Friday, October 10, 2008

"အချစ်ဆိုသည်မှာ"

မှားပါတယ် ဆရာတွတ်ရယ် လို့ပဲ အော်လိုက်ချင်တော့သည် ..။ ဘယ်သူရှိမလဲ ကိုအောင်သာငယ်
ဆိုသည့် နောင်တော်ကြီးပဲ ဖြစ်သည် သူကတော့ အခုတလော အလွန်အမင်းနုပျို တက်ကြွလွန်းကာ ခံစားမှု တွေ အားကောင်းလွန်းနေတော့ မျက်လုံးကို အတင်းပွတ်သပ်ကာ ကြည့်နေရသည် လူများ မှားနေ သလား ပေါ့လေ ။ သူ့ပိုစ်တွေက ဟောတစ်ပုဒ် ဟောတစ်ပုဒ် ဆိုသလို အတွေးကောင်းကောင်း အရေးကောင်းကောင်းနဲ့ လူကြီးခြေတက် ကြီး ပါလားဟ ဟု လက် ဖျားခါရလောက် အောင် ထွက်ထွက် လာတတ်သည်။


အခုလဲလာပြန်လေပြီ "အချစ် ဆိုသည်မှာတဲ့" သူ့ဘာသာ ခံစားမှု အားကောင်းကောင်းနှင့် ရေးသွားရုံနှင့် အားမရသေး ကျနော် အပါအဝင် ခင်ရာမင်ရာ ဘလော့ဂါတွေကို Tag game လုပ်သွားသည်။ သူရေးတာကို ဖတ်ကြည့်လိုက်တော့ တော်တော်လေး ဖျားသွားရသည် စကားလုံး ပြောင်ပြောင်တွေနဲ့ အနုပညာမြောက် လှပ အောင် ခံစားရေးဖွဲ့ခဲ့တော့ နောက်မှလိုက်ရေးရသည် လူမှာ သူ့ကို မှီဖို့ (ကျနော့် တစ်ဦးထဲအတွက် ပြောတာပါ) တော်တော်လေး အားထုတ်ယူရတော့သည် ။ ကျနော်က လူငယ်ခြေကျ ဖြစ်နေပြီ ထင်သည်။

တကယ်တမ်းပြောရလျှင် ကျနော်အနေဖြင့် Tag တာတွေကို သိပ်မရေးချင် ( အင်တာဗျုး မှာ မော်ဒယ်မလေးတွေ ပဲများသလို များကြည့်တာ၊းD အမှန်တော့ ကိုယ့်အကြောင်းတွေ ပေါ်ကုန်မှာစိုးလို့ ) မရေးချင်ဘူးပြောခဲ့လို့ ခင်မင်သော ဘလော့ဂါ မိတ်ဆွေလေး စိတ်ဆိုးဖူးခဲ့သည်။ အခုတော့ ကိုယ့် အကိုကြီးက ရေးခိုင်းတော့ ရေးပြီ အကိုကြီးရေ ( ငိုချင်ရက်နေရက်နဲ့ လက်တို့ခံရတဲ့ အထိစောင့်နေတာဗျာ။ )



http://www.danielpadilla.com/db2/00165/danielpadilla.com/_uimages/LoveDuoweb.jpg

" အချစ်ဆိုသည်မှာ"

လောကမှာ ဧကရာဇ် တွေ
မအောင်နိုင်သေးတဲ့ စစ်ပွဲတပွဲ ဖြစ်သည်...

မေ့လျှော့ခံရ ခြင်းများနှင့်
တမ်းတ လွမ်းဆွတ်ခြင်းများကို ဆောင်ကျဉ်းပေးခဲ့သည်

သစ္စာရှိ ကျေးကျွန် တစ်ဦးလိုဖြစ်ပြီး
ခက်ထန် တင်းမာသော အရှင်သခင်တစ်ဦးလဲဖြစ်သည်

ရုန်းထွက် လွတ်မြောက်ရန် ခက်ခဲသော ဝိဉဉ်ချည်ကြိုးဖြစ်ပြီး
အရာ အားလုံးမှ လွန်မြောက်စေနိုင်သော လောက အမွန်လဲဖြစ်သည်

စကြာဝဋ္ဌာ တံတိုင်း၌ ရေးထိုးထားသော အက္ခရာဖြစ်ပြီး
သဲသောင်ပြင် ထက် ဖွဖွရေးခဲ့သော စာလုံးတစ်ချို့လည်းဖြစ်သည်

တိမ်တိုက်တို့ ကင်းစင်သော ကောင်းကင်တစ်ခုဖြစ်၍
ကြယ်ရောင်တွေ မမြင်နိုင်သော အာကာပြင် တစ်ခုလဲဖြစ်သည်

တရှိုက်မက်မက် နမ်းရှိုက်ခဲ့သော ဒါဏ်ရာဖြစ်ပြီး
ဝေဒနာ မခံစားလိုက်ရသော သေခြင်းတရားလဲဖြစ်သည်

အတောက်ပဆုံး နေရာင်ခြည်ဖြစ်ပြီး
အချိုမြိန်ဆုံးသော လရောင်လဲ ဖြစ်သည်

ခိုးဝှက် ခံလိုက်ရတဲ့ အိပ်စက်ခြင်းတွေဖြစ်ပြီး
အစားထိုး အလျှော် ရခဲ့သော ကဗျာ များလဲဖြစ်သည်

နာကျင်စွာ အာခေါင်ခြစ် အော်ဟစ်လိုက်သော အော်သံဖြစ်ပြီး
စိတ်လိုလက်ရ ဟစ်ကြွေးခဲ့သော တေးချင်းတစ်ပုဒ်လဲဖြစ်သည်

မသိမ်းပိုက်နိုင်သေးသော မြို့တော် တစ်ခုဖြစ်ပြီး
လက်လွတ် လိုက်ရသော တိုင်းနိုင်ငံ တစ်ခုလဲဖြစ်သည်

ပြန်မတွေးချင်တော့သော အတိတ်တစ်ခု ဖြစ်ပြီး
ယုံကြည်နေခဲ့သော အနာဂတ် လဲဖြစ်သည်

ရှိသမျှ ချထိုးခဲ့သော လောင်းကစားပွဲတစ်ခုဖြစ်ပြီး
အသန့်ရှင်း ဆုံး ကစားခဲ့သော အားကစားပွဲလဲဖြစ်သည်

ဓါတ်ငွေ့ ကုန် အရှိန်လျော့ မီးပုံပျံ တစ်လုံးဖြစ်ပြီး
မြေဆွဲအားကို ရုန်းကန် ပျံသန်းနေသော အာကာသ ယဉ်တစ်စီးလဲဖြစ်သည်

ဖော်မြူလာ မရှိသော ပုံသေနည်းတစ်ခု ဖြစ်ပြီး
ဈေးကွက် တွက်ချက် ခဲ့သော ကိန်းသေမျဉ်း တစ်ခုလဲဖြစ်သည်

ပိတ်လှောင် ခံခဲ့ရသော ရေအိုင်သေဖြစ်ပြီး
တားဆီး မရနိုင်သော မြစ်တစ်စင်းလဲဖြစ်သည်

ချော်ရည် အပြည့် မီးတောင်သေ တစ်လုံးဖြစ်ပြီး
ဝင်ရိုးစွန်း တန်း၌ လောင်ကျွမ်းခဲ့သော မီးလျှံငယ်လဲဖြစ်သည်

ကန္တာရ အလယ်က ပိရမစ် တစ်ခုဖြစ်ပြီး
ပင်လယ်ကြမ်းပြင်အောက် မြုပ်နှံထားသော ရတနာ သိုက်လဲဖြစ်သည်

ဆေတန် ကြည်စားတဲ့ ကျိန်စာဖြစ်ပြီး
ဘရား သခင်ပေးတဲ့ ကောင်းချီးမင်္ဂလာလဲ ဖြစ်သည်

သူကိုယ်တိုင်က ဆွံအပြီး ၊သူပူးကပ်ခံရတဲ့ အရာတွေက အကျယ်လောင်ဆုံး ဟစ်အော်လို့ နေလေရဲ့........
သူကိုယ်တိုင်က ထိုင်းမှိုင်းပြီး ၊ သူ့တမာန်တော်တွေက ကတော့ အတက်ကြွဆုံး ဖြစ်နေပြန်ရော.........
သူကိုယ်တိုင်က မူးယစ်ပြီး ၊ သူရဲ့ သောက်သုံးခြင်းခံရတဲ့ အရာတွေက လန်းဆန်း နေပြန်တယ်............
သူကိုယ်တိုင်က နှေးကွေးပြီး ၊ သူရဲ့ အမိန့်နာခံရတဲ့သူတွေက အလျှင်မြန်ဆုံးဖြစ်နေတတ်တယ် .......
သူကိုယ်တိုင်က ချိနဲ့ပြီး ၊ သူ့ကိုယ် ခိုလှုံတဲ့ လူတွေက အင်းအား တောင့်တင်းလွန်းတယ်..........
သူကိုယ်တိုင်က အလျား ၊ အနံ မရှိဘူး သူ့နိုင်ငံတော်က အကန့်အသတ် မရှိ ကျယ်ပြန့်လွန်းနေတယ်...

သူဟာ ဟီရိုးအင်းနဲ့တူတယ် ၊ ဒါပေမဲ့ သူ့ရဲ့ အမြိုက်ရည်ကိုတော့ သောက်သုံးလို့ မဝနိုင်ခဲ့ဘူး.........။

မောင်ဖုန်းမြင့်


အခု ဒီ Tag game လေးကို လက်ဆင့်ကမ်း ချင်တာကတော့ ညီသွေးလို့ခေါ်တဲ့ ကြယ်ဇင်သွေးသားထူးနဲ့
ညမီးအိမ်ဖိုးသူတော် တို့ကို လက်ဆင့်ကမ်းလိုက်ပါတယ် အားရင် ရေးပေးကြပါခင်ဗျာ ။


18 comments:

ATN said...

ပလ္လင်ခံနေတာကကို အနုပညာမြောက်နေပါပေါ့လား ပထမံ ဆရာဖုန်းရယ်။

ပြီးတော့လည်း ဆန်ရင်းနာနာဖွပ်ပဲ ကြားဖူးပါတယ်။ ခုတော့ ငါ့ အသားလွတ်မြှောက်ပေးနေပြန်ပြီ။

ကဲ - စကားအတည်ပြောတော့မယ်။

ကဗျာဆရာမောင်ဖုန်းမြင့်ရဲ့
အချစ်ဆိုသည်မှာ-ကဗျာဟာ
ဟီးရိုးအင်းနဲ့တူတယ်။
သောက်သုံးလို့ကို မ၀နိုင်တော့ဘူး။

အလွန်နှစ်သက်မိသော ကဗျာတွေထဲမှာ
တခု အပါအ၀င် ဖြစ်ပါကြောင်း။

ကဗျာတပုဒ်အတွက် ကဗျာလှလှလေးတပုဒ် ပြန်ရေးပေးတဲ့အတွက် ကျေးဇူးပါ ညီလေးရေ့

ချစ်ခင်သော
အကိုကြီး

Mhu Darye said...

အောင်မဋ္ဌီး........တော်သေးတယ်။ ဒါနဲ့သာ အတက်ခ်ခံရရင် အသက်လည်း ထွက်လောက်တယ်.........။ --_--
ကျေးဇူးကြီးပါရဲ့ .....။ တမင်ချန်ထားပေးခဲ့လို့....။ ဘုရား ဘုရား

လင်းထက် said...

အင်း ငါ့ညီလဲ တစ်နေ့တစ်ခြား တိုးတက်လာပါလား အရေးအသား တွေက တော့ လက်ဖျား ခါလောက်တယ် ကိုယ်တို့ တွေနဲ့တော့ တစ်ခြားစီပဲ...
ကိုယ့် ဟာကိုယ် ဖတ်ပြီး တော့ ရှက်တောင် လာပြီ...။
ပိုစ့်လေး အရမ်းကောင်းတယ် လို့ပဲ ပြောပါရစေတော့...။

Anonymous said...

စာသားတွေ ပြောင်မြောက်တယ်ဗျာ
ဖွဲ့သွားပုံတွေ တင်စားပုံတွေ အရမ်းမိုက်တယ်

Kaung Kin Ko said...

အချစ်အကြောင်းကို ဖွဲ့ တတ်လိုက်တာဗျာ။

pandora said...

တွေးစရာတွေပေးထားတဲ့ စကားလုံးတွေက အင်အားကောင်းလှပါတယ်။ ဖျားသွားတယ်။

tututha said...

မိုက်ချက်ကတော့ ကမ်းကုန်ပဲဗျို့။ ခြေဖျားတောင်မမီဘူး ထင်ပါ့ ... ရေးတောင်မရေးရဲတော့ဘူး။

Talay Seefar said...

ကြိုက်တယ်ဗျို့ ရေးချက်ကတော့ကောင်းတယ် တော်ပါသေးရဲ့ .... အချစ်အကြောင်းမခံစားဖူးသူကို အချစ်အကြောင်း တက်ဂ်ပြီးရေးခိုင်းမလို့တဲ့ ... .... အဟီးးးးးးး ....တက်ဂ်လိုက်လို့ကတော့ မသိသေးတဲ့ အချစ်အကြောင်း ပေါက်ကရရေးမိမှာသေချာတယ်

mgphonemyint said...

ကိုအောင်သာငယ် ..အကိုကြီးကဗျာလောက်..
အင်အားမကောင်းတာတော့ အမှန်ပဲ။

မှုးဒါရီ ..ကံကောင်းသွား တယ် မှတ်ပါ။

ကိုလင်းထက် ... အကိုတို့ အားပေးလို့ ဒါမျိုး ရေးတတ်တာပါ...။

ကိုမိုးသောက်..ကျေးဇူးပဲဗျို့..

ကိုကောင်းကင်ကို...အကို့ရဲ့ ကဗျာတွေ လို တခြားအကြောင်း အရာတွေ ဖွဲ့တတ်ချင်ပါသေးတယ်ဗျာ..။

မပန်ရေ.. ဖျားစရာလားဗျာ...။

မတူးတူးသာ...အမတို့ကို မမှီသေးပါဘူး အမရယ်...။

TT ရေ နောက်တစ်ခါ ဆို ထိပ်ဆုံးက Tag မယ်...။

Kaung Kin Ko said...

ကောင်းလိုက်တာဗျာ။

ရင်ကွဲငှက် said...

အဟား တက်ခံရတဲ့ပိုစ့်တွေလိုက်ဖတ်နေတာ လိုက်ဖတ်ရင်း ဖတ်ရင်းနဲ့ကိုယ့်ဟာကိုယ်တောင်အား ငယ်လာတယ် ဟွင့် ဖတ်ရင်းနဲ့မျော မျောရင်းနဲ့လွင့်
သြော်အချစ် အချစ် နာဘာမှမတိတေးပါလားနော်...
ဘာပဲဖြစ်ဖြစ်ဗျာ အတော်ကောင်းတယ်ကဗျာလေးပဲဗျ
ဒီကဗျာဖတ်ပြီးနောက်ကဗျာတွေရှာဖတ် အဟားနောက်လည်း လာအားပေးမယ်နော်

MANORHARY said...

တကယ်ကိုကောင်းတဲ့ကဗျာလေးပါပဲ...

kay said...

အကိုကြီး နဲ့ညီလေး ကတော့..လိုက်နေတာပါပဲလား..မောင်ဖုန်းမြင့်-
အချစ်- တော့သနားပါတယ်..သူ့ဖာသူ မနေရဘူး။ အမျိုးမျိုး စွပ်စွဲ နေကြ တော့တာပဲ။

ခေါင်ခေါင် said...

လိုက်လို့မမှီ နိုင်အောင် ကောင်းပါတယ်...
အရမ်းကို နှစ်သက်မိပါတယ် ရှင်

Anonymous said...

အချစ်ဆိုတာကိုဖတ်ပြီ ငါတော်တော်သိဖို့လိုသေးပါလားလို့တွေးမိတယ်ဗျာ
ကဗျာကိုအရမ်းကြိုက်တယ်ဗျာa

ညီအကိုများ said...

လန်းတယ်ဗျာ..

မိုးကြယ်

Nyein said...

The meaning of Love is Endless. But you can create lovely, deeply and completely.. It is Fantastic !! May be depend on ur Experience of Love.. heeee :)

Anonymous said...

အရမ်းကောင်းတဲ့ ကဗျာတပုဒ်မို့ အလွန့်ကို နှစ်သက်မိပါတယ်....

mie nge