ဒီ ညနေခင်းကိုတော့ ခြေထောက်ရိုက်ချိုးမိတော့မယ်
ဒီကောင် တွန့်လိမ်ပြနေတာက
ငါ့ရှုံးနိမ့်မှုကို လှောင်ရီနေတာ
ဒီကောင့် ရွှေအိုရောင် အရည်တွေ စီးနေပုံဟာ
နာသာခံခက် ချင်စရာ သွားရည် တမြားမြား
သူ့အရိပ်ထဲ ခေါင်းဝင်အိပ်ပြီး
ငါ့ဖြစ်တည်မှုကို မထီမဲ့မြင်ပြုတယ်
ဒင်းလှိမ့်လာနေပုံကိုက
သေမင်းလို တလှိမ့်ချင်း ၊ တလှိမ့်ချင်း
သူ့လက်တံ မည်းမည်းတွေ
ငါ့လည်မျိုပေါ် တစ်ရစ်ချင်း တစ်ရစ်ချင်း
ရာဇ၀တ်သားလို ငနဲ
လေပူတွေ မှုတ်ထုတ် ၊ ကောင်မလေးတွေ ပါးပေါ်က နံသာမှုန့်တောင်
သူ့နှာသီးဖျားမှာ အပုတ်နံ့ဝေလို့
ငါ ထွက်ပြေးရင်ကောင်းမလား
နိုင်တဲ့သူ အကုန်ယူသွားလဲ
ရှုံးနိမ့်မှုတစ်ခုတော့ လုယူလို့မရ
နာကျင် အချိန်ပိုဟာ ငါ့ပခုန်းပေါ် တွားတက်လာတယ်
နာဇီ ပုံစံ အလေးပြုလိုက်ပြီး ၊ ဖြတ်မောင်း လာတဲ့ “ည” ပေါ်ခုန်တက်လိုက်တယ် ။
ဘယ်သွားမှာလဲ မေးရင် ငရဲဘုံ ဂိတ်ဆုံးပေါ့
ညနေခင်းဟာ သွားဖြီးပြီး
“ဥက္ကဌကြီး မော် ခင်ဗျား ချမ်းသာတာ ကောင်းလား ဟင် !” ဆိုတော့
မိုက်ကရိုဆော့ဖ် ဟာ ၀င်းဒိုးပေါ်က ပြုတ်ကျသွားတယ်
ခိုင်မာလာ နှင်းဆီ သီချင်းလေးနဲ့
ဒင်းမှေးနေတုန်း
“သေနာကျ ဘယ်အရက်ဆိုင်က ထ လာတာလဲ ” လို့ မေးလိုက်တဲ့
တပ်နီတော်သား ၊ မိန်းမ တစ်ယောက်ရဲ့ ခြေဖျားမှာ
ညနေခင်းဟာ ကားကနဲ ပျောက်သွားပါရော ။
မောင်ဖုန်းမြင့်
No comments:
Post a Comment