Sunday, December 27, 2009

စာပျံများ

ဥတုသပ္ပါယမဖြစ်လို့
နှာစေးနေရတဲ့ ယုန်သူငယ်လေးပါကွာ...

ဒီအကြောင်းနဲ့ပက်သက်ရင်
စောင်းမြောင်းပြောစရာအကြောင်းမရှိပေဘူး ။

တပေါင်းတန်ခူးမှာ မြောင်းတူးပြီးစိုက်တဲ့
ပြောင်းဖူးမိုက်ကလေးတွေရေ

ရေမရှိတဲ့ချောင်းကိုတောင် လိုက်လိုက်ရှာနေရတာမောတယ် (မင်းတို့အတွက်)

နှုးညံ့ခဲ့မှုဆိုတာကလဲ ရွှေဖရုံသီးတလုံးရဲ့အတွင်းသားလိုပါပဲ
ထက်ခြမ်းခွဲလိုက်မှ ဝင်းကနဲတက်လာတာမျိုးပဲမဟုတ်လား

မင်းက ရုတ်တရက် ထထပျံနေတော့
ငါကလဲအလန့်တကြား စာတွေပျံသလိုပျံနေရ

အချစ်ကို အစိမ်းသရဲလိုမွေးမိတဲ့ ဒုက္ခက
ငါ့ဂုတ်ကို ခွခွစီးနေတာပေါ့

နတ်သမီး ထောင်ချောက်မပြောနဲ့
ကြွက်ထောင်ချောက်ထောင်တာတောင် အဖြစ်မရှိခဲ့တဲ့ကောင်ပါ

အရပ်လေးမျက်နှာ သိဘို့အရေး နေ,လာရာ အတင်းမျက်နှာ မူနေရတာမျိုးပေါ့

အရိပ်၃ပါးနားမလည်တာလဲ မဆန်းပါဘူး
ငါ့အရိပ်တောင် ငါကျပျောက်နေတာကြာပြီ

ကမ္ဘာကြီးလဲ ကမ္ဘာကြီးအလျှောက်
မင်းကလဲ မင်းအလျှောက်၊ ငါကလဲ ငါအလျှောက်
လမ်းတွေကတော့ သူ့ဘာသာသူပေါက်နေကြတာပါပဲ

ခြေထောက်တွေ လက်တွေကလဲ ဝဲပေါက်နေတဲ့ အမျိုးမို့
သူခိုးလို့တော့ မစွပ်စွဲလိုက်ပါနဲ့

ငါ့ရဲ့မောင်းနှင်မှုစွပ်ဖားလှည်းကလေးဆိုတာကလဲ
အရှိန်မကုန်ခင်လည်နေတဲ့ ဂျင်ကလေးတလုံးသာသာပါ
ရှေ့ကဆွဲပြေးနေတဲ့မောဟ က အထူအပါးနားလည်တဲ့အချိန်မှ
ရပ်လိမ့်မယ်

မနက်ဖြန် မနက်ကိုးနာရီထိုးရင်
ရွာရိုးကိုးပေါက် ရောက်နိုင်သလောက်လျှောက်ပြီးမှ
ငါ့အိမ်ကို ငါပျံမှာ ။


(ငါ့ထံမှ မင်းဆီသို့ ပျံသန်းသောစာများ )


ဖုန်းမြင့်

Monday, December 14, 2009

ကမ္ဘာကျော်ချင်လို့ ကဗျာကရာကျော်တယ် ၊ခွတယ် ။



ကမ္ဘာကြီးကိုကျော်ဘို့
ပရောက်ဇီ 212 နဲ့စတယ်
မေးလ်ပို့တယ်
မေးလ်ပြန်တယ်
အအေးပတ်တော့ မေးပါခိုင်တယ်
ချက်တင် မှာပွားတယ် / ဖျားမယ်
အခန့်မသင့်ရင် နားပါကားမယ်
အစွန်းရောက်တယ်
လိင်သွေးကြွတယ်
ဗုံးကြဲတယ်
အမုန်းဆွဲတယ် (ဘာဖြစ်ဖြစ်ပါ)
ထိချင်တာလား ၊ ငြိချင်တာလား
ဖိုက်တာတော့ မဟုတ်ဘူး အပျင်းပြေ လူသတ်တယ် (ဂိမ်းထဲမှာ)
ခေတ်ရှေ့ပြေးတယ်
ဗေဒင်တွက်တတ်တယ်
တခုခုထူးခြားရင်
အတိတ်ကောက်ပြီး ၂ လုံးထီထိုးတယ်
ငွေမခင်တတ်ဘူး
လူကိုခင်တယ် (လူကိုခင်မှအကုန်ပါတာ)
ကိုယ့်စိတ်ပျော်ရွှင်ဘို့
မိသားစု အညိုအငြင်ခံတယ်
ချစ်တတ်တယ်
မလွမ်းရဲဘူး
ကဗျာဆရာတွေအပေါ်မှာ ယောက်ကျားကြောက်ရတဲ့ မိန်းမလို
ရိုကျိုးတယ် . .
လန်းတယ် ၊ ဂွမ်းတယ် ၊ ဆန်းတယ်
စိတ်ထက်တယ် ၊ မြွေပွေးလို အဆိပ်ပြင်းတယ်
ငါ့နာမည် ဖုန်းမြင့်
ဆက်သွယ်ချင်ရင် Port 443 ဒါပဲ   . . . ။



Sunday, December 6, 2009

အခု ဘယ်နှစ်နာရီထိုးပြီလဲ ရန်ကုန်

အခု . . . ဘယ်နှစ်နာရီထိုးပြီလဲ

ကြယ်တွေကိုမျှားခြင်းမှာ သင်ပျော်ရွှင်နေပြီလား
ဂိုးလ်ဒင်းဂိတ်တံတားကြီးကို ခဏထားခဲ့လိုက်ပါ
ဘုရင့်နောင်တံတားနားမှာတော့ မျက်နှာတွေသေဆုံးကြတယ်
ကြည့်မြင်တိုင် ငါးဈေးထဲက နေထွက်ချိန် ရှုခင်းဟာ အံဩစရာကောင်းပေရဲ့
နောက်ကျခြင်း ဝတ်စုံဟာ ချုပ်ရိုးသီချိန်မရတော့ဘူး
မနက်ခင်းဆို လဘ်ရွှင်သီချင်းဆိုရတယ်
လူနဲ့ကား  . . ကားနဲ့လူ
စပိန်နွားရိုင်းသတ်ပွဲတွေလိုပေါ့
ညဥ့်ငှက်တွေက နေ့ဘက်ပါ ဈေးကွက်ချဲ့ ထွင်တယ်
သန်းကောင်ထက်နက်တဲ့ ဘဝတွေ ညတွေ ပို့ကုန်အသစ်ဖြစ်လာကြ
အသက်ပြင်းပြင်းမရှုရဲဘူး . . .
ကျွံကျသွားမှာစိုးလို့  လမ်းသွားတိုင်း ကိုယ်ဖော့ထားတယ်
တစပြင်လို နူးညံ့လွန်းလို့ ကြယ်ငါးပွင့် ဟိုတယ်ထဲ
ဂျိုလီ့ နှုတ်ခမ်းလို ထူတဲ့
ငါးကြင်းဗိုက်သားဟင်း ရမလားမေးကြည့် တယ်
စစ်ဖြစ်ပြီးစ မြို့ပျက်ကြီးလို လှလိုက်တာ လွန်ရောပဲ

အခု . . . ဘယ်နှစ်နာရီထိုးနေပြီလဲ . . .

ငါလား . . . ? ရန်ကုန်မှာနေတယ်

ရန်ကုန်လား  . . ?
ခင်ဗျားတို့ပြောသလောက်လဲ ငရဲမဆန်ဘူး
စိတ်ကူး ယဉ်ထားသလို နိဗ္ဗာန်ဘုံ တံခါးဝလဲ မဟုတ်ဘူး  . . . ။


MPM