Thursday, September 24, 2015

အေးစက်နေသောနံရံများ



နံရံတွေက အေးစက်နေတာပဲ

ငါ့မျှော်လင့်ချက်ကဘာလဲ

အေးစက်စက် နံရံတွေပေါ် ငါ့လက်ဖ၀ါးနဲ့ ပွတ်သပ်ကြည့်မိ

မနက်ဖြန်ငါ ဘာဖြစ်လာမလဲ

င့ါကိုချစ်တယ်ဆိုတဲ့ မိန်းမ

ငါကချစ်ရတယ်ဆိုတဲ့ မိန်းမ

သူတို့နာမည်တွေ နံရံတွေအပေါ်မှာရှိနေတာလား

ငါ့ငယ်ဘ၀ အိပ်မက်ဟာ စမ်းတ၀ါးဝါး

ငါနံရံတွေအပေါ် ကို ထပ်စမ်းသပ်ကြည့်မိ

ငါ့အကြောင်းဟာ

ငါရေးထိုးထားမိသမျှဟာ

ငါနဲ့ငါမိသားစုဟာ

ငါနဲ့ ငါ့ယုံကြည်ချက်တွေဟာ

ငါနဲ့ ငါ့သူငယ်ချင်းတွေဟာ

ငါနဲ့ငါ့မိတ်ဆွေတွေဟာ

ငါနဲ့ငါ့လူအဖွဲ့အစည်းဟာ

ငါတို့ကို အုပ်ချုပ်နေသူများ

ငါတို့ရဲ့ ကဗျာ ဆရာများ

ငါတို့ရဲ့အနုပညာရှင်များ

ငါတို့ရဲ့ပေါ့ပ်စတား ၊ ရော့စတားများ

ငါ့ခွက်ကို ငါ လှမ်းယူလိုက်တယ်

နံရံတွေအပေါ်က အတွေ့အထိဟာ အေးစက်စက်

ငါ့နဖူးကို ငါပြန်စမ်းမိ

ငါ့အတွေ့ အကြုံကို ငါပြန်စမ်းမိ

ငါ့လူ့ဘ၀ကို ငါပြန်စမ်းမိ

နံရံတွေက အေးစက်နေတာပဲ

ငါ့ဘ၀ဆိုတာ အေးစက်တဲ့ နံရံတွေကြားမှ ညှပ်လို့ . . . . ။

မောင်ဖုန်းမြင့်
ဇန်နဝါရီ၊ ၂၀၁၁၊

Tuesday, September 22, 2015

စုန်း (၂)



 ပျော်ရွှင်သူတွေ မက်တဲ့ အိပ်မက်အကြောင်း
စူးစမ်းမိသူ စုန်း တစ်ကောင် အတွက်
ထာဝရ မပြယ်မယ့်ကျိန်စာ ဟာ
မင်းတို့ချစ်ခြင်း မှာ မင်းတို့အချင်းချင်း ပြည်တွင်းစစ်ဖြစ်ပါစေ...
မင်းတို့ ရဲ့ သေမင်းဟာ  မင်းတို့ရဲ့ မအောင်မြင်ခြင်းတွေ .. ဖြစ်ပါစေ . . .
မင်းတို့ ဓမ္မသီချင်း ဟာ နတ်ဆိုး ခံတွင်းမှ ထွက်ပါစေ . .
မင်းတို့ ရဲ့ဘုရားကျောင်းအတွင်း ဝံပုလွေများရဲ့
သားရဲတွင်းဖြစ်ပါစေ . . . . .။

မောင်ဖုန်းမြင့်
21. September.2015

Monday, March 9, 2015

စုန်း (၁)



တိုင်းပြု ပြည်ပြု လွှတ်တော်ထဲ
စုန်းများ မပျံသန်းရ ဇုန်လို့ သတ်မှတ်လိုက်ကြတယ်။
ဗိုလ်ဒီမော့ နာမည်နဲ့ တံဆိပ်ခေါင်းတွေ
ထုတ်ဝေတဲ့ အခမ်းအနားမှာ
ခရီးရှည်ချီတက်သူတွေ ဟာ
ဟယ်ရီပေါ်တာ တွေ ဖြစ်တယ် ဆိုတဲ့ အကြောင်း
ဂျွန် က သီချင်း ညည်းနေတာပေါ့ ။

မောင်ဖုန်းမြင့်
၈၊၃၊၂၀၁၅။
ရန်ကုန်၊ မြန်မာ။