Saturday, January 31, 2009

ရေမျော ၊ ကမ်းတင် ရက်စွဲများ ....။

http://www.loanswithrob.com/Clipart/Home



ငါးတစ်ကောင်ကို
အကြေးလှန် သလိုမျိုး
အထုပတ္တိ တစ်ခုလုံးကို
အကြေးလှန် ချ ပစ်လိုက်တယ် ............။

ပြန်ရစ်ကြည့် နေစရာ မလိုဘူး
ကောင်းခန်း တွေ့တာနဲ့
ဘဝကို Pause ခလုပ်သာနှိပ်လိုက်.........။

နေ့ရက်တွေ အကုန်လုံး
လွင့်စင်.....................
ပြန့်ကျဲ......................
ရင်ခေါင်းက ခွဲပြီး
ဆားသိပ်ထားခဲ့တာတောင်
ညှီနံက ပြင်းချင်သေးတယ်..................။

အစီအစဉ် မကျဘူး......
စနစ်တကျ မရှိဘူး.......
သီအိုရမ်တွေနဲ့
ပုံသေနည်းမဆန်ခဲ့ဘူး
အကွက်ကောင်း မရွှေ့တတ်တဲ့
စစ်တုရင်သမားတစ်ယောက်လို
သရေ ပွဲဖြစ်ဘို့
အပ်ကွက်ပဲ မျှော်စရာရှိခဲ့.....................။


ဒုက္ခတွေနဲ့ စုံလုံးကန်းနေတာတောင်
ဂမ္ဘီရ ဆန်ချင်နေသေးတယ် ......... ။

ပြီးမှ.............
အလံဖြူ တစ်လက်ထောင်တယ်
မီးခိုးအူပြီး အချက်ပြမယ် ......
ပြီးတော့........
" Please Help Me " !!!
" S . O . S "
" မိုးနတ်မင်းကြီး ကယ်ပါ " ......
ဘာသာစကား ၆ မျိုးနဲ့စာရေးပြီး
ပုလင်းထဲထည့်
ပင်လယ်ထဲ မျှောချလိုက်တော့တယ် .........။

လှိုင်းတွေက ကမ်းပြန်ပုတ်တော့
သောင်ခြေရင်းမှာ
ပုလင်းလေးခမျာ သဲတွေဖုံးလို့...............

ဒီလိုနဲ့ နှစ်ပေါင်းများစွာ
ကျွန်းမျော ပေါ်မှာ ........
ငါ ........ ....... .. ။

Thursday, January 29, 2009

ဖိနပ်အရောင်းသမားလေးရဲ့ အတွေးများ.....

http://armedia.com.googlepages.com/header_shoes.gif




သူ့ကို ပါတ်တိုင်း အလုပ်ကလေးတစ်ခု ရှိသည် လုပ်မည်လား ဟု သူငယ်ချင်းတစ်ယောက်ကမေးတော့ လုပ်မည်လို့ပဲ အလွယ်တကူ တုံပြန်လိုက်သည် သူ့မှာ ရွေးချယ်စရာ သိပ်များများစားစား မရှိတော့ အခုလုပ်ရသည့် အချိန်ပိုင်းအလုပ်လေးမှမလုပ်လျှင် စားရေး ၊ သောက်ရေးက အခက်အခဲ ဖြစ်လာနေပြီ ဆက်လက် ရပ်တည်နိုင်ဘို့က မလွယ်ကူတော့ခေတ်စကား နဲ့ ပြောရလျှင် ဂိန်နေတာကြာပြီ ဖြစ်သည် ။

သူ့အလုပ်က ဖိနပ်ရောင်းဘို့ပင် ဖြစ်သည် ၊ အခုလို ဆွေမျိုးပေါက်ဖော်တွေရဲ့ နှစ်ကူးအခါသမယမှာ ဖိနပ် စက်ရုံများ၏ ကိုယ်စားလှယ်တစ်ဦးမှ ပရိုမိုးရှင်း ပြုလုပ်ခြင်းပင် ဖြစ်သည် ။ အမြဲတမ်းတော့ လုပ်လေ့မရှိ တနှစ်တွင် ၂ကြိမ်သာလုပ်သည် ပေးသည့် လုပ်အားခက မဆိုးဘူးလို့ပြောလို့ရသည် သေချာတွက်ကြည့် ရင်တော့ မတန် ညဘက်ပါ စောင့်အိပ်ပေးရလေသည် ။ ဖိနပ် ဆိုပေမဲ့ သာမန် ဖိနပ်မျိုးတွေ မဟုတ် လူလတ်တန်းစား အများစု စီးနိုင်သော ဈေးအသင့်တင့်တံဆိပ်များ မှသည် အကောင်းစား တံဆိပ်နှင့် မြန်မာငွေကြေး သိန်းကျော်တန်သော ဖိနပ်မျိုးအထိပါသည် ။

ရောင်းမယ် ဆိုတော့လဲ ရောင်းပေါ့ စပြီး ပြင်ဆင် ခင်းကျင်းတော့ ဘာမှပြသနာမှ မရှိ.. ရောင်းတဲ့အထိလဲ ပြသနာမရှိပါ ရောင်းပြီးတဲ့ အချိန်ထိလဲ ဘာပြသနာမှ မရှိ ၊ ပြသနာ ရှိသည်က သူ့အတွေးများပင် ဖြစ်သည် ..သူက ဈေးရောင်းနေတုန်း ဆို သိပ်တွေးလေ့မရှိ ၊ တွေးချိန်လဲ သိပ်မရပါ လာဝယ်သူတွေကို အသေချာ ရှင်းလင်းပြောပြပြီး စိတ်တိုင်းကျ အောင် ဝန်ဆောင်မှုပေးရလေသည်ကိုး ၊ ဝယ်သူပါး သည့် အချိန်အခါမျိုးနှင့် ဝယ်သူပြန်ထွက်သွား သည့် အချိန်အခါ မျိုး ဆိုလျှင် သူ့အတွေးတွေက တရစပ် ဝင်လာတတ်သည်..
အလကားနေရင်း ခေါင်းထဲ ဝင်လာတတ်သည်က ဒီလူတစ်ယောက်ရဲ့ ခြေထောက်တွေနဲ့ အခုလို ဖိနပ်မျိုးက တန်ရဲလား.ဆိုသည့် အတွေးပင် ဖြစ်သည် ၊ ပြီးတော့ ခြေထောက်တွေဆိုတာ လူတစ်ယောက်ရဲ့ အောက်ဖက်ဆုံးမှာ ရှိနေတာ မဟုတ်လား ခုလိုမျိုး တန်ဘိုးရှိ အဆင်တန်ဆာမျိုး တွေနဲ့ဆင်ယင် ဖုံးကွယ်သင့်သလား တကယ်လို့ ဆင်ယင်သင့်တယ်လို့ ဆိုရင်လဲ ခုလို ဝတ်ဆင်လိုက်ခြင်း ဖြင့် ဒီလူ တစ်ယောက်ဟာ ယဉ်ကျေးမှု ပိုမို အဆင့်မြင့် သွားပြီ လား၊ လူ့တစ်ယောက်ရဲ့ ကျင့်ဝတ်သိက္ခာနဲ့ ကိုယ်ကျင့်တရားဟာ ဒီလိုဝတ်ဆင်လိုက်ယုံနဲ့ ပိုမို ကောင်းမွန်သွားခဲ့ပြီလား ၊ ပြီးတော့ ဒီလို ဖိနပ်တစ်ရံနဲ့ လောကဓံတွေ ကြားမှာ ခြေစုံ မတ်မတ်ရပ်နိုင်ပြီလား ဆိုသည့် အတွေးများပင်ဖြစ်သည် ။

တစ်ခါတစ်ခါ သူစဉ်းစားနေမိသည်က လူတစ်ယောက်တွင် ဦးခေါင်းနှင့် ခြေထောက် ဘယ်ဟာက ပိုအရေးကြီး သလဲ ဆိုသည့် အတွေးပင် ဖြစ်သည် ..၊ လူတွေက ဦးခေါင်းကို ဆံပင်ပုံ လှလှလေးတွေ ညှပ်ပြီး အလှဆင်ဘို့ ကြိုးစားကြပြန်သည် .... ဆံပင်မရှိတဲ့ လူကတော့ ဆံပင်တု တစ်ခုတပ်လိုက်ရုံ သို့မဟုတ် ဦးထုပ် တစ်လုံးဝယ်ဆောင်းလိုက် ရုံပင် ဦးရေပြား အောက်က ဦးခေါင်းခွံထဲမှာ ဘာတွေ ဖြည့်တင်းထားကြပြီလဲ တစ်ချို့က ကိန်းသေမျဉ်းများ နှင့် ပြည့်ကျပ်နေသည် တစ်ချို့ကတော့ အပေါင်း၊ အနှုတ်၊ အမြှောက်၊ အစား များများလုပ်တတ်သော ဂဏန်းပေါင်းစက်မှ ဆားကစ်ပြား များနှင့် ပြည့်ကျပ်နေပါ လိမ့်မည်..တစ်ချို့သောဦးခေါင်းထဲ တွင် ငါဟုခေါ်သော အက္ခရာ များစွာ သံမှိုစွဲထားသကဲ့ သို့ ဖြစ်နေပါလိမ့်မည် ၊ သူ့မရဲ့ ဦးခေါင်းထဲတွင်ရော ဘာတွေရှိနေလဲ ....? ..? (ကျနော် သေချာ မခန့်မှန်းနိုင်ဘူး လို့ သူကိုယ်တိုင် ဖြေပါသည်။ ) အိုင်း စတိုင်း ဦးခေါင်းထဲမှာရော...ဘာတွေရှိခဲ့လဲ .. ဟစ်တလာ ရဲ့ ဦးခေါင်းထဲမှာရော ဘာတွေ ရှိနေလဲ ... မြို့မငြိမ်းကရော သူ့ဦးခေါင်းကို ဘာလို့ အုတ်တင်ကားအောက် ထိုးထဲ့ လိုက်ရတာလဲ တစ်ချို့သော ဦးခေါင်းများကတော့ ခပ်တင်းတင်းမော့ထားကြလေသည် .. တစ်ချို့ကတော့ မဝံမရဲနှင့် ဦးခေါင်းတွေ အောက်စိုက်လို့.. တစ်ချို့သော ဦးခေါင်းများ က ပုတ်သင်ညိုလို တဆတ်ဆတ်ညိမ့်ကြ၏...တစ်ချို့ကတော့ ဆင်တစ်ကောင် လို ဘယ်ယမ်း ၊ ညာယမ်း ယမ်းခဲ့ကြသည် .. ဦးခေါင်းများသည် အများနားလည်သော ဘာသာစကားတစ်ခု ကို ပြောတတ်ကြလေသည် ...သူ့ကိုယ်တိုင်ကမူ ဦးခေါင်းကို လက်တစ်ဖက်ဖြင့် ခပ်ဖွဖွ ပွတ်လိုက်သည် ...။ သိပ်မတွေးနေပါနဲ့ကွာ မင်းလိုက်လို့ မှီမှာ မဟုတ်ပါဘူး ဆိုသည့် သဘောဖြင့် ကလေးငယ် တစ်ယောက်၏ ဦးခေါင်းကို ကျီစယ်လိုက်သလိုမျိုး ဖြစ်သည် ....။

တဖြည်းဖြည်းနဲ့ သူ့လက်က ရင်ဘတ်ပေါ် လျောဆင်း သွားသည် ဘယ်ဘက် ရင်အုံ ပေါ် အရောက် ဖျတ်ကနဲ ရပ်တန့် သွားလေသည် ..အလို ...သူ့ နှလုံးသား တွေ ဆတ်ဆတ် ခုန်နေပါလား... ထိုမှ တစ်ဆင့် ရှင်သန်နေခြင်း နှင့် နှလုံးသားများ ဆက်စပ်မှုကို တွေးမိပြန်သည် ။နှလုံးခုန်သံတွေက ကရော ဘယ်လိုသဘောလဲ ခုန်နေရုံ သက်သက်ပဲလား...သူတို့ရဲ့ခုန်ခြင်းတွေက ဘာအဓိပ္ပါယ် ရှိခဲ့လဲ.. ကောင်လေးတစ်ယောက်က ကောင်မလေးတစ်ယောက်ကို မြင်လို့ ခုန်တာထက်တော့ ပိုမို အဓိပ္ပါယ် ကျယ်ဝန်းပါလိမ့်မည် .. ။

ဒါဆိုရင် မာသာထရီစာရဲ့ ရင်ခုန်သံကရော ဘယ်လိုမျိုးပါလိမ့် .... ဟီရိုရှီးမား ကို အဏုမြူဗုံးချခဲ့တဲ့ အချိန်မှာ အဲ့ဒီ လေယဉ်မှုးဟာ ဘယ်လိုများရင်ခုန်နေခဲ့ပါလိမ့် .. ၊ နိုဘယ်လ်ဆုတွေ တီထွင်ပေးအပ်ခဲ့တဲ့ အဲ့ဖရက်နိုဘယ်လ် ကိုယ်တိုင်က ဒိုင်းနမိုက်ကို ဘယ်လို ရင်ခုန်သံနဲ့များ ခရီရေးတစ်ဗ် လုပ်ခဲ့ပါသလဲ ... ပါဘလို ပီကာဆို ကရော ဘယ်လိုမျိုး ရင်ခုန်လဲ ၊ သူ့ရင်သွေးတွေကို သူရင်ခွင်ထဲမှာပဲ မြုပ်နှံစတေး လိုက်ရတဲ့ ချစ်သောဧရာဝတီ ရဲ့ ရင်ခုန်သံကရော ..၊ ဂစ်တာသမား တစ်ယောက်ရဲ့ ရင်ခုန်သံကရော....သေချာတယ် လူသတ်သမားတွေထက်တော့ ပိုမိုငြိမ့်ငြောင်းနေမှာ အမှန်ပဲ ......။

ထိုနေ့မှ စ၍ သူ အသေအချာ ဆုံးဖြတ် မိလေသည် ...ဟုတ်တယ် လူတစ်ယောက်မှာ ရင်ခုန်သံဟာ အရေးအကြီးဆုံးပဲ ..အသက်ရှင် နေထိုင်ဖို့ တင်မကဘူး အသေအချာ အမှန်အကန်ဆုံးလမ်းစဉ်နဲ့ ရင်ခုန်နေတဲ့လူသား တစ်ယောက်ဟာ လောက မှာအကြီးအမြတ်ဆုံးပဲ ဖြစ်တယ် ....။

ထို့နောက် သူသည် သူ၏ဦးခေါင်းအတွက် ဖိနပ် ၃ရံ ၊ ခြေထောက်များ အတွက် ခေါင်းလျှော်ရည် ကောင်းကောင်း တစ်ဗူးဝယ်ယူကာ သူ့လက်အစုံ ဖြင့် သူ့နှလုံးသားများကိုထွေးပွေ့ လျှက် လောကကလမ်းများပေါ်သို့ ခရီးထွက်ခဲ့လေသည် ....။
ဖုန်းမြင့်