Tuesday, September 29, 2009

ကဗျာထဲကို ထည့်ချင်ရာထည့်တဲ့ အုံကြွမှု



ကဗျာထဲကိုဘာထည့်ရမလဲ

မျောက်တွေဟာ အုန်းသီးထဲ ဘယ်သူရေထည့်သွားသလဲဆိုတဲ့
အတွေးအခေါ်ရသလို
ကဗျာထဲကို ဘာထည့်ရမလဲ
ဒုတိယကမ္ဘာစစ်အတွင်းက
ပြင်သစ်ကြေးစားမတွေဟာ သူတို့ကိုယ်ထဲကို ဆစ်ဖလစ်ပိုးထည့်ပြီး
ဂျာမန်တွေကိုဖျော်ဖြေသလိုမျိုး
ကဗျာထဲကိုဘာထည့်ရမလဲ
ဒဿနမပါတဲ့ ကဗျာဖတ်ရတာ ဆားမပါတဲ့ဟင်းစားရသလိုမျိုးတဲ့
ကဗျာထဲကိုဘာထည့်ရမလဲ
ကဗျာဆိုတာ အသံသာရမယ်
ဟုတ်ကဲ့
ကဗျာမှာ နိမိတ်ပုံထွားထွားကြီးတွေနဲ့ ဝေဝေဆာဆာဖြာရမယ်
ဟုတ်ကဲ့
ကဗျာထဲမှာ ဘာသာစကားထည့်ပါ
ဟုတ်ကဲ့
ကဗျာဆိုတာ ရိုးသားရမယ်
ဟုတ်ကဲ့
မင်းတို့ ရေးချင်ရာရေးတာကို ကဗျာလို့ခေါ်နေကြတာလား
ဟုတ်ကဲ့ . . . ဟုတ်ကဲ့ ခင်ဗျာ
အဲ့ဒီလိုနဲ့
ကဗျာထဲကို အသဲကွဲသီချင်းတွေ ထည့်လွှတ်လိုက်တယ်
ကဗျာထဲကို စိတ်ရဲ့အုံမှိုင်းမှုတွေ ထည့်လွှတ်လိုက်တယ်
ကဗျာကြီးပဲဆို ပြင်းမှာစိုးလို့ ဆော်ဒါ နဲနဲရောထည့်တယ်
(ကဗျာ စစ်စစ်ဆို ဘာမှ မရောပဲ သောက်တာ ပိုကောင်းတယ်)
ကဗျာထဲကို မိုးနဲ့အတူအစိုးမရတဲ့ ကောင်မလေးတွေအကြောင်းထည့်တယ်
ကဗျာထဲကို မေထုန်မဲ့ခြင်းကနေ ပေါက်ဖွားကြီးပြင်းတဲ့ နို့စားနွားမကြီးအကြောင်းထည့်တယ်
ကဗျာထဲကို ပြတ်တောက်သွားတဲ့ ဖိနပ်လေးတဘက်အကြောင်းထည့်တယ်
ထည့်ချင်ရာထည့်ထားတဲ့ ကဗျာကြီးဟာ မြေဆွဲအားကနေ ရုန်းကန်ပျံ ဘို့ ကြွကြွ ရွရွကြီးဖြစ်နေပြီ
လွတ်လွတ်ကျွတ်ကျွတ် ကင်းလွတ်ခွင့်ရဘို့ အရေး ဆိုင်းကြိုးတွေကို ဘယ်သူလာဖြတ်မလဲတွေးတယ်
ပရော်ဖက်ဆာ တယောက်က ပြောတာက
ကဗျာထဲကို ထည့်ချင်ရာထည့်တဲ့ အုံကြွမှုကြီးရဲ့ အစဟာ ခရစ်တော်မပေါ်ခင်ကထဲကတဲ့ . .


အဲဒီ အုံကြွမှုထဲမှာ မြေဆွဲအားကြောင့် ဖြစ်ပေါ်လာတဲ့ ရုန်းကန်မှုတွေ
ကဗျာ ဟာနေ၀င်နေထွက်စောခဲ့တယ် ကဗျာဟာ မုတ်သုန်လေဦးလိုလည်း
အမြဲတမ်းခက်ထန်တယ် အမှန်တရားဆိုတာ ခက်ထန်တာပဲလေ...
အသက်မဲ့နေတဲ့ အိပ်မက်တွေ ခြောက်ကပ်နေတယ့်လယ်မြေတွေ
တကယ်တော့
အမှန်တကယ်တော့
လူသမိုင်းကို ထွန်ယက်ခဲ့တာကဗျာပါ...
အသည်းကွဲနေတဲ့ ကဗျာဆရာ အရူးတစ်ယောက်က
အသည်းကွဲ ဖူးသူအားလုံးကိုကိုယ်စားပြုသလိုပေါ့
တော်လှန်ရေးမှာကျဆုံးသွားတဲ့ သူရဲကောင်းတွေအတွက်
ကိုယ်ကိုယ်တိုင် ကျဆုံးခံခဲ့ရသူလည်း ကဗျာဆရာပဲ
ကဗျာထဲကို နာကျင်မှုတွေ ထည့်ခလောက်တော့
ကောင်မလေး မင်းကြိုက်တဲ့
စတော်ဘယ်ရီမိတ်ရှိတ်ဖျော်ရည်တစ်ခွက်တော့ဖြစ်လာမှာမဟုတ်ဘူး
တကယ်တော့ ကိုယ့်ကိုယ်ထဲက လွတ်မြောက်ရေးတိုက်ပွဲ
ဆိုက်ဘေးရီးယားကို နယ်နှင်ခံလိုက်ရတဲ့ သမိုင်းစာအုပ်တစ်အုပ်လို့
အေးစက်နက်ရှိုင်းလို့....
မင်းလေ့ကျက်ပြီးပြီလား
မင်းရိုးသားခဲ့ပြီးပြီလား
မင်းဖြူစင်ခဲ့ပြီပြီလား...
ကဗျာကိုဖတ်တတ်ဖို့ မင်းစိတ်အခံက ဖြူစင်ဖို့လိုတယ်...
နောက်ဆုံးတော့ လောကထောင်ချောက်တွေထဲမှာ
မင်းကိုယ်တိုင်ပိတ်မိတဲ့အခါ ကဗျာကို ဘာကြောင့်လိုမလဲသိမယ်
ကဗျာထဲမှာ ဘာထည့်ထားလည်းသိမယ်...
အခုလောလောဆယ်တော့ ဒီစာမျက်နှာကိုကျော်ဖတ်သွားလည်းရတယ်...
ကဗျာဟာမင်းအတွက် မျောက်အုန်းသီးရ မဖြစ်စေနဲ့...။



ရေးသူ - ဖုန်းမြင့် + မိုးလှိုင်ည

Saturday, September 26, 2009

နိုဝင်ဘာမှာပဲမီးပိတ်လိုက်တယ်

လေဟာနယ်ထဲ
လွင့်ပါမျောရပြန်ပြီကွယ်
ဟေမန္တရာသီမှာ
နင့်အပြုံးတွေဟာ
ဗုံးတွေလို တဝုန်းဝုန်းကွဲတယ် နိုဝင်ဘာ


ဧရာဝတီ ၊ ဂင်္ဂါ ၊ ယမုံနာ
အဲ့ဒီမြစ်တွေလို ငါမစီးဆင်းချင်ဘူး
နင့်ရင်ခွင် မြစ်ကျဉ်းလေးထဲမှာပဲ
အလျှားလိုက်ကူးချင်တဲ့ကောင်ပါ


နင့်လက်ချောင်း မှန်အိမ်လေးထဲက
မျက်လုံးပြူးပြူး ရွှေငါးလေးဟာလဲ
ငါပါပဲကွယ်


နင့်မျက်ခုံး တောတန်းမဲမဲလေးထဲ
မျက်စိလည် လမ်းပျောက်ခဲ့ရပြန်ပါပြီကွယ်


ဓါးမြှောင်တလက်လို
ဖွေးကနဲလက်တဲ့
နင့်ပါးချိုင့်ခွက်လေးထဲမှာပဲ
အိပ်စက်ချင်နေမိတယ်


နင့်မျက်စောင်းလေးတချက်ဟာ
တတောင့်ပစ်ချတိုင်း တခါသေလိုက်ရတဲ့
အော်တိုမက်တက် ရိုင်ဖယ်


နင့်ရင်အုံလေးဟာလေ
ငါသေရင် မြုပ်နှံရမယ့် သင်္ချိုင်းမြေပုံလေး


နင့်မျက်နက်ဝန်းကလေးက
ဘယ်တဘက် ၊ ညာတဘက်
ငါ့ကို ဂျောက်ကနဲ ထူးခတ်လိုက်တဲ့
ခြေကျဉ်းရာလေးတွေပါ



နင့်ဆံပင် အရည်အတွက်ရှိသလောက်
နင့်ရင်ခွင်အကျဉ်းထောင်ထဲမှာ
နှစ်ရှည်ပြစ်ဒါဏ် စီရင်ချက် ကျခံချင်နေမိသူပါကွယ်


နင့်တောင်စွယ်မှာ
နေကွယ်ပြီဆိုမှဖြင့်
ငါကိုယ်တိုင် ရဲဝံ့တဲ့ခြေလှမ်းနဲ့
နင့်ကြိုးစင်ပေါ်တက်လိုက်ပါ့မယ်
ငါ့ကို အသေသတ်လိုက်စမ်းပါ နိုဝင်ဘာ ။ ။



ဖုန်းမြင့်



Monday, September 21, 2009

မြန်နှုန်းမြင့်စိတ်နဲ့ပဲ မေမေ့ကို ဆက်သွယ်လိုက်တယ် ။


ဟဲလို . .

မေမေလား
ကျနော်နေကောင်းပါတယ်
နှလုံးသားကသာ ခဏ ခဏ ဖျားတာ
နေပူပူ ၊မိုးရွာရွာ သူ့မှာ အကာအကွယ် မပါဘူး မေမေ ။



မေမေရေ . .

ခါးတာတွေ ဆက်တိုက်စားမိတော့
လျှာဖျားတွေတောင် ယားတယ်
မုတ်သုန်မိုး တဖြိုက်နှစ်ဖြိုက်ကျရုံနဲ့
ကန္တာရပင်တွေတောထ
လူအဖြစ်ရရှိခဲ့မှုကြီးက ခါးသက်လှပေါ့မေမေ ။


မေမေရေ. .

ဆင်သေကောင်နား တဝဲလည်လည်ဆိုတဲ့
ပြဇတ်ထဲ
အသဲကွဲသမားအဖြစ် သရုပ်ဆောင်ရတဲ့သားဟာ
အော်စကာလျာထားချက်ထဲ
ထိပ်တန်းစာရင်းကပါတယ်တဲ့ မေမေ ။


မေမေရေ
. .
လောကကြမ်းကြမ်းကြီးထဲ
ခလုတ်ကန်သင်းတွေပေါလွန်းလှတယ်
ကျနော့်ကို ငြိသောဆူးများ ဒီထက်ပိုမို ထက်ရှကြပါစေ
ကျနော် ထိမိတဲ့ ခလုတ်တွေ ဒီထက်ပိုမို အလုပ်ရှုပ်နိုင်ကြပါစေ
အိုးကင်းပူထဲ အလှော်ခံနေရသလိုပါပဲ မေမေ
ဘဝဆိုတာကြီးက
အထက်မီး အောက်မီးနဲ့ ဖုတ်ခံနေရတဲ့ ကိတ်မုန့်ကြီးပေါ့





မေမေရေ. .

ရရှိခဲ့တာတွေသိပ်များတော့
ကဗျာတွေတဖွားဖွား ထွက်ကျလာတယ်



ဒီနှစ်ထဲမှာ . . . အဆုံးအရှုံးသိပ်များတယ်

ဒီနှစ်ထဲမှာ . . . အချစ်ရေးအဆင်မပြေဘူး
ဒီနှစ်ထဲမှာ . . . ကျနော့်ယာခင်းက အသီးအနှံမဖြစ်ထွန်းဘူး
ဒီနှစ်ထဲမှာ . . . စီးပွားပျက်ကပ်ဆိုက်တယ်
ဒီနှစ်ထဲမှာ . . . အလုပ်လက်မဲ့
ဒီနှစ်ထဲမှာ . . . နစ်နစ်နေတယ်
နှောက်နှစ်တွေဆိုရင် စားပွဲမှာ ဓါးမြှောင်စိုက်
ကဗျာနဲ့ပဲ မိုက်တော့မယ် ။



မေမေရေ . .

အိမ်ပြန်လာရာလမ်းကလေးက
တဖြေးဖြေးမှုန်ဝါးသွားတဲ့ ရုပ်ရှင်ပြကွက်လေး
ကျွန်တံဆိပ်တီရှပ်က အသက်ရှုကျပ်တယ် မေမေ ။



ဟုတ်ကဲ့ မေမေ. .

ကျနော်အခု မေတ္တာဧရိယာပြင်ပမှာ ရောက်ရှိနေတာပါ ။ ။



ဖုန်းမြင့်

(11.8.2009)

Thursday, September 10, 2009

ငါ့လိပ်ပြာကငါ့ကိုလှောင်နေတယ်



မီးခြစ်ဗူးခွံတစ်လုံးကမှ

ယင်ကောင် တွေထည့်လှောင်လို့ရသေးတယ်

ခရုဆံကျွတ် အခွံလွတ်တွေများလှချည်ရဲ့

ခင်ဗျား အိပ်ကပ်ကို ကျနော်မဖြားယောင်းခဲ့ပါဘူး

မိတ်ဆွေ စီးနေတဲ့ မြင်းရိုင်းကို

သင့်တော်ရာသမိုင်းမှာ ချည်ထားခဲ့လိုက်ပါ

မီးကျိုး ၊ မောင်းပျက်

မီးပြတ် ၊ မောင်းကျိုး

ဘယ်ဂီယာထိုးပြီး ခရီးဆက်မလဲ

ငါ့ဘဝကို မောင်းနှင် နေတာ

အနုပညာ စွမ်းအင်တွေနဲ့ပဲ

ဒီလိုပြောတော့

ခင်ဗျားက ရယ်ချင် ရယ်မယ်

လွင်ပြင် ကျယ်ကျယ်မှာ အသံကုန် ဟစ်လိုက်

နောက်ဘဝမှာလည်း ဒီထက်မိုက်ခွင့်ပေးပါ

သိုးထိန်းခေါ်ရာ သိုးမည်းတွေ မလိုက်လိုကြဘူး


ညီမလေးရယ်
တကြောင်းချစ်ပန်းချီကားလေးပဲ ဖြစ်ပါရစေတော့


ငါ့လိပ်ပြာက
ပြုံးရုံလေးပဲ ပြုံးနေခဲ့တာပါ . . . . . ။



မောင်ဖုန်းမြင့်

Sunday, September 6, 2009

တောအုပ်သီချင်း




V1: ငါဟာ တိတ်ဆိတ်ငြိမ်သက်နေရတဲ့ တောအုပ်နက်ကြီးတခုပါ . . .


အိပ်မက်ကတော့ သက်တန့်တွေကို လိုက်ဖမ်းပေးဘို့ပြောတယ် . . .

လူတွေရှုထုတ်လိုက်တဲ့ အရာတွေ သန့်စင်လျှော်ဖွပ်ခြင်းမှာပျော်ရွှင်နေမိပြီ . . .





V2: ငါ့ရဲ့ငြိမ်ဆိတ်မှုကို တချို့က အန္တရာယ်ထောင်ချောက်တခုလို့မြင်တယ် . . .


အားကြီးသူနိုင်ရာစား ဝါဒကို ငါ့ဥပဒေသလို့ သမုတ်လိုက်ကြသေးတယ် . . .

သူတို့လိုအပ်ကြတဲ့အချိန်မှာ ငါ့အခေါင် အညွှန့်ကအစပိုင်းခုတ်ချခြင်းခံရတယ် . . .


သူတို့ရောဂါဘယတွေကုသဖို့ ငါ့ရေသောက်မြစ်ကအစ နက်နက်ရှိုင်းရှိုင်း တူးဆွကြတယ် . . .

ငါတတောလုံးကြွေနေတဲ့အချိန်မှာ သူတို့ရဲ့ပေါ့လျှော့မှုက ငါ့ကိုမီးမြိုက်တယ် . . .

သူတို့ရဲ့အလိုရမ္မက်ကို မြို့ပြအဖြစ်ချဲ့ထွင်ကြချိန်မှာ ငါကနောက်ဆုတ်ပေးနေကြပါ . . .

ငါ့လမ်းပုခုန်းသားလေးအပေါ်မှာ သူတော်စင်တွေကြွလှမ်းသလို မုဆိုးခြေကြမ်းတွေကလဲ ဒင်းကြမ်းပြည့်ပါ . . .

သူတို့ အပျိုစင်မလေးပန်ဘို့ ငါ့ခေါင်းပေါ်က သစ်ခွသရဖူကို လုယူသွားကြတယ် . . .



cho:[ ငါ့ပိုင်ဆိုင်မှုတွေဟာ ဓမြတိုက်ခံလိုက်ရပါပြီ


ငါ့စမ်းချောင်းလေး ရဲ့စီးဆင်းမှုကိုလဲ ပိတ်ဆို့တားမြစ်လိုက်ကြပြီ


ငါ့အရွက်ကလေးတွေတောင် လေပြည်မှာ တေးမသီနိုင်တော့ပါ


တနေ့တခြားငါ့ရဲ့ပါးရှားလာမှုဟာ င့ါသယံဇာတပါ


ငါ့ရဲ့ပိန်လှီလာမှုက ငါ့ကျန်းမာရေးပြ ဂရပ်မျဉ်းကြောင်းတွေပါ


ငါ့ကိုဆယ်မမဲ့လက်တွေကို ငါလိုက်ရှာနေမိတယ် ]





V3: ငါ့နံရံမှာ မပျော်ရွှင်မှုတွေချိတ်ဆွဲထားတဲ့ ငါ့ပြက္ခဒိန်ရှိတယ် . . .


ငါ့အသက်ရှုမှုက မီးခိုးတွေလိုအူနေခဲပါ့ပြီ . . .

ငါ့ဆံချည်မျှင်များလဲ နာဖျားမှုမှာဖြူလျှော်ခဲ့ပါပြီ . . .

ငါ့အိုမင်းမှုဟာ ဆည်းဆာမှာတောက်ပခဲ့ပါပြီ . . .


ငါ့အရိပ်ကိုအိပ်မွေ့ချလိုက်ပါပြီ . . .


ခြင်္သေ့လို ငါ့စိတ်ကို တိတ်တိတ်လေးအဆိပ်ဖြေခဲ့ပါပြီ . .



V4: အို . . . လူသားတို့ . . .


ငါ့ရင်ကိုခွဲပြီး ပျော်ရွှင်မှုကို နှိုက်ယူသုံးစွဲနိုင်ကြပါစေ . . .

ငါ့၏မျက်ရည်များဖြင့် သင်တို့၏ ခြေဖဝါးအညစ်အကြေးများ သန့်စင်နိုင်ကြပါစေ . . .

ငါ့ဈာပန တေးသွားမှာ တိမ်းမူး ကခုန်နိုင်ကြပါစေ . . .


သင်တို့၏ ပျော်ရွှင်မှုကို ဘုရားသခင်ကောင်းချီးပေးပါစေသတည်း . . . ။ ။



cho + V1 Ending Fade Out



compose by : ဖုန်းမြင့်


(သရုပ်ဖော်ပုံကိုဒီကယူတယ်)

Thursday, September 3, 2009

နတ်တို့ခိုးဝှက်ခြင်းခံလိုက်ရတဲ့ကိုချောနွယ်





တဘဝလုံးစာ သက်ပြင်းကို

အရက်ပြင်းပြင်းနဲ့မျိုချ

အရှိန်အဟုန်ပြင်းလွန်းတဲ့ ရထားကြီး

သူ့သံလမ်းဟာ သူ့ကိုက်လမ်းပေါ့

ဖူးပြပွင့်ပြလိုက်ပုံကလဲ

တကိုယ်လုံး ဝေဝေဆာဆာဖြာကျ

ဆယ်ဘဝတိုင်တိုင် အနုပညာ မရခဲ့တဲ့လူတွေကို သနားတယ်

သူအားကျတဲ့ ကုန်ထမ်းသမား သလဲပင်လေးလို

သူ့ခါးကြီး ညွှတ်ကိုင်းလာတဲ့အထိ ကဗျာတွေထမ်းထားလိုက်တယ်

"အယူမှန်သူအတွက် အယူခံမလို
ကမ္ဘာကြီးအတွက် ညတိုင်းသီချင်းတွေဆိုခဲ့ပါတယ်"* တဲ့

နာကျင်နေတဲ့ ကမ္ဘာကြီးကို

သီချင်းအမြဲတန်းဆိုပြနေတဲ့

ပြည်မြို့သား မစဉ်းစားခြင်းသေတ္တာကြီး

မြို့တမြို့က ဝှက်ထားတဲ့ဖဲချပ်များ* ထဲမှာ

သူကိုယ့်သူ ပြန်ဝှက်လိုက်တဲ့ နိုင်ဖဲ ကြီးတချပ်

ချစ်သူ စစ်စစ်နှင့် ရန်သူစစ်စစ်* ကြားမှာ

သူရခဲ့တာတွေ သိပ်များနေပြီ

သူရခဲ့တာအကုန်လုံး ကို ကဗျာတွေဖြန့်ကျဲပြီး

သူပြန်ပေးခဲ့လိုက်တယ် ...

သူ့မှော်ဓါတ်ဆိုတာ သူအသက်နဲ့ ရစ်ပါတ်ထားတဲ့

တံဆိပ်အသစ်ကလေးလေ

သူထွက်သွားပုံက တိုးတိုးတိတ်တိတ်

သူချန်ထားခဲ့တာတွေက ကျယ်ကျယ်လောင်လောင် အော်ဟစ်

သူ့အသစ်လေးကို သူကိုယ်တိုင်မီးညှိလိုက်ပြီလား

အသေချာပဲ ..

သူ့ညီမလေး မမမြင့်ကိုတော့ သူလွမ်းနေမှာ

အသေအချာပဲ...

ခက်ပြီ

သူ့ဆိပ်ကမ်းမှာပဲ ငြိငြိနေမိတယ်

သူ့မျှော်စင်ပေါ်တက်ပြီး သူ့ကိုပြန်ပြန်မျှော်နေမိ

သူသရော်ခဲ့တဲ့ ဘုရားသခင်ရဲ့ ကစားကွင်းထဲ

ကံကြမ္မာ ဒိုင်လူကြီးကို ပြစ်တင်ဆဲရေးနေမိပြီ

သူ တည်ကန်လိုက်တဲ့ ဘောလုံး

အလှဆုံး ဂိုးဖြစ်သွားချိန်မှာ

သူ...ဟာ ကွင်းထဲမှာ မရှိတော့ဘူး...

အဲ့ဒီလို နတ်တို့က သူ့ကိုခိုးဝှက်သွားခဲ့ပေါ့ .... ။




(* မောင်ချောနွယ် ကဗျာခေါင်းစဉ်နှင့်စာသားများ)

ဖုန်းမြင့်

အဝေးရောက်ပင်လယ်ဘလော့မှကူးယူဖော်ပြပါသည်