Saturday, April 8, 2017

အခုဆို မြို့ဟာ ခိုတွေမရှိတော့ဘူး ။





လူးလွန့်နေတဲ့ သစ်ရွက်တွေကြားက  တိမ်တွေရဲ့  ငြီးတွားမှု တေးသွားဟာ စိတ်ရှည်ချင်စရာမကောင်းဘူး ။ အိမ်ရဲ့ အဝေးကို ထွက်ပြေးတဲ့ ဘဲငန်းတစ်ကောင်ရဲ့ နေဝင်ချိန်လို။ သံသရာ အဆုံးထိ မီးခိုးရောင် ကြိုတင်ကြံစည်မှုများဟာ ဝင်းပ။ လက်သည်းရှည်ကြားထဲမှာ သွေးသံရဲရဲ နှင်းဆီပွင့်တွေနဲ့။ အလေးပြုခံ စင်မြင့်ထက်မှာ ဆံချည်မျှင်တွေ ပျဲဝဲနေကြတယ်။  
ကုန်တိုက်တွေဟာ မြို့ပြ ချိန်ကိုက်ဗုံးတွေ၊ တန်းစီပေါက်ကွဲသွား တိုင်း အိတ်ဆောင်နာရီတွေ ကျဆုံးပေးရတယ်။ အနာဂတ်ဆီကို ချီတက်သွားနေတယ်ဆိုတဲ့ ဘတ်စ်ကားက ကျုးကျော်တဲတွေရှေ့နားက ဖြတ်သွားတာ ။ အနတ္တလို့ တစ်ခါရွတ်ပြီးတိုင်း မိတ်ကပ်တစ်ချက်ပြန်ဖို့လိုက်။  လေထီးခုန် တပ်သားတွေ ဆင်းလာတော့ ကော်ဖီဆိုင်တွေ မဖွင့်ကြသေးဘူး “ အိုးမိုင်ဂေါ့ဒ်” ။  လွတ်တဲ့ငါးကြီးရင် ကြယ်တွေကိုပဲ ထိုင် မျှား နေပေါ့။
ကတ္တရာလမ်းတိုင်းဟာ ငရဲခန်းဆီရောက်တယ်။ တောင်ကုန်းတွေ ခုန်ပေါက်လိုက်တိုင်း ကျောကုန်း တွေ နိမ့်ဆင်းသွားတယ်။ ပြည်တွင်းဖြစ် စစ်စစ်ဆိုလို့ ပြည်တွင်းစစ်ပဲ ရှိတော့တာ။ ဟော ..  အခုချက်ခြင်းပဲ ရောမမြို့ ကို သိမ်းပိုက် .. ဟော အခု ချက်ခြင်းပဲ သွေးစုပ်ဖုတ်ကောင် အလိုမရှိ။ အလံတိုင်းကတော့ ချည်သားနဲ့ လုပ်ထားတာပဲ၊ အရိုးခေါင်းတပ်လိုက်မှသာ အရောင်ပြောင်းသွားတာ။ ငြီးငွေ့လိုက်တာပြောပြီး ဖန်ခွက်တွေ ရိုက်ခွဲ နေသူဟာ အချစ်။ နောက်လဲမယ့် ကားနာမည် မေးကြည့်တော့လဲ အချစ် လို့ ပြောတာပဲ။


 မောင်ဖုန်မြင့်
၈ ရက်၊ ဧပြီ၊ ၂၀၁၇။