ကဗျာဆိုတာ ......ကျနော်တို့ ...... လက်ရသိမ်းပိုက်ထားတဲ့ နောက်ဆုံးခံတပ် ... မြို့ပါပဲ.......။
Friday, April 23, 2010
ပြည်လမ်းပေါ်က အကြိမ်ကြိမ် ဆက်သွယ်တယ် ။
ကျွန်တော့် အတောင်ပံတွေ ဘာလို့ ချိနဲ့ ကုန်ရတာလဲ ဟင် . . . . .
ပျံသန်းဖို့ ကောင်းကင်ကြီး ဟင်းလင်းပွင့်နေပေမယ့် ခိုနား အားဖြည့်စရာ ကွင်း ကောင်းကောင်း မရှိလို့
ပဲပေါ့ . . .။
1980 ခုနှစ် မော်ဒယ်လ် စာသားများနဲ့ ကျွန်တော်တို့ ရှေ့ဆက်သွားလို့ ရတယ် ဆိုတာသေချာခဲ့ပြီလား ။
ပြည်လမ်းမကြီးပေါ်က ကျွန်တော် လှမ်းဆက်သွယ်တော့ ဆက်သွယ်ရေး ဧရိယာ ပြင်ပ ရောက်နေတယ် လို့ ပြောလိုက်တာ ခင်ဗျားလား ..? . . ခင်ဗျား တယ်လီဖုံးလား . . .? ။
"ခက်တယ်" . . . "ခက်တယ် " ၂၄ နာရီမှ တစ်ရက် ၊ ၇ ရက် ၄ ခါ လည်ပြီးတာတောင် မျဉ်းတားထားချင်တဲ့ လိုင်းတွေ ထွက်ကျမလာသေးဘူး . . ။ အခန်းက ဖုန်နံ့ တထောင်းထောင်း နဲ့ မြင် . .သိ . . . ထိ . .တွေ့ ခွင့် ရဖို့ကလဲ ခဏခဏ မတ်တပ်ရပ်ပြလို့ မဖြစ်သေးဘူးလေ . . .။
ကိစ္စမရှိဘူး . . . မောင်ချောနွယ်ဆန်သော နေ့ရက်များရှိတယ် . ..
ကိစ္စမရှိဘူး . . . မောင်ချောနွယ် အတု ရှိတယ် ....
ကိစ္စမရှိဘူး . . . ဆိုမာလီကမ်းလွန်က ပင်လယ်ဓားပြ တွေ ရှိတယ် . . .
ကိစ္စမရှိဘူး . . . ကျွန်တော့ အခန်းထဲမှာ ခင်ဗျား အငွေ့အသက်တွေ မရှိလည်း ဖြစ်တယ် . ။
မြေနီကုန်း လက်ဘက်ရည်ဆိုင်လေးကအထ ။
ဘုံဘဝမှာ မကြံရ ၊ မဆုံ ရပေမယ့် ဘုံဆိုင်ဝမှာ ဆုံနေရတဲ့ စကားများ ဆယ်ဘီးကားနဲ့ သယ်ဆောင်သွား တာ တွေ့လိုက်ရတယ် ။
အထားအသိုများ ။ အခင်းအကျင်းများ ။ သိပ္ပံနည်းကျ အထောက်အထားများ ။ မှုခင်းဆိုင်ရာ ဆေးပညာ ဝေါဟာရများ ။ အိမ်ထောင်မှု ဘုရားတည် ဆေးမှင်ရည် စုတ်ထိုးများ ။ သေချာတယ် ကျွန်တော် သေချာ မသိခဲ့ဘူးဆိုတာ သေချာတယ် ။
ပြည်လမ်းမကြီးဘေး အင်တာနက် ကဖေးလေးကပဲ ထပ်မံ ဆက်သွယ်လိုက်ပါတယ် ။ ခင်ဗျား ရဖို့ မရဖို့ ခင်ဗျားဆီ ရောက်ဖို့ မရောက်ဖို့ ကျွန်တော့မှာ ဘာတာဝန်မှ မရှိဘူး . . .။
ဆက်သွယ်ရေး ဧရိယာ ပြင်ပမှာပါလို့ ခင်ဗျား ထပ်မငြင်းလိုက်နဲ့ ။
MPM
Monday, April 19, 2010
နွေထဲမှာ နီရိုးတွေ ပျော်လို့ ပါးလို့ ။
အနက်ရောင် အဓိက ခြယ်မှုန်းထားသော
အပိုင်းအပိုင်း အစအစ များ ဖွာလန်ကျဲ
အရည်ပျော် ကတ္တရာ လမ်းမကြီးထက်
မီးတောက် မီးလျှံများ လွင့်စဉ်ပျံကြဲ
ထိုအခါ
နီရိုးတို့ ပျော်ကြလေပြီ . . .
ဝမ်းနည်းခြင်း မာတိကာ ပါမလာတဲ့
ဗလာ စာအုပ်လို
သင်ရိုးညွှန်းတန်းထဲ မပါတဲ့
စာရွက်လွတ်များစွာလို
နီရိုးတို့ ပျော်ကြလေပြီ . .
အမုန်း အာဃာတ အစွန်းဖျား၌ ရပ်လျှက်
လူသားခြင်း မေတ္တာတရားကို မေ့ထားလျှက်
ကိုယ်တိုင် မကျင့်သုံးနိုင်တဲ့
လူ့အခွင့်အရေး စာမျက်နှာများ အား
ကိုးကားလျှက်
နီရိုးတို့ ပျော်ကြလေသည် . . .
တစ်လုပ် ၊ တစ်ဆုပ် ၊ တစ်ရှိုက် ၊ တစ်ဖွာ
တစ်ဇွန်း ၊ တစ်ယောက်မ စာ
ပေးကမ်း ဝေမျှခြင်းကို မေ့၍
ဗြဟ္မစိုရ် တရားအား
အရောင် အမျိုးမျိုးဆိုး
ဖက်ရှင်ကျကျ ၀တ်ဆင်ပြီး
မာသာထရီဇာ အောက်မေ့ဖွယ် ပွဲတော်
ဆင်ယင်နွဲပျော် ပြီးပြီ ဖြစ်၍
နီရိုးတို့ ပျော်ကြလေပြီ . . .
မှောက်ထားသောလက်သည်
ဖြန့်ထားသော လက်ထက် ပိုမိုကောင်းသည်ကို
မေ့ဖျောက်ထားပြီးပြီ ဖြစ်၍ ၎င်း
အများဆိုင် နာမ်များအား
သင့်တော်ရာချောင်ထိုးပြီးပြီ ဖြစ်၍၎င်း
ပုဂ္ဂလိက ခံစားမှုများအား
အရောင်တင် ဆေးခြယ်ခြင်းဖြင့်
တင့်တယ်ခြင်း အား ဖြစ်စေသည်ဟု ခံယူပြီး၍ ၎င်း
၎င်း . . . သည် . . . ၎င်း ။ မှ တပါး အခြားမရှိပြီ ဖြစ်၍ ၎င်း ။
ထိုမှ . . ဤမှ . . .၎င်း ။ ၎င်း . . .၎င်း . . ..၎င်း . . .
ထို့နောက် . ..၎င်း ။
၎င်းပေါင်းများစွာတို့ဖြင့်
နီရိုးတို့ ပျော်ကြလေသည် ။
MPM
17.04.2010

Sunday, April 4, 2010
ငါ့အဓိပ္ပါယ်တွေ တင်ဆောင်လာတဲ့ သဘောင်္ဟာ နစ်ရှေးရဲ့ ပင်လယ်ကို ဖြတ်ပြီ . . .။
"ဟေ့"
ဒီမှာ . . . ဒီစကားလုံးတွေကို မသေခင် ငါ အသေအချာ ပြောခဲ့တာ . .
တနည်းအားဖြင့် . . . ချစ်ခြင်းနှင့် မုန်းခြင်း ကြားထဲက သေမင်းနဲ့ အသေအချာ ချုပ်ဆိုထားခဲ့တဲ့ ကတိကဝတ် ဆိုင်ရာ နားလည်မှု စာချုပ်ဖြစ်တယ် . . . ..
တနည်းအားဖြင် . . .
ငါ့အိမ်ကွင်းမှာ ပေးဂိုးမရှိစံချိန် ထိန်းထားနိုင်လိုက်တဲ ငါ့ရဲ့ အကောင်းဆုံးနဲ့ နောက်ဆုံးကစားပွဲ ဖြစ်တယ် . . .
တနည်းအားဖြင့် . . .
သုဂတိဘုံမှာ ဘဝပေါင်းလေးဆယ် ၊ ဒုဂ္ဂတိ ဘုံမှာ ဘဝပေါင်း ရှစ်တယ် ၊ အကြမ်းကြုတ် အရက်စက်ဆုံး ငရဲမှာ ဘဝပေါင်း ၁၆၀ အဖန်ဖန် အထပ်ထပ် ကျင်လည်ခဲ့ပြီးတာတောင် အနုပညာမရသေးတဲ့ ထူထပ် ၊ ပိန်းအ ၊ မိုက်မဲလွန်းတဲ့ ၊ ကုဗတုံးလို လူတွေ အတွက် အလင်းပြကျမ်းလဲ ဖြစ်တယ် . . .။
ခရစ်တော်ရဲ့ နောက်ဆုံးညစာလို
ပြက္ခဒိန်ထဲက စာသားတွေ အားလုံး ငါအကုန်အစင် စားသုံးခဲ့ပြီးပြီ . . . . .
နေထိုင်မှု ပုံစံ အဆင့်မြင့်မားလှတဲ့ အထက်တန်းစား ကြေးစားမရဲ့ ဒဿနမျိုးနဲ့လဲ ဘဝဆိုတာကိုရှုမြင် သုံးသပ် ခဲ့ပြီးပြီ . . .
သေနတ်ထမ်းထားတဲ့ ရဲဘော်ချေရဲ့ ပုခုံးသားများလို ရုန်းကန်အား များစွာနဲ့ နာကျင် ခံစားခဲ့ ဖူးပြီ . . .
( ရဲဘော်ချေဟာ အခုထက်ထိ တီရှပ်ပေါ်က တိုက်ပွဲဆင်နေရတုန်းပဲ ချေရဲ့ကြီးမြတ်မှုကို ကုဗတုံးလို ကောင်တွေ ဂါရဝ ပြုခဲ့ပုံလေ ) . . . . .
ပါဘလိုနီရှုဒါရဲ့ စာသားကို ကိုးကားလိုက်ရုံနဲ့ မျိုးချစ်ပုဂ္ဂိုလ် အော်တိုဖြစ်သွားတဲ့ အလံတင် အခမ်းအနား ရောင်စုံတွေကိုလဲ ငါမြင်တွေ့ခဲ့ ပြီးပါပြီ . .
ဘဝမှာ ကဗျာကလွဲပြီးတော့ ဘာမှ အရေးမကြီးဘူးလို့ ထင်နေတဲ့ ကဗျာဆရာ အထီး ၊ အမတွေလိုလဲ ရူးကြောင်ကြောင် နေထိုင်ခဲ့ဖူး ပါပြီ . . . (အချစ်နဲ့စစ် မပါရင် ကဗျာ မစစ်/မဖြစ် ဘူးလို့ သူငယ်ချင်း ကဗျာဆရာ တကောင်က ထပ်ဖြည့်စွက်ပြောကြား )
တနည်းအားဖြင့် . . .
မြဒါလီဆိုတဲ့ မိန်းမ တယောက်ကို အသဲအသန် ချစ်ကြိုက်ခဲ့ ဖူးပြီး ၊ အဲ့ဒီမိန်းမရဲ့ သောက်ဂရု အစိုက်မခံရခြင်း ၊ ပစ်ပယ်ထားခဲ့ ခြင်းတွေမှာ နာကျင်စွာ ဂျွမ်းပြန်ကျနေတဲ့ ကောင်တကောင်ရဲ့ စကားလုံးတွေပေါ့ . . . .
"ဟေ့"
ဒီမှာ ဒီနှစ် ရန်ကုန်နွေဟာ ဆဟာရ သဲကန္တာရထက်တောင် ပူသေးတယ် ၊ မေလတောင် မရောက်သေး ဘူး ငါ့ရဲ့ ကြွေကျချင်နေတဲ့ စိတ်က ပြည့်လုပြည့်ခင် ဖြစ်နေပြီ . . . ငါဘာလို့ ငါ့ကိုယ်ငါ ခြွေမချသေးလဲ သိလား .... ? ငါ့စပျစ်ခင်းလေးတွေ လူလားမမြောက်သေးလို့ပဲ . . နေရောင်ကြောင့် ပူနွေးစပြုလာတဲ့ စပျစ်သီးလေး တွေ မရင့်မှည့်သေးခင် လာလာထိုးဟပ်တဲ့ လေကြောင်းချီ မြေခွေးတွေရဲ့ အန္တရယ် ကာကွယ်ချင်သေးလို့ ပဲ ..
အေး . .. စပျစ်သီးတွေ ရင့်မှည့်ရင်တော့ ဝိုင်ဖောက်ပြီး မင်းတို့ကို ဂုဏ်ပြုတဲ့ အနေနဲ့ ကုဗပုံ ပုလင်းထဲ ထည့်ပြီး မာရ်နတ်နဲ့ငါ ၂ ယောက်ထဲ သောက်မယ် . . .။
အခု ငါ့အိပ်ခန်းထဲမှာ လွှားထားတဲ့ အမဲရိကန်လုပ် လီဗိုင်း ဘောင်းဘီ၂ ထည်ရဲ့ ခြေဖျားမှာ အပြောင် မြောင်ဆုံး စာသားတွေကို ခိုးဝှက်သီချုပ်ထားတယ် . . . ငါ ကောင်းကင်ဘုံသွားတဲ့ ခရီး တလျှောက် အဆာပြေ စားသောက်ဖို့ပဲ မင်းတို့မှာချင်တဲ့ စကားတွေ ငါနဲ့ လူကြုံပါးရင် ပါးလိုက်ကြ . . . သေနတ်နဲ့ နှင်းဆီ အဖွဲ့က အဆိုတော် Knocking On Heaven Door စာသားကို ဌါန်ကရိုင်း မကျသေးလို့ ငါခရီး မသွားသေးတာ
ဒေါက် . . . ဒေါက် . . ဒေါက်. .
ကောင်းကင်ဘုံ တံခါးကို ခေါက်ကြ
ဒေါက် . . . ဒေါက် . . ဒေါက်. .
အမေရေ ကျနော့် အတွက်
နောက်ဆံ တင်းမနေနဲ့တော့
ဒေါက် . . . ဒေါက် . . ဒေါက်. .
ငါတို့ . . အနာဂါတ်တွေကို
ဒိုမိန်းနိမ်းဝယ်ပြီး လွင့်တင်လိုက်ကြ
ဒေါက် . . . ဒေါက် . .
ကမ္ဘာမြေရဲ့ ဆင်းရဲမှုနဲ့
ရောဂါကပ်ဆိုးတွေကို
ဆွဲထုတ်ယူငင် ကယ်တင်လိုက်ကြတော့ . . . . .
"ဟေ့"
ဒီမှာ .. ငါ့သဘောင်္ဟာ စကားလုံး အပြည့် တင်ဆောင် ပြီးသွားပြီ . . .၊ ရာသီကုန်အထိ တောက်လျှောက် မနားတမ်း ကစားပြီး အကောင်းဆုံး ဆုဖလားလဲ ရခဲ့ပြီ ...၊ကုဗတုံးတွေ အကုန်လုံးကိုလဲ ပိရိမစ် ဆောက်တဲ့ အထဲ ထည့်လိုက်ပြီ ။ ရဲဘော်ချေ ဟာလဲ သေနတ်နဲ့ နှင်းဆီ တေးသွား ကို စတင်လေ ချွန် နေပြီ ၊ စာတန်ကလဲ ဝိုင်ပုလင်း အဖုံးကို ဖွင့်လိုက်ပြီ ၊ ကတ်ကိုဘိန်း ဟာလဲသူ့နားထင် ကို သူဖောက်ခွဲပြီး အပြစ်ကင်းစွာ သေဆုံးပြခဲ့ပြီးပြီ ၊ မြို့မငြိမ်းလဲ အုတ်တင်ကား အောက်ထဲ သူ့ဦးခေါင်း လှဲလျှောင်း အိပ်စက် ပြခဲ့ပြီးပြီ ... ငါ့ အဓိပ္ပါယ်နဲ့ ငါ့ရွက်လွှင့်မှုဟာ ( ပြင်သစ်တော်လှန်ရေးနဲ့ ရန်ဖြစ်ပြီး ကွန်ပြူတာ သင်တန်းလဲ မတက်တဲ့ နစ်ရှေးရဲ့ပင်လယ်ကို ဖြတ်မယ် )**
နားလည်တယ် ဆိုလဲ လိုက်လာခဲ့ကြ . . . နားမလည်ဘူး ဆိုလဲ လဲသေ လိုက်ကြတော့ . . .. ။
** သစ္စာနီ၏ နစ်ရှေးရဲ့ ပင်လယ် ကဗျာမှ ....

Thursday, April 1, 2010
ပစ္စလက္ခနိုင်တဲ့ ကောင်းကင်
တိမ်တွေကို တွဲလဲ ဖြန့်ခင်းထားတဲ့ကောင်းကင်မှာ
ရေမညှစ်ရသေးတဲ့ သက်တန့်တွေအစီအရီပွင့်
လေညှင်းက ဆံပင်တွေကို ဖွဖွလေး ဖြီးသင်ချနေတဲ့ဘီး
ကြယ်အမှုန်အမွှားတွေက မင်းပါးပြင်ထက်မှာ ငြိတွယ်
ငါတို့တွေ ဖက်တွယ်ခဲ့ကြပုံက
ကမ္ဘာဦး လူသားတွေအတိုင်း
အလင်းလွန် အမြန်နှုန်း အတိုင်း
အတင်းတိုးဝှေ့ရောက်ရှိအောင်သွားခဲ့ကြ
အာရုံခံ ကိရိယာ တွေထဲ အတိုင်းအဆ မသိတဲ့
နှုးညံ့မှုတွေ ဖြတ်သန်း ဝင်ရောက်လာခဲ့ကြ
မိန်းမော မူးယစ် လေဟာနယ်ထဲမှာ လွင့်မျောသွားလိုက်ပုံက
အထိန်းကွပ်မဲ့ စွန်တွေလို ..
ကြားခံ ကွက်လပ်တွေ ဖြည့်စွတ်စရာ မရှိတဲ့အထိအောင်
အပို အလို မရှိ ကွက်တိ
ပင့်သက်များ မချနိုင် မချီနိုင် တော့တဲ့ အထိ
သွေးကြောများ ပြေလျှော့ နှုန်းခွေ ပျော့ကျသွားတဲ့ အထိ
ညစ်နွမ်းဖွယ် အလင်းပွင့် ရောင်စုံကြားထဲ
မျက်တောင် မခတ်တမ်းစိုက်ကြည့်ရင်း
မင်းနဲ့ ငါနဲ့ ကြားထဲက
ကောင်းခန်းတွေကြီးပဲ ပါတဲ့ အဲ့ဒီဇတ်လမ်းကို
နေ့စဉ်ရက်ဆက် မငြီးငွေ့တမ်းရိုက်ချင်တယ် . . . ။

Sunday, March 28, 2010
မနက်ဖြန်အကြောင်း တစေ့တစောင်းပြောဖြစ်တယ် ။
မနက်ဖြန်ဟာ မနက်ဖြန်မှာ မနေထိုင်ချင်တော့ဘူးလို့ လွမ်းလွမ်းဆွေးဆွေးပြောလိုက်တယ် ။ ခင်ဗျားဖြစ်ဖြစ် ကျွန်တော် ဖြစ်ဖြစ် "မနက်ဖြန်အကြောင်းမပြောနဲ့ အခုချိန်ခဏလေးပျော်မလား" ဆိုတဲ့ ရော့ခ်သီချင်းတပုဒ်ဆိုခဲ့ကြဖူးလိမ့်မယ် ။
မနက်ဖြန်နဲ့မနက်ဖြန် အကြောင်းစပ်လို့ပေါင်းဘက်မိကြရင် မနက်ဖြန်လေးတွေအတွက်မနက်ဖြန် ရှိမယ်မရှိမယ် ဆိုတာ မသေချာ ဘူး။ မနက်ဖန်ဟာ ကူးစက် ရောဂါသယ်ဆောင်လာသူတဦးလို စိုးရိမ်ထိတ်လန့်နေတယ် ..မနက်ဖြန်ဟာဒုက္ခတွေပိုမို ထူထပ်လာတဲ့ တံခါးကိုတွန်းဖွင့်လိုက်ရင်း လေညှင်းလေးကို မျှော်တယ် . . မနက်ဖန်ဟာ မြို့ ပြအလည်ခေါင်မှာ ကွန်ပျုတာ သင်တန်းပဲ တက်ရမလိုလို . . ဘာသာစကား ပဲ သင်ရတော့မလိုလို . . . စာရင်းပဲ ကိုင်ရတော့မလိုလို .. နိုင်ငံခြားပဲ သွားတော့မှာလိုလို . . ဈေးရောင်းစားရတော့မလိုလို ဇဝေဇ၀ါနဲ့ တခုခု အမြဲလိုနေသူပေါ့ ။
မနက်ဖြန်ဟာ ပျံသန်းဘို့လဲ မတတ်နိုင်သူ အိပ်တန်းပြန်ဖို့တောင် အမှောင်နက်နက်ထဲ ကူးခတ်နေရင်း ရေနစ်နေသူပါ ။
မနက်ဖြန်ကို သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းဘို့ ဆရာလုပ်မိတော့ မင်း လက်ထဲက ဈေးဝယ်လာတဲ့ ကျွတ်ကျွတ်အိတ် ကို ငါ့ခြေရင်းမှာ မပုံခဲ့ခင် မင်းအခန်းထဲက အဲကွန်းနဲ့ ဖရက်ဂျီတာ ကို ခလုတ်ပြန်ပိတ်လိုက်ပါဦး ချာတိတ်လို့ ရယ်ရယ် ဖွဖွပြောတယ် ။ မနက်ဖြန် မှာ အရောင်းသွက်ဆုံး ကုန်စည်တွေဟာ အရက် ၊ ကွန်ဒွန် ၊ ရာသီဘွား ဟောစာတမ်း ။ ကွန်ဒွန် ၊အရက် ၊ ရာသီဘွားဟောစာတမ်း ။ ရာသီဖွား ဟောစာတမ်း ၊ အရက် ၊ ကွန်ဒုံ .. တခါတခါ မိုးဟေကို တိုးတိုးခွေ. . အဲ့ဒီလို အကြောင်းအရာတွေနဲ့ပဲ နပန်းလုံးနေရတဲ့ မနက်ဖြန်ပါ ။
မနက်ဖြန် ဟာ ဆေးကုသခွင့်ခံယူဘို့ ကျန်းမာရေးအာမာခံ မရှိဘူး ။ မနက်ဖြန်ဟာ သူ့သက်တမ်း သုံးပုံ နှစ်ပုံလောက်ကို ဘစ်ကားတိုးစီးလိုက် ၊ လမ်းဖြတ်ကူးလိုက်နဲ့ ကုန်လွန်ခဲ့ခြင်းအတွ အမြဲတန်း ငြီးတွားနေ တတ်သူ။ မနက်ဖြန်သည် ပညာရည်ထူးချွန်မှု သာမန် ၊ ဉာဏ်အရည်အသွေး သာမန် ၊ ခြေလက်အင်္ဂါများ သာမန်ဖြင့် ကဗျာများကို သာမန်သာ ရေးသားခဲ့ကြောင်း ၀န်ခံပြောကြား ။ မနက်ဖြန်ရဲ့ တွေးခေါ်မှုပုံစံဟာ သုံးဘက်မြင် ရုပ်လုံးရုပ်ကြွတွေလို ဘက်စုံ မပြတ်သား မဖွံဖြိုး မတိုးတက် နေ့စဉ် စားဝတ်နေရေးထဲမှာ နစ်မြုတ်လျှက်ရှိ ။ မနက်ဖြန်သည် ရန်ကုန်မြို့ကို တတ်နိုင်သမျှ အစွမ်းကုန် ခုံခံ ကာကွယ်ခဲ့ကြောင်း တခုတ်တရပြောပြ ။
မနက်ဖြန်ကို အများက ယဉ်ကျေးမှု ခေါင်းပါး လာကြောင်း ပြစ်တင်ပြောကြားကြ ။ မနက်ဖြန်သည် လုပ်စရာ ကိုင်စရာ မယ်မယ်ရရ မရှိခြင်းကြောင့် လက်ဘက်ရည်ဆိုင်များတွင် နေကုန် နေခန်း ထိုင်လျှက် မြို့ တမြို့ကို စီရင်ချက် ချမည့်သူ များလို အိနြေ္ဒ တခွဲသား ဖြင့် ကိန်းကြီး ခန်းကြီး အင်မတန် နိုင် ။ မနက်ခင်းလင်းလိုက်တာနဲ့ ဒီနေ့အကြောင်း မစဉ်းစားခင် မနက်ဖြန်ကို စောင့်မျှော်နေကြ တာက ထုံးစံ ။ အခုဆို ခင်ဗျားရောကျွန်တော်ဟာ မနက်ဖြန်မှာ ဘာဖြစ်မယ် မသေချာသေးခင် ဒီနေ့ထဲမှာ ငေါင်စင်းစင်းတွေ ဖြစ်နေကြ ။ မနက်ဖြန်ဟာ သေဆုံးသွားတာ ကြာပြီလို့ တယောက်ယောက်က အော်ပြောလိုက် သံကြားလိုက်ရတယ်။
ကူညီပြီး လိုက်ရှာပေးကြပါဗျာ ကျွန်တော့် မနက်ဖြန်ဟာ ဘယ်ဆီမှာ ကျပျောက်သွားမှန်း . . မသိလိုက်ရခင်မှာ ဒီနေ့ဟာ ပင့်ကူမျှင်တွေ ရစ်ပတ် ဖုံးအုပ်လျှက် . . ။

Sunday, March 21, 2010
March 21, 2010 UNESCO World Poetry Day.
MOP(Final)
ငြင်းဆိုဝန်ခံအသိပေးချက်။ ။
ဤကဗျာစာအုပ်ငယ်သည် အင်တာနက်ပေါ်မှ မြန်မာကဗျာဆရာများနှင့် ၄င်းတို့၏ ကဗျာများ အားလုံးကို ကိုယ်စားပြု(ရန်ကြိုးစား)ခြင်း မဟုတ်ပါ။ လက်လှမ်းမီရာ ရောင်းရင်းညီကိုများမှ ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ်အတွက် ရှောင်တခင် စီစဉ်လိုက်ခြင်းမျှသာဖြစ်ပါသည်။ နဲနဲနဲ့ကျဲကျဲဆိုသလို ကိုယ့်အထွာနဲ့ကိုယ် ကဗျာကို စာလုံးပေါင်းကြည့်ကြခြင်းလည်ြး ဖစ်ပါသည်။ ကျန်းမာရေး ကောင်း၊ မကောင်းကတော့ အဆစ်မတောင်းပဲ အစစ်တောင်းမည့် ပရိသတ်က ဆုံးဖြတ်သည့်အတိုင်း ဖြစ်ပါစေ။ သေချာတာတစ်ခုက ကဗျာဆိုတဲ့ခေါင်းစဉ်အောက်မှာ တစ်ယောက်ဝါဒကိုတစ်ယောက် အကြောက်အကန်ငြင်းဆန်ဖို့ ကျွန်တော်တို့ ရောက်ရှိလာခြင်း မဟုတ်ခဲ့ပါ။ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ ကျွန်တော်တို့ ညီခဲ့ကြပါသည်။ ဖွင့်ထားသောစိတ်ဖြင့် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်မှာ ကြက်ခြေခတ်ခြင်း ကင်းကြပါစေ။
ကြက်သွန်၊ မိုးလှိုင်ည၊ မောင်ဖုန်းမြင့်၊ တေလေ၊
လင်းနီညို၊ လင်းရမ္မာ၊ သိုးထိန်း(အန္တိမ)

Thursday, March 11, 2010
အလေးမှန် ၊ ဈေးမှန် ၊ အရည်အသွေး အသင့်အတင့် အလှမွေး စကားလုံးများ ရောင်းရန်ရှိ။
ပိုက်လိုင်းက ကျလာတဲ့ ရေတွေလို ၊။
ရေတံခွန်က တောက်လျှောက် စီးသလိုမျိုး
မုသာဝါကျများ မြစ်ကြီး တခုလို စီး၍
ရိုက်ကလစ်(Right Click ) ၊ လက်ဖ် ကလစ် (Left Click ) ဘယ်ကလစ်ပဲ နှိပ်နှိပ်
ပွင့်ကျလာတဲ့ စာမျက်နှာ ပြုလုပ်ချက်များ
အများပြည်သူနှင့် စပ်ဆက် သက်ဆိုင်သော
သောတ အာရုံစူးစိုက်မှု
အရပ်သုံး ဘာသာစကားဖြင့်
အနက်အဓိပ္ပါယ် စံလွဲခြင်းဆိုင်ရာ ကုန်ထုတ်လုပ်ငန်း
အိပ်မက် ၊ လေညှင်း ၊ ကောင်းကင် ၊ ဘုရားသခင် ၊ ခရမ်းရောင် ၊ ရင်ဘတ်
ဝိုင် ၊ အရက် နှင့် မူးယစ်ဆေးဝါး ဆန့်ကျင် /ငင် ရေးများ အချိုးကျ
ပါဝင်ထည့်သွင်း ဖော်စပ်ထားလျှက်
လူထု ကိုယ်စားပြု ၊ ခေတ်လူငယ် ၊ ခေတ်လူလည်
အထွေထွေ အကျိုးဆောင် အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီမှ
ဈေးကွက်အတွင်း ရင်းနှီးမြုပ်နှံသူများ ဆုံးရှုံး နစ်နာခြင်း မဖြစ်စေရန်
လရောင် ရွဲနစ်နေအောင် ဆမ်းထားသော လမုန့် များ ပင်လယ် အတွင်း သို့ သွန်ချ ခြင်း ။
ကြက်ဆူပင်များ ပြုစု ပျိုးထောင်၍ မိုးလွန်ထွန်ချခြင်း ဆိုင်ရာ နည်းပညာ ဆင့်ပွား သင်တန်းများနှင့်
အရှေ့မျှော် အနောက်မျှော် ပျော်ချင်သလိုပျော် မျှော်ချင်သလိုမျှော်
မဟားဒရား မယားတယား တေးဂီတများ ထုတ်လုပ်ရောင်းချလိုက်၍
စာကြည့်တိုက် တတိုက်လုံး အသုံးချ ကြွားဝါမှု အထူးပြု ဘာသာရပ် လေ့လာလိုက်စားလိုသူများ အတွက်
အနုပညာ အမည်တပ် စားအုန်းဆီ စက်သုံးဆီ ချောဆီ အထူးအရောင်းဆိုင်များ မြို့နယ် အလိုက် ဖွင်လှစ်လိုက်ပြီး ။
အသင့်လုပ်ပြီး အသားတိုး အလှမွေးစကားလုံးများ လက်လီလက်ကား ရောင်းဝယ်ဖောက်ကားမှု ကိုယ်စားလှယ် လုပ်လိုသူများ အမြန်ဆက်သွယ်နိုင်ပြီ ဖြစ်ပါကြောင်း . . . ။ ။

Tuesday, March 2, 2010
အလေအလွင့်များတဲ့လူ
အလေအလွင့်တစရှိတယ်
နည်းနည်းကြာလာတော့ အလေအလွင့်တစု ဖြစ်လာတယ်
အလေအလွင့်များ က "လေလွင့်ခြင်း လမ်းမများ" သီချင်းကိုဆိုတယ်
အလေအလွင့် တွေက လူလူ သူသူ လန်းလန်း ဆန်းဆန်း ဖြစ်အောင်လို့
လူမှုရေးလုပ်ငန်းတွေ ဗန်းပြ လုပ်ကြတယ်
အလေ အလွင့်များ ဆိုတော့ ကာ
လေလို တလူလူ လွင့်နေကြတာပေါ့
လူးလူး လွန့်လွန့် လွမ်းလွမ်းဆွေးဆွေးလဲ
ဖြစ်ကြသေးတယ် ဆိုပဲ
လွတ်လပ်ခြင်းရဲ့ အနှစ်သာရကို
စိတ် အမှောင်ကျနေတဲ့ အလေအလွင့်များ မသိကြရှာဘူး...
လေစီးကြောင်းထဲမှာ လေဆာရောင်ခြည်တွေ
ပြိုးပြိုးပြက်ပြက် ဖြစ်သလို
အလေအလွင့်တွေ လက်လက်ထ နေကြပြီးတော့
လေဒန်းဖန်းစီးတယ် ဆိုတဲ့ စကားဟာလဲ
အလေအလွင့်များက စခဲ့တာပါပဲ
လေယဉ်တင် သင်္ဘောလို အလေအလွင့်တွေ ရှိတယ်
လေပြွန်ရောင်နေတဲ့ အလေအလွင့်တွေ
လေချဉ် တက်နေတဲ့ လေယဉ်မောင်/မယ် လို အလေအလွင့်တွေ
လေကြီး မိုးကြီးကျနေတဲ့ လေစကြာ သမား အလေအလွင့်တွေ
လေညာက နေသာပါတယ်ဆိုတဲ့ အေးဆေးသမား အလေအလွင့်တွေ
လေညွှန်တံလို လက်ညိုး ညွှန်ရာ လေဖြစ်နေတဲ့ အလေအလွင့်တွေ
ရှိခဲ့တယ် . . . .
လေဟာနယ်ထဲမှာ ၊ လေထုထဲမှာ ၊ လေခြားမျဉ်းပေါ်မှာ အလေအလွင့်တွေ
ထူထပ် ပိတ်ဆို့နေကြပေမယ့်
လေကြောင်းလမ်းပြ မရှိခဲ့ဘူး
စိုးရိမ် လေမှတ် ကိန်းညွှန်ပြ မျဉ်းက သက္ကရာဇ် ၂၀၀၀ ကျော်ထဲက
အခု . . .
ငါရဲ့ လေလွင့်ခြင်း မင်္ဂလာ ခံယူလိုက်တဲ့ နှစ်ဟာ
ခရစ်နှစ် ၂၀၁၀ ဖြစ်တယ် . . .
ဒီပုံပြင်ထဲက
အလေလွင့်များ တဲ့ လူဟာ
ခင်ဗျား ၊ ကျနော် ၊ ငါ ၊ သူတပါး ၊ ယောင်္ကျား ၊ မိန်းမ
အားလုံး ဖြစ်နိုင်ကြတာပဲ . . . ။
MPM
(သာလွန် မြန်မာ-အင်္ဂလိပ် အဘိဓန် ထဲမှ စကားလုံးများ ယူငင် သုံးစွဲ တည်ဆောက်ပါသည် )

Wednesday, February 24, 2010
အလွမ်း
( ၀မ်းနည်းကြေကွဲ ရခြင်း ၊ ကိုယ်စိတ် နှလုံး ညိုးနွမ်းရခြင်း တို့သည်
ချစ်ခြင်း သာလျှင် အမွန်အစ ဖြစ်ကုန်၏ ။ ) (ဓမ္မပဒ)
ညက ..ညကိုလွမ်းတယ်
အလွမ်းက...အလွမ်းကို လွမ်းပြန်ရော
အလွမ်းရဲ. အရောင်ကို......အရောင်တွေနဲ့ပြန်လွမ်းတော.
အလွမ်း......ရဲ.ပြဇတ်က အလွမ်း ခန်းဆက် ရှည် ကတယ်....
အလွမ်းမှာ.. အလွမ်းရဲ. သံတူကြောင်းကွဲ မရှိဘူး
အလွမ်း ဟာ... ဇီဝိန်ကြွေတော့မဲ့ ငါးလို ဖျတ်ဖျတ်လူးနေတယ်
အလွမ်းဟာ....သူစိုက်ပျိုးသမျှ သူ့ရိတ်သိမ်းတယ်
အလွမ်းဟာ.. သူ့ခွန်အားအတွက်
သူ့ရဲ့ အလွမ်းတွေကိုပြန်လည်စားသုံးတယ်
အလွမ်းဟာ... နက်စ် ကော်ဖီနဲ့ စီင်္းကရက် ကြိုက်တယ်
အလွမ်းက....သူ့ ကိုယ်သူ အနုပညာစိတ်ရှိသူ လို့ထင်နေတယ်
တခါတရံ..... ဗီသိုဗင် ယောင်ဆောင်တတ်တယ်
မောင်ချောနွယ် ယောင် ဆောင်တတ်တယ်
ပေါ်ဦးသစ်လို.ထင်အောင် ဟန်ဆောင်လာတတ်တယ်............
အလွမ်းက...
သူ့ရဲ့အတိုင်း၊ အရှည်ကို မြစ်တစ်စင်းနဲ့ ခိုင်းနှိုင်း တတ်တယ်
ထုထည်ကိုတော. သူကိုယ်တိုင်တောင် မမှန်းဆ တတ်ဘူးတဲ့
အလွမ်း က .....
သူဟာပျော်ဝင်တတ်သူပါတဲ့
ပုံစံမဲ့ စီးဆင်းတတ်သူလို.ပြောတယ်.....
အလွမ်း ဟာ.....
ရီဝေေ၀ ညနေခင်းများနဲ.
အိမ်ပြန်ချိန်လည်း နောက်ကျတတ်သေးတယ်
ဒီလိုနဲ့ ....
အလွမ်းဟာ လူလား မြောက်လာ ခဲ.တယ်...........။
မောင်ဖုန်းမြင်. (2.03.2008)
( ၂၀၀ဂ ခုနှစ်တုန်းက ရေးခဲ့တဲ့ ကဗျာဟောင်းလေး တပုဒ်ပါ .. ဆားချက်တယ် ပဲပြောပြော ခုအချိန်မှာ တစုံတရာကို စူးစူး ရှရှ လွမ်းနေလို့ ပြန်တင်လိုက်တယ် .. ။ )
Subscribe to:
Posts (Atom)