Sunday, June 28, 2009

ပြောရမယ်ဆိုရင် ကဗျာတွေကနေစလိုက်ရအောင် ...

ပြောရမယ်ဆိုရင်
ကဗျာတွေကနေစလိုက်ရအောင် ...

တုပ်ကွေးမိနေတဲ့ကမ္ဘာထဲ
ကိုယ့်ဒူးခေါင်း ကိုယ်ပိုက်
ငုတ်တုတ်ငိုက်နေတုန်း
ကဗျာတွေက အုပ်ဖွဲ့ပျံသန်းကြတယ်

ကမ္ဘာက ဘယ်အထိဆက်သွားမှာလဲ
ကဗျာကတော့
ပေါ့ပေါ့ပါးပါး မိုးတိမ်တခုလို မျောလွင့်လို့

ကဗျာနဲ့မိုးလင်း
ကဗျာနဲ့မိုးချုပ်
ရှင်သန်ခြင်းတွေ ရှိုက်သွင်းထားလိုက်ရတဲ့
ကဗျာတွေရှိတယ်
တချို့ကဗျာတွေက
ဆံပင်ရှည်ရှည်နဲ့
မြို့ကြီး ၊ ပြကြီး ဆန်ဆန်
ကဖေးထဲမှာ အိနြေ္ဒရရထိုင်လို့
တချို့ကဗျာတွေက
အလွမ်းတွေဖူးနေအောင်ပန်ပြီး
ညနေခင်းမှာ
လမ်းသလားနေကြတယ်
တချို့ကဗျာတွေက
နာဇီအလံကို အင်္ကျီချုပ်ဝတ်
စစ်သူကြီးဆန်ဆန်..ရဲရင့်လို့
တချို့ ကဗျာတွေက
ဗြဟ္မာဘုံကဗြဟ္မာကြီးတွေလို
ရုပ်သက်သက် ၊နာမ်သက်သက်
တည်ရှိနေကြတယ်
တချို့ ကဗျာတွေက
ဝါဒပေါင်း တထောင်
အာဂုံဆောင်လို့
တချို့ကဗျာတွေက
သူတို့ကိုယ်သူတို့
တည်ခင်းရောင်းချကြပြန်တယ်
တချို့ကဗျာတွေက
ဟိုတယ်ထဲမှာ
တချို့ကဗျာတွေက
ရာသီစာ
လတ်လတ်ဆတ်ဆတ်တွေနှင့်
ကျွန်းတခုလုံးကိုပတ်လို့
တချို့ကဗျာတွေက
မချိမဆန့် အော်ညည်းနေပေမဲ့
သူ့အတွင်းသားက နှုးညံနေတယ်
တချို့ကဗျာတွေက
သူ့ကို စိတ်မဝင်စားတဲ့လူတွေကို
သူက ..ပြန်သနားတယ်
တချို့ကဗျာတွေက
လူသားရဲ့ အဆုံးနဲ့အစကို
သေချာ စောင့်ကြည့် လေ့လာနေတယ်
့်
တချို့ ကဗျာတွေက.....

...................
.............
.........
တချို့ကဗျာတွေက....


ပြောရမယ်ဆိုရင်
ကဗျာတွေကနေစလိုက်ရအောင်

ို့
မောင်ဖုန်းမြင့်


Wednesday, June 24, 2009

အရုဏ်ဦးကြယ်


မင်းဟာ
အတောက်ပဆုံးကြယ်ကလေး
အရုဏ်ဦးပြာပြာထဲမှာ


ငါတို့အထက်မှာ
ငါတို့ကြားမှာ
ဗီးနပ်စ်


ဂျုပီတာလို
ငါတို့အမြတ်တနိုးငေးနေရ ။


မောင်သစ်မင်း
(The Beatles တေးဂီတအဖွဲ့ဝင် တေးရေးဆရာ ၊ ကဗျာ
ဆရာ Paul Mc Cartney ရဲ့ Dawn Star ကိုပြန်ဆိုသည် )

( ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း အတွဲ ၂၃ ၊ အမှတ် ၂ ၊ ဖေဖေါ်ဝါရီ ၊ ၂၀၀၇ မှ ကူးယူဖော်ပြပါသည် ။
အကြောင်းကြောင်း ကြောင့် မူရင်း ပိုင်ရှင်ဆီမှ ခွင့်ပြုချက် တောင်းခံနိုင်ခြင်းမရှိခဲ့ပါ ။ )

Monday, June 1, 2009

ခါချခံလိုက်ရတဲ့ မိုးစက်ပွင့်တွေ

မင်းနှုတ်ခမ်း....နယ်စပ်မျဉ်းပေါ်က
ကျွံကျလာတဲ့ စကားလုံးတွေနဲ့
ငါ့ .. မြို့ရိုး သိမ်းပိုက်ခံလိုက်ရတယ် ..



ခရမ်းနုရောင်လေး ရေ ...

ငါ့ကို ဘောလုံးတလုံးလို
သိမ်းကျုံး ကန်ထုတ် လိုက်ပါ
ကြိုးပြတ်သွားတဲ့ စွန်တကောင်လို
လေနှင့် အတူ လွှင့်ထားလိုက်ပါ
ပြီးတော့ ...
အသုံးမလိုတော့တဲ့
လက်သည်းဆိုးဆေးခွံ တခုလို
သင့်တော်ရာမှ စွန့်ပစ်လိုက်ပါ.....



တကယ်တော့ ... ငါဟာ

အေးချမ်းစေချင်တဲ့ ..စေတနာနဲ့
မင်းပခုံးပေါ် ကျလာမိတဲ့ မိုးစက်ပွင့်လေးပါ ကွယ်
အနှောက်အယှက် ဖြစ်တယ်ဆိုရင်
အသာအယာ ခါချလိုက်ပါ
မင်းလက်ဖဝါးလေးနဲ့
ထိတွေ့ခွင့် ရဖို့
ငါကတော့ ခဏ ခဏ
ရွာချနေရ ဦးမှာပါ ..... ။





မောင်ဖုန်းမြင့်