Wednesday, July 29, 2009

လွင့်ကြွေရခြင်းညနေ

သစ္စာလေးပါးမှာ
ဥပေက္ခာတရားက

အယဉ်ပါးဆုံးထင်တယ် ။

ကိုယ်ထင်ပြလိုက်တဲ့ပုံက...


ပြုတင်းတံခါးတချပ်ကို ဆွဲလှပ်လိုက်သလို
အာရုံပလပ်ပေါက်ကို တဖျတ်ဖျတ်လာရိုက်တဲ့
မီးပွားလေးတွေလို...


ဆွဲတင်လိုက်တဲ့ လေးကိုင်းမှာ

အကိုင်းညွှတ်ဆုံး ကွေးကိုင်းခဲ့ရပါတယ်


လက်ချောင်းတွေတုန်တုန်ယင်ယင်နှင့်

အလှုတ်ခါခဲ့ရဆုံး ကြိုးမျှင်လေးပါ ။


လွင့်လိုက်ရတာ ဘယ်ယူဇနာ အထိလဲ

ပို့လိုက်မိတဲ့ ကြေးနန်းမှာ လိပ်စာပါမသွားခဲ့ဘူး ။

အလံဖြူတလက်ရဲ့ထိပ်မှာ ထပ်ဆင့်
အလံထူ ခံလိုက်ရတဲ့ မြွေတွန်သံလို စကားလုံးတွေ ...

ယမ်းငွေ့ မပြယ်သေးတဲ့...

ကိုယ့်..စစ်မြေပြင် ညနေခင်းမှာ
ခြေသံပြင်းပြင်း.. မင်း...နင်းထွက်သွားလိုက်ပုံဟာ
မယုံချင်စရာကောင်းအောင် လှပလွန်းနေခဲ့တယ် ။



မောင်ဖုန်းမြင့် 21.07.2009

Tuesday, July 28, 2009

ဘလော့အသစ်တခု စတင်ခြင်း (သို့) အဝေးရောက်ပင်လယ်



အဝေးရောက်
ဆိုတဲ့ စကားစုက ဟောသည့်စာမျက်နှာတွေ ကမ္ဘာကြီး ထဲပျံ့နှံ့ စီးမျောသွားဖို့ စုဖွဲ့စီစဉ်ကြ သူ အများစုဟာ အဝေး (ပြည်ပ)မှာ အကြောင်းကြောင်းကြောင့် ရောက်ရှိအခြေချ နေထိုင် နေကြရတာကို ရည်ညွှန်းပြီး ..


ပင်လယ်
ဆိုတာက လူတဦးချင်းစီ ဘဝတခုချင်းစီ သိနားလည် သဘောပေါက် လက်ခံ ထားခဲ့ကြသမျှ အဓိပ္ပါယ် အားလုံးထဲမှာ ၁၉၉၀ ပြည့်လွန် နှစ်ကာလတွေက ထုတ်ဝေခဲ့ဘူးတဲ့ ပင်လယ်မဂ္ဂဇင်းရဲ့ ဝိဉာဉ်ကို ထပ်ပြီးဖြည့်စွက်ပေါင်းထည့်ထားတာပါပဲ

ဒါကြောင့်....

အဝေးရောက်ပင်လယ်.....

Thursday, July 23, 2009

မြဒါလီသို့ ...တမ်းချင်းများ (၁)

မြသား မိုးကောင်းကင်အောက်မှာ
မင်းကို ချစ်တဲ့ အချစ်တွေနဲ့ လင်းတောက်ခဲ့ရပါတယ် မြဒါလီ....။


လေထဲ ခေါင်းမော့ အနံ့ခံလိုက်တော့

မွှေးရနံ မပြယ်သေးတဲ့ အမေ့ရဲ့ ရနံ့တွေ ရလိုက်တယ် ..
ပြီးတော့ ...
ကျနော့ နံရိုးမလေး ရဲ့ ရနံ့ကိုလဲရတယ် ..
အခုတော့....
လေထုက မလတ်ဆတ်
လေးလံ စွတ်စို ထိုင်းမှိုင်းလွန်းနေတော့
စပါတာကတ် ရဲ့ ရနံ့ ကို ကျနော့်ကိုယ်ပေါ်က
ပြန်ရနေတယ် .......။


ချစ်ခြင်းတရားရဲ့ ဆင်းရဲဟာ ဘယ်လောက် ငရဲဆန်တယ်ဆိုတာ

သိခဲ့ပါစ မြဒါလီ ...


နေ ၊ လ ၊ ကမ္ဘာ တတန်းထဲကျပြီး ၂၁ ရာစုရဲ့ အကြာဆုံးနေကြတ်ချိန်ရယ်လို့

လူတွေ အုတ်အော်သောင်းတင်း ဖြစ်နေကြချိန်မှာ
ငါ့အတွက် မထူးဆန်းခဲ့ပါဘူး..မြဒါလီ
ငါ့ကမ္ဘာထဲမှာ မင်းမရှိတော့ဘူးလို့ သိလိုက်ရတဲ့ အချိန်ကစ
ကြေကွဲခြင်းနှင့် ငါ တထပ်ထဲကျ
တသံသရာလုံး နေလုံးကွယ်ခဲ့ ရတာပါကွယ် ..... ။


မင်းနှင့် အတူ ရှိခဲ့ ဖူးတဲ့ နေ့ရက်တွေဟာ နွေဦးရဲ့လေပြည်မှာ

မျောပါသွားတဲ့ ...သစ်ရွက်ကြွေလေးတွေပဲပေါ့ ....
ငါကတော့ အဲ့ဒီ သစ်ရွက်ကလေးတွေ ကို မျက်တောင်မခတ်တမ်း
လိုက်ငေး နေရသူရယ်ပါ မြဒါလီ... ၊ လောကရဲ့ နိယာမ အရ
ဖြစ်လွယ် ၊ ပျက်လွယ် ဆိုတာ မှန်ပေမယ့် မေ့ပျောက် ဘို့ မလွယ်တာတော့
ခက်တယ် ...။


ဘာပဲဖြစ်ဖြစ်ပေါ့ မြဒါလီရယ်...

မင်းရင်ထဲမှာ ငါဟာ ဖျတ်ကနဲ ပြေးသွားတဲ့ နှင်းဆီရနံ့လေးတခု သို့တည်းမဟုတ်
မင်းခြေအစုံကို တိုးဝှေ့ ကျီစယ် ခဲ့ဘူးတဲ့ မင်းရဲ့ အလှမွေးကြောင်လေးတကောင်လောက်
သတိရပေးခဲ့မယ် ဆိုရင်ဖြင့် ....
လောကနဲ့ချီလာမယ့် အဆုံးရှုံးတွေကို ငါတယောက်ထဲ သိမ်းကျုံး ရင်ကော့ ခံလိုက်ပါပေရဲ့ .....။


မင်းကို ချစ်တဲ့စိတ်နဲ့ငါ့အရေပြားကို ကျက်ပြီး
တီးခတ်လိုက်တဲ့ ဗုံသံ မင်းကြားနိုင်ပါစေ ကွယ်….။


မင်းတို့အချစ်က အောင်မြင်ပါစေ..... ။
ငါ့ဘဝက ကျဆုံးပါစေ...........။



ဖုန်းမြင့်

Tuesday, July 21, 2009

ခြုံလိုပေါက်တဲ့နှင်းဆီရဲ့တန်ဘိုးကို မသုံးသပ်ခင်**


ရေခဲသေတ္တာ ဖွင့်လိုက်သံက
ဂျာမာန် ဂက်စတာပိုလ် တယောက်လှုပ်ရှားလိုက်သံလို
ဝေခွဲရခက်စေတယ် ... ။

တကယ့် သွေးအေးအေးရက်စက်မှုလား
ဗီသိုဘင်တေးသွားတပိုဒ် အပေါ်မှေးငိုက်မှုလား
ရာဇဝင်တွင်မယ့် အော့ဇ်ဝက်စ် ငရဲခန်းအတွက် ခြေဆင်းတီးလုံးလား... ။

မင်းကို ဘယ်သူပြောလိုက်လဲ
ဒါ .. အိပ်မက်တွေပါလို့... ။

ဒါအခုမဟုတ်လဲ.....
နောင်မှာ အိပ်မက်တွေ အလိုလို ဖြစ်သွားမှာပါလို့
မင်းကို ဘယ်သူပြောလဲ....
မင်းကို ဘယ်သူ ပြောခဲ့သလဲ..... ။

ဒီတယောပြားလေးရဲ့ တေးသံပေါ့
ဂျုး လေးငါးဆယ်ယောက်ရဲ့ အသက်ကို ကယ်ခဲ့တာ

ဒီစာသားလေးတပိုဒ်ပေါ့
မယုံနိုင်စရာ ခေတ်ကြီးတခုလုံးကို ဆယ်မ ခဲ့တာ

"ဂျိုင်း" ကနဲ
ရေခဲသေတ္တာတံခါးကို ပြန်ပိတ်လိုက်သံက
ကမ္ဘာပေါ်မှာ ဘယ်တုန်းကမှ
ဘယ်လိုပုံစံမျိုးနဲ့မှ မပေါ်ထွန်းဘူးသေးတဲ့ အနုပညာတခုကို
ပါရမီရှင်တယောက် တမဟုတ်ချင်း လက်ဖျောက်တီးဖော်ထုတ်လိုက်သလို
မင်သက်မိသွားစေတယ် ....။

ခပ်ရိုးရိုးပါ...
ဘီယာပုလင်းစိမ်ထားတာလေး
ကျနော့် အကိုက သူသောက်ဖို့ ဆွဲထုတ်လိုက်တဲ့အကြောင်း ကဗျာစပ်လိုက်တာပါလို့
မောင်ဖုန်းမြင့်က လိုက်ရှင်းပြပေးပါဦးကွာ
သူတို့ဆိုတာက မင်း ရှင်းပြမှ ယုံချင်ကြမှာမို့ပါကွာ ...။


ခင်အောင်အေး
21.07.2009
ည 1း58 AM
(မောင်ဖုန်းမြင့်နှင့် ချက်တင်ဝင်ရင်း စရေးမိ ၊ နောက်တနေ့ နေ့လည်မှာ အချောသပ်ပြီးသည် ။ )
** ဇေယျာလင်းကဗျာ တပုဒ်မှ စာသား


(အဲ့ဒီညက ကိုခင်အောင်အေးနှင့် အချိန်အတော်ကြာ စကားပြောဖြစ်သည် .. ကျနော့် စိတ်ကြေကွဲရမှုတွေကို
ရိုးတိုးရိပ်တိတ် ပြောပြမိတော့ သူ့စကားလုံးတွေက တောင်ကျရေစီးသလို ထွက်လာရင်း ချက်ခြင်းကဗျာ တပုဒ်ဖြစ်သွားခဲ့လေသည် .. ပြီးတော့ ထိုကဗျာကို ကျနော့်အား လက်ဆောင်ပေးခဲ့လိုက်သည် .. ကဗျာဆရာတယောက်ရဲ့ ရက်ရောမှုပေါ့... ကျေးဇူး တင်ပါတယ် အကိုရေ ..။ )

Friday, July 17, 2009

အရူးတေး



ဆိုပြသမျှ သီချင်းတွေက
လွင်ပြင်တွေကျယ်ပြန့်ကြောင်းပဲ
သန်းကောင်သန်းလွှဲ
မြေခွေးတွေ ထအူတာတောင်
စိတ်အူနေပုံကို မမှီဘူး
စိတ်အိုက်လာတော့
ကီးဘုတ်ကို တဖျတ်ဖျတ်ခတ်နေမိတယ်
စာသားတွေ တလက်လက် ထတောက်လာအောင်

ဖြစ်တည်ခဲ့ရ....
ကျဆုံးခဲ့ရ....
ရှုံးနိမ့်ခဲ့ရ...
..............
..............
လူပီသခဲ့ကြောင်း ပြစရာ ဒါလေးပဲရရှိခဲ့
ရရှိခဲ့တာလေးကိုပဲ
အသေအချာ ဆုတ်ကိုင်ထားလိုက်တယ်

ဘဝဆိုတာ
သံလမ်းမရှိပဲခုတ်မောင်းနေရတဲ့ ရထားတစင်းပဲ
ကိုယ်ရေးကိုယ်တာ၊ လက်ကမ်းကြော်ငြာတွေလဲ
ပါလာခဲ့တယ်

အခုဆိုနေတဲ့တေးက
သံသရာမှာ ပျော်ရွှင်စွာ ကျင်လည်ခဲ့ကြောင်း
တခုတ်တရ ဖွဲ့နွဲ့ပြလိုက်ခြင်းမျှ ။ ။




မောင်ဖုန်းမြင့်
(16.07.2007)

Tuesday, July 14, 2009

စိတ်အခြေအနေအရ ငြင်းဆန်လိုက်မိတယ် ။

အလံတိုင်ထိပ်လောက်ထိ စိတ်ကိုဆွဲတင်
အပေါ်စီးက မိုးကြည့်နေရတဲ့ မြင်ကွင်းနဲ့
(အထက်စီးရနေတဲ့ မျက်နှာနဲ့ပေါ့လေ )
စကားလုံးတချို့ဖောက်ခွဲပြီး ဟစ်အော် နှုတ်ဆက်တယ်


"ဟဲလို" ကမ္ဘာမြေကြီး

"မင်္ဂလာ နံနက်ခင်းပါ " မိတ်ဆွေများ..


တကယ်ဆို

မျှော်စင်ပေါ်ရောက်နေတာ မဟုတ်ဘူး
စိတ်ကိုက
"တိမ်အုပ်" လိုလို "စိန်ထုပ်"လိုလို
"ဆင်"လိုလို "အချဉ်"လိုလို
ထင်ယောင်မှားနေမိတာ


ဒီလမ်းကသွားရင်
ဒီစခန်းရောက်မယ်
ဒီအခန်းထဲမှာ ဘာမှမရှိဘူး
နောက်ဆုံးတော့ စာတိုက်ပုံးလေးကိုပဲ
ပြန်ဖွင့်ရတာပဲ


ခြေဗလာ၊ လက်ဗလာနဲ့

လှုပ်ခါပြ တတ်တဲ့
စိတ်ကျပင်ပေါက်လေးရေ
မင်းလက်ညိုးကွေးလေးတွေ
နံနက်ခင်းဆီကို မဆန့်တန်းမိပါစေနဲ့


မင်းတို့တည်ခင်းမယ့်

ညစာစားပွဲကို
အပြင်းထန်ဆုံး
ငြင်းဆန်ခဲ့တယ်.....။


မောင်ဖုန်းမြင့်

Sunday, July 12, 2009

ထိရှနေ့များ...


အဲ့ဒီနေ့က နေလုံးမကွယ်ခင်
ပင်လယ်ထဲ ကျနော်စုံးစုံးမြုပ်သွားတယ်
ပျော်ရွှင်ခြင်းအစွန်းတဘက်
ချောက်ကမ်းပါး နက်နက်ကြီးထဲ

အဝေးက..
တရွေ့ရွေ့လာနေတဲ့ မင်းရယ်သံတွေ ...ပြီးတော့ငိုသံတွေ
အဲ့ဒီအလယ်မှာ..ငါ့ရဲဝမ်းနည်းခြင်းတွေ တောက်ပ
နှင်းတွေလား၊ မြူတွေလား..

အဲဒီလို

မင်းနဲ့ငါကြားမှာ ပါးလွှာလွှာအလွှာလေးတချပ် ခြားနေခဲ့တယ်
ငါဟာ ကျုးကျော်သူပါကွယ်
ခွင့်မလွတ်လိုက်ပါနဲ့

ပြီးတော့......
ငါတကိုယ်ထဲ ကျင်းပလိုက်ရတဲ့
ငါ့ဈာပန အခမ်းအနားလေးမှာ
ဆိတ်ငြိမ်မှုတွေကိုသာ

အမြှောက်သံအဖြစ် ကြားလိုက်ရတယ်......
ပြီးတော့.......
နှင်းဆီနက်တွေပွင့်တဲ့
ပန်းခင်းအလယ်မှာပဲ
ငါ့ရဲ့ ခရုခွံလေးတွေကို မီးရှို့လိုက်ပြီး

မင်းရဲ့ ပျော်ရွှင်မှုအတွက် (မြေဩဇာအဖြစ်)
ကြဲချလိုက်မိတယ်.....
ပြီးတော့.......

ထိရှနေ့ဆိုတာ
ငါ့ကို... တဘဝလုံးစာ ဖျားနာစေခဲ့ပြီး
ငါ့.. ရင်အုံ တခုလုံးကို
ငါကိုယ်တိုင် အပိုင်းပိုင်းခွဲလိုက်နိုင်ခြင်းသာဖြစ်တယ်.....။



မောင်ဖုန်းမြင့်
(၁၀.၀၇.၂၀၀၉)

ဓတ်ပုံ အင်တာနက်

Friday, July 10, 2009

ကဗျာနှင့် ပက်သက်၍

ကဗျာစစ်ပွဲများ မဖြစ်စေရန် ၊
ကဗျာလောကကြီး ငြိမ်းချမ်းစေရန် ၊
ကဗျာ ကိုလိုနီစနစ် ဖျက်သိမ်းပြီး ကဗျာအားလုံးလွတ်လပ်ကာ
တန်းတူရည်တူ ရှိစေရန် ၊ ကဗျာအချင်းချင်း အသားအရောင် ၊
အမျိုးအစား၊ အဆင့်အတန်းခွဲခြားမှုများပပျောက်စေရန်
ကဗျာတပုဒ်နှင့်တပုဒ် အတွင်းရေးကို ဝင်ရောက်စွတ်ဖက်ခြင်း။
ကျုးကျော်တိုက်ခိုက်ခြင်း မပြုပဲ အငြင်းပွားမှုရှိလျှင်
ကဗျာဝါဒ
အားဖြင့်မဖြေရှင်းပဲ ကဗျာဗေဒ အားဖြင့်
ဆွေးနွေးဖြေရှင်းရန်၊ ကဗျာတပုဒ်၏ အချုပ်အခြာ
အာဏာ (ဤအချက်တွင် အနည်းငယ်အားနည်းချက်ရှိကြောင်း ဝန်ခံပါသည်)
ကို ကျန်ကဗျာများအားလုံးက လေးစားရန် ၊
ကဗျာပြည်တွင်းစစ်၊ ကဗျာဒေသစစ်၊ ကဗျာကျုးကျော်စစ်၊
စသည်တို့ဖြစ်ပွားရာ ဒေသများသို့ ကဗျာ့ကုလသမဂ္ဂ
(ကြိုးစားတည်ဆောက် နေပါသည်) က ကဗျာစုံငြိမ်းချမ်းရေး
ထိန်းသိမ်းမှု အဖွဲ့များစေလွှတ်
ထိန်းသိမ်းရန် ။
(၁၉၇၀ ပြည့်လွန် နှစ်များကလွတ်လပ်ရေး ရရှိလာသည့် ဖွံဖြိုးကဗျာများ) မှ
အစဉ်တိုးတက်လျှက် ရှိသောခေတ်ပေါ်ကဗျာ၏
လက်ငင်းအကျိုးရလဒ်များကို ဘယ်လိုပမွှားကဗျာအမျိုးစားကမှ
ဝင်ရောက်နှောက်ယှက် ဖြည့်စွတ်ခြင်းပြုနိုင်/မပြုနိုင်။
ခေတ်ပေါ်ကဗျာ၏ မူလ၊ ခေတ်ပေါ်ကဗျာ၏ ဂုဏ်၊အရည်အသွေးများကို
လက်ရှိဆက်ခံသော ခေတ်ပေါ်ကဗျာများမှ
ထိန်းသိမ်းစောင့်ရှောက်နိုင်ခြင်းရှိ/ မရှိ
ခေတ်ပေါ်ကဗျာသည် လူ့အဖွဲ့အစည်းကို ကိုယ်စားပြုရာတွင် အခြေခံ
ပေါက်ဖွားခဲ့သည့်အတွက် ယခုလက်ရှိကဗျာများသည်
လူ့အဖွဲ့အစည်းကို ဆက်လက်၍ ကိုယ်စားပြုနိုင်/ မပြုနိုင်
ခေတ်ပေါ်ကဗျာများတွင် ပညာတတ်များ မည်သည့်အတိုင်းအတာအထိ ပါဝင်လာနိုင်ခွင့် ရှိ/ မရှိ
ယခုအခါ ခေတ်ပေါ်ကဗျာဟု အမည်တပ်ပြီး
ဆုရွေးချယ်ရေးအဖွဲ့များမှ ရွေးချယ်နေသော
ကဗျာများအား ခေတ်ပေါ်ကဗျာဟု
သတ်မှတ်နိုင် / မသတ်မှတ်နိုင်
(အထက်ပါအချက်များအတွက် သက်ဆိုင်ရာကဗျာအဖွဲ့အစည်းများမှ မူဝါဒ
ကြော်ငြာချက်များ ထုတ်ပြန်လာလျှင် အချိန်နှင့်တပြေးညီ ဖြည့်စွက်ဖော်ပြသွားပါမည် ။)
ကိုးကား။ ။ ကဗျာကြေးမုံ အတွဲ(၂) အမှတ်(၃၀)

မိုးဝေး
၂၅-၉-၂၀၀၆


ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း အတွဲ(၂၃)၊အမှတ်(၂) ၂၀၀ရ ဖေဖေါ်ဝါရီမှ ကူးယူဖော်ပြပါသည် ။
မူလပိုင်ရှင်ဆီမှ ခွင့်ပြုချက်တောင်းခံနိုင်ခြင်း မရှိခဲ့သည်ကို နားလည်ခွင့်လွှတ်ပါရန် ။

Saturday, July 4, 2009

ချစ်သူ့ကမ်းခြေ





ချစ်သူ့ကမ်းခြေ


မင်းရှိရာသောင်ကမ်းကို
တလိမ့်ချင်းလာနေရတဲ့
လှိုင်းကလေးပါ


ပင်လယ်ကဗွီးပင်တွေလို
မင်းရယ်သံလွင်လွင်နဲ့လှပနေခဲ့


မိုးသားတောအုပ်ပြာပြာထဲ
အမှတ်မဲ့ ရေးခြစ်ခဲ့မင်းနာမည် .....



မုန်တိုင်းမကျခင်
ပင်လယ် ရင်ခွင်မှာလူးလိမ့်

မင်းအရိပ်တစုံတရာကို
စင်ရော်တွေ အစာမျှော်သလို ငါမျှော်နေခဲ့တယ် .....။




မောင်ဖုန်းမြင့် (၀၂.၀၇.၂၀၀၉)

(ဓါတ်ပုံ - အင်တာနက်)

Thursday, July 2, 2009

ဒိုင်ယာရီ


ဒိုင်ယာရီ


နှစ်ချို့စကားလုံးများ

သိုမှီး သိမ်းဆည်းထားခဲ့ရာ အရပ်

တခါ..တခါ
ငါ့အိမ်ယာ ကို ငါ ပြန်နေကျလမ်းလေး

ချစ်ခြင်းများနှင့်
နင့်နေအောင်လေးခဲ့သော
သေတ္တာ

အလွမ်း ၊ အိပ်မက် ၊ မျှော်လင့်ချက်များ
တကန့်စီ ပျိုးခဲ့ရာ ဥယျဉ်

အသံကြောင် ဂစ်တာတလက်နဲ့
အခုထိ အော်ဆိုလို့ မရသေးတဲ့ သီချင်းတွေ

နှစ်ပေါင်းများစွာ ကြာနေတဲ့
မျက်နှာစာမှာ ကျိုးပဲ့ ကြေပျက်
သွေးစိမ်းတွေထွက်နေတဲ့ ဒါဏ်ရာနှင့်
ခေါ်နေမိတဲ့အသံဟာ
ဘဝဂ်အထိ ညံနေရောမယ်


မောင်ဖုန်းမြင့်
(၂၈.၀၆.၀၉)