အို ! . . အိမ်ကလေး . . . သင့် အား ငါ ပြင်းပြင်း ရှရှ လွမ်း၏ . . ။
မည်းမှောင်နေသော
မြို့ကြီး အတွင်းမှ ပေါ်ထွက်လာသော အိမ်လွမ်းဝေဒနာမှာ နာသာခံခက် ၊ အတွင်းပိုင်း နက်နက်ရှိုင်းရှိုင်း သို့ တမြေ့မြေ့ တိုက်စားနေသော ဒဏ်ရာ ၊ဒဏ်ချက် များပင်
အိမ်ဟုဆိုလိုက်လျှင်
အများအားဖြင့် မိသားစုဟု အနက်ဖွင့်ဆိုခဲ့ကြပြီး ၊ နွေးထွေးလုံခြုံမှု ပေးနိုင်သည့် အသိုက်အမြုံ
သို့မဟုတ် ဘဝဖော်အချင်းချင်း အမှီသဟဲပြုရာ သာယာပျော်ရွင် မှု ဟု အလိုလို အသိအမှတ်ပြုခဲ့
ကြပြီး ဖြစ်ပါလိမ့်မည် ။
“ အိမ်ပြန်မယ်
” ဟု ရည်ညွှန်း စိတ်ပြုလိုက်ရုံဖြင့် ဘ၀င်စိတ်
အတွင်းတွင် သာယာပျော်ရွှင်မှု ၊ လုံခြုံ စိတ်ချရမှု ၊ အထီးကျန်ခြင်းမှ ကင်းလွတ်ရမှု တို့ဖြင့်
အားအင် သတ္တိများ ပြည့်လျှံလာကာ ၊ ငြိမ်းချမ်းရာ ဘုံဘဝသို့ တွယ်ငြိ ဆိုက်ကပ်မိသော ဝိညဉ်
တစ်ခု ၏ ခံစားမှုကဲ့ သို့ပင် ဖြစ် ၏ ။
သူ့ငယ်
ဘဝ နေထိုင်ခဲ့ ရသော အိမ်ကလေးမှာ ရန်ကုန် မြို့လည် ရှိ ဆူညံသံများ အနည်းငယ် ရောယှက်
နေသော ခြံဝင်းကျယ်ကလေး တစ်ခု အတွင်း၌ ဖြစ်သည် ။ နှစ်ဆောင်ပြိုင် အိမ်ကြီး၏ လေးခန်းတွဲအိမ်ခန်းလေး
၏ ဘယ်စွန်မှာ သူနှင့် သူ့မိသားစု ကလေး နေထိုင်ခဲ့ကြဖူးသည် ။ သူက သူနေထိုင်သော အခန်းကလေးကို နှလုံးသား ထောင့်ကျဉ်းဟု
တိတ်တဆိတ် အမည်ပေးခဲ့သည် ။ မိသားစုတွေ ဖရိုဖရဲ မဖြစ်ခင် ရွှေအိုရောင် နေ့ ရက်များ ။
စိတ်ထဲ စွဲထင်နေသော အခန်းချင်းကပ်လျှက် ငယ်သူငယ်ချင်း မိသားစု ။ “မမလေး” ၊ “ဘဘ” ၊
“ကြီးကြီး” အစရှိသော စိတ်ပုံရိပ်များ ။ အဲလစ်ရဲ့ အံဖွယ်ကမ္ဘာထဲသို့ ရောက်ရှိသွားခဲ့ရသလို စွဲထင်ရစ်နေသော “ဘဘ”၏ စာအုပ်တွေ သိမ်းဆည်းထားသော
ဗီရိုကြီးတွေ ၊ ထင်းရူး သေတ္တာ ကြီးတွေ ။
ငြိမ်သက်တိတ်ဆိတ်စွာ စာအုပ်ပုံကြားထဲ လှဲလျှောင်းခွေ နေသော ပိန်ခြောက်ခြောက် ညိုညစ်ညစ် ကောင်လေး တစ်ယောက်၏
ပုံရိပ် . . . ၊ အောက်ထပ် အခန်း ၂ ခန်း မှ ကစားဖော် ညီငယ် ၊
ညီမငယ် လေးများ . . ၊ ဂိုးတိုင်လုပ် ဂိုးဖမ်းခဲ့သော မာလကာ ပင်ကြီး ၂ပင် ...၊ တာဇံ လုပ်တမ်း
ဆော့ခဲ့ရာ စောင်းလျှား ပင်နှင့် ခြံထောင့်က ပိန္နဲပင်ကြီး ... ၊ ညဘက် ခြံထိပ်မှာ ဂစ်တာ
လာတီးနေကြ အကိုကြီးတွေ ..၊သူတို့နှင့် သီချင်း လိုက်ဆိုရင်း လေ့ကျင့်ခဲ့ရသော ဂစ်တာကော့ဒ်တွေ
..၊ ဆေးလိပ်ခိုးသောက်တဲ့ ညများ . . ၊ အဲ့ဒီ အချိန် ကာလက ခေတ်စားနေသော ဘရိတ်ဒန့်စ်ကရင်း
ရိုက်ပွဲလေးများ ဆင်နွှဲခဲ့ရသော တန်ဆောင်တိုင် ပွဲတော် . .၊ အိမ်ပြန်မအိပ်ခဲ့သော ရက်သတ္တပါတ် ပေါင်းများစွာ အစရှိသဖြင့် . . . . ။
ထို့နောက် လေပြင်းမုန်တိုင်းကျသလို တစ်တိုင်းပြည်လုံး တုန်လှုပ်ခဲ့ရသော
အပြောင်းအလဲ ၊ အဖြစ်အပျက်ကြီး က သူတို့ ခြံဝင်းလေးကိုပါ ပုတ်ခတ်လှုပ်ရှား သွားစေခဲ့သည်
။
ခြံဝင်းလေးထဲမှ အရင်ဆုံး နှုတ်ဆက် ခွဲခွာသွားကြသူများမှာ ငယ်သူငယ်ချင်း
မိသားစုကလေးက “ဘဘ” ၏ အလုပ်တာဝန်ဖြင့် တစ်နေရာသို့
မမလေးနှင့် အကိုလို တွယ်တာရသူ နှစ်ယောက်မှာကား ထိုထက်ဝေးကွာ သော အဝေး တစ်နေရာသို့
. . ဘဝဆိုတာ ပျော်ရွှင်မှု ရာခိုင်နှုန်း အနည်းငယ်သာ ပါဝင်ပြီး အစီအစဉ် မကျမှုများစွာနှင့် လွဲချော်ခြင်း ခပ်များများ
ပေါင်းစပ် ပါဝင်သော အရာ ပါလားဟု သူစတင် မျက်ခုံးပင့် ကြည့်လိုက်မိသည် ။
သူနှင့် သူ့မိသားစုလေးသည်လည်း
ထိုစဉ်ကာလ က ရေစီးကြောင်းတစ်ခုလို အားကောင်းလှသော မြို့သစ် လေးများဆီသို့ ဦးတည်စီးမျောခဲ့ရလေသည်
။ မတူညီသော အသိုင်းအဝိုင်း ၊ ပတ်ဝန်းကျင်စိမ်း နှင့် ခက်ခဲ ကြမ်းတမ်းသော မြို့သစ်ညနေခင်းများ၏
ရိုက်ခတ်မှုက မြို့လည်ခေါင်မှ ရုတ်တရက် ပြောင်းရွေ့လာရသော သူ့အတွက် မသက်သာစေခဲ့ ။ ပျင်းရိ
ငြီးငွေ့ဖွယ်ရာ မြို့သစ်နေရက်များကို တိုက်ခိုက်ဖို့ အတွက် သူ့ဂစ်တာကို ခပ်ကြမ်းကြမ်း
တီးခတ်တတ်လာသည် ။ စက္ကူအလွတ်တွေပေါ်မှာ စကားလုံးများစွာ ဟိုခြစ် ဒီခြစ် ခြစ်တတ်လာ ခဲ့သည်
။ သူ၏ မိခင်ဖြစ်သူ ရုံးက ပြန်လာမည့် မြေနီလမ်းကလေးပေါ် စောင့်မျှော် ထွက်ကြိုရင်း ရုံးမှ
အပြန် ဆုံနေကြ ကောင်မလေး တစ်ယောက် အပေါ်မှာ ရင်ခုန်လာမိခဲ့သည် ။ စစ်တုရင် ကစားခြင်းကို
အလွန်အမင်း နှစ်သက် ခုံမင်လာခဲ့ပြီး ။သူ၏ လူငယ်ဘဝ အရိပ်ရှည်ရှည် လျားလျားက အရက်ဆိုင်များ
အတွင်းသို့ ပျော်ဝင်သွားခဲ့ပြန်သည် ။
မမျှော်လင့်ပဲ
နိမ့်ပါးသွားသော အခြေအနေနှင့် ဖိစီးလာသော ငွေကြေး အခက်အခဲများကြားတွင် သူနှင့် သူ့ညီ၊
ညီမငယ်လေးတို့မှာ လူးလွန့်ကြီးပြင်းလာခဲ့ကြရသည်။
ရွေးချယ်ခွင့်များစွာ
မရှိသော သူ့အတွက် သူ့သူငယ်ချင်းတစ်ယောက် အိမ်သို့သွားရောက် နေထိုင်ကာ အလုပ်လုပ်ခဲ့သည်
။ အချိန် ကြာလာသည်နှင့် အမျှ မိမိ၏ ကိုယ်ပိုင် အိမ်မဟုတ်သည့် အိမ်တစ်လုံး၏ သူစိမ်း ဆန်မှုကို ရုတ်တရက် ကြုံတွေ့လိုက်ရတော့
သူ့အတွက် အကြီးအကျယ် တုန်လှုပ်စေခဲ့ရပြန်သည်။ မြို့ပြ၏ ခမ်းနားကြီးကျယ်မှုကလည်း အဆင်မပြေသောနေ့ရက်များကိုသာ
ပိုင်ဆိုင်သော သူ့အတွက် လေးလံသော ဖိစီးနှိပ်စက် မှုပင် ။ ကွန်ကရစ်တောအုပ်ကြီး၏ ရယ်မော
ခြောက်လှန့်သံကို မခံနိုင်တော့သည့်အဆုံး သူ့ခြေလှမ်းများက မြို့သစ်လေးရှိ ရယ်စရာနည်းနည်း
မောစရာများများ အိမ်ကလေး ရှိရာသို့ ဦးပြည်လှည့် လိုက်၏ ။ ထိုအချိန်မှစ၍ သက်မဲ့ အိမ်ကလေး
တစ်လုံးအတွင်းတွင် ခံစားမှု စိတ်ဝိညဉ်နှင့် အသက် ရှိနေကြာင်း သူ့ကို သတိပြုမိခဲ့စေ၏
။
ရွေ့လျားနေသော
အချိန်ကာလနှင့် မမြင်ရသော အကြောင်းအရာများက သူနှင့်သူ့မိသားစုလေးကို ဆင်ခြေဖုံးရှိ
အခန်းငယ်လေး တစ်ခု အတွင်းသို့ တွန်းထိုး သယ်ဆောင်သွားပြန်လေသည် ။ သူ့အနေဖြင့် ဘ၀ဆိုတာ
အလေးအနက် ထားစရာလို့ မမြင်နိုင်တော့ပဲ ပေါ့ပေါ့ပါးပါး အရွဲ့တိုက် လောကဓံတရားနှင့် တွန်းထိုးရန်ဖြစ်ရင်း
“လူပုံအလည်.. မနေချင် .. တစ်ယောက်ထဲပဲ.. ရင်ခုန်သံအသေတွေကို..
ဖြန့်ကျဲပြီး အခန်းငယ်ထဲ” စသည့် စာသားများပါဝင်သော ရော့ခ် သီချင်းတစ်ပုဒ်ကို အကြိမ်ကြိမ်
ဆိုငြီးနေခဲ့မိသည် ။
နေ့စဉ်လှုပ်ရှားနေရသော
ဖြစ်စဉ်ကြီး တစ်ခုလုံးအတွင်းမှာ မသေချာ မှုများစွာပဲ ရှိနေခဲ့သည်ဟု တဖြေးဖြေး သူ သက်ဝင်ယုံကြည်လာခဲ့
သည်။
အိမ်ကလေးပေါင်း
များစွာ၏ အသံမဲ့ဘာသာစကားကို သူအနည်းငယ် နားလည်လာခဲ့ သည့်အချိန်မှစ၍ “ လောကသည် ရှိ၏
ထိုရှိနေသော လောကအတွင်း ဘာမှ မရှိခြင်းသာ ရှိ၏ ” ဟူသော အတွေးကို အလေးအနက် ဆင်ခြင်စဉ်းစားနေရင်း
အိမ်ပေါင်းများစွာ ၏အသံမဲ့ အသံများစွာကို သူစုဆောင်း ရှာဖွေနေခဲ့မိသည်။
ရပ်ဝေးမြေခြားရှိ
သူနေထိုင်ခဲ့ရသော အလုပ်ရှင်မှပေးသည့် စုပေါင်း အိမ်ယာ အတွင်းမှာ ..၊ အဆောင်တစ်ခု၏ အခန်းကျဉ်း ထဲမှာ ၊ လူအများ အစုစပ်စုငှားနေရသည်
အိမ်ငယ်ကလေးအတွင်းမှာ ၊ နေ့ဘက်တွင် ရုံး ဖြစ်ပြီး ညဘက် လူပေါင်းများစွာ အခကြေးငွေပေး
အိပ် ရသည့် အဆောက်အဦးအတွင်းမှာ ၊ ချစ်သူ ခင်သူတို့နှင့်ဝေးရာ မိကွဲဖကွဲ အခန်းလေးမှာ
.. နာကျင်ကြေကွဲနေသည် အိမ်ကလေးများ ၏ အသံများစွာကို သူစုဆောင်းရရှိခဲ့ပြီးနောက်
...
သူ့အသွေးအသားထဲမှာ
ကျယ်လောင်စွာ တောင်းဆိုနေတာက . . အတ္တ ၊မာန ၊ ဒေါသ ကင်းစင်တဲ့ အိမ်ကလေးတွေရဲ့ အသံ
၊ ပျော်ရွင်ဖွယ်ရာ ကြည်နှုးမှုတွေနဲ့ ပြည့်လျှံနေတဲ့ အိမ်ကလေးတွေရဲ့အသံ . . ချစ်သူခြင်း
နားလည်မှုတွေနဲ့ ဖြူစင်ဝင်းလက်နေတဲ့ အိမ်ကလေးတွေရဲ့ အသံ ၊ အထီးကျန်မှုတို့ ကင်းဝေးရာ
ဆည်းလည်းလေးတွေ ရယ်မော ပျော်ရွင်နေတဲ့ အိမ်ကလေးတွေရဲ့ အသံလို့ အသေအချာ သိရှိ နားလည်ခဲ့လိုက်တော့သည်
။
သူ့ခြေလှမ်းများက
သူ့မြို့လေးရှိရာ ဦးတည်လျက် ၊ မြေနီလမ်းလေးအတိုင်းလျှောက်လာရင်း .. မျှော်လင့်ခြင်းအပြည့်နဲ့
ခြံတံခါးလေးကို တွန်းဖွင့်လိုက်တော့ . . .
မိုးရေစက်တွေကြားများ အချိန်ကာလာများစွာ သူ့ကိုစောင့်စားရင်း ဖျားနာ သေဆုံးနေပြီဖြစ်
တဲ့ ခြောက်သွေ့ အိမ်ကလေးကို တွေ့လိုက်ရလေရဲ့ . . .။
အို ! . . အိမ်ကလေး
. . . သင့် အား ငါ ပြင်းပြင်း ရှရှ လွမ်း၏ . . ။
မောင်ဖုန်းမြင့်
No comments:
Post a Comment