Wednesday, September 21, 2011

အိမ်ကလေးသို့ လွမ်းဆွတ်မှု





 အို ! . . အိမ်ကလေး  . . . သင့် အား ငါ ပြင်းပြင်း ရှရှ လွမ်း၏ . . ။


   မည်းမှောင်နေသော မြို့ကြီး အတွင်းမှ ပေါ်ထွက်လာသော အိမ်လွမ်းဝေဒနာမှာ နာသာခံခက် ၊ အတွင်းပိုင်း နက်နက်ရှိုင်းရှိုင်း  သို့ တမြေ့မြေ့ တိုက်စားနေသော ဒဏ်ရာ ၊ဒဏ်ချက် များပင်

   အိမ်ဟုဆိုလိုက်လျှင် အများအားဖြင့် မိသားစုဟု အနက်ဖွင့်ဆိုခဲ့ကြပြီး ၊ နွေးထွေးလုံခြုံမှု ပေးနိုင်သည့် အသိုက်အမြုံ သို့မဟုတ် ဘဝဖော်အချင်းချင်း အမှီသဟဲပြုရာ သာယာပျော်ရွင် မှု ဟု အလိုလို အသိအမှတ်ပြုခဲ့ ကြပြီး ဖြစ်ပါလိမ့်မည် ။

       “ အိမ်ပြန်မယ် ”  ဟု ရည်ညွှန်း စိတ်ပြုလိုက်ရုံဖြင့် ဘ၀င်စိတ် အတွင်းတွင် သာယာပျော်ရွှင်မှု ၊ လုံခြုံ စိတ်ချရမှု ၊ အထီးကျန်ခြင်းမှ ကင်းလွတ်ရမှု တို့ဖြင့် အားအင် သတ္တိများ ပြည့်လျှံလာကာ ၊ ငြိမ်းချမ်းရာ ဘုံဘဝသို့ တွယ်ငြိ ဆိုက်ကပ်မိသော ဝိညဉ် တစ်ခု ၏ ခံစားမှုကဲ့ သို့ပင် ဖြစ် ၏ ။

        သူ့ငယ် ဘဝ နေထိုင်ခဲ့ ရသော အိမ်ကလေးမှာ ရန်ကုန် မြို့လည် ရှိ ဆူညံသံများ အနည်းငယ် ရောယှက် နေသော ခြံဝင်းကျယ်ကလေး တစ်ခု အတွင်း၌ ဖြစ်သည် ။ နှစ်ဆောင်ပြိုင် အိမ်ကြီး၏ လေးခန်းတွဲအိမ်ခန်းလေး ၏ ဘယ်စွန်မှာ သူနှင့် သူ့မိသားစု ကလေး နေထိုင်ခဲ့ကြဖူးသည်  ။ သူက သူနေထိုင်သော အခန်းကလေးကို နှလုံးသား ထောင့်ကျဉ်းဟု တိတ်တဆိတ် အမည်ပေးခဲ့သည် ။ မိသားစုတွေ ဖရိုဖရဲ မဖြစ်ခင် ရွှေအိုရောင် နေ့ ရက်များ ။ စိတ်ထဲ စွဲထင်နေသော အခန်းချင်းကပ်လျှက် ငယ်သူငယ်ချင်း မိသားစု ။ “မမလေး” ၊ “ဘဘ” ၊ “ကြီးကြီး” အစရှိသော စိတ်ပုံရိပ်များ ။ အဲလစ်ရဲ့ အံဖွယ်ကမ္ဘာထဲသို့ ရောက်ရှိသွားခဲ့ရသလို  စွဲထင်ရစ်နေသော “ဘဘ”၏ စာအုပ်တွေ သိမ်းဆည်းထားသော ဗီရိုကြီးတွေ ၊ ထင်းရူး သေတ္တာ ကြီးတွေ ။

           ငြိမ်သက်တိတ်ဆိတ်စွာ စာအုပ်ပုံကြားထဲ  လှဲလျှောင်းခွေ နေသော  ပိန်ခြောက်ခြောက် ညိုညစ်ညစ် ကောင်လေး တစ်ယောက်၏ ပုံရိပ်  . .  . ၊ အောက်ထပ် အခန်း ၂ ခန်း မှ ကစားဖော် ညီငယ် ၊ ညီမငယ် လေးများ . . ၊ ဂိုးတိုင်လုပ် ဂိုးဖမ်းခဲ့သော မာလကာ ပင်ကြီး ၂ပင် ...၊ တာဇံ လုပ်တမ်း ဆော့ခဲ့ရာ စောင်းလျှား ပင်နှင့် ခြံထောင့်က ပိန္နဲပင်ကြီး ... ၊ ညဘက် ခြံထိပ်မှာ ဂစ်တာ လာတီးနေကြ အကိုကြီးတွေ ..၊သူတို့နှင့် သီချင်း လိုက်ဆိုရင်း လေ့ကျင့်ခဲ့ရသော ဂစ်တာကော့ဒ်တွေ ..၊ ဆေးလိပ်ခိုးသောက်တဲ့ ညများ . . ၊ အဲ့ဒီ အချိန် ကာလက ခေတ်စားနေသော ဘရိတ်ဒန့်စ်ကရင်း ရိုက်ပွဲလေးများ ဆင်နွှဲခဲ့ရသော တန်ဆောင်တိုင် ပွဲတော် .  .၊ အိမ်ပြန်မအိပ်ခဲ့သော ရက်သတ္တပါတ် ပေါင်းများစွာ  အစရှိသဖြင့် . . . . ။

ထို့နောက် လေပြင်းမုန်တိုင်းကျသလို တစ်တိုင်းပြည်လုံး တုန်လှုပ်ခဲ့ရသော အပြောင်းအလဲ ၊ အဖြစ်အပျက်ကြီး က သူတို့ ခြံဝင်းလေးကိုပါ ပုတ်ခတ်လှုပ်ရှား သွားစေခဲ့သည် ။

   ခြံဝင်းလေးထဲမှ  အရင်ဆုံး နှုတ်ဆက် ခွဲခွာသွားကြသူများမှာ ငယ်သူငယ်ချင်း မိသားစုကလေးက “ဘဘ” ၏ အလုပ်တာဝန်ဖြင့် တစ်နေရာသို့  မမလေးနှင့် အကိုလို တွယ်တာရသူ နှစ်ယောက်မှာကား ထိုထက်ဝေးကွာ သော အဝေး တစ်နေရာသို့ . .  ဘဝဆိုတာ ပျော်ရွှင်မှု  ရာခိုင်နှုန်း အနည်းငယ်သာ ပါဝင်ပြီး  အစီအစဉ် မကျမှုများစွာနှင့် လွဲချော်ခြင်း ခပ်များများ ပေါင်းစပ် ပါဝင်သော အရာ ပါလားဟု သူစတင် မျက်ခုံးပင့် ကြည့်လိုက်မိသည် ။

     သူနှင့် သူ့မိသားစုလေးသည်လည်း ထိုစဉ်ကာလ က ရေစီးကြောင်းတစ်ခုလို အားကောင်းလှသော မြို့သစ် လေးများဆီသို့ ဦးတည်စီးမျောခဲ့ရလေသည် ။ မတူညီသော အသိုင်းအဝိုင်း ၊ ပတ်ဝန်းကျင်စိမ်း နှင့် ခက်ခဲ ကြမ်းတမ်းသော မြို့သစ်ညနေခင်းများ၏ ရိုက်ခတ်မှုက မြို့လည်ခေါင်မှ ရုတ်တရက် ပြောင်းရွေ့လာရသော သူ့အတွက် မသက်သာစေခဲ့ ။ ပျင်းရိ ငြီးငွေ့ဖွယ်ရာ မြို့သစ်နေရက်များကို တိုက်ခိုက်ဖို့ အတွက် သူ့ဂစ်တာကို ခပ်ကြမ်းကြမ်း တီးခတ်တတ်လာသည် ။ စက္ကူအလွတ်တွေပေါ်မှာ စကားလုံးများစွာ ဟိုခြစ် ဒီခြစ် ခြစ်တတ်လာ ခဲ့သည် ။ သူ၏ မိခင်ဖြစ်သူ ရုံးက ပြန်လာမည့် မြေနီလမ်းကလေးပေါ် စောင့်မျှော် ထွက်ကြိုရင်း ရုံးမှ အပြန် ဆုံနေကြ ကောင်မလေး တစ်ယောက် အပေါ်မှာ ရင်ခုန်လာမိခဲ့သည် ။ စစ်တုရင် ကစားခြင်းကို အလွန်အမင်း နှစ်သက် ခုံမင်လာခဲ့ပြီး ။သူ၏ လူငယ်ဘဝ အရိပ်ရှည်ရှည် လျားလျားက အရက်ဆိုင်များ အတွင်းသို့ ပျော်ဝင်သွားခဲ့ပြန်သည် ။

    မမျှော်လင့်ပဲ နိမ့်ပါးသွားသော အခြေအနေနှင့် ဖိစီးလာသော ငွေကြေး အခက်အခဲများကြားတွင် သူနှင့် သူ့ညီ၊ ညီမငယ်လေးတို့မှာ လူးလွန့်ကြီးပြင်းလာခဲ့ကြရသည်။

     ရွေးချယ်ခွင့်များစွာ မရှိသော သူ့အတွက် သူ့သူငယ်ချင်းတစ်ယောက် အိမ်သို့သွားရောက် နေထိုင်ကာ အလုပ်လုပ်ခဲ့သည် ။ အချိန် ကြာလာသည်နှင့် အမျှ မိမိ၏ ကိုယ်ပိုင် အိမ်မဟုတ်သည့်  အိမ်တစ်လုံး၏ သူစိမ်း ဆန်မှုကို ရုတ်တရက် ကြုံတွေ့လိုက်ရတော့ သူ့အတွက် အကြီးအကျယ် တုန်လှုပ်စေခဲ့ရပြန်သည်။ မြို့ပြ၏ ခမ်းနားကြီးကျယ်မှုကလည်း အဆင်မပြေသောနေ့ရက်များကိုသာ ပိုင်ဆိုင်သော သူ့အတွက် လေးလံသော ဖိစီးနှိပ်စက် မှုပင် ။ ကွန်ကရစ်တောအုပ်ကြီး၏ ရယ်မော ခြောက်လှန့်သံကို မခံနိုင်တော့သည့်အဆုံး သူ့ခြေလှမ်းများက မြို့သစ်လေးရှိ ရယ်စရာနည်းနည်း မောစရာများများ အိမ်ကလေး ရှိရာသို့ ဦးပြည်လှည့် လိုက်၏ ။ ထိုအချိန်မှစ၍ သက်မဲ့ အိမ်ကလေး တစ်လုံးအတွင်းတွင် ခံစားမှု စိတ်ဝိညဉ်နှင့် အသက် ရှိနေကြာင်း သူ့ကို သတိပြုမိခဲ့စေ၏ ။

    ရွေ့လျားနေသော အချိန်ကာလနှင့် မမြင်ရသော အကြောင်းအရာများက သူနှင့်သူ့မိသားစုလေးကို ဆင်ခြေဖုံးရှိ အခန်းငယ်လေး တစ်ခု အတွင်းသို့ တွန်းထိုး သယ်ဆောင်သွားပြန်လေသည် ။ သူ့အနေဖြင့် ဘ၀ဆိုတာ အလေးအနက် ထားစရာလို့ မမြင်နိုင်တော့ပဲ ပေါ့ပေါ့ပါးပါး အရွဲ့တိုက် လောကဓံတရားနှင့် တွန်းထိုးရန်ဖြစ်ရင်း “လူပုံအလည်..  မနေချင် .. တစ်ယောက်ထဲပဲ.. ရင်ခုန်သံအသေတွေကို.. ဖြန့်ကျဲပြီး အခန်းငယ်ထဲ” စသည့် စာသားများပါဝင်သော ရော့ခ် သီချင်းတစ်ပုဒ်ကို အကြိမ်ကြိမ် ဆိုငြီးနေခဲ့မိသည် ။

  နေ့စဉ်လှုပ်ရှားနေရသော ဖြစ်စဉ်ကြီး တစ်ခုလုံးအတွင်းမှာ မသေချာ မှုများစွာပဲ ရှိနေခဲ့သည်ဟု တဖြေးဖြေး သူ သက်ဝင်ယုံကြည်လာခဲ့ သည်။
   
အိမ်ကလေးပေါင်း များစွာ၏ အသံမဲ့ဘာသာစကားကို သူအနည်းငယ် နားလည်လာခဲ့ သည့်အချိန်မှစ၍ “ လောကသည် ရှိ၏ ထိုရှိနေသော လောကအတွင်း ဘာမှ မရှိခြင်းသာ ရှိ၏ ” ဟူသော အတွေးကို အလေးအနက် ဆင်ခြင်စဉ်းစားနေရင်း အိမ်ပေါင်းများစွာ ၏အသံမဲ့ အသံများစွာကို သူစုဆောင်း ရှာဖွေနေခဲ့မိသည်။

     ရပ်ဝေးမြေခြားရှိ သူနေထိုင်ခဲ့ရသော အလုပ်ရှင်မှပေးသည့် စုပေါင်း အိမ်ယာ အတွင်းမှာ  ..၊ အဆောင်တစ်ခု၏ အခန်းကျဉ်း ထဲမှာ ၊ လူအများ အစုစပ်စုငှားနေရသည် အိမ်ငယ်ကလေးအတွင်းမှာ ၊ နေ့ဘက်တွင် ရုံး ဖြစ်ပြီး ညဘက် လူပေါင်းများစွာ အခကြေးငွေပေး အိပ် ရသည့် အဆောက်အဦးအတွင်းမှာ ၊ ချစ်သူ ခင်သူတို့နှင့်ဝေးရာ မိကွဲဖကွဲ အခန်းလေးမှာ .. နာကျင်ကြေကွဲနေသည် အိမ်ကလေးများ ၏ အသံများစွာကို သူစုဆောင်းရရှိခဲ့ပြီးနောက် ...

   သူ့အသွေးအသားထဲမှာ ကျယ်လောင်စွာ တောင်းဆိုနေတာက  .  . အတ္တ ၊မာန ၊ ဒေါသ ကင်းစင်တဲ့ အိမ်ကလေးတွေရဲ့ အသံ ၊ ပျော်ရွင်ဖွယ်ရာ ကြည်နှုးမှုတွေနဲ့ ပြည့်လျှံနေတဲ့ အိမ်ကလေးတွေရဲ့အသံ . . ချစ်သူခြင်း နားလည်မှုတွေနဲ့ ဖြူစင်ဝင်းလက်နေတဲ့ အိမ်ကလေးတွေရဲ့ အသံ ၊ အထီးကျန်မှုတို့ ကင်းဝေးရာ ဆည်းလည်းလေးတွေ ရယ်မော ပျော်ရွင်နေတဲ့ အိမ်ကလေးတွေရဲ့ အသံလို့ အသေအချာ သိရှိ နားလည်ခဲ့လိုက်တော့သည် ။

   သူ့ခြေလှမ်းများက သူ့မြို့လေးရှိရာ ဦးတည်လျက် ၊ မြေနီလမ်းလေးအတိုင်းလျှောက်လာရင်း .. မျှော်လင့်ခြင်းအပြည့်နဲ့ ခြံတံခါးလေးကို တွန်းဖွင့်လိုက်တော့  . . . မိုးရေစက်တွေကြားများ အချိန်ကာလာများစွာ သူ့ကိုစောင့်စားရင်း ဖျားနာ သေဆုံးနေပြီဖြစ် တဲ့  ခြောက်သွေ့ အိမ်ကလေးကို တွေ့လိုက်ရလေရဲ့  . . .။


အို ! . . အိမ်ကလေး  . . . သင့် အား ငါ ပြင်းပြင်း ရှရှ လွမ်း၏ . . ။

                                                                                                          


                                                                                                                 မောင်ဖုန်းမြင့်

Monday, September 5, 2011

အရေးအသားထဲမှာပျော်ကျသွားတဲ့ဘ၀ဟာအစိုင်အခဲပဲ


စတင်ထိတွေ့လိုက်ရတာနဲ့ ပိတိတွေဖျာသွားသလို အလိုလို ချုံးပွဲချငိုကြွေးမိ၊ အရင်တုန်းကတော့
သူ့ကိုယ်အပေါစား လူမိုက်တစ်ယောက်လို့ထင်ခဲ့၊သူ့ဗလနဲ့ကိုယ့်ဗလနဲ့ ချကြရင် တရားမျှတပါ့မလား လို့
တွေးမိခဲ့၊ပဉ္စ၀ုဓ မင်းသားလို သေသော်မှသည် အော်ကောင်း၏လို့ ကြွေးကြော်ရမလားလို့ စဉ်းစားမိ၊
တဖြေးဖြေးကိုယ်ခြေကုန်လက်ပန်းကျလာတော့သူဟာကိုယ့်အနားအယဉ်ပါးဆုံးအိမ်မွေးတိရိစ္ဆာန်လေး
တစ်ကောင်လို ကိုယ့်ခြေရင်းမှာ ၀ပ်ဆင်းနေပါလေရော ။ သူ့အတွက် ကိုယ်ဘာလုပ်ပေးရမလဲ စဉ်းစား
သလို ၊သူကလဲ ကိုယ့်အပေါ်မှာ တစ်ခုခုထိုးတင်နေသလိုလို တွန်းချနေသလိုလို ဆက်ဆံနေခဲ့ ၊
သူ့အပေါ်မှာ မငြင်းဆန်ရဲသလို တော်လှန်ပုန်ကန်လိုက်ဖို့ကလဲ မလွန်ဆန်ရဲခဲ့ ၊ ဒီလိုပဲ နေကုန်နေခန်း
ပေါ်လာမလားလို့ ထိုင်စောင့်ကြည့်နေရတာပဲ ၊ ဖြုတ်၊ဖျက်၊တပ်ဆင်ကြည့်မိ၊ ကော်လာ့ခ်ျလုပ်စရာ
စာအုပ်ကလဲ အနားမှာ အလွယ်တကူ မရှိခဲ့၊ ဂျာနယ်တွေထဲမလဲ ချာချာလည်သတင်းများနဲ့ဆိုတော့
ထိတွေမိ့သမျှ၊ သိမြင်မိသမျှ၊ မှတ်ဥာဏ်ထဲရှိသမျှ ပြန်ပြန်သုံးကြည့်နေရတာပဲ၊ တစ်ကြောင်းတစ်ပါဒ
ရလိုရငြား စစ်ပွဲသတင်းတွေနားထောင် ၊ သတင်းကြော်ငြာသူလေးရဲ့ နှုတ်ခမ်း ဟာ ရွှန်းရွှန်းစိုလို့ ၊
ဒီတစ်ပုဒ်မှ မဆုံးသေးခင် ၊ဖျတ်ကနဲနောက်တစ်လိုင်း ကူးသွား၊ ကိုယ်လဲ သူ့နောက်လိုက်နေရတာ
မောပန်းလွန်းလှပါပြီ၊ ဘယ်လိုနည်းနဲ့မှ မရတော့ရင်တော့ Slyvia Plath လမ်းစဉ်ကိုပဲ ရွေးလိုက်တော့
မှထင်ရဲ့     ။

မောင်ဖုန်းမြင့်