Saturday, December 25, 2010

မောင်ဖုန်းမြင့်အား ရည်စူး၍ ။

ရှင်ချိန်တုန်းကတော့ မသိလိုက်မသိဖာသာ
သူသေသွားပြီ သတင်းကြားတော့
နာရေးကြော်ငြာဖတ်ပြီး စုတ်သတ်မိ
အဖြူ ၊ အမဲ ရုပ်ရှင် ဖလက်ရှ် ဘက် ပြန်ပြသလို
သူ့ ဘဝကို ပျော်ရွင်စွာ ဖြုန်းတီးခဲ့ပုံ
သူ ဂျစ်ကြ ၊ ဂျီတိုက် ၊ တဇောက်ကန်း နိုင်ပုံ
သူ့ ညီ အကို မောင်နှမ နဲ့ မတည့်ပုံ
သူ့ အဖေကို သူပုန်ကန်သမျှ
သူ့ အမေပေါ်မှာ ချစ်မြတ်နိုး ပုံ
ဆေးလိပ်၊ အရက် ၊ လ္ဘက်ရည် ၊ ကော်ဖီ စွဲစွဲ မြဲမြဲ ကြိုက်တတ်ပုံ
ဟောင်ဖွာ ၊ စွာကျယ် ၊ တစ်ယူသန် နိုင်ပုံ
တွေဝေ ငေးမော အသည်းငယ် တတ်ပုံ
လောက အကြောင်း အလုံးစုံ နားလည်ပြီးသူလို ဟန်ဆောင်နေတတ်ပုံ
စီအန်အန် သတင်း ၊ အင်တာနက် သတင်း ၊ ဆယ်လီဘရစ်တီ လှို့ဝှက်သတင်း
ကြားဖူးနားဝ သတင်းမှန်သမျှနဲ့ ဆရာကြီး ပုံစံ ဖောက်သည်ချ
ပြန်လည်သုံးသပ်ပြတတ်ပုံ
သူ့တိုင်းပြည် ၊ သူ့လူမျိုး ၊ သူနေထိုင်ရာကမ္ဘာကြီးကိုပါ
ကယ်တယ်မယ့် လူစွမ်းကောင်းကြီးလို သွေးနထင်ရောက်နေတဲ့ပုံ
သရော်သလို အမူအရာနဲ့ ၊ ခွက်ထိုးခွက်လန် ဟားတိုက်ရယ် လိုက်ပုံ
ပို့စ်မော်ဒန် ဆန်အောင် ဂျင်းဘောင်းဘီ မချွတ်တမ်း ဝတ်တတ်ပုံ
လေနှင်ရာလွင့်တဲ့ လဲမှို ၊ အနည်မထိုင်သေးတဲ့ ရေလို
ဘဝကို ရှပ်တိုက်စီး ၊ တေလေ တစ်ကောင်လို ကန့်လန့်တိုက်တတ်ပုံ
အခုတော့လည်း
မှန်ဘောင်သွင်း လိုင်စင်ပုံလေး ရှေ့နား
ခြောက်ကပ်ကပ် နှင်းဆီပန်းလေးတစ်အိုး
စားမြိန်စာ အထုပ်လေး တစ်ထုပ်
ဆေးပေါ့လိပ်လေး ၃ လိပ် ၊ ၄ လိပ် နဲ့
သူ့ဓါတ်ပုံမှိန်မှိန်ကို စိုက်ကြည့်ရင်း
သနားပဲ သနားရတော့မလိုလို . . .
အော်ပဲဆဲရတော့မလိုလို . . .။

MPM
24.12.2010

3 comments:

လင်းထက် said...

ဘာလဲဟ မော်ဒန်လဲ မော်ဒန်ပေါ့ အဲဂလို ကြီးတော့ အလန့်ထညက် မလုပ်ပါနဲ့ဟ..

ငါ့ဖြင့် လန့်သွားတာပဲ :(

ရွှေရတုမှတ်တမ်း said...

နားရင်းပဲ ရိုက်ချင်သလိုလို..
ဖနောင့်နဲ့ပဲပေါက်ချင်သလိုလို...

Unknown said...

သွားတော့မယ်လို့ သံချောင်းခေါက်ရင်လည်း
လွမ်းလွမ်းဆွေးဆွေးနဲ့ ကောက်ညင်း တခွက်တော့
ချလိုက်ရအောင် ငါ့လူ