ကဗျာဆိုတာ ......ကျနော်တို့ ...... လက်ရသိမ်းပိုက်ထားတဲ့ နောက်ဆုံးခံတပ် ... မြို့ပါပဲ.......။
Wednesday, July 23, 2008
ဂျိမ်း ဂျွိုက် (စ်) (၁၈၈၂-၁၉၄၁) - James Joyce (1882-1941)
ကျွန်တော် သဘောကျ ကြိုက်နှစ်သက် တဲ့ စာရေးဆရာ တွေထဲ မှာအပါအဝင် ဖြစ်တဲ့ ဂျိမ်းဂျွိုက်(စ်) ရဲ့ ရုပ်ပုံလွှာ ကို ရာပြည့် စာတည်း အဖွဲ့ က စုဆောင်း တင်ပြထားတဲ့ အတိုင်း ပြန်လည် ဝေမျှ ပေးလိုက် ပါတယ် ။
"စိတ်မနောတွင် မကြားရသည့် ဂီတသံကို တေးဆိုနေသည့် စကားလုံး ကွန်ရက်များ အဖြစ် ရက်လုပ်ပေးခဲ့သူမှာ ဂျိမ်း ဂျွိုက်(စ်) ပင် ဖြစ်သည် " ....။ [Great people of 20th Century: Time]
နှစ်ဆယ်ရာစု ကမ္ဘာ့စာပေသမိုင်းတွင် ဩဇာတိက္ကမ အရှိဆုံး ၊ အကြီးမြတ်ဆုံး စာရေးဆရာကြီး တစ်ဦးအဖြစ် လည်းကောင်း ၊ မော်ဒန်စာပေ ဖြစ်ထွန်းမှု၏ ရှေ့ဆောင် ပုဂ္ဂိုလ်ကြီး အဖြစ်လည်းကောင်း ၊ "သိစိတ်အလျင် ရေးဖွဲ့ နည်း" နှင့် "အဇ္ဈတ္တ တစ်ကိုယ်တော် ရေရွတ်နည်း" တို့ကို အပြောင်မြောက်ဆုံး တီထွင်ခဲ့ သူ အဖြစ် လည်းကောင်း ၊ အနုပညာ သဘောတရားသစ် များကို သင်ကြားပို့ချခဲ့သည့် ဆရာတစ်ဆူ အဖြစ် လည်းကောင်း ၊ကဗျာဆရာ အဖြစ်သာမက ပညာရှိ ကဝိစာဆို အဖြစ်ပါ ထင်ရှား သူ အဖြစ်လည်းကောင်း တညီတညွတ် လက်ခံခဲ့ရသူမှာ အိုင်းရစ် စာရေးဆရာကြီး ဂျိမ်းဂျွိုက်(စ်) ပင်ဖြစ်သည် ။
ဖေဖော်ဝါရီလ ၂ ရက် ၁၈၈၂ တွင် အိုင်ယာလန်နိုင်ငံ ဒဗ္ဗလင် မြို့ ရက်သဂါ အရပ် မှာမွေးသည် ။ မိဘများမှာ နစ္စ လပ်ဂျွိုက်(စ်) နှင့် မေရီ ဂျိန်းမာရေး တို့ဖြစ်သည် ။ ဖခင်မှာ ဥာဏ်ရည် ထက်မြက်သော်လည်း သောက်သောက် စားစား ပျော်ပျော် ပါးပါး ရည်မှန်းချက် မည်မည်ရရ မထားသူ ဖြစ်သည် ။ ဖခင်ထံမှ ရန်လိုမှုနှင့် ယောကျာ်း ဆန်ဆန် ချိုမြမြ အသံတို့ ကို ဂျွိုက်(စ်) အမွေရသည်ဟု ဆိုသည် ၊မိခင်မှာ လောင်းဖို့ဒ်ဇာတိ ဖြစ်သည် ။ ပါရမီရှိ သော ဂီတပညာရှင် နှင့် ဘာသာတရား ကိုင်းရှိုင်းသူ ဖြစ်သည် ။
မွေးချင်း ၁၀ ဦးအနက် ဂျွိုက်(စ်)မှာ အကြီးဆုံးဖြစ်သည် ။ အသက် ခြောက်နှစ်မှ နှစ်ဆယ်ပြည့်သည်အထိ ကလွန်ဂိုး ဝက်စ်ဝုဒ် ကောလိပ် ၊ ဘက်ဗဲဒယ် ကောလိပ် ၊ ဒဗ္ဗလင် ယူနီဗာစီတီ ကောလိပ်နှင့် ဂျက်ဆူအစ် ဗရင်ဂျီ ကျောင်းမှားတွင် ပညာသင် ယူသည်။ကျောင်းပညာ ထူးချွန်သည် ။ ကဗျာ ၊လက်တင် ၊ နှင့် ဘာသာဗေဒ ၊ဒသနိ ကတို့ကို အထူးပြုလေ့လာသည်။ ငယ်စဉ်က ဘာသာတရား အဆုံး အမအောက် တွင် ကြီးပြင်းခဲ့ရာ ၊သာသနာ့ ဝန်ထမ်းအဖြစ် ပင် ရည်ရွယ်ခဲ့သေး၏ ။ သို့သော် နိုင်ငံရပ်ခြား ဘာသာ၊ စာ ၊စကားများကို အကြီးအကျယ် လေ့လာရာမှ အတွေးအခေါ် လမ်းကြောင်း ပြောင်းခဲ့သည် ။ အရွယ် အသိ ရလာသည်နှင့် အမျှ ဘာသာအယူနှင့် ဆန့်ကျင်ဘက် ဖြစ်လာသည် ။ အိုင်းရစ် ဘာသာစကား ကိုလည်း သဘောမကျနိုင် ။ အိုင်းရစ် အရေးတော် ပုံကိုလည်း ဘဝင်မကျ ။အဆုံးစွန် မိမိ၏ သွေးသားရင်း မိသားစုနှင့်ပင် အံဝင်ခွင်ကျ မဖြစ်တော့ ။ သူ့ဇာတိမြေ ကို "မိမိမွေးသည့် သားကလေးများ အား ပြန်စားသည့် ဝက်အိုမကြီး " ဟု ဖော်ပြဖူးသည် ။
တိုင်းပြည်အပေါ် ၊မိသားစုအပေါ် ၊ ဘာသာအယူအပေါ် ယုံကြည် သက်ဝင်မှု လုံးပါးပါး ခဲ့သော ဂျွိုက်(စ်) သည်ယုံ ကြည် အားထားရာ အသစ်ကို တက်မက်စွာ ရှာဖွေခဲ့သည် ။ ယင်းမှာ အနုပညာအပေါ်တွင် အကြွင်းမဲ့ ယုံကြည် သက်ဝင် ရူးသွပ် လိုက်ခြင်း ဖြစ်သည် ။ ဤသို့ဖြင့် သူ့မိသားစု ၊တိုင်းပြည် ၊ဘာသာ အယူတို့နှင့် သီးခြားကင်းလွတ်သော လွတ်လပ်သည့် အနုပညာရှင် စစ်စစ် ဖြစ်ရေး ဦးတည်ချက် ဖြင့် ၁၉၀၄ တွင် အိုင်ယာလန် မှ ဥရောပသို့ ခွက်ခွာခဲ့သည် ။ သူနှင့်အတူ စာမတတ် ပေမတတ် ဟိုတယ် အလုပ်သမ ဂယ်လ်ဝေး မြို့သူ နိုရာဘာနေကယ် ကို တစ်ပါတည်း ခေါ်ဆောင် ခဲ့သည် ။ " ကျုပ်ရဲ့ မိသားစု ဖြစ်ဖြစ် ၊ ကျုပ်ရဲ့ တိုင်းပြည် ဖြစ်ဖြစ် ၊ကျုပ်ရဲ့ ဘာသာအယူ ဖြစ်ဖြစ် ၊ဘယ်လိုပဲ ကင်ပွန်း တပ်ထားသည်ဖြစ်စေ ၊ ကျုပ် မယုံကြည် နိုင် တော့ တဲ့ အရာကိစ္စ ကို ကျုပ်က ဘာမှ ဆက်ပြီး ခေါင်းခံနေစရာ မရှိတော့ ဘူး " ဟူ၍ အနုပညာရှင် တစ်ဦး၏ ငယ်ရွယ်စဉ် ဘဝရုပ်ပုံလွှာ စာအုပ်တွင် ဖော်ပြထားသည် ။
အီတလီ ၊ ဆွစ်ဇာလန် ၊ပြင်သစ် တို့တွင် စာသင်လိုက် ၊ စာရေးလိုက် ၊ဘာသာပြန်အလုပ် လုပ်လိုက် နှင့် ကြုံရာကျပန်း အလုပ်မျိုးစုံ လုပ်ကိုင်ပြီး ဆင်းရဲနိမ့် ကျစွာ အသက်မွေး ဝမ်းကျောင်းခဲရသည်။ သူငယ်ချင်း မိတ်ဆွေ များက ဝိုင်းဝန်း ထောက်ပံရသည် အထိဖြစ်သည် ။ "နိုင်ငံရပ်ခြားတွင် ပြည်နှင်ဒဏ် ခံရသူ တစ်ဦးသဖွယ် တစ်ဖက်သားကို လှည့်စားနေထိုင်" ခဲ့သော်လည်း သူ့ဇာတိမြိုတော်၏ ဖမ်းစားညှို့ယူချက် များကို မူ သူကိုယ်တိုင် စွဲလမ်းမြတ်နိုးဆဲ ဖြစ်သည် ။ သူသည် ပါရီတွင် နေသည် ဖြစ်စေ၊ ထရီယယ်စတီး တွင် နေသည်ဖြစ်စေ ဒဗ္ဗလင် သတင်းစာများ ကို နှစ်စဉ်ကြေး ပေး၍ မှာယူကာ ဇာတိမြေနှင့် စပ်လျဉ်းသည့် သူ့ဗဟု သုတ များကု အမြဲတမ်း စိမ်းစိုလန်းဆန်း အောင်ထိန်းသိမ်း ခဲ့သည် ။ အိုင်းရစ် လူမျိုးတို့၏ အသိတရားကို စကားလုံးများဖြင့် ပီပြင်ရှင်းလင်းအောင် ဖွင့်ဆိုရန်မှာ သူ၏ အန္တိမ ရည်မှန်းချက် ပင်ဖြစ်သည် ။
အစဉ်အလာ အင်္ဂလိပ်စာပေ ဩဇာသက်ရောက် မှု ရှိသော်လည်း ခောတ်ပေါ် အင်္ဂလိပ် ဘာသာစကားကို အထူးပြု သင်ယူခဲ့သည် ။ဂီတနယ်ပယ်တွင်လည်း ကျွမ်းဝင် နှံစပ်ခဲ့သည် ။ ဆေးပညာ သင်ယူဖို့ ကြိုးစားခဲ့သည် ။ "အိုင်းရစ် နေ့စဉ်သတင်းစာ " ထုတ်ဝေဖို့ စိုင်းပြင်း ခဲ့သည် ။ ပြဇတ်ရုံ တည်ထောင်ခဲ့သည် ။ ဤသို့သော် ကျယ်ပြန့် လေးနက် သည့် စိတ်ဝင်စားမှု အဖုံဖုံက သူ့စာပေ လက်ရာ များထဲ၌ ရိုးရာ ဆန်းသစ်မှုနှင့် စမ်းသပ် တီထွင်မှုတို့ ၊ သာမန်ထက် ထူးကဲစွာ မည်သို့ ပေါင်းစပ် ထားကြောင်း ရှင်းပြထားသည် ။ ဇတ်ကြောင်းပြန်မှု နှင့် ပီပြင်ရွှန်းပြက် တင်ဆက်မှုများအတွက် ရှေးရိုး ပုံစံများကို အစိတ်စိတ် အမြွှာမြွှာ ချေဖျက်ထားသည် ။ ရာစုနှစ်၏ အတွေးအခေါ် များ ကို ဖမ်းစားပုံဖော်မည့် စိတ်ကူးယဉ် ဝတ္ထုပုံစံသစ်ကို ဖန်တီးခဲ့သည် ။ ဇတ်ကောင် ၊ ဘာသာစကား ၊ အကြောင်း ရပ်ဆိုင်ရာ ဗဟုသုတများကို ဟာသ ၊ အဓိပ္ပါယ် နှစ်ခွ ပြည့်နှက် သည့် စကားလုံး ၊ မကွဲပြားသည့် သွယ် ဝိုက်ညွှန်းဆိုချက်များ ၊စိတ်ထဲ ရုတ်ခြည်းပေါ်ထွန်းလာသည့် ရှည်လျား ထွေပြားစကားများ ၊ ဝေါဟာရသစ်များဖြင့် တငွေ့ငွေ့စီးဆင်း ပေါင်းစည်းခဲ့ သည် ။ သူ့တွင် အဟာင်းကို ပြန်လည် အသက်သွင်း လိုစိတ် တစိုးတစိ မျှ မရှိ ။ အသစ်ကို မက်မက် စက်စက် ပုံသွင်းလိုသည့် ဆန္ဒ သာရှိသည် ။ ယင်းမှလွဲ၍ အခြားမရှိတော့ပြီ ။
ဂျွိုက်(စ်) ပထမဦးဆုံး ပု့နှပ်ထုတ်ဝေ ခဲ့သည့် စာပေ လက်ရာမှာ ခန်းဆောင်ဂီတ(Chamber Music-1907)
ဖြစ်သည်။ အဲလိဇဘက်ခေတ် ရိုးရာဆန်ဆန် လိရစ်ကဗျာ အဖွဲနှင့် ပြင်သစ် သင်္ကေတဝါဒ အငွေ့အသက်များ ရောစွက်နေသည်။ မအောင်မြင်ချေ ခန်းဆောင်ဂီတ တွင်ပင် အသစ်တစ်ပုဒ် ဖြည့်စွက်၍ ကဗျာပေါင်းချုပ် (Collected Poems-1936) အမည်ဖြင့် ထုတ်ဝေခဲ့ပြန်သည် ။ နောက်ထပ် Poems Penyeach (1927)
ကဗျာစာအုပ် ထွက်ပေါ်လာသေးသည် ။
၁၉၀၃ ခုမိခင်ကြီး ကွယ်လွန်ပြီးနောက် ဒဗ္ဗလင်မြို့သားများ(Dubliners) ဝတ္ထုတိုပေါင်းချုပ် အတွက် ပထမ ဆုံး ဝတ္ထုတိုများကို စတင်ရေးဖွဲသည် ။ ဒဗ္ဗလင်မြို့သူ မြို့သားများ၏ စိတ်ပျက် ငြီးငွေ့ဖွယ် ၊ စိတ်မချမ်းမြေ့ဖွယ် ဘဝဇတ်လမ်းစုံ ကို သရုပ်ဖော်ထားသည်။ ဇတ်ကောင်တစ်ဦးစီ၏ အဇ္ဈတ္တ ဘဝ မီးမောင်းထိုးပြမည့် အမှတ်တမဲ့ အခိုက်အတန့်လေးများကို ဖန်တီးရန် ကြိုးစားခဲ့သည် ။သဘာဝ အဖွဲအနွဲ့များမှာ ပြိုးပြက် စိုလက်နေသည် ။ သရုပ်မှန် အရေးအဖွဲ့တွင် သင်္ကေတပုံစံ ရောစွက်ထားသည် ။၁၉၀၄ ခုတွင်ပြီးစီးသည် ။ဝတ္ထုတို ၁၅ ပုဒ် တိတိ ပါဝင်သည်။ ထုတ်ဝေသူနှင့် ပြသနာမျိုးစုံတက်ပြီးမှ ၁၉၁၄ တွင် လန်ဒန်၌ ထုတ်ဝေဖြစ်သည် ။ "ကျွန်တော် နိုင်ငံ အိုင်ယာလန်ရဲက စိတ်ဓါတ်ရေးရာ အနှစ်ချုပ် သမိုင်းစာမျက် နာများကို ရေးဖွဲ့တင်ပြ ဖို့ ရည်ရွယ်တယ်။ ဇတ်ကွက် အခင်းအကျင်း အဖြစ် ဘာကြောင့် ဒဗ္ဗလင်ကို ရွေးခဲ့သလဲ...တဲ့ ။ ဒီမြို့ဟာ ကျွန်တော် အတွက်တော့
သွက်ချာပါဒ လိုက်နေသူများရဲ့ ဗဟိုချပ်မလို့ မြင်သိခံစားမိတယ် ။ ဒီအချက်ကို သာမန်လူသား တွေဆီ ရှုထောင့် လေးရပ်ကနေ တင်ပြဖို့ ကျွန်တော် ကြိုးစားခဲ့တာပါ ။ ကလေးဘဝ ၊ဆယ်ကျော်သက် ၊ အရွယ်ရောက်စ နဲ့ အများပြည်သူ ဘဝဆိုတဲ့ ရှုထောင့် တွေကပေါ့ ။ ဝတ္ထုတိုတွေကို အဲဒီ အစီအစဉ် အတိုင်း နေရာချထားပါတယ် ။ ဝတ္ထုတိုတိုင်းကို ရေးဖွဲ့ရာမှာ ယေဘူယျ အပြုအမူက အစ၊ အမှတ်တမဲ့ ဟန်ပန် အဆုံး ဂရုတစိုက် အသေးစိတ် စူးစိုက်ခံစား ထားပါတယ်" လို့ ဂျွိုက်(စ်)က ဖွင့်ဟခဲ့သည် ။ရေးဟန်မှာ အေထ့အငေါ့ နှင့် ခံစားမှု တွဲဖက်ထားသဖြင့် အင်္ဂလိပ် နှင့် အမေရိကန် ဝတ္ထုတို ဆရာများအပေါ် များစွာ ဩဇာ လွှမ်းခဲ့သည်။ဤစာအုပ် ဖြင့် ဂျွိုက်(စ်) နာမည်ရခဲ့ပေသည် ။
၁၉၁၆ တွင် အနုပညာရှင်တစ်ဦး၏ ငယ်ရွယ်စဉ် ဘဝရုပ်ပုံလွှာ ( A portrait of the Artist as a Young Man ) ဝတ္ထု ထွက်ပေါ်လာသည် ။ ၁၉၀၁ နှင့် ၁၉၀၆ အကြား စတင်ရေးသားခဲ့သည့် စတီဖင် သူရဲကောင်း (Stephen Hero) မူကြမ်းကို အသစ်ထပ်မံ ရေးသားခြင်း ဖြစ်သည် ။ မူလက Egoist စာစောင်တွင် အခန်းဆက် ဝတ္ထုရှည် အဖြစ် ဖော်ပြခဲ့သည်။ စတီဖင် ဒီဒယ်လပ် ဆိုသည့် လူငယ် တစ်ဦး၏ အတွင်းစိတ် ဖွံ့ဖြိုးလာပုံကို သက္ကရာဇ်စဉ် အလိုက် ဖော်ပြထားသော စာရေးသူ၏ ထည်ဝါခံညားသည့် ကိုယ်ရေးအတ္ထုပ္ပတ္တိ ဝတ္ထုပင် ဖြစ်သည် ။ ကြမ်းတမ်းသော ငယ်ဘဝ ၊ ချောက်ချား စရာ ပတ်ဝန်းကျင် ၊အိမ်တွင်း ကျောင်းတွင်း အဆင်မပြေမှု ၊ ဘာသာရေး ၊ နိုင်ငံရေး ယုံကြည်မှုများနှင့် ယင်းတို့ အပေါ် သံသယ စိတ်ထားများကို ရောမွှေ ရေးခြယ်ထားသည်။ ဘာသာအယူ ကိုင်းရှိုင်းမှုမှ သည် အနုပညာ ရူးသွပ်မှု ဆီသို့ ရွေ့လျောသွားပုံ မြင်ကွင်းများမှာ ဂျွိုက်(စ်)၏ ဘဝနှင့် တစ်သားတည်းပင် ။ ဂျွိုက်(စ်) ၏ ပထမ ဆုံး နှင့် အပြည့်စုံဆုံးသော သိစိတ်အလျင် ရေးဖွဲနည်း ကို အဓိကဇတ်ဆောင် ရှုထောင့်မှ ပူးကပ်ရေးဖွဲခဲ့သည် ။ဒဗ္ဗလင် မြို့၏အသေးစိတ် မြင်ကွင်းအလွှာနှင့် ၊နုနယ်ပျိုမျစ် မရင့်ကျက်သေးသော လူငယ် တစ်ဦး စကားလုံးများ ၏ ဖမ်းစားမှု ၊အသံ၏ နိုးကြားလှုပ်ရှားမှု မြင်ကွင်း အလွှာဟူ၍ အလွှာနှစ်ထပ်ဖြစ် နေသည် ။လူတစ်ဦး ၏ စိတ်နေသဘောထား ကိုပြောင်းလဲစေ ခဲ့သည့် အတွေ့အကြုံများ အကြောင်း ရေးသားထားသမျှ ဝတ္ထုများထဲတွင် အကောင်းဆုံးဖြစ်သညိဟု မှတ်ချတ် ချခဲ့ ရသည်အထိ အနုပညာ ဂုဏ် တက်ခဲ့ရသော ဝတ္ထုပင် ဖြစ်သည် ။
ဒုတိယပိုင်း ကို ဆက်လက်ဖော်ပြပါမည် ..။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment