မောင်ဖုန်းမြင့်

ကဗျာဆိုတာ ......ကျနော်တို့ ...... လက်ရသိမ်းပိုက်ထားတဲ့ နောက်ဆုံးခံတပ် ... မြို့ပါပဲ.......။

Thursday, November 26, 2009

နံနက်ခင်း၌ သင့်ရဲ့ပါးပြင်ကိုသာ နမ်းရှိုက်လိုတယ် ။


အလွမ်းတွေဝေတဲ့ဆောင်းဟာ
သတိရခြင်း ဝတ်ရုံကိုခြုံတယ်
ဒီမနက်ခင်းမှာ ငါ့ရဲ့ဆာလောင်မှုဟာ
အငွေ့တထောင်းထောင်းထ နေတဲ့  ကော်ဖီတခွက်မဟုတ်ဘူး
နင့်ပါးပြင်ပေါ်ကို ပင့်သက်နွေးနွေးတချက်

ဒီဇင်ဘာ လေပြည်ဟာ
ပန်းရနံ့တွေကို ထမ်းပိုးသယ်ဆောင်လာမယ်
ဒီမနက်ခင်းမှာ ငါသောက်ချင်တဲ့ စီးကရက်တလိပ်ဟာ
အကောင်းစားဗာဂျီးနီးယား ဆေးစပ်နဲ့မဟုတ်ဘူး
နင့်ပါးပြင်ပေါ်ကို ပင့်သက်နွေးနွေး တချက်

အိမ်တံစက်မြိတ်ပေါ်က
နှင်းစက်လေးတွေ တပေါက်ပေါက်ကျနေတာကို
ထိုင်ငေးနေမိပြန်တယ်
ဒီမနက်ခင်းမှာ ငါဖတ်ချင်နေတဲ့ သတင်းစာ နာမည်ဟာ
တိကျမြန်ဆန်တဲ့ မောနင်းတိုမ်း  မဟုတ်ဘူး
နင့်ပါးပြင်ပေါ်ကို ပင့်သက်နွေးနွေး သတင်းပို့ချက် တရပ်

ခရစ္စမတ်တေးသံဟာ
ငါ့ထံကို ငယ်ဘဝအတွေးတွေ ယူဆောင်လာတယ်
ဒီမနက်ခင်းမှာ ငါတောင့်တမိတဲ့ လက်ဆောင်ဟာ
ဆန်တာကလော့စ် ဆီက မလာဘူး
နင့်ပါးပြင်ပေါ်ကိုသာ ပင့်သက် နွေးနွေးတချက်နဲ့
မဲရီး ခရစ္စမတ်

အရိုးကွဲအောင်
ရက်စက်တဲ့ဆောင်းထဲမှာ
ငါဟာ  . . နယ်နှင်ခံရတဲ့ အထီးကျန်သူလို့ ထင်ယောင်လာတယ်
မနက်ခင်းတိုင်းမှာ ငါအေးခဲရပ်တန့်ချင်နေတာက
နင့်ပါးပြင်ပေါ်ကို ပင့်သက် နွေးနွေး အဆက်မပြတ်


ဖြစ်လေရာ နံနက်ခင်းတိုင်းမှာ
နင့်ပါးပြင် နင့်နှုတ်ခမ်းများကိုသာ
နမ်းရှိုက်နိုင်သော ကိုယ် ဖြစ်ရပါလို၏   ။

 MPM

Sunday, November 22, 2009

November 24






ငါ ကျဆုံးရမယ့် နေ့ရက်ကလေးဟာ
နှင်းတွေမသည်းထန်ခင်တုန်းမှာ
အနက်ရောင် ဖဲကြိုးတစ ဖြာကျသလို
ရုတ်တရက် ဝင်းပလာခဲ့


နှစ်ပေါင်းအတော်ကြာအောင်
စွတ်စိုမှုတွေဖုံးလွှမ်းမယ့်
ကျောက်ထက်အက္ခရာလေးတခုရဲ့ စတင်ခြင်းက
ငါ့ပြက္ခဒိန်တွေရဲ့ လွဲမှားမှုအစပဲ


မိုးမရွာ ၊ လေမတိုက်
ငြိမ်သက်တိတ်ဆိတ်စွာ
ငါ့တကိုယ်စာ ဒေါင့်ကျဉ်းလေးထဲမှာ
ရေလွှမ်းမိုး ခံလိုက်ရတယ်


တဒင်္ဂလေးအတွင်းမှာပဲ
ကောင်းကင်ကြီး ဟင်းလင်းပွင့်ကြွေကျ
ဆောက်တည်ရာ ကမ်းပါးဦးမှ အဝေး
ဟသာင်္ငှက်များ တဝုန်းဝုန်း ထပျံစဉ်
ရာသီစက်ဝန်းများ ရပ်တန့်သေဆုံးသွားခဲ့
လ.. ရောင် ခရီးဆက်နေတုန်း...



ငါမသိမ်းပိုက်လိုက်နိုင်တဲ့ တောင်ကုန်းအမည်ဟာ
24.November ဖြစ်တယ် ။ ။




MPM
Dedicated to someone
(Happy birthday November)







Wednesday, November 18, 2009

ဖုန်းမြင့်ဆိုတဲ့ကောင်နဲ့ အရည်မရ ၊ အဖတ်မရ စကားပြောဖြစ်တဲ့ည


ဗေထိဆိုတာနဲ့
ခင်ဗျားမှာ ဟတ်တတ်ကြီး ကွဲရပြန်ပြီ
ဥသျှစ်သီးကြွေယုံနဲ့ မိုးပြိုပြီ ထအော်တဲ့ ယုန်ထက်တောင်
အသဲငယ်တတ်တဲ့ကောင်
ဗလ မရှိ၊ ဇ မရှိပဲ
ကမ္ဘာလောကကြီးကိုမှ ခါးစောင်းတင်ထားချင်သေးတယ် ဆိုပဲ
ကိုယ့်ခြေရာခွက်ကလေးထဲမှာ ကိုယ်ပျော်ပြီး
(ကိုယ့်ကိုယ်ကိုယ်) ခြသေ့င်္လို အော်တတ်တယ်ထင်နေတဲ့ဖား
ကိုယ့်အမေက ကိုယ့်ကို သနားတယ်
ကိုယ့်ညီအကိုမောင်နှမက ကိုယ့်ကို ဟားမယ်
ကိုယ့်ကောင်မလေးက ကိုယ့်ကို အလကား ပဲလို့
ပြောခံရမှုမှာ နေသားကျနေပြီလား
အရည်မရ ၊ အဖတ်မရတွေ တွေး/ရေးနေမယ့်အစား
တက်ကျမ်းတွေ ဒီလောက်များတာ
သူဌေးဖြစ်နည်းတွေ ရှာကြံဖတ်ပါလားလို့
ပေးတဲ့ အကြံကြတော့လည်း လက်မခံချင်ပြန်ဘူး
ခင်ဗျားလျှာရဲ့ ၃ပုံ ၁ ပုံလောက်သာ
ခင်ဗျား စိတ်ကို ရှည်ရှည်ထားနိုင်ရင်
ကြီးပွားနေတာ ကြာပြီလို့
မိတ်ဆွေများကလဲ ပြောတယ်
အနုပညာမှာ ဖြတ်လမ်းနည်းရှိတယ်ထင်ပြီး
ခွေးတိုးပေါက်မြင်ရင် ခေါင်းထိုးဝင်တတ်တဲ့
အကျင့်ကိုလဲ ပြင်သင့်သတဲ့
ထောင်စုနှစ် အသစ်ကြီးထဲမှာ
ခင်ဗျားဟာ ခပ်တုံးတုံး ပရိုင်းမိတ်တကောင်
ခင်ဗျားကိုင်နေကျ အပေါစားလက်ကိုင်ဖုံးလို
ခလုတ်လေးနှိပ်လိုက်ရုံနဲ့
(ဘယ်အရာကိုမဆို) လိုင်းပြောင်းလို့ရမယ် ထင်နေတုန်းပဲလား
ခင်ဗျားဟာလေ
ကိုယ့်ဂိုးကိုယ်သွင်းတတ်ရုံလေးနဲ့
ဖာဂူဆန်လို ပီကေ ဝါးပြီး
ဘာစီလိုနာ အသင်းမှာမှ စတား ဖြစ်ချင်နေရှာတဲ့ ရောဂါသည်
ခင်ဗျားမှာ ပိုင်ဆိုင်မှု ရှိတာဆိုလို့
အသက်တနှစ်ကြီးလာတိုင်း ပိုထူလာတဲ့ သက္ကရာဇ် အမှားတချို့
ဟက်ပီးနယူးရီးယားလို့ အော်နေကျ စကားသံများ
ပေါပေါများများ အလကားရတဲ့
(ခင်ဗျားတို့ဆီက FM ရေဒီယိုလိုင်းတွေလို)
နောင်တ ဆိုတာတွေပဲ မဟုတ်လား
 ဒီတခါ အသဲကွဲတယ် အော်သံကြားရင်
ခင်ဗျားကို အရင် ဆွဲဖြဲပစ်မယ်  မှတ်ထား  ။     ။


MPM


Saturday, November 14, 2009

ကမ္ဘာတည်သရွေ့တည်မြဲနေမယ့်အကြောင်းတရား

ရာသီဥတု သာယာတဲ့ တညသားက
အဝေးကနေ ဖုံးခေါ်လိုက်တဲ့အခါ
လေလှိုင်းထဲက ဖုံးမြည်သံလေးဟာ တုန်ယင်
တယ်လီဖုံးလေးဟာ တဆတ်ဆတ်တုန်ယင်
ကျနော့်အသံဟာလဲ တုန်ယင် လို့
အမေ့စကားသံ တုန်တုန်ယင်ယင်ကို ကြားလိုက်ရတယ်
"ငါ့သား အမေစိတ်ပူတယ်" တဲ့ . . .

အဲ့ဒီညက
အသက်အရွယ် မငယ်တော့တဲ့ ကျနော်ဟာ
တကိုယ်လုံး တုန်ယင်စွာ
အိပ်မရလိုက်ဘူး
ကျနော် မျက်နှာအပ်ထားမိတဲ့
ခေါင်းအုံးလေးဟာလဲ
ရွှဲရွှဲစို တုန်ယင်နေပါလေရော . . . ။    ။



MPM


Tuesday, November 3, 2009

ခင်ဗျားနဲ့စကားပြောရတာ ကျနော် ပျော်ပါတယ် ။

ခင်ဗျားနဲ့ စကားပြောရတာ ပျော်စရာကောင်းပါတယ် . . .
စပြောလိုက်မယ်ကြံတာနဲ့စိတ်က အဲ့ဒီဘက်ပဲရောက်သွားတယ်
တကယ်ဆိုကျနော်ဘာဆိုလိုချင်တာလဲ ခင်ဗျားလဲ သိနေတာပဲဟာ
သေခြင်းတရားဆိုတာ သတ္တဝါတိုင်း ရှောင်လွှဲလို့မရတာမျိုးပဲ
အမြဲမပြတ် ဆင်ခြင်နိုင်တယ်ဆိုရင်တော့ ဘာဝနာ ဖြစ်တာပေါ့ဗျာ
ကျနော့်ကတော့ ကျနော့်နေ့စဉ်လက်တွေ့ ဘဝထဲကနေအဲ့ဒါကို ခဏမေ့ထားပါတယ်
ခက်တာက ခင်ဗျားလဲ တရားဓမ္မကျင့်ကြံသူမဟုတ်သလို
ကျနော်ကလဲ သူတော်စင်မဟုတ်ဘူးလေ
ခင်ဗျားလဲ ကျနော့်အကြောင်းသိနေတာပဲ
မတော်တဆ ခြေချော် လက်ချော် အသဲကွဲရာက ကဗျာတွေရေးဖြစ်တယ်ဆိုတာ
ဘဝက ပြင်းတယ်လို့တော့ မပြောချင်ပါဘူး
သက်ပြင်းချရတာများရင် အရက်ပြင်းတွေ ချချမိနေတာပါပဲ
( ခုတော့ အာဒကေမလန်းလို့ မသောက်ရတာကြာပါပြီ )
ခင်ဗျားကိုလဲ ကျနော် ဒီအတိုင်းလွှတ်မထားပါဘူး မျက်ခြေမပြတ် စောင့်ကြည့်နေပါတယ်
အခုအချိန်မှာတော့ ခင်ဗျားဟာ အလွမ်းတွေနဲ့ မှိုင်းဝနေတဲ့ မီးပုံးပျံကြီးလို
ကားကား စွင့်စွင့်ကြီး လွင့်နေတာပေါ့
ခင်ဗျား အရှိန်လျှော့လို့ ပြန်ကျ လာမယ့်အချိန်
အကျမနာအောင် တခုခု လုပ်ပေးချင်ပါတယ်
မိန်းမတွေ အပေါ်မှာ ခင်ဗျားအမြင် . . . ဘယ်လိုရှိလဲ ဆိုတဲ့မေးခွန်းနဲ့လဲ
ထောင်ချောက် မဆင်တော့ပါဘူး
သူတို့နဲ့ ပက်သက်ရင် ခင်ဗျားတို့ ကျနော်တို့ဟာ အလဲအကွဲပဲဆိုတော့
ကျနော်တို့တွေ အနေအထိုင်ဆင်ခြင်သင့်ပြီလို့ထင်တယ်
ခင်ဗျားကိုပြောသာပြောရတာ ကျနော်ကလဲ အမူးပြေတာနဲ့
ဒီပုလင်းလေး ဘယ်ဈေးလဲလို့ မေးချင်နေတဲ့ ကောင်မျိုးပါ
(အမှတ်မရှိကြပုံများ ၊ ခင်ဗျားနဲ့ ကျနော် ဒီနေရာမှာကြတော့ တူနေတယ်)
လူ့လောကကြီး မှာ
ပုံစံကျကျ ၊ လှလှပပ ဘယ်လိုနေထိုင်သင့်သလဲ ဆိုတဲ့
(ဖတ်တဲ့သူကို ဆရာလုပ်တဲ့)
ခင်ဗျား ပို့တဲ့ ဖော်ဝပ်မေးလ်တွေလဲ ရပါတယ်
ဇာတိ ၊ ဇရာ၊ ဗျာဓိ ၊ မရဏ စတဲ့စကားလုံး အကြီးကြီးတွေသုံးပြီး
စာအုပ်ကြီးဆန်ဆန် ပြောကြကြေးဆိုရင်တော့
ခင်ဗျားလဲ စိတ်ရှည်မှာမဟုတ်ဘူး ကျနော်လဲ စိတ်လေတယ်
ကိုယ့်အရိပ်ကို ပြန်လန့်နေတာလောက် ရီစရာကောင်းတဲ့ ဟာသမရှိဘူးဗျ
မွေးကထဲက ကျနော်တို့နောက်မှာ ကပ်ပါလာတာဆိုလို့ သေခြင်းတရားပဲရှိမယ်
သားသတ်ရုံပို့မယ့် နွားတွေကို တံဆိပ် ရိုက်ပေးလိုက်သလိုပေါ့ဗျာ
ဘဝသံသရာ ၊ ရထားတစီးလို တက်လိုက်ဆင်းလိုက် စတဲ့ ဥပမာတွေကတော့ ခင်ဗျားလဲသိပြီးသားပဲ
ဒါတွေ ထားလိုက်ပါတော့
နိုင်ငံရေး သုခမိန်ကအစ   ရက်ပါ အဆုံး
အားလုံးက ကိုယ့်နည်းကိုယ့်ဟန် ပညာရှိဖြစ်နေတဲ့ ခေတ်ကြီးထဲ
ခင်ဗျားလဲ အဝေးပြေးလမ်းမ ပေါ်မှာ ခင်ဗျားရဲ့ယဉ်ကို မောင်းချင် သလို မောင်း
ကျနော်လဲ ကျနော့်လမ်းကြောင်း ကျနော်ဆက်လျှောက်လိုက်ဦးမယ်

အချစ်လေးရေ . . . တို့တွေ . . . ဆက်လိမ့် . .လိုက်ကြဦးစို့

 " မင်းနှုတ်ခမ်းများ . . လွင့်လာမှာကြောက်တယ်ကွယ် . . . စုန်းမ "
ခင်ဗျားနဲ့ စကားပြောရတာ အင်မတန်စိတ်ကျေနပ်မှုရပြီး ပျော်စရာ ကောင်းပါတယ် ။


MPM

Saturday, October 31, 2009

လူစားထိုးခံလိုက်ရတဲ့တစ္ဆေ



ပျှမ်းမျှ အပူချိန် ဖာရင်ဟိုက်ဒီဂရီ
ဘယ်ရွှေ့ဘယ်မျှ

ဒီကောင်လေး ကိုယ်တွေတော်တော်ပူနေပါလား
နားထဲက သဲသဲကွဲကွဲမကြားဘူး
လေတွေက တအူးအူး
ဇောချွေးတွေက ရေတံခွန်လို စီးဆင်း
လည်ချောင်းထဲမှာ မီးလောင်တိုက်ကြီးလား
သတိက မရတချက် ရတချက်
မှိန်ဖျော့ဖျော့ မြင်ကွင်းထဲ
အမေ့ပုံရိပ် က တဖြေးဖြေးဝေဝါး

"အား" !! ..
အော်သံက ပဲ့တင်ပြန်မလာဘူး

ဒါ .. မွန့်ခ်ျရဲ့ ပန်းချီကားမှ မဟုတ်တာ
စိတ်မလွတ်သွားစေနဲ့
ဘုရားတရားကိုအာရုံပြု

နှာသီးဝလေးမှာ သတိလေးကပ်
အာနာပါနလေး ရှုကြည့်ပါလား

မရဘူး . . .
ဝေဒနာနုပဿနာမှာ နာကျင်မှုမလျှော့ပါးဘူး

ထိန်းထားတဲ့ကြား က အာရုံကလွင့်ကနဲပါသွားတယ်
ဟိုမှာ . . .
ပါရီမြို့က လမ်းမတွေလား

သေချာပြီ
အဝါရောင်ကဖေးမှာထိုင်နေတာ တစ္ဆေ .. ဗန်ဂိုး

"ခင်ဗျား အရူးပဲ" လို့ပြောလိုက်တယ်
"ကိုယ်ချစ်တဲ့ မိန်းမက ကိုယ်ကို့ပြန်သတ်တာခံလိုက်ရတဲ့ "
"အသုံးမကျ လွန်းတဲ့ တစ္ဆေ"
သူက လက်ခုပ်လက်ဝါးတွေ တီးပြီးသဘောကျလို့
"မင်းကို ငါ့နေရာမှာ အစားထိုးဖို့စောင့်နေတာ နှစ်ပေါင်းများစွာကြာပြီ"
အေးစက်စက် ပြန်ပြောတယ်
သူ့စကားဆုံးမှ ကျနော်ကိုယ်တိုင်ကလဲ
အသတ်ခံလိုက်ရတဲ့
တစ္ဆေတကောင်မှန်းသိလိုက်ရတယ် အမေ . . .။




ဖုန်းမြင့်

Wednesday, October 28, 2009

အပျင်းပြေ အပျော်ဖတ်

အပျင်းပြေချင်လို့ အပျော်ပဲဖတ်ဖတ်
အရေပြားပေါ်က အယားပြေအောင်
တကိုယ်ရည် အာသာပြေ ချင်နေတဲ့စိတ်
ကိစ္စက ထိပ်ဝ ရောက်ခါနီး
တကိုယ်လုံး ကြက်သီးတွေ ဖျန်းဖျန်း ထ
ညောင်ဦး ကမ်းပါး(ကဘား)ပြို တော့
စမ္ဗနဂိုရ်က နမ /နွားမ တွေ ဈေးပေါင်ကျိုးတယ်ပဲပြောလိုက်မယ်
ခါလာကြီးက မာလကီးမယားခင်
မာလကာသီးမှ စားချင်တယ်ဆိုလို့
အရေးတကြီးပြေးဝယ်
ဂွေးသီးသယ်ပဲ တွေ့တွေ့နေတယ်
ဒီမောင်က ဆေးဘဲ / ဟိုဘဲက ဖွန်ကြောင်
အခွံ(အခွန်) ဆောင်ရန် ၊ ရှောင်ရန် များမှာ
မိမိတို့နှင့် မသက်ဆိုင်ပါကြောင်း . . .
ခက်ခက်ခဲခဲ၊ ပင်ပန်းတကြီး၊ တပ်ဆင်မှုကြီး ရဲ့နောက်ကွယ်မှ
ဇာဘော်လီချိတ် ပြုတ်ထွက်ခြင်း
ကဲ . . . ဒါကိုပဲ ခင်ဗျားတို့သိတယ်ဆိုတဲ့
အနုပညာနဲ့ ဘာသာပြန်ကြည့်စမ်းပါ
တခဏတာ လမ်းလွဲ အောင်မြင်မှု
( အထွဋ်အထိပ် ရောက်မှ ၁၅ မိနစ်လောက်ပဲကြာမယ် )
တပ်မက်ချင်ယောင်ဆောင်မနေနဲ့
ချွေးသံတလုံးလုံး အားထုတ်ကြိုးပမ်းမှုရဲ့ နောက်ကွယ်
ဟော . . . ဒါဟာ . . .ကဗျာ ဖြစ်တယ်
ဟော . . . ဒီလိုမျိုး . . . ကဗျာတွေရမယ်
တလဟော ၊ တရစပ် ပန်းထွက်လာတဲ့ကဗျာများ
(ခင်ဗျားလေးတို့အတွက် သီးသန့်စပါယ်ရှယ်)
ဖတ်ချင်လဲ ဖတ် ၊ မဖတ်ချင်လဲနေ
ပြတိုက်ထဲမှာ သိမ်းချင်သိမ်း ၊ ကျပ်ခိုးစင်ပေါ်တင်ချင်လဲတင်
နမ/နွားမ တော် ညိုပြာညက်များ
အားလပ်ရင် ခါးစပ်မှာ ဆင်ဘို့
(လတ်လျှား လတ်လျှား လုပ်နေမယ့်အစား )
ဟောဒီမှာ . . .လမ်းဘေးက ကဗျာတွေ
ပူပူနွေးနွေး အထူး ပြုလုပ်ဖန်တီးပေးနေပါပီ



ဖုန်းမြင့်