Saturday, January 31, 2009

ရေမျော ၊ ကမ်းတင် ရက်စွဲများ ....။

http://www.loanswithrob.com/Clipart/Home



ငါးတစ်ကောင်ကို
အကြေးလှန် သလိုမျိုး
အထုပတ္တိ တစ်ခုလုံးကို
အကြေးလှန် ချ ပစ်လိုက်တယ် ............။

ပြန်ရစ်ကြည့် နေစရာ မလိုဘူး
ကောင်းခန်း တွေ့တာနဲ့
ဘဝကို Pause ခလုပ်သာနှိပ်လိုက်.........။

နေ့ရက်တွေ အကုန်လုံး
လွင့်စင်.....................
ပြန့်ကျဲ......................
ရင်ခေါင်းက ခွဲပြီး
ဆားသိပ်ထားခဲ့တာတောင်
ညှီနံက ပြင်းချင်သေးတယ်..................။

အစီအစဉ် မကျဘူး......
စနစ်တကျ မရှိဘူး.......
သီအိုရမ်တွေနဲ့
ပုံသေနည်းမဆန်ခဲ့ဘူး
အကွက်ကောင်း မရွှေ့တတ်တဲ့
စစ်တုရင်သမားတစ်ယောက်လို
သရေ ပွဲဖြစ်ဘို့
အပ်ကွက်ပဲ မျှော်စရာရှိခဲ့.....................။


ဒုက္ခတွေနဲ့ စုံလုံးကန်းနေတာတောင်
ဂမ္ဘီရ ဆန်ချင်နေသေးတယ် ......... ။

ပြီးမှ.............
အလံဖြူ တစ်လက်ထောင်တယ်
မီးခိုးအူပြီး အချက်ပြမယ် ......
ပြီးတော့........
" Please Help Me " !!!
" S . O . S "
" မိုးနတ်မင်းကြီး ကယ်ပါ " ......
ဘာသာစကား ၆ မျိုးနဲ့စာရေးပြီး
ပုလင်းထဲထည့်
ပင်လယ်ထဲ မျှောချလိုက်တော့တယ် .........။

လှိုင်းတွေက ကမ်းပြန်ပုတ်တော့
သောင်ခြေရင်းမှာ
ပုလင်းလေးခမျာ သဲတွေဖုံးလို့...............

ဒီလိုနဲ့ နှစ်ပေါင်းများစွာ
ကျွန်းမျော ပေါ်မှာ ........
ငါ ........ ....... .. ။

4 comments:

ကိုအောင် said...

ငါကတော့ ရွှေအင်းဝ ပတ်ပို့စ်မိတ္တူကို ကော်ပီယူတယ်၊
ပြီးတော် သူတို့စက်ရုံက တုံးထုတယ်၊ စက်ရုံယူနီဖောင်း
ဝတ်တယ်။ ဒါကို ကိုင်ပြီး လမ်းသလား ခဲ့တာ ...
ဟဲဟဲ

ATN said...

ငါ့ညီ စိတ်ဓါတ်ကျနေလေသလား...
ခေတ်သစ် ရော်ဘင်ဆန်ခရူးဆိုးဖြစ်နေလေသလား...

ဆူးပိုနက်တဲ့အခါ
ဝေဒနာတွေ အရောင်ရင့်တာပါပဲလေ...

ဘာပဲဖြစ်ဖြစ်
နေ့သစ်တနေ့ကိုတော့ ရောက်လာမှာပါပဲ...
ထိုင်စောင့်ရင်လည်း စောင့်...
မစောင့်ချင်ရင်လည်း လာမယ့်လမ်းဆီ လှမ်းသွားနှင့်ပေါ့...

အကိုကြီး

လင်းထက် said...

ကျွန်းမျော ပေါ်မှာ ဆိုရင် အဲဒီကျွန်းမျော ကြီးက တစ်နေ့တော့ ကမ်းကို ဆိုက်ရောက်လာကောင်းပါရဲ့ ..

ဒါပေမယ့် ကျွန်းမျော မဟုတ်ခဲ့ ရင်တော့ လှေထွင်း ပြီး စွန့်ခွာ ရဲဖို့လိုမယ်..

ပုလင်း မျှောလိုက်တာ ကိုချည်း ထိုင်စောင့် မနေပါနဲ့လေ..။

pandora said...

ခုတလော ရေမျောကမ်းတင် ဖြစ်နေတဲ့ လူတွေကိုပဲ မြင်ယောင်နေတော့တယ်။

ငါးတစ်ကောင်ကိုအကြေးလှန် သလိုမျိုးအထုပတ္တိ တစ်ခုလုံးကို အကြေးလှန် ချ ပစ်လိုက်တယ် ဆိုတာကို သဘောကျတယ်။