တိမ်တွေကို တွဲလဲ ဖြန့်ခင်းထားတဲ့ကောင်းကင်မှာ
ရေမညှစ်ရသေးတဲ့ သက်တန့်တွေအစီအရီပွင့်
လေညှင်းက ဆံပင်တွေကို ဖွဖွလေး ဖြီးသင်ချနေတဲ့ဘီး
ကြယ်အမှုန်အမွှားတွေက မင်းပါးပြင်ထက်မှာ ငြိတွယ်
ငါတို့တွေ ဖက်တွယ်ခဲ့ကြပုံက
ကမ္ဘာဦး လူသားတွေအတိုင်း
အလင်းလွန် အမြန်နှုန်း အတိုင်း
အတင်းတိုးဝှေ့ရောက်ရှိအောင်သွားခဲ့ကြ
အာရုံခံ ကိရိယာ တွေထဲ အတိုင်းအဆ မသိတဲ့
နှုးညံ့မှုတွေ ဖြတ်သန်း ဝင်ရောက်လာခဲ့ကြ
မိန်းမော မူးယစ် လေဟာနယ်ထဲမှာ လွင့်မျောသွားလိုက်ပုံက
အထိန်းကွပ်မဲ့ စွန်တွေလို ..
ကြားခံ ကွက်လပ်တွေ ဖြည့်စွတ်စရာ မရှိတဲ့အထိအောင်
အပို အလို မရှိ ကွက်တိ
ပင့်သက်များ မချနိုင် မချီနိုင် တော့တဲ့ အထိ
သွေးကြောများ ပြေလျှော့ နှုန်းခွေ ပျော့ကျသွားတဲ့ အထိ
ညစ်နွမ်းဖွယ် အလင်းပွင့် ရောင်စုံကြားထဲ
မျက်တောင် မခတ်တမ်းစိုက်ကြည့်ရင်း
မင်းနဲ့ ငါနဲ့ ကြားထဲက
ကောင်းခန်းတွေကြီးပဲ ပါတဲ့ အဲ့ဒီဇတ်လမ်းကို
နေ့စဉ်ရက်ဆက် မငြီးငွေ့တမ်းရိုက်ချင်တယ် . . . ။
MPM
3 comments:
ကောင်းခန်းတွေချည့်လုပ်ရတာကောင်းပါတယ်ကွာ..သွေးကြောများပြေလျော့နုန်းခွေ ပျော့ကျ.....ဒါတော့သေချာတယ်
အရမ်းကို ပစ္စလက္ခဖြစ်နေပါလားနော်..
ကိုယ့် biog မှာဒီကဗျာလေး share လုပ်ထားတယ်နော်။ ကျေးဇူးပါ။
Post a Comment