ဥတုသပ္ပါယမဖြစ်လို့
နှာစေးနေရတဲ့ ယုန်သူငယ်လေးပါကွာ...
ဒီအကြောင်းနဲ့ပက်သက်ရင်
စောင်းမြောင်းပြောစရာအကြောင်းမရှိပေဘူး ။
တပေါင်းတန်ခူးမှာ မြောင်းတူးပြီးစိုက်တဲ့
ပြောင်းဖူးမိုက်ကလေးတွေရေ
ရေမရှိတဲ့ချောင်းကိုတောင် လိုက်လိုက်ရှာနေရတာမောတယ် (မင်းတို့အတွက်)
နှုးညံ့ခဲ့မှုဆိုတာကလဲ ရွှေဖရုံသီးတလုံးရဲ့အတွင်းသားလိုပါပဲ
ထက်ခြမ်းခွဲလိုက်မှ ဝင်းကနဲတက်လာတာမျိုးပဲမဟုတ်လား
မင်းက ရုတ်တရက် ထထပျံနေတော့
ငါကလဲအလန့်တကြား စာတွေပျံသလိုပျံနေရ
အချစ်ကို အစိမ်းသရဲလိုမွေးမိတဲ့ ဒုက္ခက
ငါ့ဂုတ်ကို ခွခွစီးနေတာပေါ့
နတ်သမီး ထောင်ချောက်မပြောနဲ့
ကြွက်ထောင်ချောက်ထောင်တာတောင် အဖြစ်မရှိခဲ့တဲ့ကောင်ပါ
အရပ်လေးမျက်နှာ သိဘို့အရေး နေ,လာရာ အတင်းမျက်နှာ မူနေရတာမျိုးပေါ့
အရိပ်၃ပါးနားမလည်တာလဲ မဆန်းပါဘူး
ငါ့အရိပ်တောင် ငါကျပျောက်နေတာကြာပြီ
ကမ္ဘာကြီးလဲ ကမ္ဘာကြီးအလျှောက်
မင်းကလဲ မင်းအလျှောက်၊ ငါကလဲ ငါအလျှောက်
လမ်းတွေကတော့ သူ့ဘာသာသူပေါက်နေကြတာပါပဲ
ခြေထောက်တွေ လက်တွေကလဲ ဝဲပေါက်နေတဲ့ အမျိုးမို့
သူခိုးလို့တော့ မစွပ်စွဲလိုက်ပါနဲ့
ငါ့ရဲ့မောင်းနှင်မှုစွပ်ဖားလှည်းကလေးဆိုတာကလဲ
အရှိန်မကုန်ခင်လည်နေတဲ့ ဂျင်ကလေးတလုံးသာသာပါ
ရှေ့ကဆွဲပြေးနေတဲ့မောဟ က အထူအပါးနားလည်တဲ့အချိန်မှ
ရပ်လိမ့်မယ်
မနက်ဖြန် မနက်ကိုးနာရီထိုးရင်
ရွာရိုးကိုးပေါက် ရောက်နိုင်သလောက်လျှောက်ပြီးမှ
ငါ့အိမ်ကို ငါပျံမှာ ။
(ငါ့ထံမှ မင်းဆီသို့ ပျံသန်းသောစာများ )
ဖုန်းမြင့်
No comments:
Post a Comment