Friday, December 31, 2010

time for stupid new year

-- It's the most horrible time of the year.
I *hate* New year
Blahblahblah. It's stupid, because I love Mondays
Most people aren't funny, they aren't insightful,
I once ran into New Kids On the Block's
Why won't they let a year die without bringing in a new one on the instant,
can't they use birth control on time?
I want an interregnum. The stupid years.
It's The Social Media Time and Resources & New Policy from All
Romantic government.
We've long known that celebrities do stupid stuff.
Lindsey Lohan, Britney Spears, .... Sexy Time
look closely at beliefs and assumptions that may get in your way of
staying alive.
I want to visit strange, exotic .
New Year's Eve party on Friday at why we all bother to waste our time on these .
the human race's most "devastatingly"
The stupidity comes later.
time to use some critical thinking skills,
you will most always lose in your life coming new day .
let's start the party for stupid New year .

Phone Myint

Saturday, December 25, 2010

မောင်ဖုန်းမြင့်အား ရည်စူး၍ ။

ရှင်ချိန်တုန်းကတော့ မသိလိုက်မသိဖာသာ
သူသေသွားပြီ သတင်းကြားတော့
နာရေးကြော်ငြာဖတ်ပြီး စုတ်သတ်မိ
အဖြူ ၊ အမဲ ရုပ်ရှင် ဖလက်ရှ် ဘက် ပြန်ပြသလို
သူ့ ဘဝကို ပျော်ရွင်စွာ ဖြုန်းတီးခဲ့ပုံ
သူ ဂျစ်ကြ ၊ ဂျီတိုက် ၊ တဇောက်ကန်း နိုင်ပုံ
သူ့ ညီ အကို မောင်နှမ နဲ့ မတည့်ပုံ
သူ့ အဖေကို သူပုန်ကန်သမျှ
သူ့ အမေပေါ်မှာ ချစ်မြတ်နိုး ပုံ
ဆေးလိပ်၊ အရက် ၊ လ္ဘက်ရည် ၊ ကော်ဖီ စွဲစွဲ မြဲမြဲ ကြိုက်တတ်ပုံ
ဟောင်ဖွာ ၊ စွာကျယ် ၊ တစ်ယူသန် နိုင်ပုံ
တွေဝေ ငေးမော အသည်းငယ် တတ်ပုံ
လောက အကြောင်း အလုံးစုံ နားလည်ပြီးသူလို ဟန်ဆောင်နေတတ်ပုံ
စီအန်အန် သတင်း ၊ အင်တာနက် သတင်း ၊ ဆယ်လီဘရစ်တီ လှို့ဝှက်သတင်း
ကြားဖူးနားဝ သတင်းမှန်သမျှနဲ့ ဆရာကြီး ပုံစံ ဖောက်သည်ချ
ပြန်လည်သုံးသပ်ပြတတ်ပုံ
သူ့တိုင်းပြည် ၊ သူ့လူမျိုး ၊ သူနေထိုင်ရာကမ္ဘာကြီးကိုပါ
ကယ်တယ်မယ့် လူစွမ်းကောင်းကြီးလို သွေးနထင်ရောက်နေတဲ့ပုံ
သရော်သလို အမူအရာနဲ့ ၊ ခွက်ထိုးခွက်လန် ဟားတိုက်ရယ် လိုက်ပုံ
ပို့စ်မော်ဒန် ဆန်အောင် ဂျင်းဘောင်းဘီ မချွတ်တမ်း ဝတ်တတ်ပုံ
လေနှင်ရာလွင့်တဲ့ လဲမှို ၊ အနည်မထိုင်သေးတဲ့ ရေလို
ဘဝကို ရှပ်တိုက်စီး ၊ တေလေ တစ်ကောင်လို ကန့်လန့်တိုက်တတ်ပုံ
အခုတော့လည်း
မှန်ဘောင်သွင်း လိုင်စင်ပုံလေး ရှေ့နား
ခြောက်ကပ်ကပ် နှင်းဆီပန်းလေးတစ်အိုး
စားမြိန်စာ အထုပ်လေး တစ်ထုပ်
ဆေးပေါ့လိပ်လေး ၃ လိပ် ၊ ၄ လိပ် နဲ့
သူ့ဓါတ်ပုံမှိန်မှိန်ကို စိုက်ကြည့်ရင်း
သနားပဲ သနားရတော့မလိုလို . . .
အော်ပဲဆဲရတော့မလိုလို . . .။

MPM
24.12.2010

Wednesday, December 8, 2010

ကျွန်တော့် ကို အရူး နည်းနည်းလောက် ရောင်းပါ

ကျွန်တော် ဟာ ရှောပင်းမောလ် ထဲ ဝင်
အခုလို သံကုန် အော်လိုက်တယ် ။
ကျွန်တော့် ကို အရူး နည်းနည်းလောက် ရောင်းပါ ။

(၁) ပထမ အရူးကို အမျိုးသမီး တစ်ဦးကို လက်ဆောင်ပေးမယ်
(၂) ဒုတိယ အရူးကို လူ့အဖွဲ့ အစည်းကို လက်ဆောင်ပေးမယ်
(၃) တတိယ အရူးကို ကျွန်တော်လို့ နာမည်ပေးမယ်

ထပ်အော်တယ်
ကျွန်တော့် ကို အရူး နည်းနည်းလောက် ရောင်းပါ

(၁) ပထမ အရူးကို အနုပညာ အတု လို့ပြောမယ်
(၂) ဒုတိယ အရူးကို ငါ့နှင့် ငါ၏ သောက်ရေးမပါတဲ့ အချစ် လို့ပြောမယ်
(၃) တတိယ အရူးကို ငါ၏ မွန်မြတ်သန့်စင်သော ကဗျာဖြင့် လောကဓါတ်အား ထွန်းလင်းစေအံ့ လို့ပြောမယ်

ထပ်အော်တယ် ...
ကျွန်တော့်ကို အရူးနည်းနည်းလောက်ရောင်းပါ

(၁) ပထမ အရူးကို အမေရိကန် သမ္မတထက် ပိုတော်တယ် ထင်နေတဲ့ ချစ်လှစွာသော ကဗျာဆရာ လို့ ပြောမယ်
(၂) ဒုတိယ အရူးကို ကမ္ဘာကို ကဗျာဖြင့် ထမ်းထားသော ဂရိ ပုံပြင် ထဲက ကဗျာဆရာလို့ ပြောမယ်
(၃) တတိယ အရူးကို ကွန်မြူနစ်ဝါဒ ကိုးကွယ်သော ပျက်စီးမဲ့ ကဗျာဆရာ လို့ပြောမယ်

အသံကုန် ထပ်အော်တယ် ..
ကျွန်တော့် ကို အရူးနည်းနည်းလောက် ရောင်းပါ ..

(၁) ပထမ အရူးကို အရက်တိုက်လွှတ်မယ်
(၂) ဒုတိယ အရူးကို မော်ဖင်းထိုးပေးမယ်
(၃) တတိယ အရူးကို ခေါင်းထဲကျည်ဆံ တစ်တောင့် ပစ်ထည့်လိုက်မယ်


ကျွန်တော့်ကို အရူး နည်းနည်းလောက် ရောင်းပါ ..
ကျွန်တော့်ကို အရူး ဒီထက်ပို ရောင်းပါ ..
ကျွန်တော့်ကို အရူး ကွန်တိန်နာများစွာ ပို့ပေးပါ . . . ။

Sunday, November 28, 2010

3rd Beyond Pressure Festival of Performance Art, Myanmar 2010



3rd-BP-Cover.jpg




Beyond Pressure is the leading international art festivals in Myanmar.
It is also a platform for the Asian emerging artists to share and
exchange experiences and aspects. This year, 2010 Beyond Pressure
would like to celebrate the third year anniversary with new
initiation, evolvement and extension of public space into a new era.
We would like to extend our performance art scene in a new audience in
Kan daw Gyi Garden.
Last year, the festival was able to endorse the official permission to
make it in a public space and could attract public interest. We would
like to strengthen the public awareness and liberation of the art
space. The art festival will be held from 2nd December to 5th
December.


Festival Program

December 2 - Performance art workshop I
conducted by Chen Jin (China) - 1:00 pm to 5:00 pm, at Dagaung art
gallery

December 3- Performance art workshop II
conducted by W.Christiawan (Indonesia) - 1:00 pm to 5:00 pm at Dagaung
art gallery

December 4 - Symposium I
By Ronaldo Ruiz (Phillipine), Po Po (Myanmar), Chen Jin (China).
9:00 am to 12:00 am at Dagaung art gallery

Performance art event (6:00 pm to 9:30 pm) at Karaweik Oo Yin Kabar

December 5 - Symposium II
By Tuan Mami (Vietnam), Aung Min (Myanmar), W.Christiawan (Indonesia).
9:00 am to 12:00 am at Dagaung art gallery

Performance art event (6:00 pm to 9:30 pm) at Karaweik Oo Yin Kabar

Participating Artists

Aisyah Baharuddin (Malaysia)
Aung Naing Soe
Aung Pyi Sone (Myanmar)
Bandu Manamperi (Sri Lanka)
Emily Phyo (Myanmar)
Chen Jin (China)
Htoo Lwin Myo (Myanmar)
Ma Ei (Myanmar)
Maung Ni Oo (Myanmar)
Moe Satt (Myanmar)
Mrat Lunn Htwann (Myanmar)
M.S.O (Myanmar)
Myat Kyawt (Myanmar)
Neha Choksi (India)
Pann Che (Myanmar)
Pan Pan (Myanmar)
Phyo Kyi (Myanmar)
Po Po (Myanmar)
Ronaldo Ruiz (Phillipine)
SP38 (French)
Suu Myint Thein (Myanmar)
Thwe Thwe (Myanmar)
Tuan Mami (Vietnam)
Vichukron Tangpaiboon (Thailand)
W.Christiawan (Indonesia)

Dagaung art gallery
No. 7 Maharisi Sasna Yeaik Tha Street, Bahan Township, Yangon, Myanmar.
ph; (95) -1 549381, (95) -9 5504366

Karaweik Oo Yin Kabar (Suvinor area)

ph; (95) -1 292801, (95) -1 292699

for more information, please visit
www.beyondpressure.org




Saturday, November 6, 2010

ဘယ်သူဘာပြောပြော ကိုယ့်အထာနဲ့ကိုယ်ကတော့ ရော့ခ်ကာပဲ ။

ဆံပင်ကို နောက်ကစည်းထားရအောင်လည်းမရှည်သေးဘူး ။ ခေါင်းလောင်းရေချိုးပြီး
ခြောက်အောင်မသုတ်ပဲ ဖွာလန်ကျဲထား လိုက်တယ်။ လူပျိုပေါက်တုန်းက ဝတ်ခဲ့တဲ့
မတော်တရော် တီရှပ်တွေလိုက်ရှာတယ် ။ အနက်ရောင်မှဖြစ်မှာ ။ ဘောင်းဘီကျပ်
ကျပ်တွေလိုက်ရှာတယ်။ခါးမတော်တော့လည်း အရေးမကြီး။ အရေးထဲ မနေ့ကမှ
အရောင်တင် ဖုန်သုတ်ထားတဲ့ အရိုးခေါင်း ခါးပါတ်
ဘယ်နားထားမိမှန်းမသိ။အရင်ပုံစံ ကန်းထရီး ဘု(ထ်) တွေ မရှိတော့ဘူး ။
ကြုံရာဖိနပ်ကောက်စွပ်လိုက်မှ ။ကြိုးအသစ် တွေလဲထားတဲ့ ဂစ်တာ အသံသိပ်မညက်လဲ
ကိစ္စမရှိ ။ ပြင်လို့ဆင်လို့ ပြီးမှ ဆွဲကြိုးကြီးကြီး အပြင်ဖက်
ထုတ်ဆွဲဘို့ သတိရ ။ ပိစ်တံဆိပ် မှရှိသေးရဲ့လား ။ အိမ်ရှေ့ခန်း ဂစ်တာကို
ဖလက်တံက ကိုင်ပြီးဖြတ်တော့ ကိုရီးယားကား ကြည့်နေတဲ့ အမေ က
"မျက်စိစပါးမွေးစူးလိုက်တာ " ဘယ်လိုကောင်လဲ ပုံစံ မျက်ထောင့်နီနဲ့
ကြည့်တယ် ။ လမ်းထဲက ထမင်းကျန် ၊ ဟင်းကျန် ကျွေးနေကြ ခွေးသုံးလေးကောင်
အလန့်တကြား စူးစူး ဝါးဝါးထိုးဟောင်တယ် ။ မျက်နှာချင်းဆိုင် လာနေတဲ့
ရပ်ကွက်လူကြီး မမြင်ချင်ယောင်ဆောင်သွားပြီး ကွမ်းတံတွေး ဗျစ်ကနဲ
ထွေးလိုက်ရင်း စုတ်သတ်သံ ကြားလိုက်တယ် ။ ၃ ခန်းကျော် က အပျို ကြီး
အခန်းတံခါး `ဝုန်း'ကနဲ ဆောင့်ပိတ်လိုက်ပြီး တူမတွေကို အကြောင်းမဲ့
ဆူပူအော်ဟစ်နေတယ် ။ အစွန်ဆုံး အိမ်က နိုက်ကလပ်မှာ အလုပ်ဆင်းတဲ့ မော်ဒယ်
မှိုတက်မလေး ကားကြုံစောင့်ရင်း ဟုတ်မှဟုတ်ရဲ့လား အကြည့်နဲ့ကြည့်တယ်။
နှုတ်ခမ်းနီ ပျက်အောင် ပလုတ်ပလောင်း ဝါးနေတဲ့ အသုတ်ဆိုင်က စပီကင်
သင်တန်းသူတွေ တခွိခွိ ရယ်ရင်း ခွီးခွီးနဲ့ ဟင်း ရည်သီးကုန်ကြတယ် ။
လက်ဘက်ရည်ဆိုင်ထဲက ပရီးမီးယား ကျွမ်းကျင်သူ အချို့ `ဂိုး' လို့
မအော်နိုင်ပဲ ပါးစပ်ကြီးတွေ ဟောင်းလောင်းဖွင့် လိုက်ကြည့်ရင်း ပြိုင်တူ
ခေါင်းခါလိုက်ကြတယ် ။ ဆိုက်ကားဂိတ်က ကျားပွဲ ငြင်းနေကြတဲ့ ကောင်တွေ
ချက်ခြင်းဆိုသလို အသံတွေတိတ်ကုန်ပြီး ၊ နထင်ကို လက်ညိုးထောက်
ခါပြလိုက်ကြတယ် ။ ဆံပင်ညှပ်ဆရာကြီး ကပ်ကြေးသံ ရပ်သွားပြီး မျက်လုံးကြီး
ပြူးထွက်လာတယ် ။
ကိုယ်ကတော့ ကိုယ့်အထာနဲ့ကိုယ် ဘာကိုမှာ ဂရုမစိုက် ၊ ရထားလမ်းနားက
ရေမြောင်းကို ခုန်ကျော်လိုက်တယ် ။ဇလီဖား တုံးတွေပေါ်
ခေါက်တုံခေါက်ပြန်လျှောက် ၊ ဂစ်ကို တဗျန်းဗျန်းခေါက်ရင်း
လေချွန်လိုက်တယ်။ ခြေသလုံးတောင့်လာ တော့မှ သံလမ်းပေါ်ခြေတစ်ဖက်တင် ၊
ဂစ်ကို မြေကြီးပေါ်ထောက်ရင်း အိုက်တင်အမျိုးမျိုး လုပ်ကြည့်မိ ။
မောလာတော့မှ သံလမ်းဘေး အုတ်ဘောင်ပေါ် ခြေပစ်လက်ပစ်ထိုင် ၊ နှင်းဆီ
လေး၊ငါး၊ခြောက် လိပ် ကုန်အောင် ကောက်ဖွာလိုက်တယ် ။ အော် . . . မေ့လို့
ဂစ်ခေါက်တယ်ဆိုတာလဲ ဒေါင်ဒင် ၊ဒေါင်ဒင် တီးတတ်ရုံ ကော့ဒ် ၂ ခုထက်မပို ၊
သီချင်းညည်း တတ်တယ် ဆိုတာလဲ 'အကြီးတလုံး ၊ အသေးတလုံး ' ထက်မပို ။
ငါးဆယ်ကျော်မှ ဘဝမှာ နေပျော်မလားလို့ ရော့ခ်ကာ လုပ်တိုင်းဆော့မိလည်း ၊
ကိုယ့်အထာနဲ့ကိုယ်ကတော့ ရော့ခ်ကာ ပဲ နည်းနည်းလေးမှ မလျှော့လို ။
MPM
4 .Nov . 2010
--
Phone Myint

Sunday, October 24, 2010

ခေတ်အကြောင်း ပြောပြီးကထဲက မြေခွေးတွေ ဖြစ်သွားကြတာ

သောက်ကျိုးနဲ !
တစ်တောလုံး မီးလောင်
တစ်တောင်လုံး မြေခွေးတွေကြီးပဲ
တော်သလင်း အကျော် သီတင်းကျွတ် ၊ တန်ဆောင်မုန်း
(အထူးသဖြင့် တန်ဆောင်မုန်း) ရေးရေးပေါ် နေတဲ့ "လ" ကွေးလေးကိုမျှော်ပြီး
လိင်စိတ်ထ ၊ မြူးတူး တက်ကြွနေတဲ့
အမြီးပြတ် ခွေးထီး ၊ ခွေးမတွေ

တစ်ကောင်က အူသံပေး
တစ်ကောင်က ဖင်ပြေးလျှက်

တစ်ကောင်က ထိုးထိုးဟောင်
တစ်ကောင်က ပေါင်တံကွေး

တစ်ကောင်က ပက်လက်လန်
တစ်ကောင်က ပြေးပြေးဟပ်

တစ်ကောင်က လက်အုပ်ချီ
တစ်ကောင်က ပတပ်ရပ်

တစ်ကောင်က ဆင်မြှီးခွေးမျှော်သယောင်
တစ်ကောင်က ကျင်ကြီးသေးစော်ဟောင်

ခွေးပါစပ်က နတ်စကားထွက်သောခွေး ၊ တောင်ဘက်ကို ပြေးတဲ့ယုန်နဲ့
မြောက်အရပ်ကို ပြေး ကပ်သောခွေး ၊ ဒယီးဒယိုင် ဆင်ခေါင်းကို
မချီနိုင်တော့တဲ့ခွေး ၊တစ်မွန်းတည့် ကောင်းစားအောင် ရူးချင်ယောင်
ဆောင်ပြနေသောခွေး ၊ လေလည်တဲ့ အသံကို နားဝင်ပီယံ ဖြစ်နေသောခွေး ၊
သားရေပေါ်အိပ် သားရေလိပ်ကြီးပါ မျိုချလိုက်သောခွေး ၊ စမုန်ထ အောင် ခုန်
ပြနေသောခွေး ၊ ခွေးမြီးကောက် လည်ပင်းပါ ကျည်တောက်နဲ့ စွပ်ထားရမယ့်ခွေး
၊ရွှေငုံးမင်း
အမြီးမျှော်သလို ခရီးတော် နီးရက်နဲ့ ဝေးနေသောခွေး ၊ ခွေး၂ ကောင်
ဟပ်တဲ့ကြားက အန်ဖတ်ပုံ ဖြစ်ချင်နေရှာသောခွေး ၊ ဒန်ခွက်ကို လျှံထွက်အောင်
အကြံခက် အတောင်းအရမ်း ပက်စက် သော ခွေး ၊ မျက်နှာသာပေး ရွှေရေးပန်းကန်ပါ
စားမာန်တက်နေသောခွေး ၊ လျှောက်ပြန် သံပေး ခြေအေး ဝမ်းယောင်
ဟောင်လွန်းသောကြောင့် လူအလေးစား မခံရသော ခွေး ၊ ခွေးခေတ် ကိုတော့
ရောက်တော့မည်မလွှဲပါ ဆိုသော ခွေး ၊ ဖျာလိုလိပ် ထိပ်ပေါ်တင်ထားလည်း
ပြာပုံပေါ်ဆင်း ဖင်ချင်းပူးနေသောခွေး ။
များလိုက်တဲ့ ခွေးတွေ
တော်သလင်းလကျော်ပြီးတာတောင် ခွေးသံပေး၊ခွေးရေးပြ ၊ ခွေးမွေးကင်းစ ၊
ခွေးဂီလာန ပါမကျန် ခွေးသဘင်ဆင်ယင်ကျင်းပ ၊ ခွေးကမြင်းကြောထ ၊ ခွေးပေါင်းခ
ပျော်မြူးနေကြပုံများ
တစ်တောလုံးမီးလောင် ၊ တစ်တောင်လုံးမြေခွေးတွေကြီးပဲ
သောက်ကျိုးနဲ !
ဟဲ့ခွေး . . . ဟဲ့ခွေး . . . ဟဲ့ခွေး ...။

MPM

Tuesday, October 5, 2010

ဝိုင်းစက်စက်ဝိုင်း








၃၆၀ ဒီဂရီ ဆလင်ဒါပုံလုံးဝန်းသော အရာဝတ္ထုအတွင်း။

ခွေးသွားစိတ်များဟာရွေ့လျား။

စိတ်ဟာ ဆိတ်ငြိမ် တိတ်ဆိတ်။

သောကြာနေ့ဟာ အခန်းမှားပြီးတံခါးခေါက်တယ်။

တောက်လျှောက်ဆိုသလို မြည်သံစွဲအလင်္ကာတွေ၊စက္ကူစတွေစွဲလောင်နေတဲ့မီးခိုး။

အတွင်းပိုင်း အင်္ဂါအစိတ်အပိုင်းတွေအထိ နက်နက်ရှိုင်းရှိုင်း ခိုးဝင်၊တိုးဝင်။

"အနာဂါတ်ဆိုတာ လင်ကောင်မပေါ်လို့ ဖျက်ချုလိုက်ရတဲ့ ပဋိသန္ဓေပဲပေါ့"။

"တစ်လောကလုံးလင်းပြီး ၊ ငါ့ကျမှမှောင်နေတဲ့ ကံကြမ္မာလိုမျိုးပေါ"့ ။

နာရီသံဟာ ချောင်ပိတ်မိနေတဲ့ ခွေးတစ်ကောင်လို ဆွံ့အ လှဲလျှောင်းနေပြီး ။

ဂြိုဟ်ဆိုးတွေ က လည်ချောင်းကို အလစ်ချောင်းပြီး ပြေးဟပ်တယ်။

၁၄ မိနစ်ခြားတိုင်း ရေဆူဆေးပြားတွေ မျိုချရတယ် ။

ရန်ကုန်ဟာ ရသမျှကုန်နေတာလား ၊ရစရာကုန်သွားလို့ပဲလား။

အထူးကုဆေးခန်းကြီးထဲက အထူးပြုလုပ်ချက်တွေကြောင့်

ခွေခေါက်သွားတဲ့ အရေခွံတစ်ခုကို ထရော်လီပေါ်တင်သွားတာ တွေ့လိုက်ရတယ်။

တမြို့လုံးမှာ အနီးကပ်ပေါင်းစရာဆိုလို့ ဆေးလိပ်ခွက်ထဲက ဆေးလိပ်တိုတချို့နဲ့

စာအုပ်လေး၊ငါးအုပ်စာလောက်ပဲ ရှိနေတာလား။

ရေလာချိန်လေး မီးလာရင် တော်သေးတာပေါ့စိတ်ထားဟာ

ရှည်မျောမျော ရှော့ပင်းမောလ်ကြားမှာ နစ်မြုပ်သွား ပြန်တယ် ။

ကျရှုံးမှု ဓါးရောင်ဟာ

ကျိုးတိုးကျဲတဲဩဘာသံနဲ့ ဖိတ်ဖိတ်တောက် နေတုန်းပဲပေါ့။

မည်းမှောင်ခြင်းဟာအရက်ဆိုင်ထဲက ပခုံးတွန့်ပြလိုက်တယ် ။

(သူဘာမှ မတတ်နိုင်ဘူးတဲ့ )

ဤလောက သုခမြေပြင်မှာ

ပျော်ပျော်ကြီး နေချင်သလိုနေတော့တဲ့။

အချစ်ရယ် မင်းရယ်သံ လွင်လွင်လေးတောင်

ငွေသံကြေးသံ တချွင်ချွင်နဲ့ လှနေပြန်ပါရော ။

ဘဝဟာ အဲ့ဒီလောက်လေးပဲဆိုတာ

ဘယ်သူ့ကိုမှ မရှင်းပြဖြစ်လိုက်ဘူး ။

                                      

                                       Ø  MPM

၃၀ရက်၊ စက်တင်ဘာ၊၂၀၁၀။


Saturday, October 2, 2010

မိသားစု




အတ္တကြိုးအရောင်စုံတွေနဲ့

တစ်ယောက်ကိုတစ်ယောက်

စုဖွဲ့ရစ်နှောင်ထားတာ

 


မအောင်မြင်တဲ့ အရောင်နဲ့

ဆက်ထုံးများတဲ့ကြိုးဟာ

ငါပေါ့ . . .။     

 MPM

၃၀ရက်၊ စက်တင်ဘာ၊ ၂၀၁၀

 


Wednesday, September 29, 2010

ခြေရာခွက်လေးထဲမှာ ရှိတ်ထား သားကြီး


ရှိတ်ထား . . . သားကြီး

ရှိတ်ထား . .

အရှေ့အလယ်ပိုင်းရပ်ဝန်းက

ဗယ်လီဒန့်ဇာ မကြီးလို

မင်းဗိုက်ခေါက်ထူကြီးတွေ တွန့်လိန်ပြီး

ရှိတ်ထား ..

စကတ်ထမိန် နှုတ်ခမ်းသားပေါ်မှာ

ပျံဝဲနေတဲ့ လိပ်ပြာလေး မင်းအတွက်

ပုရိသ ပိုလီတက္ကနစ်က

ယောက်ျား အစစ်တွေတတ်သင့်တဲ့

ပညာရပ်အကြောင်း ဥာဏ်သစ်လောင်းပေးချင်တယ် ကွာ

ဆောင့်ကြောင့် ထိုင်တတ်ရုံနဲ့

ဖားဟာ ကေသရာဇာ ဘယ်တော့မှ မဖြစ်သလို

နို့မျက်သား  အထွေးဆုံးလေးကိုလဲ

မောင်ဦးလို့ အမည်ပေးလို့မရဘူးလေ

ဗူးသီး ခိုးမှုနဲ့တောင် အချုပ်ထဲ မဝင်ဘူးပဲနဲ့တော့

နိုင်ငံရေးသုခမိန် မဖြစ်ချင်နေပါနဲ့ကွာ

အနုပညာ ပင်လယ်ပြင်ကျယ်ကြီးထဲ

ပုစွန်ခေါင်းလေး စက်တပ်ပြီး မောင်းချင်သေးသတဲ့လား

အလိုလိုက်ခံထားရလို့

အမှိုက်တွေ ကော်စားတော့မှာလား   . . . ငါ့သား

ခလေးဆိုးကြီးလို နှုတ်ခမ်းဆူ ၊ ခြေဆောင့်

ခြောက်တောက်တောက် ငိုမနေနဲ့ကွာ

ရှိတ်လိုက်ပါဦး

ခြေရာခွက်လေးထဲက ဖားသေလေး

ဖေ့ဖေ့သား

မာမီတွေ  ၊ အန်တီတွေ လက်ခုပ်ဝိုင်းတီးရင်

အဝှာပါ ကွေးနေအောင် .. ရှိတ်ထား

ရှိတ်ထား…  သားကြီးရေ့ . .  ရှိတ်ထား

အရှုးတွေနဲ့ ပွဲစည်နေတုန်း

ရှိတ်ထား             


MPM



Thursday, September 23, 2010

စာမျက်နှာပေါ်က S p a c e တွေ





 

ဝေါ . . . . .  . ကနဲ          သူသွန်ချလိုက်

တယ်          အရိပ်မည်း          ကြီးကန်          ရေပြင်ပေါ်

ဖျာဆင်း                 သွား

                      အကြောင်းအရာတစ်

ခုလုံး              ဖုံးလွှမ်းသွားဖုံး 

အုပ်ထားတဲ့အရာတွေ

ပျောက်ကွယ်         သွားပြီး

                       တဖျောင်း

ဖျောင်းလက်          ခမောင်းတွေ          ထတဲ့ခတ်ပြီး

L = E = D         မီးလုံးက

                လေး          ဆီလက်ဆန့်တန်းရင်း

ကြင်ကြင်            နာနာ          (ထို)          ပန်းအိုး          တို့အား          နာ

ကျင်စွာနှုတ်          ခွန်းဆက်စ          ကားဆိုရင်း

ကားဘီးတစ်ဘီး          လိုမြေသားကို          နင်းကြိတ်ချေ

          ထွက်          သွား          ပုံမှား

ယွင်းခြင်း          တစ်ခု          မှန်သား

လို          မှန်ကန်          မြန်ဆန်          ခြင်းတစ်ခုမရှိ        တိ

ကျသောအ            တိုင်းတာအ          တိုင်းယက်လုပ်

ချုပ်ထားသော          အဝတ်တစ်ထည်

                            ကိုယ်တစ်ခု

                            D မျက်နှာ

                            D အလေ့စရိုက်

တရား(သော)ကိုယ်ကိုယ်ကိုးကွယ်(သော)တရား

          ဆုံးအမဖြင့်          ငြိမ်းအေးစေ          လိုက်ပြီးမီး

တောက်များ          ရုတ်ခြည်း          ချုပ်ငြိမ်းပျောက်

ကွယ်သွားပုံ           မှာ

အဆန်း            တကြယ်            လှပ             တင့်တယ်

                                                                     စွာ          

 

MPM

 



Friday, September 17, 2010

ဘာ ! ! ! .. ဘယ်လို ! ! !.. ဘာ ! ! !




  ဘာ ! ! ! ..  ဘယ်လို ! ! !..  ဘာ ! ! !



ဘာလုပ်ရမလဲ ဆိုတဲ့ မေးခွန်းကို ငါ့ကို ခဏခဏ မမေးနဲ့ ။

ကိုယ်ကကျုး ကိုယ့်ဒူးတောင် မယုံရဘူးဆိုတော့လည်း ဂွဒ်မယ် ထင်ရင် ဒူးသာဒူးပေါ့

ငါက . ..  ဗာရာဏသီပြည်က ဘာသီးကြီးခွဲထွက်လာတဲ့  ဘာဆရာကြီးမှ မဟုတ်ဘူးလေ ။ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘူးဆိုတဲ့ မန္တာန်ကို နေ့စဉ်အကြိမ်သန်းပေါင်းများစွာ ရေရွတ်နေသူပါ ။ ဘာမထီတစ်ကောင်ဘွား "ကျား" ဆိုမှ "ကျား"  ဆိုတဲ့ အထဲကပဲ ။ ကျေးဇူးပြုပြီး ဘာ "ကျား"  လဲလို့ တော့ မမေးပါနဲ့ ။ ဘယ်သူ ။ ဘယ်ဝါ တွေက ဘယ်လိုစလိုက်လို့ရမယ်မသိ ။ ဘာမှ မသိရင်ပဲ ဘာမသိ ညာမသိ ဆရာကြီးဖြစ်သတဲ့ ။ ဘာကောင်ကြီးပဲ ညာကောင် ကြီးပဲလို့ ကြိမ်းဝါးနေရတာလဲ မောလှပါပြီ။

ငါလား . . . စီအန်န်အန်န်က ဘာလာလာ နေ့တိုင်းကြည့်တယ် ။ ဒဗလျု ဒဗလျု ဒဗလျု ဒေါ့ ဘာဘာ ညာညာ ဒေါ့ကွန်းမှာလဲ ဘာမှ မဟုတ်တာတွေရေးတယ် ။ ဘယ်အရပ်ဒေသကမှန်း မသိတဲ့လူတွေနဲ့ လဲ ဆိုရှယ်နက်ဝေါ့ကင်းမှာ ဝင်ဆံ့အောင်ပေါင်းသင်းနိုင်တယ် ။ ဘာဒေးကား ညာဒေးကား ဘာထရန်ရပ်ဆယ်လ် စသဟာတွေကိုလဲ  ထုံးလေခြေ ရေလိုနှောက် ဘလော့စပေါ့မှာ မှီငြမ်းဖော်ပြ နိုင်သူပါ ။ဂလိုဘယ်နဲ့ တိုတယ်လ် ဖွတ်ဘော ကိုလဲ နောဧကနောနေတာပဲ ။ ဘာဝန်းကျင် ထိမ်းသိမ်းရေး သမား ။ ဘယ်လို နိုင်ငံရေး အကဲဖြတ် ။ ဘယ်လို အနုပညာအားကောင်းသူ  ။ ဘာမှန်းညာမှန်းမသိတဲ့ အင်တာနက်ဆိုတာကို တကယ့်ဘဝထက် ယုံကြည်စွဲလန်းနေတဲ့သူ ဆိုတော့ကာ . . . . .။

 

ဘယ်သူတွေ  ဘာလာမေးမေး  "ဘာဘာ" ဘာမှ မသိဘူးလို့ပြော

ဘာရယ် ညာရယ် မဟုတ်ဘူး ဗယ်ရယ်ညာရယ်ပေါ့ . . . .

ဘာလုပ်ရမလဲ ဆိုတာ ငါ့ကို ထပ်ထပ် မေးမနေနဲ့ . . . .

 

ဘာ ! ! ! ..  ဘယ်လို ! ! !..  ဘာ ! ! ? ? ?


MPM

Tuesday, September 14, 2010

Last Of Lust

နိဂုံး အဆုံးသတ်သွားခဲ့သည် ။
နိဒန်းမရှိ . . .
လေလွင့်သူ၏ အခြားဖက် မျက်နှာစာမှာ
အထီးကျန်ခြင်း တိမ်တိုက်ဖြစ်သည် ။
ကာမိကာဇေ လေယဉ်လို
မိုးစက်များ ဝမ်းနည်းဖွယ် ခုန်ဆင်းလာကြသည် ။
သေခြင်းနှင့် ရှင်ခြင်းကြားရှိ
ရွေးချယ်ခွင့် အနည်းငယ်မှာ
ယုတ်ညံ့သော ညနေခင်း၏ အူသံသာဖြစ်သည် ။
အဓိပ္ပါယ်၏ ထပ်ဆင့် အဓိပ္ပါယ် ဆင့်ပွား အနက်ဖြင့်
သိမှုအရ အောက်ပါတို့ကို အမှန်ခြစ်ပါ။


(A) ။ ။ ငုံးဆူလူမသိ (မြန်မာစကားပုံ)
(B) ။ ။ ကြက်ဆူပင် ဓရင်ထိုး
ဓါးရိုးလုပ်
ရှင်ဘုရင် ရှိရင်ခိုး
အမျိုးလုပ် ။ (ရှေးခတ်မြန်မာကဗျာ)
(C) ။ ။ သမိုင်းဦး ဘုံမြေခေတ်၌ လူသားယောကျာ်းများသည်။
နှစ်သက်ရာ လူသား အမျိုးသမီး၏ ဦးခေါင်းကို ရိုက်နှက်၍
အိမ်ထောင်ဖက်အဖြစ် ပေါင်းသင်းဆက်ဆံနိုင်သည် ။


အပြုံးသည် နှစ်ချိုက်စွာပြုံးသည် ။ ရောင်စုံပန်းပွင့်များ ။ ကြိုးစင် ။ ပါးစပ်ဖွာသော မိန်းမများ ။
သို့ . . . ဂျုးလိယက်ဖူးချစ် ။ ဟိုတယ် ။ မှန်ပြုတင်းမှ နေရောင်ခြည်။ အိုဗာစတေး လက်သည်းပွင့်များ။တယ်လီဖုံးမြည်သံ။ အနက်ရိုင်းဆုံးအမှောင် ။ သည်းကြိုးပြတ်ဖိနပ် . . ။

နိဒန်းပြန်စသည် . . . .
နိဂုံးသည် အဆုံးမဲ့ . . . .။

MPM

Saturday, September 11, 2010

ကိုးဆယ့်တစ်

http://www.pemskool.org/wp-content/uploads/2010/09/pemskoolpdfpoetry-911.pdf



1. ကြက်သွန်
2. ခင်အောင်အေး
3. ဇာတိ
4. ဇေယျာလင်း
5. တည်ရ
6. တေလေ
7. nelay
8. နေည
9. နေ့သစ်
10. ပန်းချီ
11. ဖိုးခွား
12. မင်းယွန်းသစ်
13. မိုးလှိုင်ည
14. မိုးဝေး
15. မြတ်ဝေ
16. မောနွေ
17. မောင်ဖုန်းမြင့်
18. မောင်ယုပိုင်
19. မောင်ရင်ညို
20. မောင်လင်းရိပ်
21. မြေမှုန်လွင်
22. လင်းနီညို
23. လင်းရမ္မာ
24. လင်းဝေးခက်
25. လွန်းဆက်နိုးမြတ်
26. လေပြေ
27. လေပြေ (DOI)
28. သစ်ကောင်းအိမ်
29. သစ္စာနီ
30. သိုးထိန်း (အန္တိမ)
31. သောတ

p e m s k o o l p d f p o e t r y s e r i e s အမှတ် တစ် အောင်မြင်စွာဖြစ်မြောက်လာရန်
ကဗျာစာမူများကို မငြီးမငြူပေးပို့ခဲ့ကြသော ပြည်တွင်း/ပြည်ပ/on-paper/online/နောင်တော်/ညီတော်
ကဗျာဆရာများ အားလုံးကို pemskool မှ ကျေးဇူးမှတ်တမ်းတင်အပ်ပါသည်။

Friday, September 3, 2010

မြင့်မြတ်သန့်စင်တဲ့လေ

ရှုသွင်းလိုက်စမ်း..
အားရပါးရ ရှိုက်သွင်းလိုက်စမ်း..
အဲ့ဒီလို မြင့်မြတ်သန့်စင်တဲ့ “လေ” ကို
ဝမ်းဗိုက်ကြီး ဖောင်းကားထလာတဲ့ အထိ . . .ရှု
ပြီးရင် . . . မင်းပါးစုန့်မို့မို့ကြီးတွေ တုန်နေအောင်
ရယ်လိုက်ဦး
ပြီးမှ . . ဖြည်းဖြည်းချင်းပြန်မှုတ်ထုတ်
အဖိုးမဖြတ်နိုင်တဲ့ “လေ”
ဒီရေ . . . ဒီမြေမှာ
မညစ်မနွမ်းကျန်နေသေးတဲ့
တခုတည်းသော အဖိုးတန် “လေ”
ဒါဟာ . . .
မိုက်ရိုင်းထွားကျိုင်းလာတဲ့
မြို့ပြတောင် မဖျက်ဆီးနိုင်သေးတဲ့
အပျိုစင် “လေ”
ကာလ ။ ဒေသ ။ ပယောဂ ။
အတ္တ ။ မာန ။ အနုသယ ကိလေသာ
တစ်ခုမှ မပါစေနဲ့
အားရပါးရ . . . ရှု
အရောင်အမျိုးမျိုး ၊ ဝါဒအဖုံဖုံ
အရေပြားအရောင်တောင် မခွဲခြားနဲ့ . . . ရှု
ကွန်ဆားဗေးတစ် ။ လစ်ဘရယ် ဒီမိုကရက်တစ် ။
လေဘာပါတီဝင်ဖြစ်နေတာ မေ့ထားပြီး . . . ရှု
အမ်ဘီအေ ။ ဒီလစ် ။ အခဲဒမစ်
ဂျီအိုပေါ်လက်တစ် ။အမ်ဘရိုမန်တယ်လစ်
အဲ့ဒါတွေခေါက်ထားပြီး . . . ရှု
မင်း ဦးဏှောက်တွေ သန့်ရှင်းစင်ကြယ်သွားတဲ့အထိ . . . ရှု
မင်း ခန္ဓာကိုယ်တခုလုံး ပေါ့ပါးလန်းဆန်းသွားအောင် . . .ရှု
မင်း အသက်ဓါတ်နဲ့ အလေးအမြတ်ပြုပြီး . . .. ရှု
သန့်စင်တဲ့လေရဲ့ ကျသင့်တန်ဖိုးဟာ
မင်းရဲ့ ကျန်ရှိသက်တမ်း အနည်းငယ်မျှသာ
မသေခင်အားရပါးရ ဝအောင် ရှုလိုက်စမ်း . . . .။ ။

MPM

Sunday, August 15, 2010

ရမ္မက်

ဆူဝေကျလာသော
စိတ်၏ အခိုးအငွေ့။
မီးလျှံမျက်ဝန်းများ ၏ အနားသတ် ။
မျက်နှာဖုံးစွပ် အကြမ်းဖက်သမားလို
လက်သည်းဝှက် ကြောင်ရဲ့ အချစ်မျိုး ။
သိစိတ်၏ အဖျားဒီဂရီ အနှုတ်ပြ ကိန်းခြေ ။
ဒြပ်မဲ့ ဟင်းလင်းပြင်၌
အထိန်းကွပ်မဲ့ လွင့်မျောခြင်း ။
ကိလေသာ ငါးမျှားချိတ် ဆွဲငင်ရာ
လူးလွန့် ပါသွားသော ငါးလို
စိတ်အလိုလိုက်
စိတ်မိုက်အကြိုက်ဆောင်သော
"ငါ" သည်သာ "ငါ" ဒါဏ်ရာ၏
အရှင်သခင် ဖြစ်၍
ပူပြင်းသော အဆုံးမရှိ ငရဲ ၌
မလွတ် မကျွတ် နိုင်သော သစ်ငုပ်တို ကဲ့သို့
ဖြစ်စေ . . . . ။ ။

MPM

Thursday, August 5, 2010

၉၆ ပါးသော ကဗျာရောဂါ ဝေဒနာရှင်များအတွက်

ကဗျာနှာစေး ၊ ကဗျာနှာမွှန် ၊ ကဗျာ နှာခေါင်းပိတ်
ကဗျာနှာတင်း၊ကဗျာနှာကန် ၊ ကဗျာ နှာခေါင်းမီးတောက်နေသူများ
ထုံးနာနာကိုင်၍ နှာဝတေ့ရှုပါ

ကဗျာအသံဝင် ၊ ကဗျာသလိပ်ကပ်၊ ကဗျာချောင်းဆိုးသွေးပါ
ကဗျာပန်းနာရင်ကျပ်၊ ကဗျာအဆုတ်ပွ ၊ကဗျာချောင်းခြောက်ဆိုး
ကဗျာလည်ချောင်းကွဲ ၊ ကဗျာ မအီမသာဖြစ်၍ ကဗျာ မူးဝေအော့အန်သူများ
နွားနက်ကျင်ငယ်ရည်နဲ့ ဆတူရောသောက်ပါ

ကဗျာတကယ်လေထိုးရင် ဘယ်ဆွေမျိုးမှ မကယ်နိုင်ဘူး  . .

ကဗျာမကြေ၊ ကဗျာပြည့်၊ ကဗျာကယ် ၊ကဗျာရင်ဂေါင်းထိုး ၊
ကဗျာအချဉ်ပေါက်ခြင်း၊ကဗျာလေဆန်နာ ၊ ကဗျာပျို့/အန်၊ ကဗျာကြို့ထိုး ၊
ကဗျာအထက်လှန်အောက်ရှော ၊ကဗျာဝမ်းဖောဝမ်းယောင် ၊ ကဗျာ ဆီးချုပ်/ ဝမ်းချုပ် ၊
ကဗျာ အစားမှား၍ကဗျာ အဆံချောင်နေသူများ
ဆေး ဂွေးသီးခန့်ကို နံနက်ည ၃ကြိမ် ရေအေးနဲ့သောက်ပါ ။

ကဗျာ အရေပြားယားယံခြင်း ၊ကဗျာထုံကျဉ်၊ ကဗျာညောင်းကိုက် ၊
ကဗျာသူငယ်နာ မစင်ခြင်း ၊ ကဗျာဒေါင့်တန်းဆွဲ ၊ကဗျာအကြောသေ / အကြောကပ် ၊
ကဗျာ လေငန်းဖြတ်ခြင်း ၊ ကဗျာ တခြမ်းသေ ကဗျာရွဲ့စောင်း၍ ကဗျာအာရုံကြောနည်းသူများ အတွက် ရေနံချေး နှင့်ဆေး ဆတူရောလိမ်းပါ ။


ကဗျာအမျိုးသားများ
ကဗျာ ဘရင်ဂျီနာ ၊ကဗျာဒူလာကိုက်ခြင်း ၊ ကဗျာဆီးပူညောင်းကျ ၊ ကဗျာဂနိုကျ ၊ကဗျာသေ /ညိုး ၊ကဗျာမရွှင်လန်းခြင်းကဗျာတန်းမမှီခြင်း ၊ ကဗျာဆန္ဒမပြည့်ဝခြင်း ၊ ကဗျာအလွှတ်မြန်ခြင်း ၊ အိမ်ထောင်ရှင်များ ကဗျာ စွမ်းဆောင်ရည် လျော့နည်းခြင်းများ အတွက် တောကြက်ဥ ၊ ပျားရည် ဗိုင်ရာဂရာနှင့် တွဲဘက်သောက်ပါ

ကဗျာအမျိုးသမီးများ
ကဗျာထိန်/ငုပ်ခြင်း၊ ကဗျာမမှန်ခြင်း ၊ကဗျာ ရက်ကျော်ခြင်း ၊
ကဗျာ အဖြူဆင်းခြင်း ၊ကဗျာပိန်/ကဗျာခြောက် ၊ ကဗျာပန်းမပွင့်လန်းခြင်း ၊
ကဗျာအရိအချွဲဆင်းခြင်း ၊ ကဗျာရင်တုန်ပန်းတုန်ဖြစ်ခြင်း၊ ကဗျာရင်သားကင်ဆာ ၊
ကဗျာ သားအိမ်ကင်ဆာဖြစ်ခြင်းမှ ကာကွယ်လိုခြင်း ၊
ကဗျာ ကိုယ်ဝန်ဆောင်များ ၊ ကဗျာ သားဆက်ခြားလိုသူများအတွက်
အာမီရမ်နှင့်သောက်ပါ ။

အထူးအနေဖြင့်
ကဗျာလိပ်ဂေါင်းရောဂါ၊ ကဗျာ H1N1ရောဂါ၊ ကဗျာ ကာလသား/သမီးရောဂါ ၊ ကဗျာ အေအိုင်ဒီအက်စ်
ရောဂါသည်များ အတွက် အမြစ်ပြတ်၊ ဝေဒနာပျက်၊ ခန္ဓ္ဓာပျက်သည်အထိ စာချုပ်စာတန်းနှင့်
ကုသပေးနေပါသည် ။

MPM



Friday, July 30, 2010

အပြာရာင်ခွေးတစ်ကောင်၏မျက်လုံးများ

သူမက ကျွန်တော့်ကို ပထမဆုံးအကြိမ်ကြည့်ခြင်း
လို့ ကျွန်တော်ထင်တယ်
ချောကျိနေတဲ့ အကြည့်ကို ဆုပ်ကိုင်မိတော့
ကြည့်နေတဲ့သူဟာ ကျွန်တော်ပဲလို့
သဘောပေါက်လိုက်တယ်
သူမ၏မျက်ခွံများသည် အလင်းရောင်တောက်လျှက်
ရှိမြဲအရာကို သတိတရနဲ့
အပြာရောင်ခွေးတစ်ကောင်၏ မျက်လုံးများလို့
ကျွန်တော်ပြောလိုက်တယ်
သင်္ချာဆန်သော အလင်းရောင် အသွားအပြန် ခရီးအဆုံး
မီးကျီးခဲလို ပူပြင်းသော မျက်လုံးများဖြင့်
သက်ပြင်းရောင် အ၀ိုင်းအ၀န်းထဲမှ သူမ ထွက်ခွာသွားတယ်
မရမ်းရောင် သုတ်လိမ်းထားသော နှုတ်ခမ်းများ
မှန်ရှေ့မှာ ဝေ့၀ဲနေတယ်
`မင်းကို ငါမြင်ရတယ်´ . . .  `မင်းကို ငါမြင်ရတယ်´
မီးလျှံများသည် သူမ၏ ရှည်လျှားသော
ကြေးနီရောင် အသားအရေ ကို ၀ါးမျိုနေတယ်
ထိုနောက် . .
သူမသည်  . .
လက်သုတ်ပုဝါများ ၊ အရောင်တင်ထားသော စားပွဲများ
ဟိုတယ်များ ၊ ဘူတာရုံများ
အများပြည်သူနှင့် သက်ဆိုင်သော မှန်ပြတင်းများပေါ်
အပြာရောင်ခွေးတစ်ကောင်၏ မျက်လုံးများဆိုတာကို
ချရေးလိုက်တယ်
ကမ္ဘာပေါ်က မြို့ကြီး တစ်ချို့၏ နံရံ၌
စာသားတွေ စိမ့်ဝင်သွားတယ်
အိမ်အပြင်ဘက်က
အိမ်အကြောင်း  အိပ်မက် မက်နေတဲ့
မိန်းမ တစ်ယောက်ရဲ့ အိပ်မက်ဟာ
အိပ်ယာပေါ် တလူးလူး တလိမ့်လိမ့်နဲ့
အပြာရောင် ခွေးတစ်ကောင်၏ မျက်လုံးများ ဆိုတဲ့
စာသားကို ရွတ်နေတယ်
သူမက ၀မ်းနည်းကြေကွဲသောအပြုံး
အရာရာကို လက်မြှောက် အရှုံးပေးသော အပြုံးဖြင့် ပြုံးတော့
သူမ မျက်နှာဟာ နာကြည်းသော တိမ်တိုက်တစ်ခုလို
မည်းမှောင်လို့ . . . ။      ။

Ref: Garcia Marquez -Eyes of a blue dog
(Translated by Mya Than Tint)

MPM

Wednesday, July 21, 2010

မြွေတစ်ကောင်ရဲ့ နံနက်စာ

သန်စွမ်းပြီး တွန်လိမ်နေတဲ့
သူ့လက်မောင်းတွေနဲ့
ကျွန်မခါးကို တင်းတင်းရစ်ပတ်ထားတယ်
သူ့အကြည့် တစ်ချက်နဲ့ပဲ
ကျွန်မကို ညှို့ယူခဲ့တာလေ
ကျွန်မစိတ်ကို
ဟိုး   . . . .   အထက်ကို ပစ်တင်
ဟိုး   . . . .   အ၀ိစိကို ပစ်ချ 
အဲ့ဒီလို သူကစားနေခဲ့တာပေါ့
သူ့ကြောင့်ပဲ ကျွန်မ အရာရာကို မေ့သွားခဲ့တာ
ကြမ်းပြင်ပေါ်လူးလိမ့်နေတဲ့
သူ့ခန္ဓာကိုယ်ကို
ကျွန်မ တပ်မက်နေမိတယ်
ရွံရှာဖွယ်လို့ ရှင်တို့ထင်နေတဲ့
သူ့အရေပြားပြောင်ချော်ချော်ကို ကျွန်မစွဲလန်းနေတယ်
အခုဆို ...
( ရှင်တို့သိပ်ကြိုက်တဲ့ )
ကျွန်မ ဘော်ဒီတခုလုံးကို
သူရစ်ပတ် ဖုံးလွှမ်းထားလိုက်ပြီ
အရိုးအဆစ်တွေ အားလုံး
ကြေမွသွားအောင် ကြင်ကြင်နာနာနဲ့
ဖြည်းဖြည်းချင်း ဆွဲဆန့်လိုက်တယ်
ကျွန်မ ခေါင်းပေါ် သူ့ခံတွင်းထဲက
အရိအချွဲတွေ အန်ချလိုက်ပြီ
ဟောကြည့် .. ကျွန်မ ခြေသည်းလေးတွေက စ
တဖြည်းဖြည်း ၀ါးမျိုနေပြီ
`ကျွန်မ ပျော်လိုက်တာ ´

MPM

Tuesday, June 29, 2010

ဂလိုဘယ်ရဲ့ အမှောင်ဖက်ခြမ်းက ဇတ်ဝင်ခန်း

ကလဲရီယာ ( ပြည်နယ် လူဝင်မှု ကြီးကြပ်ရေး အရာရှိ )
-------------------------------------------------------------
"ဒီမှာ  တက်ဆီလီယာ
မင်းရဲ့ ကျောင်းအုပ်ဆရာကြီးရဲ့ သတင်းပို့ချက်က တဆင့်
မင်းကို သတိထားမိလာတာ
မင်းရဲ့ စာစီစာကုံးတွေထဲမှာ
9/11 လုပ်ရပ်ကို ပြုလုပ်တဲ့ လူတွေဟာ
မှန်ကန်တယ် / ထောက်ခံတယ် ဆိုတဲ့ သဘောမျိုး
ရေးထားပါလား " . . .  . .

တက်ဆီလီယာ
" ကျွန်မက ဒီနိုင်ငံမှာ လွတ်လပ်စွာ
ထုတ်ဖော်ပြောဆိုခွင့် ရှိတယ်လို့  ထင်ထားတာ " . . . .
-------------------------------------------- . . . . . . . . . ------------------

ရှောင် ( ကိုရီးယား နိုင်ငံ ဆိုးလ်မြို့ ဆင်ခြေဖုံးမှ ပြောင်းရွှေ့လာသူ)


"ကျွန်တော် ..ဒီလိုအ၀တ်အစားမျိုးတွေ
ဘာလို့ဝတ်နေရမှာလဲ"  .  . . .
"သတိထားစမ်းပါ မင်းဒီနိုင်ငံသား ဖြစ်ဖို့ ဒီတစ်ကြိမ်ပဲ လိုအပ်တော့တာလေ "
"ဘယ်လိုပဲ ဖြစ်ဖြစ်  သူတို့ အတွက် ကျွန်တော်ဟာ အာရှသားပဲ"
-------------------------------------------- . . . . . . . . . ------------------


ဟာမစ် 
"ဟိုမှာ နက်ဖြန်ဆို နိုင်ငံသား ဖြစ်တော့မယ့် ကျွန်တော့ အဖေ
သူက အခုချိန်မှာ "ရှား" တွေကို မုန်းတီး ရန်လိုနေတာ
ဒါပေမယ့် အီရန်မှာနေတုန်းက သူတို့နဲ့ စီးပွားဖက်တွေ
လုပ်ငန်းတွေ အသိမ်းခံလိုက်ရတော့မှ နယ်စပ်ကနေ
တာကီ(Turkey) ကိုဖြတ်ပြေး ပြီး ဒီရောက်လာတယ်" ။. . . . .
-------------------------------------------- . . . . . . . . . ------------------
မစ္စ ကယ်လီ ( အစိုးရှရှေ့နေ )

" ကျွန်မတို့က  ဆာရီဝတ်ထားတဲ့
အသက် ၁၅ နှစ်အရွယ် အမျိုးသမီး အကြောင်းပြောနေတာ
သူ့အိပ်ခန်း ကိုရှင် စစ်ကြည့်လိုက်ရင် ဘယ်လောက်ခြိုးခြံထားသလဲဆိုတာ တွေ့ရမယ်
သူ့ရဲ့ အင်တာနက် အသုံးပြုမှု မှတ်တမ်းတွေအရ ဂျီဟတ် တွေရဲ့ 
ရှေးဟောင်း တံဆိပ်တွေ စုဆောင်းထားတဲ့သူ
ဒါ  . . . အသေခံဗုံး ခွဲမှုကို ယုံကြည်တယ်ဆိုတာ ပြနေတာပဲ "  ။ . . . .
-------------------------------------------- . . . . . . . . . ------------------
မာရီယာ ဆန်းချက်စ်
( ယူအက်စ် မက္ကစီကို နယ်စပ် တွင် သေနတ် ပစ်ခံရ၍ သေဆုံးသွားသူ )

ကောင်းသော ညနေခင်းပါ မစ္စတာ ဆန်းချက်စ်
ကျွန်တော်က အထူးရဲ အရာရှိ မက်ဘော့ခ်ပါ
မာရီယာ များ ပြန်ရောက်လာ ပြီလားသိချင်လို့
-------------------------------------------- . . . . . . . . . ------------------
ဂယ်ဗင်ကော့စဖာ
( ဂျုးလူမျိုးယောင် ဟန်ဆောင်၍  သက်သေခံ လက်မှတ် လျှောက်ထားသူ )

မင်း ဗလီဆရာတော့ မဟုတ်ဘူး မို့လား

မဟုတ်ပါဘူး  ...
ဒါပေမယ့် ကျွန်တော် တင်းကျပ်တဲ့
ဂျုးဘာသာရေး သင်တန်းတွေ တက်ခဲ့ ရပါတယ်
စပျစ်ရည် မုန့်ချိုနဲ့ ဥပုဒ် ပြုနိုင်ပါတယ်

မင်း ဟေးဗရူးစာ ရလား
အဲ့ဒီဘာသာနဲ့ ၀တ်ပြုဆု တောင်းနိုင်ပါ့မလား  ..

ဟုတ်ကဲ့ ...

ဒါဆို မင်း ဒီလူကြီးမင်းရှေ့မှာ ၀တ်ပြုဆုတောင်းပြ

(လိမ်လည် ၀တ်ပြုသံများ )
...............................
.......................................
.........................................

ရက်ဘီး ( Beth Shalom ဘုရားကျောင်းမှ ဂျုးဘာသာရေးဆရာ)


ကြည်နှုး သာယာဖွယ်ရာ  ၀တ်ပြုသံပါပဲ ...
နောက်ဆို တနင်္ဂနွေ နေ့တိုင်း  ကျုပ်တို့ ဘုရားကျောင်းမှာ
လာဝတ်ပြုဆုတောင်းပါလို့ ဖိတ်ကြားပါရစေ  .. ။


MPM
.........

Thursday, June 24, 2010

ရေအစုံ ၊ မီးအစုံ

ခင်ဗျားတို့ အတွက် ဒီနေရာမှာ ခင်းကျင်းထားခဲ့ပါတယ် . . .

ပျှော်ရွင်မှုဟာ ဘယ်လိုပုံစံနဲ့လာမလဲ
ဘီဒိုအင် အာရပ် ၀တ်စုံနဲ့လား
ဥရောပ တိုက်သားလို အကောင်းဆုံးဝတ်စုံနဲ့လား
အရှေ့တိုင်း ဆန်ဆန် ပိုးသား အဆင်ဆန်းတွေနဲ့လား
အရှေ့အလယ်ပိုင်း က အမျိုးသမီးတွေလို ခေါင်းမြီးခြုံ လုံနေမှာလား


ကန်သွင်းသမျှ ဂိုးတွေကို
တဒိုင်းဒိုင်း ကာကွယ်နေရ လောကဓံတရား

သိနားလည်မှု အစိုင်အခဲဟာ အရည်ပျော်

အမောပြေ ၊ အပန်းပြေ လမ်းကြုံရင်
ခြေ၀င်ဆေးနိုင်ပါတယ် ( နှလုံးသွေးများဖြင့်)

အထပ်မြင့်တိုက်ခန်းမှာ နေတိုင်း
အဆင့်မြင့် တွေးခေါ်သူတွေ မဟုတ်ခဲ့တော့
ရှေ့တစ်လှမ်းတိုးဖို့
နောက်ဖက် အကြည့်ပေါင်း သန်းပေါင်းများစွာ ကြည့်

လုံခြုံခဲ့ပြီလား ၊ ခြုံငုံမိပြီလား
လုံခြုံအောင် မျက်လုံးတွေကို စောင့်ကြည့်ထား


ယာယီ . . .
အပစ်အခတ် ရပ်စဲရေး
အလံဖြူတလက်ထောင်ထားလိုက်တယ်
ယာယီ  . . .

အိုဇုန်းလွှာ အပေါက်အပြဲ
ငါ . . . ဖောက်ခွဲခဲ့တာ . . . မဟုတ်ဘူး
အာဖဂန်နစ္စတန် စစ်ပွဲ
ငါ့ကြောင့် . . . နွှဲနေရတာ . .  မဟုတ်ဘူး
ဆင်းရဲမွဲတေမှုနဲ့ အငတ်ပြသနာ
ငါ . . . တီထွင် ဆန်းသစ်ထားတာ မဟုတ်ဘူး...
အစဉ်အလာ ၊ ဘောင်ဝင် ၊ အလေးအမြတ်ပြု
နိုင်ငံတော် သီချင်း သံပြိုင်သီဆို

သစ်ပင် စိုက်ကြ . . . သစ်ပင်စိုက်ကြ
ဒီအပြင် . .
အတွေးအခေါ်တွေကိုပါ သစ်ပင် .စိုက်သလို စိုက်ကြ

ဟုတ်ကဲ့ . . .
လူကြီးမင်းများအတွက်
ရေအစုံ၊ မီးအစုံ ၊ ကြေကွဲဖွယ်ရာ ပျော်ရွှင်မှု့ရောင်စုံ
တံခါးဝမှာ တပ်ဆင်ချိတ်ဆွဲထားပါတယ်
အခန်းထဲမ၀င်ခင် အန္တရာယ် အချက်ပေးခလုပ်ကို
တစ်ချက်နှိပ်လိုက်ပါ
ဒါပါပဲ . . . . ။     ။


MPM

Thursday, June 10, 2010

ဓနသီဟ

ချမ်းသာခြင်းဟာ ခြင်္သေ့လို ဟိန်းဟောက်တယ် ။ ငွေရှာခြင်း အတတ်ပညာဟာ ကျန်းမာ သန်စွမ်းတဲ့ လိုင်းယွန်း တစ်ကောင်နဲ့ နပန်းလုံးနေရသလိုပဲ ။ ပိုက်ဆံ ကလွဲပြီး ဘာမှ မရှိတာနဲ့ အဘိဓမ္မာရှိပြီး ခြူးတစ်ပြားမှ မရှိတာ ဟာ ထူးမခြားနား ပတ်ပျိုးနဲ့ မိုးမျှော်နေရသလို  + = -  နဲ့ အပေါင်း ညီမျှခြင်း အနှုတ် ၊အနှုတ် ညီမျှခြင်း အရှုပ် အထုပ်ရဲ့ Plus Equal Minus ပဲ။ ငါ့ဘဝရဲ့ အဓိပတိဟာ ၂၀၀ ကျပ်တန် လိုင်းကား ။ ငါ့အနုပညာရဲ့ ပါရမီဟာ ၂၀၀ ကျပ်တန် လိုင်းကား ။ ငါတို့မျှော်နေရတဲ့ ရွှေဧည့်သည် ငွေဧည့်သည် ဆိုတာကလဲ ၂၀၀ ကျပ်တန် လိုင်းကားပဲ ။ ယိုယွင်းလာနေတဲ့ စိတ်ကျန်းမာရေး အရ အီးစီဂျီမလို ၊ စီတီ စကင်ဖတ်စရာမလို ဂိတ်ဆုံးမယ့် မှတ်တိုင်ဟာ ယခင် တံတားလေး ယခု ရွာသာကြီး ။ ပလိုင်းပေါက်နဲ့ ဖားကောက်တယ် ပြောရအောင်ကလဲ ဖားနဲ့တူတာဆိုလို့ မျက်လုံးပြူးပြူး ပုရစ်တောင် မတွေ့ဖူးဘူး ။
 အောင်မြင်မှု ၊ချမ်းသာသုခနဲ့ ဓနဥစ္စာဟာ ငါတို့နဲ့ အလှမ်းကွာတဲ့ တက်ကျမ်းကြော်ငြာ ဖြစ်ပြီး ။ အေဗရာမိုဗစ် ဟာ ဘောလုံးအသင်း ထောင်ချင်တဲ့ ရောဂါရနေသလို ငါတို့ဟာလည်း အချိန်တန်ရင် ဂျက်ဒန်နီယယ် လို ဂျေအန်ဘီ လို စကော့ ဝီစကီနဲ့မှ သွေးနွေးချင်ခဲ့ပြီး ပဲရစီဟီလ်တန်နဲ့ အိပ်မက်ထဲမှာ ပွားမယ် လေဒီဂါးဂါး နား ထောင်ပြီး ငြိမ့်ချင်နေတဲ့ ရောဂါသည်တွေ ဖြစ်တယ် ။ အခုလောလောဆယ် မှာ အရင်းကျမ်းဖတ်တယ် ။ ကိုယ်ထက်သာရင် ဓနရှင် ဘူဇွာ ဖောက်ပြန်ရေးသမားလို့ စွတ်စွဲမယ် ။ ပစ္စည်းမဲ့ချင်သလိုလို တော်လှန်ချင် သလိုလို နဲ့ အာခေါင်ခြောက်လာရင် ဓနသီဟ တံဆိပ် ရေသန့်ဗူးဖောက်သောက်မယ် ။ ဓနသီဟ တံဆိပ် မြေပဲလှော်ဝါးမယ် ။ ဓနသီဟ တံဆိပ် အဝေးပြေးကား ကိုစီးမယ် ။

အခါကြီး ရက်ကြီး သင်္ကန်းစည်းဖြစ်ရင်တောင်မှ ဓနသီဟ သင်္ကန်းတိုက်က သင်္ကန်းနဲ့မှ ဖြစ်မယ် ။

အိုဘယ့် . . .  ဘယ့် . .. . အိုဘယ့်   ဓနသီဟ . . . . . .. ။

MPM

5.June.2010
နံနက် 3:30

Saturday, June 5, 2010

နိစ္စဓူဝ ရက်စွဲများ နဲ့ ရှင်သန်ခြင်းကို ငါ ငြင်းဆိုတယ် ။

အသက်ကလေးကို လက်ကြားက
ယိုစိမ့် ကျမလာအောင် ကာထားပြီးပါပြီ

ချောင်းမြောင်းလုပ်ကြံသူ စနိုက်ပါသမားတွေဟာ
နေရောင်ဝါဝါ မထွက်လာခင်စပ်ကြား
စီးကရက်များစွာ လောင်ကျွမ်းရှိုက်ဖွာ

အဲ့ဒီလို စီဒီ လည်ပတ်နေပုံက . . .

နားမခံနိုင်လောက်အောင် မသင်္ကာစရာပဲ

ဘတ်စ်ကားအိုကြီးလို  . .
မနိုင်ဝန်ဟာ  တရွေ့ရွေ့တွားသွားရင်း
လမ်းကြို လမ်းကြားများကြား

ကလေးများ ပြေးလွှား ကစားကြပုံဟာ
ထူးထွေဆန်းပြား 

သွေးဆုံးနေသော အိပ်ကပ်များ အထက်မှ
ခြောက်ကပ်မွဲပြာ မျက်နှာသေများစွာ၏
ကြောက်စရာ    ရယ်ရယ်မောမော
ရယ်ရယ်  မောမော
                 ရယ်    ရယ်   မော  မော  နှင့်
နိုင်ငံသား ဖြစ်ကြောင်း သက်သေခံ
အနီရောင် ကဒ်ပြားဖြင့်

တစ်ပွဲစားမလား  နှစ်ပွဲစားမလား
ပွဲပေါင်းများစွာ ( က ) စားခဲ့သူတွေလို

အသွေးအသားများနှင့် ရှင်သန်ခြင်းအား
ရောင်းဝယ် ဖောက်ကားခဲ့ကြပြီး

ဘဝကူးကောင်းရဘို့ထက်
ဒီနေ့ ဒီရက် ဒီနာရီများ အဆင်ပြေချောမွေ့စွာ
ကူးပြောင်းဖို့ ဆုတောင်းများဟာ
ရေနစ်မြို့ထဲ ရေတိမ်နစ်ရင်း

ရှင်ခြင်း အမှတ်တံဆိပ်ဟာ
လူကြိုက်များပြီး တန်ဘိုးနည်း တဲ့ ကုန်ပစ္စည်း တစ်ခု ဖြစ်တယ်  ။

MPM

Monday, May 31, 2010

ဒီစာမျက်နှာ ပေါ်က ကဗျာရေးချင်နေတဲ့ စိတ်ဟာ





ကဗျာရေးချင်နေတဲ့ စိတ်ဟာ 
ဖိုင်တွဲကိုဖွင့်တယ်
စာရွက်လွတ်နဲနဲကိုယူတယ်
စာရွက်လွတ်တွေ အပေါ်မှာ စိတ်ထဲမှာ
ရှိနေတာ တစ်ခုခုကို ချရေးလိုက်မလို့ပဲ . . . 
ခက်နေတာက
ဒီစာမျက်နှာလေး အပေါ်မှာ
ကမ္ဘာကြီး တစ်ခုလုံးကို ထိုးကြိတ်ထည့်ထားလို့မရခြင်းပဲ
ဥပမာ . . .
အကြမ်းဖက်သမားတွေရဲ့ ကိစ္စ
ကမ္ဘာကြီး ပူနွေးလာမှုနဲ့ ဖန်လုံအိမ်အာနိသင်
အသားအရောင် ခွဲခြားမှု ၊ လိင်တူ ချစ်သူများရဲ့အခွင့်အရေး
ငါတို့ရဲ့အသဲကွဲ သီချင်းတွေ
နိုင်ငံတော် ပျောက်ဆုံးသူများရဲ့ အော်သံ
ရေအရင်းမြစ်ရှားပါးမှု
ငွေကြေးဖောင်းပွမှုများနှင့် ဘေးထွက်ဆိုးကျိုး 
ရွှေ့ပြောင်း အလုပ်သမားတွေရဲ့မရွှေ့ပြောင်းနိုင်သေးသော ပြဿနာ
ပေါ့ပ်ယဉ်ကျေးမှုရဲ့ လိင်သင်္ကေတ ဟာ 
ရွှေမင်းသမီးပါးရိုက်ခြင်းမှသည် ဘလော့များအပေါ် ကူးပြောင်းခြင်း
တစ်ချို့ပြောတော့ စီတီဇင်ဂျာနယ်လစ်
အယ်လ်ကေးဒါးတွေ မီလျှံနာဖြစ်နေတဲ့ ကိစ္စ
ဘောလုံးပွဲလောင်းတဲ့ သူတော်စင်များ
အယ်လ်ပီကဗျာနဲ့ ပို့စ်မော်ဒန် အကြောင်း
ဘလော့ အပေါ်မှာ စာတိုပေစ အနည်းငယ် ရေးပြီး
ကိုယ့်ကိုယ်ကိုယ် 
လူထုဒေါ်အမာလိုလို ၊ဂျာနယ်ကျော် မမလေးလို 
ထင်နေတဲ့ သူတွေရဲ့ကိစ္စ
ရန်ကုန်မြို့ကြီး မီးလောင်
ပျော်ရွှင်စွာ သားကောင်ချနင်းသူများ အကြောင်း
ဝေ့ကာဝိုက်ကာပြောနေရတဲ့ ဘာသာစကား
အနုပညာဆိုတဲ့  ခေါင်းစဉ်အောက်က 
ရူးသွပ်ခွင့် လိုင်စင်ကို 
ပေါချင်တိုင်း ပေါလို့ရတယ် ထင်နေတဲ့  အသိဥာဏ်နဲ့
အထင်အရှား မပြနိုင်တဲ့ လူ့ဘဝရဲ့ ဖြစ်တည်မှုများ
မင်းကရော ဘာကောင်လဲ မေးရင်
အကောင်တော့ အကောင်ပဲ  ဘာကောင်မှန်းမသိသေးဘူးလို့
ရိုးသားစွာဖြေမယ့်အကြောင်း
စိတ်ရဲ့ အပိုအလျှံများနဲ့  မဆန့်တော့တဲ့
စာမျက်နှာဟာ
ငရဲပွက်သလို  ပွက်လို့




MPM

Saturday, May 15, 2010

ကြည့်နေ မြင်နေကြ မြင်ကွင်းများ

အရှုပ်ထဲမှာပဲ ရှင်းအောင်နေချင်ပါသည်
အထုပ်များ  ရှုပ်လာခြင်းအားလဲလက်သင့်မခံတော့ပါ
သင်နှင့် သင့်နှုတ်ခမ်းများ၏ ငြီးတွားသံဟာ
ပျင်းရိဖွယ်ရာ တကိုယ်ရည် တေးသွားများ သက်သက်သာ
သံသရာမှာ သုံးကားပေါင်းမိုးလင်းပေါက် ဇတ်လမ်းမျိုးတွေနဲ့လဲ
ဖန်တရာတေခဲ့ပါပြီ
မာတာ ၊ပီတ မိနှင့်ဖ အား ကျမ်းစာ များမှ မွှေနှောက် ကိုးကား
သင်သာ အရိုးသားဆုံးဖြစ်ခဲ့ကြောင်း ချရေးပြခဲ့ဖြင့် ဂုဏ်ယူနိုင်ပါစေ
လမ်းပျောက်သော သားကောင်နောက်သို့  အများယောင်သလို
ကြောင်တောင်တောင် အမောင် တောင်မှန်းမြောက်မှန်း မသိ
လိုက်မိသည့် အကျွန်ုပ်ပင် အပြစ်ရှိသည် ဟု ထင်မိပါသည်
သောက်လက်စ အရက်ခွက် လွတ်ကျခြင်း  အမည်ဖြင့်
ရင်နင့်ဖွယ်ရာ စာသားများ ဟန်ဒရက်ပါဆင့်တိတ် ပါဝင်သော
ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်ရာ အနှစ် ၂၀ ရေဒီယို
တေးချင်းများ ထုတ်လွှင့်တော့မည် ဖြစ်ပါသဖြင့်
နားသောတ ဆင်လိုသူ သပ္ပူရိသအပေါင်းမှ
နှစ်ထောင်းအားရ ရှက်ဖို့မကောင်းအောင်
လက်တို့တောင်းနိုင်ပြီဖြစ်ပါကြောင်း  ။

MPM

Friday, April 23, 2010

ပြည်လမ်းပေါ်က အကြိမ်ကြိမ် ဆက်သွယ်တယ် ။



ကျွန်တော့် အတောင်ပံတွေ ဘာလို့ ချိနဲ့ ကုန်ရတာလဲ ဟင် . . . . .

ပျံသန်းဖို့ ကောင်းကင်ကြီး ဟင်းလင်းပွင့်နေပေမယ့် ခိုနား  အားဖြည့်စရာ ကွင်း ကောင်းကောင်း  မရှိလို့
ပဲပေါ့ . . .။


1980 ခုနှစ် မော်ဒယ်လ် စာသားများနဲ့ ကျွန်တော်တို့ ရှေ့ဆက်သွားလို့ ရတယ် ဆိုတာသေချာခဲ့ပြီလား ။
ပြည်လမ်းမကြီးပေါ်က ကျွန်တော် လှမ်းဆက်သွယ်တော့  ဆက်သွယ်ရေး ဧရိယာ ပြင်ပ ရောက်နေတယ် လို့ ပြောလိုက်တာ ခင်ဗျားလား  ..? . .  ခင်ဗျား တယ်လီဖုံးလား . . .? ။
"ခက်တယ်" . . . "ခက်တယ် "  ၂၄ နာရီမှ တစ်ရက် ၊ ၇ ရက် ၄ ခါ လည်ပြီးတာတောင် မျဉ်းတားထားချင်တဲ့ လိုင်းတွေ ထွက်ကျမလာသေးဘူး . . ။ အခန်းက  ဖုန်နံ့ တထောင်းထောင်း နဲ့  မြင် . .သိ . . . ထိ . .တွေ့ ခွင့် ရဖို့ကလဲ  ခဏခဏ  မတ်တပ်ရပ်ပြလို့ မဖြစ်သေးဘူးလေ . . .။


ကိစ္စမရှိဘူး . . .  မောင်ချောနွယ်ဆန်သော နေ့ရက်များရှိတယ် . ..
ကိစ္စမရှိဘူး . . .  မောင်ချောနွယ် အတု ရှိတယ် ....
ကိစ္စမရှိဘူး . . .  ဆိုမာလီကမ်းလွန်က ပင်လယ်ဓားပြ တွေ ရှိတယ် . . .
ကိစ္စမရှိဘူး . . . ကျွန်တော့ အခန်းထဲမှာ  ခင်ဗျား အငွေ့အသက်တွေ မရှိလည်း ဖြစ်တယ် . ။

မြေနီကုန်း လက်ဘက်ရည်ဆိုင်လေးကအထ ။

ဘုံဘဝမှာ မကြံရ ၊ မဆုံ ရပေမယ့်  ဘုံဆိုင်ဝမှာ ဆုံနေရတဲ့ စကားများ ဆယ်ဘီးကားနဲ့ သယ်ဆောင်သွား တာ တွေ့လိုက်ရတယ် ။
အထားအသိုများ ။ အခင်းအကျင်းများ ။ သိပ္ပံနည်းကျ အထောက်အထားများ ။ မှုခင်းဆိုင်ရာ ဆေးပညာ ဝေါဟာရများ ။ အိမ်ထောင်မှု ဘုရားတည် ဆေးမှင်ရည် စုတ်ထိုးများ  ။ သေချာတယ် ကျွန်တော် သေချာ မသိခဲ့ဘူးဆိုတာ သေချာတယ် ။
ပြည်လမ်းမကြီးဘေး အင်တာနက် ကဖေးလေးကပဲ ထပ်မံ ဆက်သွယ်လိုက်ပါတယ် ။ ခင်ဗျား ရဖို့ မရဖို့ ခင်ဗျားဆီ ရောက်ဖို့ မရောက်ဖို့  ကျွန်တော့မှာ  ဘာတာဝန်မှ မရှိဘူး . . .။

ဆက်သွယ်ရေး ဧရိယာ ပြင်ပမှာပါလို့ ခင်ဗျား ထပ်မငြင်းလိုက်နဲ့ ။ 


MPM



Monday, April 19, 2010

နွေထဲမှာ နီရိုးတွေ ပျော်လို့ ပါးလို့ ။

အနက်ရောင် အဓိက ခြယ်မှုန်းထားသော
အပိုင်းအပိုင်း အစအစ များ ဖွာလန်ကျဲ
အရည်ပျော် ကတ္တရာ လမ်းမကြီးထက်
မီးတောက် မီးလျှံများ လွင့်စဉ်ပျံကြဲ
ထိုအခါ
နီရိုးတို့ ပျော်ကြလေပြီ  . . .


ဝမ်းနည်းခြင်း မာတိကာ ပါမလာတဲ့
ဗလာ စာအုပ်လို
သင်ရိုးညွှန်းတန်းထဲ မပါတဲ့
စာရွက်လွတ်များစွာလို
နီရိုးတို့  ပျော်ကြလေပြီ  . .


အမုန်း  အာဃာတ အစွန်းဖျား၌ ရပ်လျှက်
လူသားခြင်း မေတ္တာတရားကို မေ့ထားလျှက်
ကိုယ်တိုင် မကျင့်သုံးနိုင်တဲ့
လူ့အခွင့်အရေး စာမျက်နှာများ အား
ကိုးကားလျှက်
နီရိုးတို့ ပျော်ကြလေသည် . . .


တစ်လုပ် ၊ တစ်ဆုပ် ၊ တစ်ရှိုက် ၊ တစ်ဖွာ
တစ်ဇွန်း ၊ တစ်ယောက်မ စာ
ပေးကမ်း ဝေမျှခြင်းကို မေ့၍
ဗြဟ္မစိုရ် တရားအား
အရောင် အမျိုးမျိုးဆိုး
ဖက်ရှင်ကျကျ ၀တ်ဆင်ပြီး
မာသာထရီဇာ အောက်မေ့ဖွယ် ပွဲတော်
ဆင်ယင်နွဲပျော် ပြီးပြီ ဖြစ်၍
နီရိုးတို့ ပျော်ကြလေပြီ . . .



မှောက်ထားသောလက်သည်
ဖြန့်ထားသော လက်ထက် ပိုမိုကောင်းသည်ကို
မေ့ဖျောက်ထားပြီးပြီ ဖြစ်၍ ၎င်း
အများဆိုင် နာမ်များအား
သင့်တော်ရာချောင်ထိုးပြီးပြီ ဖြစ်၍၎င်း
ပုဂ္ဂလိက ခံစားမှုများအား
အရောင်တင် ဆေးခြယ်ခြင်းဖြင့်
တင့်တယ်ခြင်း အား ဖြစ်စေသည်ဟု ခံယူပြီး၍ ၎င်း
၎င်း . . . သည်  . . . ၎င်း  ။  မှ တပါး အခြားမရှိပြီ ဖြစ်၍ ၎င်း ။
ထိုမှ . . ဤမှ . . .၎င်း ။   ၎င်း  . . .၎င်း . . ..၎င်း . . .
ထို့နောက်  . ..၎င်း  ။
၎င်းပေါင်းများစွာတို့ဖြင့်
နီရိုးတို့ ပျော်ကြလေသည် ။



MPM
17.04.2010

Sunday, April 4, 2010

ငါ့အဓိပ္ပါယ်တွေ တင်ဆောင်လာတဲ့ သဘောင်္ဟာ နစ်ရှေးရဲ့ ပင်လယ်ကို ဖြတ်ပြီ . . .။

"ဟေ့"

       ဒီမှာ . . . ဒီစကားလုံးတွေကို မသေခင် ငါ အသေအချာ ပြောခဲ့တာ  . .
တနည်းအားဖြင့် . . . ချစ်ခြင်းနှင့် မုန်းခြင်း ကြားထဲက သေမင်းနဲ့ အသေအချာ ချုပ်ဆိုထားခဲ့တဲ့ ကတိကဝတ် ဆိုင်ရာ နားလည်မှု စာချုပ်ဖြစ်တယ်  . . . ..
တနည်းအားဖြင် . . .
ငါ့အိမ်ကွင်းမှာ ပေးဂိုးမရှိစံချိန် ထိန်းထားနိုင်လိုက်တဲ ငါ့ရဲ့ အကောင်းဆုံးနဲ့ နောက်ဆုံးကစားပွဲ ဖြစ်တယ် . . .
တနည်းအားဖြင့် . . .
သုဂတိဘုံမှာ ဘဝပေါင်းလေးဆယ် ၊ ဒုဂ္ဂတိ ဘုံမှာ  ဘဝပေါင်း ရှစ်တယ် ၊ အကြမ်းကြုတ် အရက်စက်ဆုံး ငရဲမှာ  ဘဝပေါင်း ၁၆၀ အဖန်ဖန် အထပ်ထပ် ကျင်လည်ခဲ့ပြီးတာတောင် အနုပညာမရသေးတဲ့ ထူထပ် ၊ ပိန်းအ ၊ မိုက်မဲလွန်းတဲ့ ၊ ကုဗတုံးလို လူတွေ အတွက် အလင်းပြကျမ်းလဲ ဖြစ်တယ် . .  .။

          ခရစ်တော်ရဲ့ နောက်ဆုံးညစာလို
ပြက္ခဒိန်ထဲက စာသားတွေ အားလုံး ငါအကုန်အစင် စားသုံးခဲ့ပြီးပြီ  . . . . .
နေထိုင်မှု ပုံစံ အဆင့်မြင့်မားလှတဲ့ အထက်တန်းစား ကြေးစားမရဲ့ ဒဿနမျိုးနဲ့လဲ ဘဝဆိုတာကိုရှုမြင် သုံးသပ် ခဲ့ပြီးပြီ . . .
သေနတ်ထမ်းထားတဲ့ ရဲဘော်ချေရဲ့ ပုခုံးသားများလို ရုန်းကန်အား များစွာနဲ့ နာကျင် ခံစားခဲ့ ဖူးပြီ . . .
( ရဲဘော်ချေဟာ အခုထက်ထိ တီရှပ်ပေါ်က တိုက်ပွဲဆင်နေရတုန်းပဲ ချေရဲ့ကြီးမြတ်မှုကို  ကုဗတုံးလို ကောင်တွေ ဂါရဝ ပြုခဲ့ပုံလေ )  . . . . .
ပါဘလိုနီရှုဒါရဲ့ စာသားကို ကိုးကားလိုက်ရုံနဲ့   မျိုးချစ်ပုဂ္ဂိုလ် အော်တိုဖြစ်သွားတဲ့ အလံတင် အခမ်းအနား ရောင်စုံတွေကိုလဲ  ငါမြင်တွေ့ခဲ့ ပြီးပါပြီ . .
ဘဝမှာ ကဗျာကလွဲပြီးတော့ ဘာမှ အရေးမကြီးဘူးလို့ ထင်နေတဲ့ ကဗျာဆရာ အထီး ၊ အမတွေလိုလဲ ရူးကြောင်ကြောင် နေထိုင်ခဲ့ဖူး ပါပြီ . . . (အချစ်နဲ့စစ် မပါရင် ကဗျာ မစစ်/မဖြစ် ဘူးလို့ သူငယ်ချင်း ကဗျာဆရာ တကောင်က ထပ်ဖြည့်စွက်ပြောကြား )
တနည်းအားဖြင့် . . .
မြဒါလီဆိုတဲ့ မိန်းမ တယောက်ကို အသဲအသန် ချစ်ကြိုက်ခဲ့ ဖူးပြီး ၊ အဲ့ဒီမိန်းမရဲ့ သောက်ဂရု အစိုက်မခံရခြင်း ၊ ပစ်ပယ်ထားခဲ့ ခြင်းတွေမှာ နာကျင်စွာ ဂျွမ်းပြန်ကျနေတဲ့ ကောင်တကောင်ရဲ့ စကားလုံးတွေပေါ့ . . . .

"ဟေ့"

        ဒီမှာ ဒီနှစ် ရန်ကုန်နွေဟာ ဆဟာရ သဲကန္တာရထက်တောင် ပူသေးတယ် ၊ မေလတောင် မရောက်သေး ဘူး ငါ့ရဲ့ ကြွေကျချင်နေတဲ့ စိတ်က ပြည့်လုပြည့်ခင် ဖြစ်နေပြီ . . .  ငါဘာလို့ ငါ့ကိုယ်ငါ ခြွေမချသေးလဲ သိလား .... ? ငါ့စပျစ်ခင်းလေးတွေ လူလားမမြောက်သေးလို့ပဲ  . . နေရောင်ကြောင့် ပူနွေးစပြုလာတဲ့ စပျစ်သီးလေး တွေ မရင့်မှည့်သေးခင် လာလာထိုးဟပ်တဲ့ လေကြောင်းချီ မြေခွေးတွေရဲ့ အန္တရယ် ကာကွယ်ချင်သေးလို့ ပဲ  ..

   အေး   . ..  စပျစ်သီးတွေ ရင့်မှည့်ရင်တော့ ဝိုင်ဖောက်ပြီး မင်းတို့ကို ဂုဏ်ပြုတဲ့ အနေနဲ့ ကုဗပုံ ပုလင်းထဲ ထည့်ပြီး မာရ်နတ်နဲ့ငါ ၂ ယောက်ထဲ သောက်မယ် . . .။

         အခု ငါ့အိပ်ခန်းထဲမှာ လွှားထားတဲ့ အမဲရိကန်လုပ် လီဗိုင်း ဘောင်းဘီ၂ ထည်ရဲ့ ခြေဖျားမှာ အပြောင် မြောင်ဆုံး စာသားတွေကို ခိုးဝှက်သီချုပ်ထားတယ်  . . .  ငါ ကောင်းကင်ဘုံသွားတဲ့ ခရီး တလျှောက် အဆာပြေ စားသောက်ဖို့ပဲ  မင်းတို့မှာချင်တဲ့ စကားတွေ ငါနဲ့ လူကြုံပါးရင် ပါးလိုက်ကြ  . . . သေနတ်နဲ့ နှင်းဆီ အဖွဲ့က အဆိုတော် Knocking On Heaven Door စာသားကို ဌါန်ကရိုင်း မကျသေးလို့ ငါခရီး မသွားသေးတာ

                                                       ဒေါက် . . . ဒေါက် . . ဒေါက်. .
                                                       ကောင်းကင်ဘုံ တံခါးကို ခေါက်ကြ
                                                       ဒေါက် . . . ဒေါက် . . ဒေါက်. .
                                                       အမေရေ  ကျနော့် အတွက်
                                                     နောက်ဆံ တင်းမနေနဲ့တော့
                                                     ဒေါက် . . . ဒေါက် . . ဒေါက်. .
                                                      ငါတို့  . . အနာဂါတ်တွေကို
                                                      ဒိုမိန်းနိမ်းဝယ်ပြီး လွင့်တင်လိုက်ကြ
                                                      ဒေါက် . . . ဒေါက် . .
                                                      ကမ္ဘာမြေရဲ့ ဆင်းရဲမှုနဲ့
                                                      ရောဂါကပ်ဆိုးတွေကို
                                                      ဆွဲထုတ်ယူငင် ကယ်တင်လိုက်ကြတော့ . . . . .


"ဟေ့"
             ဒီမှာ  ..  ငါ့သဘောင်္ဟာ စကားလုံး အပြည့် တင်ဆောင် ပြီးသွားပြီ  . . .၊ ရာသီကုန်အထိ တောက်လျှောက် မနားတမ်း ကစားပြီး အကောင်းဆုံး ဆုဖလားလဲ ရခဲ့ပြီ   ...၊ကုဗတုံးတွေ အကုန်လုံးကိုလဲ    ပိရိမစ် ဆောက်တဲ့ အထဲ ထည့်လိုက်ပြီ  ။ ရဲဘော်ချေ ဟာလဲ သေနတ်နဲ့ နှင်းဆီ တေးသွား ကို စတင်လေ ချွန် နေပြီ  ၊ စာတန်ကလဲ ဝိုင်ပုလင်း အဖုံးကို ဖွင့်လိုက်ပြီ  ၊ ကတ်ကိုဘိန်း ဟာလဲသူ့နားထင် ကို သူဖောက်ခွဲပြီး  အပြစ်ကင်းစွာ သေဆုံးပြခဲ့ပြီးပြီ  ၊ မြို့မငြိမ်းလဲ အုတ်တင်ကား အောက်ထဲ  သူ့ဦးခေါင်း လှဲလျှောင်း အိပ်စက် ပြခဲ့ပြီးပြီ  ... ငါ့ အဓိပ္ပါယ်နဲ့ ငါ့ရွက်လွှင့်မှုဟာ ( ပြင်သစ်တော်လှန်ရေးနဲ့ ရန်ဖြစ်ပြီး   ကွန်ပြူတာ သင်တန်းလဲ မတက်တဲ့ နစ်ရှေးရဲ့ပင်လယ်ကို ဖြတ်မယ် )**

နားလည်တယ် ဆိုလဲ လိုက်လာခဲ့ကြ . . .  နားမလည်ဘူး ဆိုလဲ လဲသေ လိုက်ကြတော့ . . ..   ။

** သစ္စာနီ၏ နစ်ရှေးရဲ့ ပင်လယ် ကဗျာမှ  ....

MPM

Thursday, April 1, 2010

ပစ္စလက္ခနိုင်တဲ့ ကောင်းကင်

တိမ်တွေကို တွဲလဲ ဖြန့်ခင်းထားတဲ့ကောင်းကင်မှာ
ရေမညှစ်ရသေးတဲ့ သက်တန့်တွေအစီအရီပွင့်
လေညှင်းက ဆံပင်တွေကို ဖွဖွလေး ဖြီးသင်ချနေတဲ့ဘီး
ကြယ်အမှုန်အမွှားတွေက မင်းပါးပြင်ထက်မှာ ငြိတွယ်
ငါတို့တွေ ဖက်တွယ်ခဲ့ကြပုံက
ကမ္ဘာဦး လူသားတွေအတိုင်း
အလင်းလွန် အမြန်နှုန်း အတိုင်း
အတင်းတိုးဝှေ့ရောက်ရှိအောင်သွားခဲ့ကြ
အာရုံခံ ကိရိယာ တွေထဲ အတိုင်းအဆ မသိတဲ့
နှုးညံ့မှုတွေ ဖြတ်သန်း ဝင်ရောက်လာခဲ့ကြ
မိန်းမော မူးယစ် လေဟာနယ်ထဲမှာ လွင့်မျောသွားလိုက်ပုံက
အထိန်းကွပ်မဲ့ စွန်တွေလို ..
ကြားခံ ကွက်လပ်တွေ ဖြည့်စွတ်စရာ မရှိတဲ့အထိအောင်
အပို     အလို     မရှိ     ကွက်တိ  
ပင့်သက်များ မချနိုင် မချီနိုင် တော့တဲ့ အထိ
သွေးကြောများ ပြေလျှော့ နှုန်းခွေ ပျော့ကျသွားတဲ့ အထိ
ညစ်နွမ်းဖွယ် အလင်းပွင့် ရောင်စုံကြားထဲ
မျက်တောင် မခတ်တမ်းစိုက်ကြည့်ရင်း
မင်းနဲ့ ငါနဲ့ ကြားထဲက
ကောင်းခန်းတွေကြီးပဲ ပါတဲ့ အဲ့ဒီဇတ်လမ်းကို
နေ့စဉ်ရက်ဆက်  မငြီးငွေ့တမ်းရိုက်ချင်တယ် . . . ။


MPM

Sunday, March 28, 2010

မနက်ဖြန်အကြောင်း တစေ့တစောင်းပြောဖြစ်တယ် ။

မနက်ဖြန်ဟာ မနက်ဖြန်မှာ မနေထိုင်ချင်တော့ဘူးလို့ လွမ်းလွမ်းဆွေးဆွေးပြောလိုက်တယ် ။  ခင်ဗျားဖြစ်ဖြစ် ကျွန်တော် ဖြစ်ဖြစ် "မနက်ဖြန်အကြောင်းမပြောနဲ့ အခုချိန်ခဏလေးပျော်မလား" ဆိုတဲ့ ရော့ခ်သီချင်းတပုဒ်ဆိုခဲ့ကြဖူးလိမ့်မယ် ။

မနက်ဖြန်နဲ့မနက်ဖြန် အကြောင်းစပ်လို့ပေါင်းဘက်မိကြရင် မနက်ဖြန်လေးတွေအတွက်မနက်ဖြန် ရှိမယ်မရှိမယ် ဆိုတာ မသေချာ ဘူး။  မနက်ဖန်ဟာ ကူးစက် ရောဂါသယ်ဆောင်လာသူတဦးလို စိုးရိမ်ထိတ်လန့်နေတယ် ..မနက်ဖြန်ဟာဒုက္ခတွေပိုမို ထူထပ်လာတဲ့ တံခါးကိုတွန်းဖွင့်လိုက်ရင်း လေညှင်းလေးကို မျှော်တယ် . . မနက်ဖန်ဟာ မြို့ ပြအလည်ခေါင်မှာ ကွန်ပျုတာ သင်တန်းပဲ တက်ရမလိုလို . .  ဘာသာစကား ပဲ သင်ရတော့မလိုလို . . . စာရင်းပဲ ကိုင်ရတော့မလိုလို  .. နိုင်ငံခြားပဲ သွားတော့မှာလိုလို  . . ဈေးရောင်းစားရတော့မလိုလို  ဇဝေဇ၀ါနဲ့ တခုခု အမြဲလိုနေသူပေါ့  ။

မနက်ဖြန်ဟာ ပျံသန်းဘို့လဲ မတတ်နိုင်သူ အိပ်တန်းပြန်ဖို့တောင် အမှောင်နက်နက်ထဲ ကူးခတ်နေရင်း  ရေနစ်နေသူပါ    ။
 မနက်ဖြန်ကို သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းဘို့  ဆရာလုပ်မိတော့ မင်း လက်ထဲက ဈေးဝယ်လာတဲ့ ကျွတ်ကျွတ်အိတ် ကို ငါ့ခြေရင်းမှာ မပုံခဲ့ခင် မင်းအခန်းထဲက အဲကွန်းနဲ့ ဖရက်ဂျီတာ ကို ခလုတ်ပြန်ပိတ်လိုက်ပါဦး ချာတိတ်လို့  ရယ်ရယ် ဖွဖွပြောတယ် ။ မနက်ဖြန်  မှာ အရောင်းသွက်ဆုံး ကုန်စည်တွေဟာ  အရက် ၊ ကွန်ဒွန် ၊ ရာသီဘွား ဟောစာတမ်း ။ ကွန်ဒွန် ၊အရက် ၊ ရာသီဘွားဟောစာတမ်း ။  ရာသီဖွား ဟောစာတမ်း ၊ အရက် ၊ ကွန်ဒုံ ..  တခါတခါ မိုးဟေကို တိုးတိုးခွေ. . အဲ့ဒီလို အကြောင်းအရာတွေနဲ့ပဲ နပန်းလုံးနေရတဲ့ မနက်ဖြန်ပါ ။

မနက်ဖြန် ဟာ ဆေးကုသခွင့်ခံယူဘို့ ကျန်းမာရေးအာမာခံ မရှိဘူး ။ မနက်ဖြန်ဟာ သူ့သက်တမ်း သုံးပုံ နှစ်ပုံလောက်ကို ဘစ်ကားတိုးစီးလိုက် ၊ လမ်းဖြတ်ကူးလိုက်နဲ့ ကုန်လွန်ခဲ့ခြင်းအတွ အမြဲတန်း ငြီးတွားနေ တတ်သူ။ မနက်ဖြန်သည် ပညာရည်ထူးချွန်မှု သာမန် ၊ ဉာဏ်အရည်အသွေး သာမန် ၊ ခြေလက်အင်္ဂါများ သာမန်ဖြင့် ကဗျာများကို သာမန်သာ ရေးသားခဲ့ကြောင်း ၀န်ခံပြောကြား ။ မနက်ဖြန်ရဲ့ တွေးခေါ်မှုပုံစံဟာ သုံးဘက်မြင် ရုပ်လုံးရုပ်ကြွတွေလို ဘက်စုံ မပြတ်သား မဖွံဖြိုး မတိုးတက် နေ့စဉ် စားဝတ်နေရေးထဲမှာ နစ်မြုတ်လျှက်ရှိ ။ မနက်ဖြန်သည် ရန်ကုန်မြို့ကို တတ်နိုင်သမျှ အစွမ်းကုန် ခုံခံ ကာကွယ်ခဲ့ကြောင်း တခုတ်တရပြောပြ ။

မနက်ဖြန်ကို အများက ယဉ်ကျေးမှု ခေါင်းပါး လာကြောင်း ပြစ်တင်ပြောကြားကြ ။ မနက်ဖြန်သည် လုပ်စရာ ကိုင်စရာ မယ်မယ်ရရ မရှိခြင်းကြောင့် လက်ဘက်ရည်ဆိုင်များတွင် နေကုန် နေခန်း ထိုင်လျှက် မြို့ တမြို့ကို စီရင်ချက် ချမည့်သူ များလို  အိနြေ္ဒ တခွဲသား ဖြင့် ကိန်းကြီး ခန်းကြီး အင်မတန် နိုင် ။ မနက်ခင်းလင်းလိုက်တာနဲ့  ဒီနေ့အကြောင်း မစဉ်းစားခင်  မနက်ဖြန်ကို စောင့်မျှော်နေကြ တာက ထုံးစံ ။ အခုဆို  ခင်ဗျားရောကျွန်တော်ဟာ မနက်ဖြန်မှာ ဘာဖြစ်မယ်  မသေချာသေးခင် ဒီနေ့ထဲမှာ ငေါင်စင်းစင်းတွေ ဖြစ်နေကြ ။ မနက်ဖြန်ဟာ သေဆုံးသွားတာ ကြာပြီလို့ တယောက်ယောက်က အော်ပြောလိုက် သံကြားလိုက်ရတယ်။ 
ကူညီပြီး  လိုက်ရှာပေးကြပါဗျာ    ကျွန်တော့် မနက်ဖြန်ဟာ  ဘယ်ဆီမှာ ကျပျောက်သွားမှန်း . .  မသိလိုက်ရခင်မှာ  ဒီနေ့ဟာ ပင့်ကူမျှင်တွေ ရစ်ပတ် ဖုံးအုပ်လျှက်  . . ။

MPM

Sunday, March 21, 2010

March 21, 2010 UNESCO World Poetry Day.

MOP(Final)                                                            



      ငြင်းဆိုဝန်ခံအသိပေးချက်။ ။
ဤကဗျာစာအုပ်ငယ်သည် အင်တာနက်ပေါ်မှ မြန်မာကဗျာဆရာများနှင့် ၄င်းတို့၏ ကဗျာများ အားလုံးကို ကိုယ်စားပြု(ရန်ကြိုးစား)ခြင်း မဟုတ်ပါ။  လက်လှမ်းမီရာ ရောင်းရင်းညီကိုများမှ ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ်အတွက် ရှောင်တခင် စီစဉ်လိုက်ခြင်းမျှသာဖြစ်ပါသည်။  နဲနဲနဲ့ကျဲကျဲဆိုသလို ကိုယ့်အထွာနဲ့ကိုယ် ကဗျာကို စာလုံးပေါင်းကြည့်ကြခြင်းလည်းဖြစ်ပါသည်။  ကျန်းမာရေး ကောင်း၊ မကောင်းကတော့ အဆစ်မတောင်းပဲ  အစစ်တောင်းမည့် ပရိသတ်က ဆုံးဖြတ်သည့်အတိုင်း ဖြစ်ပါစေ။  သေချာတာတစ်ခုက ကဗျာဆိုတဲ့ခေါင်းစဉ်အောက်မှာ တစ်ယောက်ဝါဒကိုတစ်ယောက် အကြောက်အကန်ငြင်းဆန်ဖို့ ကျွန်တော်တို့ ရောက်ရှိလာခြင်း မဟုတ်ခဲ့ပါ။  ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ ကျွန်တော်တို့ ညီခဲ့ကြပါသည်။  ဖွင့်ထားသောစိတ်ဖြင့် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်မှာ ကြက်ခြေခတ်ခြင်း ကင်းကြပါစေ။  




ကြက်သွန်၊ မိုးလှိုင်ည၊ မောင်ဖုန်းမြင့်၊ တေလေ၊
လင်းနီညို၊ လင်းရမ္မာ၊ သိုးထိန်း(အန္တိမ)



Thursday, March 11, 2010

အလေးမှန် ၊ ဈေးမှန် ၊ အရည်အသွေး အသင့်အတင့် အလှမွေး စကားလုံးများ ရောင်းရန်ရှိ။

ပိုက်လိုင်းက ကျလာတဲ့ ရေတွေလို ၊။
ရေတံခွန်က တောက်လျှောက် စီးသလိုမျိုး
မုသာဝါကျများ မြစ်ကြီး တခုလို စီး၍
ရိုက်ကလစ်(Right Click ) ၊ လက်ဖ် ကလစ် (Left Click ) ဘယ်ကလစ်ပဲ နှိပ်နှိပ်
ပွင့်ကျလာတဲ့ စာမျက်နှာ ပြုလုပ်ချက်များ
အများပြည်သူနှင့် စပ်ဆက် သက်ဆိုင်သော
သောတ အာရုံစူးစိုက်မှု
အရပ်သုံး ဘာသာစကားဖြင့်
အနက်အဓိပ္ပါယ် စံလွဲခြင်းဆိုင်ရာ ကုန်ထုတ်လုပ်ငန်း
အိပ်မက် ၊ လေညှင်း ၊ ကောင်းကင် ၊ ဘုရားသခင် ၊ ခရမ်းရောင် ၊ ရင်ဘတ်
ဝိုင် ၊ အရက် နှင့် မူးယစ်ဆေးဝါး ဆန့်ကျင် /ငင် ရေးများ အချိုးကျ
ပါဝင်ထည့်သွင်း ဖော်စပ်ထားလျှက်
လူထု ကိုယ်စားပြု ၊ ခေတ်လူငယ် ၊ ခေတ်လူလည်
အထွေထွေ အကျိုးဆောင် အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီမှ
ဈေးကွက်အတွင်း ရင်းနှီးမြုပ်နှံသူများ ဆုံးရှုံး နစ်နာခြင်း မဖြစ်စေရန်
လရောင် ရွဲနစ်နေအောင် ဆမ်းထားသော  လမုန့် များ ပင်လယ် အတွင်း သို့ သွန်ချ ခြင်း ။
ကြက်ဆူပင်များ ပြုစု ပျိုးထောင်၍ မိုးလွန်ထွန်ချခြင်း ဆိုင်ရာ နည်းပညာ ဆင့်ပွား သင်တန်းများနှင့်
အရှေ့မျှော် အနောက်မျှော်   ပျော်ချင်သလိုပျော် မျှော်ချင်သလိုမျှော်
မဟားဒရား မယားတယား တေးဂီတများ  ထုတ်လုပ်ရောင်းချလိုက်၍
စာကြည့်တိုက် တတိုက်လုံး အသုံးချ ကြွားဝါမှု အထူးပြု ဘာသာရပ် လေ့လာလိုက်စားလိုသူများ အတွက်
အနုပညာ အမည်တပ် စားအုန်းဆီ စက်သုံးဆီ ချောဆီ အထူးအရောင်းဆိုင်များ မြို့နယ် အလိုက် ဖွင်လှစ်လိုက်ပြီး ။
အသင့်လုပ်ပြီး အသားတိုး အလှမွေးစကားလုံးများ  လက်လီလက်ကား  ရောင်းဝယ်ဖောက်ကားမှု  ကိုယ်စားလှယ် လုပ်လိုသူများ  အမြန်ဆက်သွယ်နိုင်ပြီ ဖြစ်ပါကြောင်း  . . . ။    ။

MPM

Tuesday, March 2, 2010

အလေအလွင့်များတဲ့လူ

အလေအလွင့်တစရှိတယ်
နည်းနည်းကြာလာတော့ အလေအလွင့်တစု ဖြစ်လာတယ်
အလေအလွင့်များ က "လေလွင့်ခြင်း လမ်းမများ"  သီချင်းကိုဆိုတယ်
အလေအလွင့် တွေက လူလူ သူသူ လန်းလန်း ဆန်းဆန်း ဖြစ်အောင်လို့
လူမှုရေးလုပ်ငန်းတွေ ဗန်းပြ လုပ်ကြတယ်
အလေ အလွင့်များ ဆိုတော့ ကာ
လေလို တလူလူ လွင့်နေကြတာပေါ့
လူးလူး လွန့်လွန့် လွမ်းလွမ်းဆွေးဆွေးလဲ
ဖြစ်ကြသေးတယ် ဆိုပဲ
လွတ်လပ်ခြင်းရဲ့ အနှစ်သာရကို
စိတ် အမှောင်ကျနေတဲ့ အလေအလွင့်များ  မသိကြရှာဘူး...
လေစီးကြောင်းထဲမှာ လေဆာရောင်ခြည်တွေ
ပြိုးပြိုးပြက်ပြက် ဖြစ်သလို
အလေအလွင့်တွေ လက်လက်ထ နေကြပြီးတော့
လေဒန်းဖန်းစီးတယ် ဆိုတဲ့ စကားဟာလဲ
အလေအလွင့်များက စခဲ့တာပါပဲ
လေယဉ်တင် သင်္ဘောလို အလေအလွင့်တွေ ရှိတယ်
လေပြွန်ရောင်နေတဲ့ အလေအလွင့်တွေ
လေချဉ် တက်နေတဲ့ လေယဉ်မောင်/မယ် လို အလေအလွင့်တွေ
လေကြီး မိုးကြီးကျနေတဲ့ လေစကြာ သမား အလေအလွင့်တွေ
လေညာက နေသာပါတယ်ဆိုတဲ့ အေးဆေးသမား အလေအလွင့်တွေ
လေညွှန်တံလို လက်ညိုး ညွှန်ရာ လေဖြစ်နေတဲ့  အလေအလွင့်တွေ
ရှိခဲ့တယ် . . . .
လေဟာနယ်ထဲမှာ ၊ လေထုထဲမှာ ၊ လေခြားမျဉ်းပေါ်မှာ  အလေအလွင့်တွေ
ထူထပ် ပိတ်ဆို့နေကြပေမယ့်
လေကြောင်းလမ်းပြ မရှိခဲ့ဘူး
စိုးရိမ် လေမှတ် ကိန်းညွှန်ပြ မျဉ်းက သက္ကရာဇ် ၂၀၀၀ ကျော်ထဲက
အခု . . .
ငါရဲ့ လေလွင့်ခြင်း မင်္ဂလာ ခံယူလိုက်တဲ့ နှစ်ဟာ
ခရစ်နှစ် ၂၀၁၀ ဖြစ်တယ်  . . .
 ဒီပုံပြင်ထဲက
အလေလွင့်များ တဲ့ လူဟာ
ခင်ဗျား ၊ ကျနော် ၊ ငါ ၊ သူတပါး ၊ ယောင်္ကျား ၊ မိန်းမ
အားလုံး ဖြစ်နိုင်ကြတာပဲ . . . ။

MPM

(သာလွန် မြန်မာ-အင်္ဂလိပ် အဘိဓန် ထဲမှ  စကားလုံးများ  ယူငင် သုံးစွဲ တည်ဆောက်ပါသည် )

Wednesday, February 24, 2010

အလွမ်း



( ၀မ်းနည်းကြေကွဲ ရခြင်း ၊ ကိုယ်စိတ် နှလုံး ညိုးနွမ်းရခြင်း တို့သည်
ချစ်ခြင်း သာလျှင် အမွန်အစ ဖြစ်ကုန်၏ ။  ) (ဓမ္မပဒ)

ညက ..ညကိုလွမ်းတယ်
အလွမ်းက...အလွမ်းကို လွမ်းပြန်ရော
အလွမ်းရဲ. အရောင်ကို......အရောင်တွေနဲ့ပြန်လွမ်းတော.
အလွမ်း......ရဲ.ပြဇတ်က အလွမ်း ခန်းဆက် ရှည် ကတယ်....

အလွမ်းမှာ.. အလွမ်းရဲ. သံတူကြောင်းကွဲ မရှိဘူး
အလွမ်း ဟာ... ဇီဝိန်ကြွေတော့မဲ့ ငါးလို ဖျတ်ဖျတ်လူးနေတယ်
အလွမ်းဟာ....သူစိုက်ပျိုးသမျှ သူ့ရိတ်သိမ်းတယ်
အလွမ်းဟာ.. သူ့ခွန်အားအတွက်
သူ့ရဲ့ အလွမ်းတွေကိုပြန်လည်စားသုံးတယ်

အလွမ်းဟာ... နက်စ် ကော်ဖီနဲ့ စီင်္းကရက် ကြိုက်တယ်
အလွမ်းက....သူ့ ကိုယ်သူ အနုပညာစိတ်ရှိသူ လို့ထင်နေတယ်
တခါတရံ..... ဗီသိုဗင် ယောင်ဆောင်တတ်တယ်
မောင်ချောနွယ် ယောင် ဆောင်တတ်တယ်  
ပေါ်ဦးသစ်လို.ထင်အောင် ဟန်ဆောင်လာတတ်တယ်............

အလွမ်းက...
သူ့ရဲ့အတိုင်း၊ အရှည်ကို မြစ်တစ်စင်းနဲ့ ခိုင်းနှိုင်း တတ်တယ်
ထုထည်ကိုတော. သူကိုယ်တိုင်တောင် မမှန်းဆ တတ်ဘူးတဲ့

အလွမ်း က .....
သူဟာပျော်ဝင်တတ်သူပါတဲ့
ပုံစံမဲ့ စီးဆင်းတတ်သူလို.ပြောတယ်.....

အလွမ်း ဟာ.....
ရီဝေေ၀ ညနေခင်းများနဲ.
အိမ်ပြန်ချိန်လည်း နောက်ကျတတ်သေးတယ်

ဒီလိုနဲ့  ....
အလွမ်းဟာ လူလား မြောက်လာ ခဲ.တယ်...........။

မောင်ဖုန်းမြင်. (2.03.2008)

( ၂၀၀ဂ ခုနှစ်တုန်းက ရေးခဲ့တဲ့  ကဗျာဟောင်းလေး တပုဒ်ပါ ..  ဆားချက်တယ် ပဲပြောပြော  ခုအချိန်မှာ တစုံတရာကို  စူးစူး ရှရှ လွမ်းနေလို့  ပြန်တင်လိုက်တယ် .. ။ )


Sunday, February 21, 2010

တတိတိနဲ့ တိုက်စား ၊ တတိတိနဲ့ ကုန်ဆုံး ၊ တိတ်တိတ် နေခြင်းမှာ တွန်းတွန်း တိုက်တိုက်


အနန္တ စကြ၀ဠာ နဲ့ချီပြီး မေတ္တာပို့   . .
ဂလက်ဇီ နဲ့ ခိုင်းနှိုင်း  . .   ဆဲ     ရေး     တိုင်း     ထွာ           (ဆယ်ရေးတရာ)
ဂလို ဘယ် လိုက်ဇေးရှင်း ယဉ်ကြီးမှ ပဲ့ ပဲ့ ကျ လာသော
                                               ဝက်အူ ရစ်ပြုန်းများ 

ဖရီး ဒမ်း  . . .  ဖရီးဒမ်း. . .   လို့  အမြီးယမ်းပြီးပဲ  အော်ရတော့မလိုလို..


အချစ်ရေ . . .  
သံသယ ဆိုတာ   စတစ်ကာ ကပ်ထားတဲ့  မှန်မည်းကြီး လို 
မင်း နဲ့ ငါကြားမှာ  ခြားထားတဲ့ အရာပါ . . . . .

အဲ့ဒီလို မဆို လိုပါဘူးကွာ . . .

အခန်းလွတ် တခုရှိတယ်    မြန်မြန် ခုန်ဝင်လိုက် 
ခင်းထားတဲ့ စားပွဲမှာ ထိုင်  ..  မီနူးကတ်ကို ဖတ်  ..  
၃၁ ဘုံလုံးက  အကောင်းဆုံး  ဒုက္ခ ဟင်းလျှာနဲ့ မင်းကို တည်ခင်း ဧည့်ခံမယ် . . .
အချိုပွဲက မသေခင် စပ်ကြား ရလာတဲ့  သု  . . . ခ . . .  ချမ်း . . . သာ   . .  .။

MPM
19.Feb .2010

Tuesday, February 9, 2010

ဒီကဗျာ ခင်ဗျား ဘယ်က ရလာတာလဲ ( အပါယ်လေးဘုံသား ကဗျာ )

ဒီမှာ. .  .
ဒီကဗျာကို  ခင်ဗျား ဘယ်ကရလဲ
ခင်ဗျား က မသင်္ကာ မျက်လုံးတွေနဲ့ ကြည့်နေပြန်ပြီ
ဒီ ကဗျာထဲမှာ  ဘာတွေ ပါဝင် ပက်သက်မှုရှိလဲ
ခင်ဗျား ခြေရာ လက်ရာတွေ ဒီကဗျာ မှာ ကျန်နေခဲ့သေးလား
ဒီ ကဗျာရဲ့ အမျိုးအစား က ဘာလို့ခေါ်လဲ
ဘယ်နှစ်ခုနှစ် ဖွားလဲ  .. မွေးသက္ကရဇ် မလွဲအောင် ဖြေပါ
ဒီကဗျာ ရဲ့   . . အိုင်ဒီ နံပါတ်ကိုပြော
ဒီကဗျာ ရဲ့ ပုံပန်းသဏ္ဍန်ကို အကြမ်းပြောပြ 
လိင်=ကျား/မ
ပညာအရည်အချင်း
အိမ်ထောင် ရှိ/မရှိ
အရပ် (ရှည်/ပု/သင့်) အသား အရည် ( ဖြူ/ ညို/ မဲ)
ဆံပင် အရောင် ၊ မျက် လုံး အရောင်
ကိုးကွယ်သည့် ဘာသာ ၊ ပညာ အရည်အချင်း
သူအကြိုက်ဆုံး အရောင်က ဘာလဲ . .
ထင်ရှားသည့်အမှတ်အသား ဘာရှိလဲ
ဘာကို စွဲစွဲ မြဲမြဲ ကြိုက်နှစ်သက်လေ့ရှိလဲ . . .
ဒီကဗျာမှာ  ရည်ရွယ်ချက် ရည်မှန်း ချက်ဆိုတာ ရှိလား
သူကြီးပြင်းရင်  ဘာဖြစ်ချင်တယ်လို့ပြောခဲ့ဘူးလား
ဒီကဗျာ ကို စောင့်ကြည့်ခြင်းအားဖြင့်  မျှော်လင့်ချက်ဆိုတာရှိလား
ဒီကဗျာမှာ မျက်ရည်စတွေ စွန်းထင်းပေကျံဘူးလား
ဒီကဗျာ ရဲ့ သောကြာဂြိုဟ်ခုံ အရမ်းမို့မောက်လွန်းနေလား
ဒီကဗျာနဲ့ရော လိင်ဆက်ဆံခဲ့ဘူးလား
ဒီကဗျာရဲ့ ထုတ်လုပ်ရာ အရပ်ကဘယ်ကလဲ
( တချို့ကတော့ ရင်ဘတ်ကြီးပါလို့ ခဏခဏပြောကြတယ် ဆရာ )
ဒီကဗျာရဲ့ သက်တမ်း ဘယ်လောက်ကျန်နေသေးလဲ
အစားထိုးစရာ အစိတ်အပိုင်းရော အလွယ်တကူ ရှာကြံဝယ်လို့ရလား
ဒီကဗျာ က ကလျာဏမိတ်ကောင်း၊ဆွေကောင်းလား
ဒီကဗျာရဲ့လားရာဂတိ ဘယ်လဲ အထက်ဘုံလား / အောက်ဘုံလား
ဒီကဗျာ နေ့စဉ်မှီဝဲသုံးစွဲနေရတဲ့ဆေးတွေရော  သူနဲ့အတူ ပါသွားသေးလား
ဒီကဗျာရဲ့ အကြိုက်ဆုံးသီချင်း၊ ရုပ်ရှင်ကား ၊ကော်ဖီအမျိုးအစား ၊ စာအုပ်တွေက ဘာလဲ
ဒီကဗျာနဲ့ နောက်ဆုံးတွေ့ခဲ့တာ ဘယ်အချိန်လဲ
ဒီကဗျာရဲ့ နောက်ဆုံးစကားကဘာလဲ
နောက်ဆုံးမေးခွန်းတခုမေးမယ်
ဒီကဗျာက ခင်ဗျားရင်အုံတည့်တည့်ကို ဓါးနဲ့ထိုးစိုက်ခဲ့တာလား
ခင်ဗျားနဲ့ရော ရန်ငြိုးရန်စ ရှိခဲ့ကြလား . . .

“အခု ဒီကဗျာသေဆုံးသွားရမှု မှာ ဘယ်သူ တာဝန် အရှိဆုံးလဲ”


MPM

Friday, February 5, 2010

ပျော်ရွှင်စွာ နေထိုင်နည်း ပရိုဂရမ်အသစ်

ခဏ ထားခဲ့လိုက်ပါ . . .

ခင်ဗျား ဦးခေါင်းထဲက
စုတ်တီး ၊ စုတ်ပဲ့ အတွေးတွေ .  . .
"ကျမ သမီးလေး ဆယ်တန်းမှာ အော်လ်ဒီထွက်မှ ဖြစ်မယ် " ဆိုတာတွေ
ဒီပွဲကို ပြတ်အောင် ရိုက်လိုက်ရင်
အပေါ်ကားကို ၂၀၀ အလိုက်ပေးလဲမယ် ဆိုတာတွေ . . .
ချိတ်ထားလိုက်တဲ့ ဇယားလေး က
အကိတ်ကြီးပဲ  ၊ လန်းတယ် ဆိုတာတွေ . . .


WTC အပိုင်းအစတွေ တောင်
အမှတ်တရ ပစ္စည်းဖြစ်တဲ့ခေတ်ထဲမှာ
ဘာမက်စရာရှိလဲ . . . .

ဘင်လာဒင်လဲ ဒုလ္လဘ တခုပဲ
ဂန္ဒီကြီးလဲ  ဒုလ္လဘ တခုပဲ
ခင်ဗျားနဲ့ ကျနော် ရေခဲစိမ် ဘီယာ ကြိုက်ပြီး
အာသာပြေ ကဗျာရေးတယ် ဆိုတာလဲ ဒုလ္လဘ တခုပဲဟာ
ဘာမက်စရာရှိလဲ . . .

ခုဆို . . . ကျနော်တို့ ပျော်ရွှင်စွာ နေထိုင်ပါတယ်
ပရိုပိုဇယ် ကျလာတဲ့  ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝါဒီတယောက်လို
ပလတ်စတစ် ဆန့်ကျင်ရေး သမားတဦးလို
NGO တခုက မန်နေဂျာ တယောက်လို

ရေလာတော့လဲ ပျော်ပါတယ်
မီးလာတော့လဲ ပျော်ပါတယ်
ကွန်နက်ရှင် ကောင်းတော့လဲ ပျော်ပါတယ်
ဘတ်စ်ကားတိုးစီးရင်းလဲ ပျော်ပါတယ်
ရတနာပုံ ချန်ပီယံ ဖြစ်တာလဲ ပျော်ပါတယ်

ဘာမက်စရာရှိလဲ . . .
အနိစ္စ ( အမြဲမရှိ ) ဆိုတဲ့တရားဟာ
ကျနော်တို့နဲ့ ယဉ်ပါးနေတဲ့ ငယ်မွေးခြံပေါက်ပဲဟာ . . .

ကျနော်တို့ ပျော်ရွှင်စွာ နေထိုင်ကြရပါတယ် .  . .  ။   ။



MPM

Saturday, January 30, 2010

နောက်ဆုံးတော့ ဒါဏ်ရာတွေပဲရှိတယ် "လူစီ"

"လူစီ" . . .



မင်း နောက်မှာ လူတွေတန်းစီနေတုန်းပဲလား  . . . "လူစီ"

မင်းရဲ့ထုတ်ကုန်တွေကြောင့် အထုပ်တွေလဲ ကုန်ခဲ့ပါပြီ . . . "လူစီ"


အခြေခံ စစ်ရေးပြ သင်တန်းမှာလို  မင်းရှေ့မှာ သတိစွဲပြီး
တန်းစီပြရဦးမှာလား . . .  "လူစီ"

ဆိုရှုယ် နက်ဝေါ့ကင်း ဆိုက်တွေ မှာ ဖန်ကလပ်ထောင်ပြီး
လူစည်ကားချင်နေတာလား  . . . "လူစီ"

မင်းရဲ့ အရယ် ၊ အပြုံးတွေဟာ  လိင်ဆွဲဆောင်မှု ရှိတယ်  . . ."လူစီ"


လိင်ကြောင့် ဖြစ်တဲ့ ရောဂါတွေလဲ တနေ့တခြား ဆန်းသစ်လာတယ်  . .  "လူစီ"

မင်းရဲ့ အိပ်ယာခင်းတွေကို  မတွန့်ကြေအောင် ထိန်းသိမ်း ပါဦး  . . ."လူစီ"

 မင်းအခန်း က ထပြန်လာတဲ့ အမျိုးသား တယောက်ရဲ့ နံနက်ခင်း ကို
ဂွဒ်မောနင်းလို့ နှုတ်ဆက်ပါတယ်  . . . "လူစီ"

ပေါ်ပီပန်းတွေ ပွင့်ချိန်မှာ  ကုတ်ကင်း ကို သတိရ တဲ့
ကိုလံဘီယာသား တယောက်လို ငါ .  . မင်းကို သတိရနေပါတယ် . . ."လူစီ"

အခု . . . ငါတော်တော်ဖျားနေပါပြီ  . . . "လူစီ"

ငါ . . . အန်ချလိုက်တိုင်း  . . မင်းနာမည်တွေပဲ ထွက်ကျလာတယ်   . . . "လူစီ"

ငါ . . . အသုဘ ရှုရန်လာတဲ့အခါ အနက်ရောင် ဝမ်းဆက်နဲ့
နှင်းပန်းတပွင့် ကို ရင်ဘတ်မှာ ထိုးခဲ့ပါ  . . . "လူစီ"

 ဂွဒ်ဘိုင် မိုင်ရို့စ် လို့ နှုတ်ဆက်လိုက်ပါတယ်  . . . "လူစီ"

( အဲ့ဒီညက ငါ့သူငယ်ချင်း  ငါ့အခန်းကို မလာခဲ့ဘူး  . . "လူစီ" )


MPM

Wednesday, January 27, 2010

အချစ်ကြောင့် ဆေးပြယ်သွားသော ပန်းချီကား

ကင်းဗတ်စဖြူဖြူပေါ်မှာ

တိမ်သားရောင်စုံပြာပြာနဲ့

အလှဆုံးဆေးရောင်ခြယ်နိုင်ဘို့

ကျနော် ကြိုးစားခဲ့ပါတယ်



အဆင်မပြေမှု လှိုင်းတံပိုးတွေထန်တော့

ကျနော့် စုတ်ချက်တွေဟာ

ကြမ်းချင်သလိုကြမ်းခဲ့

ရိုင်းချင်သလိုရိုင်းခဲ့


တကယ်တော့ ကျနော်ဟာ

အရိုးသားဆုံး တည်ဆောက်ချင်သူပါ

လူသူလေးပါးထင်သလို

ဘ၀ ကို ရောင်းဝယ်ဖောက်ကားနေတဲ့

ကုန်သည်တဦး မဟုတ်ပါဘူး


ကဲအခုတော့ . . .

ကျနော့်ပန်းချီကားလေးရဲ့

ရေးသူ အမည်မှာ

ဟစ်တလာ လို့

နာကြည်းစွာ ကမ္ဗည်းထိုးလိုက်ပါတယ် 



MPM

Monday, January 18, 2010

သင်းကွဲ

အပျော် မရှာချင်တော့ဘူး
တကိုယ်တော် ငြိမ်ဆိတ်တဲ့ စိတ်နဲ့
တောရကျောင်းလေး  အရိပ်နား
တိတ်တိတ်လေး တိုးဝင်
ဝိဉာဉ် ကို ခြေဖျားထောက် ၊ လမ်းလျှောက်လာတဲ့
မြေကြီးလို ကျင့်ချင်သူ
အလေအလွင့် ကောင်းကင်ဟာ
တံတွေးခွက်များ အလည်ခေါင်မှ
ရှင်ပြန် ထမြောက်လာခဲ့တယ်  . . .။


MPM

Saturday, January 16, 2010

အနမ်းတပွင့်ရဲ့ ရွေ့လျားဖြစ်စဉ် မှော်ဝင်ညများ

ကောင်မကြီးရေ . . .

(အသဲကွဲနေတဲ့ ကဗျာဆရာ တွေသုံးနေကြ ကောင်မလေးလို့ မသုံးချင်လို့ )

ငါ့ ဘဝမှာ ဘယ်လောက် လှိုင်းထန် နေရဦးမှာလဲ ဟင် . . .
မင်းနှုတ်ခမ်းကို .. ငါ . စနမ်းတုန်းက တခါ ၊ ရှင့်ကို တနေ့နေ့ ကျမ ထားခဲ့ရဦးမှာပဲလို့ မင်းပြောလိုက်တုန်းက တခါ ၊ ရှင့်လောက် အသုံးမကျတဲ့ လူ ဒီကမ္ဘာမှာ မရှိဘူးလို့ မင်းနောက်ဆုံးပြောတုန်းက တခါ . . . ငါ့ ပင်လယ်မှာ . . . မင်းစကားလုံးတွေ နဲ့ဘောင်ဘင်ခတ်  ဆူနာမီ ဖြစ်ခဲ့တဲ့ အရပ်ဟာ  ငါ့ရင်ခွင်ပါလို့ ပြောရင်  မင်းရယ်သွမ်း သွေး ပြန်ဦးမယ် မဟုတ်လား  . . . ။



နှုတ်ခမ်းနဲ့ ပက်သက်လာရင်တော့ ငါ့မှာ ပြောစရာအများကြီးရှိတယ် ကောင်မကြီးရေ . . .
ကမ္ဘာကျော် ဂျိုလီနှုတ်ခမ်းတွေနဲ့ မင်းနှုတ်ခမ်းတွေကို စီးချင်းထိုးခိုင်းရရင်  ငါသနားတယ်  (ဂျို့လီကို) သူ့နှုတ် ခမ်းတွေ အတုန်းအရုန်းဖြစ်ကုန်မှာ မြင်ယောင်လို့ . . . မင်းက ငါ့ရဲ့ အသဲကွဲ နှုတ်ခမ်း အုံနာကြီးပေါ့ကွာ . . . ငါက မင်းနှုတ်ခမ်းပေါ်မှာ နေ့စားမောင်းနေရသူ  . ..( အုံနာကြေး မပြည့်ရင်  မင်းက တခြားတယောက် အစား ထိုးဦးမှာ လေ )   . . . ။




ငါက  ဘာလဲဆိုတော့ကာ နယ်ကျွံစွဲလန်းမိသူ  . . . င့ါ . .အစာအိမ်အတွက် အန္တရယ်ပေးမယ့် ဆေးလိပ် မီးခိုး တွေကို တရိုက်မက်မက် ရှိုက်သွင်း နေသလို  . . . မင်းကို ငါ့ဘဝ ထဲ ရှိုက်သွင်းခဲ့...  ကဲ . .  အခုတော့ . . ငါ့ကင်ဆာ ဟာ  မင်းမုန်းတယ်လို့ပြောတဲ့  ငါ့အတ္တပဲ . . ဒီကြားထဲ  ဘီယာဆိုင်မှာ ( မင်းမရှိ တာ နဲ့ ကော်ဖီဆိုင် မထိုင်တာတောင်ကြာပြီ )နားထောင်နေရတဲ့ သောက်ရူး အဆိုတော် ဆိုနေတဲ့ သီချင်းက  တနေကုန် ထိုင်ပြီး တစိမ့်စိမ့် ကြည့်  လာလုပ်နေသေးတယ်  . . . ငါက မင်းကို ကမ္ဘာကုန်ထိုင်ပြီး တစိမ့်စိမ့် ကြည့်ချင်နေတာ ကို သူမသိဘူး . . .။




မင်းဖဲထုတ်ကို မင်းချိုးချလိုက်တော့ ငါက အောက်ကိုးနဲ့ လှမ်းရှိုးလိုက်မိသူ (ဟောက်စားပေါ့ကွာ ) မင်းကလဲ  စပိတ်တစ်နဲ့ သိပ်ချစ်တယ်လို့  ဟန်ဆောင်ပြခဲ့သေးတာပဲမဟုတ်လား  . ... ဝိုင်းထဲမှာတော့  မင်းသာရှုံးသွား ရင် ဘာပေါင်မလဲလို့ စောင့်နေတဲ့ ကောင်တွေကလဲ အများသား ( အဲ့ကောင်တွေက အသေသား ၊ အရှင်သား အကုန်စားတဲ့ အမျိုးကောင်းသား ဝံပုလွေကြီးတွေလေ )




ငါ့ရဲ့ ဟောင်းနွမ်းနေတဲ့ လမ်းမတွေအပေါ်  မင်းဖြတ်မမောင်းတော့တဲ့  အချိန်ထဲက မင်းဆီက တရားမဝင် အခွန်အခ အနမ်းတွေ ငါမရတော့ဘူးပေါ့ ..  ကမ္ဘာလုံးဆိုင်ရာစီးပွားပျက်သလို   ငါ့ဆီမှာလဲ နှလုံးသား ပျက်တာပဲ ။



အမဲရိကရဲ့  ပထမဆုံး လူမည်းသမ္မတ က  "Change" လို့ ကြွေးကြော်တော့  ငါက  အပြောင်းအလဲကို မလိုချင် တဲ့ကောင် . . . ဒါပေမဲ့   . . ဘာမှ မရှိတာထက်စာရင်  မင်းရဲ့ချည်သား ဗြောင်ထမိန်လေးပေါ်မှာ ကြယ်ပွင်လေး တွေ ကိုတော့ ရှိနေစေချင်လိုက်တာ . . . မင်းသာ ငါ့ဆီက  ထွက်မပြေးခဲ့ရင်  မင်းနှလုံးသား အရှေ့ဖျားမှာ ငါ ဟာ ကူဗလိုင်ခန့် ဖြစ်နေလောက်ပြီ   ..  မင်း အတွေးထဲက နောက်တယောက် ဆိုတဲ့  ကောင်ကို လျှပ်စစ် ကုလားထိုင်ပေါ်ကို ငါ ပို့လိုက်တယ်  ( တာဝန်သိ အချစ်သား ပြည်သူတယောက် အနေနဲ့ပါ ) . . ငါ့နိုင်ငံတော် ငါ့နိုင်ငံသား  ငါ့အချစ်များစွာအတွက် ကာကွယ် စောင့်ရှောက်လိုက်ရတာပါကွာ . . .။




အလင်းဝတ်ရုံပေါ်မှာ . . . နှင်းဝတ်စုံချွတ်ချလိုက်ရတဲ့ . . ."ည"  . .ငါ့မျက်လွှာကိုတောင်  ငါမပင့်တင်နိုင်တော့တဲ့ . . . "ည " ... အမျိုးကောင်းသား ဝံပုလွေတွေ  အုပ်စုလိုက်ကခုန်နေတဲ့  . . . "ည ". .  မင်း . . နှုတ်ခမ်းဖျားတွေ  .. ဆတ်ဆတ်တုန်နေတဲ့ . . ."ည  ". . .   ငါ့ မျက်နှာကို ပက်ပက် စက်စက် တံတွေးနဲ့ ထွေးခံလိုက် ရတဲ့ "ည" . . . လမင်းတောင်   အပေါင်ဆိုင် ပြုတင်းမှာ မေးတင် ငေးနေရတဲ့ . . .  "ည" . . အနောက်တိုင်းသား သိပ္ပံပညာရှင် တွေ က စက်ရုပ်ချစ်သူလေး  ရိုစီကို တီထွင်လိုက်ပါပြီ လို့ ကြော်ငြာ ဝင်နေတဲ့ . . ."ည " . .  မန်ချက်စတာ ဘော လုံးအသင်း  ပင်နယ်တီ အသွင်းခံလိုက်ရတဲ့ "ည" . . .



ကောင်မကြီးရေ  . . .

အဲ့ဒီလို  ညပေါင်းများစွာကို  ညစ်ညမ်းစွာ ဆဲရေးတိုင်းထွာလိုက်ပြီးနောက်
မင်း ကို သတိရနေလိုက်ပုံများ   . . ။


MPM

Wednesday, January 6, 2010

မင်းမုန်းတယ်ပြောတဲ့နေ့က ငါ့လက်ဖျံရိုးမှာ ဆေးမင်ကြောင်အသစ်တိုးတယ်

ငါဟာ . . .မင်းခြေဖမိုးအောက်မှာပဲ
အစွယ်ကျိုးချင်တဲ့မြွေ
အသံဝင်သွားရတဲ့ ခြသေ့င်္
မင်းမျက်စောင်း ဖြောင့်လက်သီးတချက်နဲ့
ကြမ်းပြင်မှာ ဗိုင်းကနဲလဲရတဲ့ကောင်
မင်းကိုလွမ်းတဲ့အလွမ်းတွေကို
ချိန်တွယ်ပြစရာကိရိယာ ဒီမှာမရှိသေးဘူး
မင်းကိုချစ်တဲ့ စိတ်နဲ့
ကောင်းကင်ဘုံနဲ့မြေကမ္ဘာကို တညတာနဲ့ ငါဖန်ဆင်းတယ်
ငါ့ဥယျာဉ် ကို မင်းက အပိုင်စားရသူ
ငါ့ နိုင်ငံတော်မှာ သက်ဦးဆံပိုင်
ငါ့ဒေတာဘေ့စ် ပရိုဖိုင်းမှာ ဖျက်လို့မရတဲ့ ဗိုင်းရပ်စ်
ငါ့နံနက်ခင်းတိုင်းမှာ ဖြာနေတဲ့ နေရောင်ခြည်ဟာ .မင်း
ငါ့သီချင်းတိုင်းဟာ မင်းနာမည်
ငါ့အလံတော်ဟာ မင်းကြောင့် တလူလူလွင့်လို့

မင်းမုန်းတယ်ပြောတဲ့နေ့က
ငါ့လက်ဖျံရိုးမှာ  မင်းနာမည်ကို ဆေးမင်ကြောင်ထိုးတယ် . .  . ။


ဖုန်းမြင့်