Friday, July 13, 2012

စဉ်းတီတုံး




သူတို့ခုတ်သမျှဓားချက်တွေ ငါ့ဇက်ပေါ်မှာလွှားကနဲ ..လွှားကနဲ
တစ်ခါတလေ ငရုတ်ကျည်ပွေ့လိုဟာတွေနဲ့ ငယ်ထိပ်ပေါ် တဒိုင်းဒိုင်းနှက်ကြသေးတာ
သားငါးလား အမဲဟင်းလျှာလား
အကြေးခွံများနဲ့ အရိအရွဲ ချွဲပျစ်ပျစ်မှန်သမျှ
 ငါ့ရင်ဘတ်ကြီးပေါ်က ခြစ်ထုတ်ကြပေါ့
မြန်မာနိုင်ငံသားကဗျာဆရာ မောင်ချောနွယ်ပြောသလို
 သန်းပေါင်းများစွာအတွက် ထွန်ယက်ခဲ့သူမဟုတ်တောင်
မိသားစု တစ်စုအတွက်ပေးဆပ်ခဲ့ရသူပါ
အိမ်သူသက်ထား လင်ယောင်္ကျားများ ခံတွင်းမျက်စေဖို့
ဖြစ်သမျှဒဏ် င၀က်ခံဆိုခံပါ့မယ်
တုံးအောက်ကဖားလို ပြားနိုင်သမျှပြားအောင်ဝပ်လျှက်
ပေဖြစ်တုန်းခံလိုက်မယ် တူဖြစ်တုန်းနှံကြပါစေပေါ့
မိသားစုဝင်အဖြစ်အသိအမှတ်မပြုချင်နေ
ခန်းဆောင်နီများနဲ့အဝေး မီးဖိုချောင်အတွင်းခွေလျှက်
မျက်နှာသာပေးရင်တောင် ရွှေရေးပန်းကန်မတက်ပြပါဘူး…စိတ်ချ
ဝိတ်ချချင်သူ အမျိုးသမီးများလည်း သံပုံရာသီးကအစ လှီးချင်သမျှလှီးပေါ့
ကြက်သွန်ဖြူလား၊ ကြက်သွန်နီလား
 ငရုတ်သီးဆို အစို၊အခြောက် မရွေး
ငယ်ထိပ်ပေါ်တက်၊ ကတုံးပေါ်ထိပ်ကွက်သလို ဓါးနဲ့နှက်
မကျည်းသား ၊ကုက္ကိုသား၊ မယ်လမင်း၊ ဖိုင်ဘာ၊ပလတ်စတစ်
မိတ်အင်ချိုင်းနား၊ မိတ်အင်ယိုးဒယား အမျိုးအစားခွဲခြားမနေပါဘူး
အရည်အသွေးကွာလတီအပြည့်အဝ
ရိတ်သမျှ၊ လှီးသမျှ
ဒီဘ၀  ဖြစ်သမျှ
လည်စင်းခံပြလိုက်မယ်
အာဂယောက်ျား ။

မောင်ဖုန်းမြင့်

No comments: