန်းစုကြည်” နှင်. သူတို.ရဲ. လိုအင် ဆန္ဒ တွေကို ရှေ့တန်းမတင်ပဲ အမြဲတမ်း ပေးဆပ်ခဲ့တဲ လူတွေ ဟာ ကျွန်တော့်ရင် ထဲမှာ နေရာအပြည်.ယူလို့.............။

လူငယ် တစ်ယောက် ရဲ့ ယုံကြည် မူ မိုးကောင်းကင် ကရော ဘယ်ဆီလွင့် ပါးခဲ.ပြီလဲ ........ဂစ်တာ တစ်လုံး နဲ့ ရော.ခ် သီချင်း ကြိုက် တတ်သူ..ဆင်ခြေဖုံး မြို့လေးရဲ့ တီးရှော. အဟောင်းလေး ထဲမှာ ထိုင်ပြီး တောင်စဉ်ရေမရ အတွေးတွေ ကို ကဗျာ တွေ ချချ ရေးတတ် တဲ့ သူ......သောက အခိုးအငွေ.တွေကို ဆေးလိပ် တစ်လိပ်ထဲ ထည့် ပြီး မီးခိုးငွေတွေ အဖြစ် ပြောင်းလဲ တတ်ခဲ့သူ လေ....သူကောင်း ကင်ထဲ က တိမ်တိုက် တွေက ကြီးကြီးမားမား သိပ်မရှိရှာဘူး....ချစ်ခြင်းတရား ၊ အနုပညာ နဲ့ မန်ချက်စတာ ဘောလုံး အသင်း ကို ထုထည်ဖွဲ့ ခုံမင်တတ်ခဲ့ သူ..... ပြန်မရ နိုင်တော့ ဘူးကွယ် ...ဒီညတွေကို ...ဒီဘဝမှာ ပြန်မရတော.ဘူး..............။


ဒီလိုနဲ့ပဲ ကျွန်တော်တို့ အိပ်မက်တွေ မိုးခေါင် နေခဲ့သည် မှာ ကာလ အတန်ကြာနေခဲ့လေပြီ......ကျွန်တော် တို့ အသွေး ၊ အသား ထဲက ဆာလောင် တက်မက်နေတဲ့......လွတ်လပ်ခြင်း လွင်ပြင်ကျယ် ဆီကို....ပျံသန်းရောက်ရှိဖို့.....အတောင်ပံတွေကို မီးကုန်၊ယမ်းကုန် ဆန့်တန်း ခတ်ထုတ်ရအုန်းမည်........လမ်းခုလတ် နားခိုရာ နေရာကောင်း မှာ မှီတွယ် ကျန်ရစ်ခဲ့သူတွေ လည်း ကျန်ခဲ.ကြလေပြီ.....တစ်ချို့ ကတော့ သက်လုံ မကောင်းချင်တော့........ရှိပလေစေတော့.....အမြင်.ပျံငှက် တို့ရဲ့ မိုင်ထောင်ချီ ခရီး အချည်းအနှီး တော့ မဖြစ်စေရ....။

ကျွန်တော် က တော့ ဒီလွင်ပြင်ကျယ် ရိုးတစ်လျှောက် မှာ ထိုးဖောက် ပျံသန်း နေရအုနုးမှာပါ ....တတ်နိုင်ရင် မိုးကုတ် စက်ဝိုင်းနား ရောက် တဲ့ အထိပေါ့.....။

အော်...အခုများတော့လဲ ရွှေသား အသက်ဓါတ်လေး လို တယုတယ တန်ဘိုးထား မြတ်နိုးရတဲ့ ကဗျာ မှော်ဝတ်ရုံ လေးခြုံလို့ လောကဓါတ် မြေတစ်ခွင် မှာ နေတတ်၊ သေတတ် ခဲ့လေပြီ......။