နံရံတွေကြားမှာ စိုက်ထားတဲ့ အလှကပ်ပန်းပင်လို
စီးကျနေတဲ့ရမ္မက်ဟာ ၂၃ နှစ်ပိုင်းတစ်ပိုင်းစောင်းလျှက်
စီးကရက်ငွေ့များကြားအကုသိုလ်တရားဟာ အငွေ့ပျံ စေတသိတ်၏ သွားရာအတိုင်း
လက်ညှိုးထိုးမလွဲ စကြာတံဆိပ်အလံတော်နားခိုစား
ပူနွေးနေတဲ့ ခန္ဒာကိုယ်
အကျိုကြားထိ စီးဆင်းနေသောအသံများ ။
အိပ်ယာထက်က စောင့်ဆိုင်းနေတဲ့ မရဏဟာ အဆုံးစွန်ခံစားမှုတစ်မျိုးနဲ့ ။
ခေတ်မီတဲ့အမှတ်တံဆိပ်မှာ တွယ်ကပ်နေတဲ့ မှိုတစ်မျိုးရဲ့
စိုစွတ်မှုအနံ့ဟာ ကျင်ငယ်လို ဆိုးရွား ။
ရေရှိရာ အရပ်ကို မျက်နှာမှုနေတဲ့
မိန်းမပျိုရဲ့ လွတ်မြောက်ခြင်းလမ်းစဟာ
ဖဲကြိုးဝါလို လွင့်လူးနေတယ်။
ဖွင့်ထားတဲ့ ဖျော်ရည် ပုလင်းအဝမှာ
တွယ်ကပ်နေတဲ့ ပုရွက်ကောင်ရဲ့ အရာသာဟာ ချိုမြိန်မှာလား။
လားရာအတိုင်း တွန်းထိုးသွားလာနေတဲ့ မြည်းတစ်ကောင်ဟာ
ဖန်ပေါင်းချောင်ထဲမှာရှိတယ်။ ညတွေဟာ အလေးချိန်မပြည့် ပေါက်ပြဲလို့ ။
ကုန်းမြေခွဲခြားထားလည်း နယ်ခြားမျဉ်းပေါ်မှာ ရေးဆွဲထားတဲ့
ဆေးတွေဟာ ရေဆေးတွေပါလို့ ဘယ်သူပြောခဲ့လဲ။
အခြားသော ဒဿနများမှ ထုံကူးထားတဲ့ ဓတ်တိုင်ဟာ
လေထုထဲက အပူငွေ့တွေကို
စုပ်ယူကာ ပြန်အန်ချတယ်။
ချောက်ကမ်းပါးအစွန်းမှာ
ရပ်နေတဲ့ ခြင်္သေ့တွေ အော်သံလို
ငွေရောင် ရောင်ပြန်ပြားတွေ ဖိတ်ဖိတ်တောက် နေတာ တွေ့ရတယ်။ ကြမ်းပြင်မှာ လူးလှိမ့်နေတဲ့
ငါးတွေမှာ နာမည်တွေ ရှိတယ်ဆိုလည်း ရှိတယ်ပေါ့။
မျက်နှာဖုံးစွပ်တိုင်းဟာ ဗီလိန်မဟုတ်သလို
စွပ်ထားတဲ့ မျက်နှာဖုံးမှာ သွေးတွေဟာ အဝါရောင် စွန်းပေနေတယ်။
ဟုတ်တယ် ညထဲက ညှပ်နေတဲ့ အသားစ ဟာ
ထုထည်လို ငါမက်နေတဲ့ အိပ်မက် .. ဟုတ်တယ် ။ ဟုတ်ရင် ဟုတ်လိမ့်မယ် ။
မောင်ဖုန်းမြင့်
၉၊ ၂ ၊ ၂၀၁၃
No comments:
Post a Comment