Tuesday, April 12, 2016

နွေဦးရွက်ကြွေများ


သရိုးကိုင်ထားတဲ့ အင်္ဂတေတွေ ကွာကျသွားတော့ ပြူးထွက်လာတဲ့ အုတ်သားနီနီရဲလေးလို၊ လွတ်မြောက်မှုဟာ ရွက်ခြောက်နေတဲ့ အပင်ကြီးတွေပေါ်က ကြွေကျလာမလားလို့ စောင့်စားနေတဲ့ စိတ်။ တကယ်ဆို ကိုင်းဖျားပေါ်လာနားတဲ့ ခိုကလေးတစ်ကောင်ကစခဲ့တာ။ အခုလိုရာသီမျိုးမှာဆို သေခြင်းတရားတောင် လှချင်လှနေမှာပေါ့။ မျက်နှာဖုံးတွေတပ်ပြီး ကော်ဖီဆိုင်ထိုင်လိုက်ကြတော့ အချိန်ကာလဟာ သက်ကြီးရွယ်အိုဖြစ်သွားတယ်။ နားလည်မှုလွဲမှားသွားတဲ့ အပ်ချုပ်စက်ဟာ ဆူးလေလမ်းမပေါ်က ရေငုပ်သဘောင်္ကို ဖုန်းလှမ်းဆက်လိုက်တယ်။ စစ်ပွဲပြီးစမှာ အရောင်းသွက်ကုန်စည် ဟာ သွေးစုပ်ဖုတ်ကောင်ရဲ့သွားတွေပဲ  အဲ့ဒါတွေတပ်လိုက်တာနဲ့ ရုံးခန်းတွေ ပါတီတွေ စီးပွားရေးလုပ်ငန်းတွေ မှာ အပြုံးပန်းလှိုင်လာမယ်လို့ တပ်ကထွက်လာတဲ့ ဆံသဆရာကပြောတယ်။ ကျွန်တော်တို့ရဲ့ ပျိုရွယ်နုနယ်မှုတွေက ဘားဆိုင်ထဲမှာ တခွက်ပြီး တခွက် သောက်ချလိုက်တာ။ဆန္ဒရှိရင် အနမ်းတခုအတွက် ပိုက်ဆံပေး ပြီးရင် စစ်ချီသီချင်းဆိုပြီး ခင်ဗျားအိမ်ခင်ဗျားပြန်တော့။ ခုလိုအရွယ်ရချိန်ရောက်တော့ ငယ်ငယ်တုန်းက လို နမ်းတာမျိုးကို ဘယ်ကောင်မလေးမှ မမှတ်မိတော့ဘူးလို့ စီးတီးဘတ်စ်အိုကြီးကဆိုတယ်။ ကိုယ့်ဘဝကို ကိုယ်မပျော်ရွင်နိုင်မှတော့ လူမိုက်စစ်စစ်ဖြစ်ကြောင်း ဘယ်လို သက်သေခံအထောက်အထားလိုမလဲ။ သံသရာအထက်အောက်ဖိစီးမှုဆက်ဆံရေးမှာ မိန်းမတွေမှ မဟုတ် သတ္တဝါမှန်သမျှ အနှိမ်ခံခဲ့ရတာကြီးပဲ။ လူမသိ သူမသိဆက်ဆံရေးတွေအတွက် ရော့ခ်သီချင်းတွေ ဟာ သွေးနွေးခဲ့ရတယ်၊ အသေခံဗုံးခွဲသမားလည်း သေနတ်နဲ့နှင်းဆီအဖွဲ့ကို ကြိုက်ချင်ကြိုက်မှာပေါ့။ သမိုင်းဝင်သူရဲကောင်းတွေက မြို့ပြရဲ့ထောင့်မှာ လိင်ဆက်ဆံနေတဲ့ ချစ်သူစုံတွဲကို အပြစ်ပေးလိုက်ကြတယ်၊ ကြီးကျယ်ခမ်းနာတဲ့ တည်ဆောက်မှု မှန်သမျှ မိန်းမတွေ မပါစေနဲ့တဲ့။ ဘုန်းတန်ခိုးနဲ့ ပြည့်စုံတဲ့ မင်းမြတ်ဟာ ရေငတ်နေပါတယ်၊ ကိုကာကိုလာဆိုဒါဟာ အရှင်းရှင်ကမ္ဘာရဲ့ အောင်မြင်မှုပေါ့။ ဘုရင်မင်းမြတ်က ခပ်ဖြောင့်ဖြောင့် စားပွဲထိုးကောင်လေး ကို တော်ကောက်လိုက်တာ သမိုင်းရဲ့ အောင်မြင်မှုပေါ့။ မင်းတို့ကျန်းမာရေးထက် တို့ကုန်စည်တွေအရောင်းသွက်ဖို့က အခရာ။ ထို့နောက် မင်းတို့လည်းကျန်းမာပါစေ ၊ ထုံးစံအရ ကမ္ဘာကြီးလည်း ကျန်းမာပစေပေါ့။

မောင်ဖုန်းမြင့်
၁၂၊ ဧပရယ်၊ ၂၀၁၆။