Friday, April 23, 2010

ပြည်လမ်းပေါ်က အကြိမ်ကြိမ် ဆက်သွယ်တယ် ။



ကျွန်တော့် အတောင်ပံတွေ ဘာလို့ ချိနဲ့ ကုန်ရတာလဲ ဟင် . . . . .

ပျံသန်းဖို့ ကောင်းကင်ကြီး ဟင်းလင်းပွင့်နေပေမယ့် ခိုနား  အားဖြည့်စရာ ကွင်း ကောင်းကောင်း  မရှိလို့
ပဲပေါ့ . . .။


1980 ခုနှစ် မော်ဒယ်လ် စာသားများနဲ့ ကျွန်တော်တို့ ရှေ့ဆက်သွားလို့ ရတယ် ဆိုတာသေချာခဲ့ပြီလား ။
ပြည်လမ်းမကြီးပေါ်က ကျွန်တော် လှမ်းဆက်သွယ်တော့  ဆက်သွယ်ရေး ဧရိယာ ပြင်ပ ရောက်နေတယ် လို့ ပြောလိုက်တာ ခင်ဗျားလား  ..? . .  ခင်ဗျား တယ်လီဖုံးလား . . .? ။
"ခက်တယ်" . . . "ခက်တယ် "  ၂၄ နာရီမှ တစ်ရက် ၊ ၇ ရက် ၄ ခါ လည်ပြီးတာတောင် မျဉ်းတားထားချင်တဲ့ လိုင်းတွေ ထွက်ကျမလာသေးဘူး . . ။ အခန်းက  ဖုန်နံ့ တထောင်းထောင်း နဲ့  မြင် . .သိ . . . ထိ . .တွေ့ ခွင့် ရဖို့ကလဲ  ခဏခဏ  မတ်တပ်ရပ်ပြလို့ မဖြစ်သေးဘူးလေ . . .။


ကိစ္စမရှိဘူး . . .  မောင်ချောနွယ်ဆန်သော နေ့ရက်များရှိတယ် . ..
ကိစ္စမရှိဘူး . . .  မောင်ချောနွယ် အတု ရှိတယ် ....
ကိစ္စမရှိဘူး . . .  ဆိုမာလီကမ်းလွန်က ပင်လယ်ဓားပြ တွေ ရှိတယ် . . .
ကိစ္စမရှိဘူး . . . ကျွန်တော့ အခန်းထဲမှာ  ခင်ဗျား အငွေ့အသက်တွေ မရှိလည်း ဖြစ်တယ် . ။

မြေနီကုန်း လက်ဘက်ရည်ဆိုင်လေးကအထ ။

ဘုံဘဝမှာ မကြံရ ၊ မဆုံ ရပေမယ့်  ဘုံဆိုင်ဝမှာ ဆုံနေရတဲ့ စကားများ ဆယ်ဘီးကားနဲ့ သယ်ဆောင်သွား တာ တွေ့လိုက်ရတယ် ။
အထားအသိုများ ။ အခင်းအကျင်းများ ။ သိပ္ပံနည်းကျ အထောက်အထားများ ။ မှုခင်းဆိုင်ရာ ဆေးပညာ ဝေါဟာရများ ။ အိမ်ထောင်မှု ဘုရားတည် ဆေးမှင်ရည် စုတ်ထိုးများ  ။ သေချာတယ် ကျွန်တော် သေချာ မသိခဲ့ဘူးဆိုတာ သေချာတယ် ။
ပြည်လမ်းမကြီးဘေး အင်တာနက် ကဖေးလေးကပဲ ထပ်မံ ဆက်သွယ်လိုက်ပါတယ် ။ ခင်ဗျား ရဖို့ မရဖို့ ခင်ဗျားဆီ ရောက်ဖို့ မရောက်ဖို့  ကျွန်တော့မှာ  ဘာတာဝန်မှ မရှိဘူး . . .။

ဆက်သွယ်ရေး ဧရိယာ ပြင်ပမှာပါလို့ ခင်ဗျား ထပ်မငြင်းလိုက်နဲ့ ။ 


MPM



Monday, April 19, 2010

နွေထဲမှာ နီရိုးတွေ ပျော်လို့ ပါးလို့ ။

အနက်ရောင် အဓိက ခြယ်မှုန်းထားသော
အပိုင်းအပိုင်း အစအစ များ ဖွာလန်ကျဲ
အရည်ပျော် ကတ္တရာ လမ်းမကြီးထက်
မီးတောက် မီးလျှံများ လွင့်စဉ်ပျံကြဲ
ထိုအခါ
နီရိုးတို့ ပျော်ကြလေပြီ  . . .


ဝမ်းနည်းခြင်း မာတိကာ ပါမလာတဲ့
ဗလာ စာအုပ်လို
သင်ရိုးညွှန်းတန်းထဲ မပါတဲ့
စာရွက်လွတ်များစွာလို
နီရိုးတို့  ပျော်ကြလေပြီ  . .


အမုန်း  အာဃာတ အစွန်းဖျား၌ ရပ်လျှက်
လူသားခြင်း မေတ္တာတရားကို မေ့ထားလျှက်
ကိုယ်တိုင် မကျင့်သုံးနိုင်တဲ့
လူ့အခွင့်အရေး စာမျက်နှာများ အား
ကိုးကားလျှက်
နီရိုးတို့ ပျော်ကြလေသည် . . .


တစ်လုပ် ၊ တစ်ဆုပ် ၊ တစ်ရှိုက် ၊ တစ်ဖွာ
တစ်ဇွန်း ၊ တစ်ယောက်မ စာ
ပေးကမ်း ဝေမျှခြင်းကို မေ့၍
ဗြဟ္မစိုရ် တရားအား
အရောင် အမျိုးမျိုးဆိုး
ဖက်ရှင်ကျကျ ၀တ်ဆင်ပြီး
မာသာထရီဇာ အောက်မေ့ဖွယ် ပွဲတော်
ဆင်ယင်နွဲပျော် ပြီးပြီ ဖြစ်၍
နီရိုးတို့ ပျော်ကြလေပြီ . . .



မှောက်ထားသောလက်သည်
ဖြန့်ထားသော လက်ထက် ပိုမိုကောင်းသည်ကို
မေ့ဖျောက်ထားပြီးပြီ ဖြစ်၍ ၎င်း
အများဆိုင် နာမ်များအား
သင့်တော်ရာချောင်ထိုးပြီးပြီ ဖြစ်၍၎င်း
ပုဂ္ဂလိက ခံစားမှုများအား
အရောင်တင် ဆေးခြယ်ခြင်းဖြင့်
တင့်တယ်ခြင်း အား ဖြစ်စေသည်ဟု ခံယူပြီး၍ ၎င်း
၎င်း . . . သည်  . . . ၎င်း  ။  မှ တပါး အခြားမရှိပြီ ဖြစ်၍ ၎င်း ။
ထိုမှ . . ဤမှ . . .၎င်း ။   ၎င်း  . . .၎င်း . . ..၎င်း . . .
ထို့နောက်  . ..၎င်း  ။
၎င်းပေါင်းများစွာတို့ဖြင့်
နီရိုးတို့ ပျော်ကြလေသည် ။



MPM
17.04.2010

Sunday, April 4, 2010

ငါ့အဓိပ္ပါယ်တွေ တင်ဆောင်လာတဲ့ သဘောင်္ဟာ နစ်ရှေးရဲ့ ပင်လယ်ကို ဖြတ်ပြီ . . .။

"ဟေ့"

       ဒီမှာ . . . ဒီစကားလုံးတွေကို မသေခင် ငါ အသေအချာ ပြောခဲ့တာ  . .
တနည်းအားဖြင့် . . . ချစ်ခြင်းနှင့် မုန်းခြင်း ကြားထဲက သေမင်းနဲ့ အသေအချာ ချုပ်ဆိုထားခဲ့တဲ့ ကတိကဝတ် ဆိုင်ရာ နားလည်မှု စာချုပ်ဖြစ်တယ်  . . . ..
တနည်းအားဖြင် . . .
ငါ့အိမ်ကွင်းမှာ ပေးဂိုးမရှိစံချိန် ထိန်းထားနိုင်လိုက်တဲ ငါ့ရဲ့ အကောင်းဆုံးနဲ့ နောက်ဆုံးကစားပွဲ ဖြစ်တယ် . . .
တနည်းအားဖြင့် . . .
သုဂတိဘုံမှာ ဘဝပေါင်းလေးဆယ် ၊ ဒုဂ္ဂတိ ဘုံမှာ  ဘဝပေါင်း ရှစ်တယ် ၊ အကြမ်းကြုတ် အရက်စက်ဆုံး ငရဲမှာ  ဘဝပေါင်း ၁၆၀ အဖန်ဖန် အထပ်ထပ် ကျင်လည်ခဲ့ပြီးတာတောင် အနုပညာမရသေးတဲ့ ထူထပ် ၊ ပိန်းအ ၊ မိုက်မဲလွန်းတဲ့ ၊ ကုဗတုံးလို လူတွေ အတွက် အလင်းပြကျမ်းလဲ ဖြစ်တယ် . .  .။

          ခရစ်တော်ရဲ့ နောက်ဆုံးညစာလို
ပြက္ခဒိန်ထဲက စာသားတွေ အားလုံး ငါအကုန်အစင် စားသုံးခဲ့ပြီးပြီ  . . . . .
နေထိုင်မှု ပုံစံ အဆင့်မြင့်မားလှတဲ့ အထက်တန်းစား ကြေးစားမရဲ့ ဒဿနမျိုးနဲ့လဲ ဘဝဆိုတာကိုရှုမြင် သုံးသပ် ခဲ့ပြီးပြီ . . .
သေနတ်ထမ်းထားတဲ့ ရဲဘော်ချေရဲ့ ပုခုံးသားများလို ရုန်းကန်အား များစွာနဲ့ နာကျင် ခံစားခဲ့ ဖူးပြီ . . .
( ရဲဘော်ချေဟာ အခုထက်ထိ တီရှပ်ပေါ်က တိုက်ပွဲဆင်နေရတုန်းပဲ ချေရဲ့ကြီးမြတ်မှုကို  ကုဗတုံးလို ကောင်တွေ ဂါရဝ ပြုခဲ့ပုံလေ )  . . . . .
ပါဘလိုနီရှုဒါရဲ့ စာသားကို ကိုးကားလိုက်ရုံနဲ့   မျိုးချစ်ပုဂ္ဂိုလ် အော်တိုဖြစ်သွားတဲ့ အလံတင် အခမ်းအနား ရောင်စုံတွေကိုလဲ  ငါမြင်တွေ့ခဲ့ ပြီးပါပြီ . .
ဘဝမှာ ကဗျာကလွဲပြီးတော့ ဘာမှ အရေးမကြီးဘူးလို့ ထင်နေတဲ့ ကဗျာဆရာ အထီး ၊ အမတွေလိုလဲ ရူးကြောင်ကြောင် နေထိုင်ခဲ့ဖူး ပါပြီ . . . (အချစ်နဲ့စစ် မပါရင် ကဗျာ မစစ်/မဖြစ် ဘူးလို့ သူငယ်ချင်း ကဗျာဆရာ တကောင်က ထပ်ဖြည့်စွက်ပြောကြား )
တနည်းအားဖြင့် . . .
မြဒါလီဆိုတဲ့ မိန်းမ တယောက်ကို အသဲအသန် ချစ်ကြိုက်ခဲ့ ဖူးပြီး ၊ အဲ့ဒီမိန်းမရဲ့ သောက်ဂရု အစိုက်မခံရခြင်း ၊ ပစ်ပယ်ထားခဲ့ ခြင်းတွေမှာ နာကျင်စွာ ဂျွမ်းပြန်ကျနေတဲ့ ကောင်တကောင်ရဲ့ စကားလုံးတွေပေါ့ . . . .

"ဟေ့"

        ဒီမှာ ဒီနှစ် ရန်ကုန်နွေဟာ ဆဟာရ သဲကန္တာရထက်တောင် ပူသေးတယ် ၊ မေလတောင် မရောက်သေး ဘူး ငါ့ရဲ့ ကြွေကျချင်နေတဲ့ စိတ်က ပြည့်လုပြည့်ခင် ဖြစ်နေပြီ . . .  ငါဘာလို့ ငါ့ကိုယ်ငါ ခြွေမချသေးလဲ သိလား .... ? ငါ့စပျစ်ခင်းလေးတွေ လူလားမမြောက်သေးလို့ပဲ  . . နေရောင်ကြောင့် ပူနွေးစပြုလာတဲ့ စပျစ်သီးလေး တွေ မရင့်မှည့်သေးခင် လာလာထိုးဟပ်တဲ့ လေကြောင်းချီ မြေခွေးတွေရဲ့ အန္တရယ် ကာကွယ်ချင်သေးလို့ ပဲ  ..

   အေး   . ..  စပျစ်သီးတွေ ရင့်မှည့်ရင်တော့ ဝိုင်ဖောက်ပြီး မင်းတို့ကို ဂုဏ်ပြုတဲ့ အနေနဲ့ ကုဗပုံ ပုလင်းထဲ ထည့်ပြီး မာရ်နတ်နဲ့ငါ ၂ ယောက်ထဲ သောက်မယ် . . .။

         အခု ငါ့အိပ်ခန်းထဲမှာ လွှားထားတဲ့ အမဲရိကန်လုပ် လီဗိုင်း ဘောင်းဘီ၂ ထည်ရဲ့ ခြေဖျားမှာ အပြောင် မြောင်ဆုံး စာသားတွေကို ခိုးဝှက်သီချုပ်ထားတယ်  . . .  ငါ ကောင်းကင်ဘုံသွားတဲ့ ခရီး တလျှောက် အဆာပြေ စားသောက်ဖို့ပဲ  မင်းတို့မှာချင်တဲ့ စကားတွေ ငါနဲ့ လူကြုံပါးရင် ပါးလိုက်ကြ  . . . သေနတ်နဲ့ နှင်းဆီ အဖွဲ့က အဆိုတော် Knocking On Heaven Door စာသားကို ဌါန်ကရိုင်း မကျသေးလို့ ငါခရီး မသွားသေးတာ

                                                       ဒေါက် . . . ဒေါက် . . ဒေါက်. .
                                                       ကောင်းကင်ဘုံ တံခါးကို ခေါက်ကြ
                                                       ဒေါက် . . . ဒေါက် . . ဒေါက်. .
                                                       အမေရေ  ကျနော့် အတွက်
                                                     နောက်ဆံ တင်းမနေနဲ့တော့
                                                     ဒေါက် . . . ဒေါက် . . ဒေါက်. .
                                                      ငါတို့  . . အနာဂါတ်တွေကို
                                                      ဒိုမိန်းနိမ်းဝယ်ပြီး လွင့်တင်လိုက်ကြ
                                                      ဒေါက် . . . ဒေါက် . .
                                                      ကမ္ဘာမြေရဲ့ ဆင်းရဲမှုနဲ့
                                                      ရောဂါကပ်ဆိုးတွေကို
                                                      ဆွဲထုတ်ယူငင် ကယ်တင်လိုက်ကြတော့ . . . . .


"ဟေ့"
             ဒီမှာ  ..  ငါ့သဘောင်္ဟာ စကားလုံး အပြည့် တင်ဆောင် ပြီးသွားပြီ  . . .၊ ရာသီကုန်အထိ တောက်လျှောက် မနားတမ်း ကစားပြီး အကောင်းဆုံး ဆုဖလားလဲ ရခဲ့ပြီ   ...၊ကုဗတုံးတွေ အကုန်လုံးကိုလဲ    ပိရိမစ် ဆောက်တဲ့ အထဲ ထည့်လိုက်ပြီ  ။ ရဲဘော်ချေ ဟာလဲ သေနတ်နဲ့ နှင်းဆီ တေးသွား ကို စတင်လေ ချွန် နေပြီ  ၊ စာတန်ကလဲ ဝိုင်ပုလင်း အဖုံးကို ဖွင့်လိုက်ပြီ  ၊ ကတ်ကိုဘိန်း ဟာလဲသူ့နားထင် ကို သူဖောက်ခွဲပြီး  အပြစ်ကင်းစွာ သေဆုံးပြခဲ့ပြီးပြီ  ၊ မြို့မငြိမ်းလဲ အုတ်တင်ကား အောက်ထဲ  သူ့ဦးခေါင်း လှဲလျှောင်း အိပ်စက် ပြခဲ့ပြီးပြီ  ... ငါ့ အဓိပ္ပါယ်နဲ့ ငါ့ရွက်လွှင့်မှုဟာ ( ပြင်သစ်တော်လှန်ရေးနဲ့ ရန်ဖြစ်ပြီး   ကွန်ပြူတာ သင်တန်းလဲ မတက်တဲ့ နစ်ရှေးရဲ့ပင်လယ်ကို ဖြတ်မယ် )**

နားလည်တယ် ဆိုလဲ လိုက်လာခဲ့ကြ . . .  နားမလည်ဘူး ဆိုလဲ လဲသေ လိုက်ကြတော့ . . ..   ။

** သစ္စာနီ၏ နစ်ရှေးရဲ့ ပင်လယ် ကဗျာမှ  ....

MPM

Thursday, April 1, 2010

ပစ္စလက္ခနိုင်တဲ့ ကောင်းကင်

တိမ်တွေကို တွဲလဲ ဖြန့်ခင်းထားတဲ့ကောင်းကင်မှာ
ရေမညှစ်ရသေးတဲ့ သက်တန့်တွေအစီအရီပွင့်
လေညှင်းက ဆံပင်တွေကို ဖွဖွလေး ဖြီးသင်ချနေတဲ့ဘီး
ကြယ်အမှုန်အမွှားတွေက မင်းပါးပြင်ထက်မှာ ငြိတွယ်
ငါတို့တွေ ဖက်တွယ်ခဲ့ကြပုံက
ကမ္ဘာဦး လူသားတွေအတိုင်း
အလင်းလွန် အမြန်နှုန်း အတိုင်း
အတင်းတိုးဝှေ့ရောက်ရှိအောင်သွားခဲ့ကြ
အာရုံခံ ကိရိယာ တွေထဲ အတိုင်းအဆ မသိတဲ့
နှုးညံ့မှုတွေ ဖြတ်သန်း ဝင်ရောက်လာခဲ့ကြ
မိန်းမော မူးယစ် လေဟာနယ်ထဲမှာ လွင့်မျောသွားလိုက်ပုံက
အထိန်းကွပ်မဲ့ စွန်တွေလို ..
ကြားခံ ကွက်လပ်တွေ ဖြည့်စွတ်စရာ မရှိတဲ့အထိအောင်
အပို     အလို     မရှိ     ကွက်တိ  
ပင့်သက်များ မချနိုင် မချီနိုင် တော့တဲ့ အထိ
သွေးကြောများ ပြေလျှော့ နှုန်းခွေ ပျော့ကျသွားတဲ့ အထိ
ညစ်နွမ်းဖွယ် အလင်းပွင့် ရောင်စုံကြားထဲ
မျက်တောင် မခတ်တမ်းစိုက်ကြည့်ရင်း
မင်းနဲ့ ငါနဲ့ ကြားထဲက
ကောင်းခန်းတွေကြီးပဲ ပါတဲ့ အဲ့ဒီဇတ်လမ်းကို
နေ့စဉ်ရက်ဆက်  မငြီးငွေ့တမ်းရိုက်ချင်တယ် . . . ။


MPM