Saturday, July 26, 2008

ဂျိမ်း ဂျွိုက် (စ်) (၁၈၈၂-၁၉၄၁) - James Joyce (1882-1941) အပိုင်း (၂ )


၁၉၁၈ တွင် ပြည်နှင်ဒဏ် ပြဇတ်တစ်ပုဒ်ကို ထုတ်ဝေသည် ။ နော်ဝေ စာရေးဆရာကြီး အစ်ဘဆင်၏ နည်းနာများ ကို သုံးစွဲရေးဖွဲထားခြင်းပင်ဖြစ်သည် ။ အသက် ၁၈နှစ်တွင် ရေးသားခဲ့ဖူးသည့် "အစ်ဘဆင်၏ ပြဇတ်သစ်" ဆောင်း ပါး၏ လှုံ့ဆော်စူးနစ်ချက်ပင် ဖြစ်သည် ။ အမှန်တရားကို စွဲစွဲမြဲမြဲ ဆုပ်ကိုင် ဖန်တီးသည့် အစ်ဘဆင်ကို လေးစားရာ မှပေါက်ဖွား လာမှုဖြစ်သည် ။

The Little Review စာစောင်၌ အခန်းဆက် ဝတ္ထုရှည် အဖြစ် တစ်စိတ်တစ်ပိုင်း ဖော်ပြခဲ့ပြီး တစ်ပိုင်းတန်းလန်း ရပ် ဆိုင်းခဲ့ရသော ယူလီဆီး (Ulysses) ဝတ္ထုကြီးမှာမူ ၁၉၂၂ ခုနှစ် ဂျွိုက်(စ်) အသက် ၄၀ ပြည့် မွေးနေ့တွင် ထွက်ပေါ်ခဲ့သည်။ အနုပညာရှင်တစ်ဦး၏ ငယ်ရွယ်စဉ်ဘဝ ရုပ်ပုံလွှာ၏ အဆက်ဟုလည်း ဆိုနိုင်သည် ။ စတီ ဖင် ဒီဒယ်လပ် ၊ လီယိုပိုဘလွန်း နှင့် ဘလွန်း၏ ဇနီး မော်လီဘလွန်း ၊ဒဗ္ဗလင်မြို့သား သုံးဦး၏ ၁၉၀၄ ခု ဇွန်လ ၁၆ ရက် တစ်နေ့တာ အဖြစ်အပျက်များကို ရေးဖွဲ့ထားခြင်း ဖြစ်သည် ။ ၂၀ ရာစု စာပေသမိုင်းတွင် ဂယက်အထဆုံး ၊ ပြဿနာအပေါ်ဆုံး နှင့် ဖတ်ရှု နားလည်ရ အခက်ဆုံး ဝတ္ထုကြီးအဖြစ် မှတ်တမ်းတင် ခံရသည် ။ ဂျွိုက်(စ်)သည် ဤဝတ္ထုကို ခုနှစ်နှစ် ကြာအောင် ကျားကုတ် ကျားခဲ့ ရေးခဲ့ရသည် ။ ဟိုးမား၏ အိုဒက်ဆီ (Odyssey) ဂန္တဝင် ပုလင်းထဲတွင် ဂျွိုက်(စ်) ချက်လုပ်သည့် ၂၀ ရာစု ဝိုင်အရက်ကို ထည့်သွင်းခဲ့ခြင်းပင် ဖြစ်သည် ။ အစဉ်အလာ ကမ္ဘာလောကနှင့် ခေတ်သစ် ကမ္ဘာလောက နှစ်ခုလုံး ကို ပကတိရှုမြင် သုံးသပ်မှုဖြင့် တင်ပြထားခြင်း ဖြစ်သည် ။ ထို့ပြင် ဤဝတ္ထုကို အနောက်တိုင်း မြို့ပြ ယဉ်ကျေးမှု သမိုင်းအား ဆန့်ကျင်သည့် လမ်းကြောင်းပေါ် ပစ်တင်လိုက်ခြင်း ဖြင့် ဝတ္ထု၏ ကြီးကျယ် ခမ်းနားမှု သည် တအားကျယ်ပြန့်သွားတော့သည် ။


ဝတ္ထု၏ အဓိကဖြစ်ရပ် ၁၈ ခုအနက် တစ်ခုစီကို သီးခြားရေးနည်း ပုံစံများဖြင့် ဖွဲ့စည်းထားသည် ။တီထွင်မှုပါသည့် စကားလုံး ကစားပွဲအား လွတ်လပ်စွာ ဇက်ကြိုး လွှတ်ပးထားသည် ။ ပြေပြစ်ချောမွေ့သည့် ထပ်ပြန်ကျော့ အရှိန်မြှင့်ချက်များဖြင့် လက်ရာမြောက် ရက်ဖောက်ထားသည် ။ အဓိက ဇတ်ဆောင် တစ်ဦးစီ၏ ဖြစ်တည်စ အတွေးများနှင့် ခံစားချက် အပိုင်းအစများကို အကွက်ချ မရေးဘဲ စိတ်ထဲ ဖြစ်ပျက်လာမှု အတိုင်း ခင်းကျင်းပြခဲ့ သည် ။ ဤဝတ္ထု၌ ဂျွိုက်(စ်) သည် ကမ္ဘာတစ်ခုလုံးက အညီအညွတ် လက်ခံထားသည့် ကြီးကြီး ကျယ်ကျယ် ခံ့ခံ့ ညားညား ဝေါဟာရ စကားလုံးများကို ပါရဂူမြောက် သုံးနှုန်းထားသည် ။ ထို့ပြင် ပညာရှိ နှင့်ပညာမဲ့ ၊ ယဉ်ကျေးသူ နှင့် ရိုင်းစိုင်းသူ မည်သူမဆို မသုံးနှုန်းသင့်ဟု သဘောကြိုက်ညီသည့် အောက်တန်းစား ယုတ်ညံ့သိမ်ဖျင်း ကြမ်း တမ်းသော ဗန်းစကားများကိုလည်း တစ်ပုံတပင် သုံးထားသည် ။ ထို့ကြောင့်ပင် ညစ်ညမ်းသည်ဟု ဝေဖန် ရှုတ်ချ ပိတ်ပင် တားမြစ်ခဲ့ခြင်း ဖြစ်သည် ။ "...သည်နိုင်ငံ ၊ သည်လူမျိုး နဲ့ သည်ဘဝကြီးက ကျုပ်ကို သည်အတိုင်း ထုတ် လုပ်ပေးလိုက်တာပဲ ။ ဒီတော့ ကျုပ်ကလည်း အရှိအတိုင်း ဖော်ကျုးရမှာပဲ " ဟူ၍ ဂျွိုက်(စ်) က ရှင်းခဲ့သည် ။ ဂျွိုက်(စ်) သည် သူ့ရှိသမျှ အတွေးများ ၊ သူရခဲ့ သမျှ အတွေ့ အကြုံများ ၊သူတွေ့ဖူးခဲ့သမျှ လူပုဂ္ဂိုလ်များ ၊ သူ ဖတ် ခဲ့ သမျှ စာကောင်း စာသန့်များ နှင့် စာညံစာဖျင်းများ အားလုံးကို ယူလီဆီး ၏ ပွင့်လင်းမှု သို့မဟုတ် ကွယ်ဝှက် မှုများထဲတွင် စုစည်းခင်းကျင်းခဲ့သည် ။

အရူးဂေဟာ အပြင်ဘက်မှာ တွေ့ရသော လူတစ်ယောက် ကဲ့သို့ မိမိ၏ ရှောင်တခင် ပေါ်လာသမျှ အတွေးများ ၊
ခံစားချက်များ ၊ စိတ်လှုပ်ရှားမူများ ၊ တုံ့ပြန်ရိုက်ခတ်မှု များကို ကလောင်ဖျားမှ စီးဆင်း သွန်ချရာတွင် အစီအစဉ် တကျလည်း မလုပ် ၊ ရှေ့နောက် ညီညွတ် အောင်လည်း မကြိုးစား ၊ လွတ်လွတ် လပ်လပ် ပေါ်လာသည့် အတိုင်း ကစဉ်ကလျား ဖော်ပြထားသည် ။ မသိစိတ်ကို စာရွက်ပေါ်ချပြရာတွင် သိစိတ်၏ အတည်ပြုမှုကို မရယူခဲ့ ။
ဆစ်ဂမန်ဖရွိုက်
၏ "မသိစိတ်ဟူသည် အစစ်အမှန် လူသား ၊ သဘာဝလူသားကို ကိုယ်စားပြုပြီး ၊သိစိတ်က အတုအယောင်လူသား ၊ ပကာသနလူသားကို ကိုယ်စားပြုသည်" ဟူသော သဘောတရားကို ကိုင်စွဲပုံဖော်ခဲ့ သည်။ ဤသို့ဖြင့် ဤဝတ္ထုကြီးသည် စာဖတ်သူ ၁၀၀ တွင် ၁၀ ဦးသာ အဆုံးအထိ ဖတ်ဖြစ်၍ ၊ယင်း ၁၀ ဦးတွင် လည်း ၅ ဦးမှာ ခက်ခဲစွာ ကြိုးပမ်း သည့်တိုင် ၊ တစ်ဦးမျှသာပဲနားလည်သည် ဟု အဆိုရှိသည် ။မည်သို့ပင်ဖြစ်စေ ဤဝတ္ထု၏ ကျယ်ဝန်းမှု ၊ သိပ်သည်းမှု နှင့် ပုံသဏ္ဍာန် မျိုးပေါင်း စုံလင်မှုတို့က ဖြစ်ရပ်မှန် မဟုတ်သော စာပေ လက်ရာ တစ်ခုတွင် ဖော်ကျုးနိုင်သည့် အာရုံခံစားမှု များ ကို အပြောင်းအလဲ များစွာ ချဲ့ထွင်ပေးသည် ကိုကား မငြင်းနိုင် ။ထို့ကြောင့်ပင် ဤဝတ္ထုကြီးသည် နံပါတ်တစ် စွဲကာ၊ ဂျွိုက်(စ်) မှာ လည်း ရာစုနှစ်၏ အကြီးမြတ်ဆုံး စာ ရေးဆရာကြီး တစ်ဦး အဖြစ် သတ်မှတ်ကြရတော့သည် ။

ထို့နောက် ဂျွိုက်(စ်) သည် ပို၍ကြီးမားသည့် စိန်ခေါ်မှု တစ်ရပ်ကို သူကိုယ်တိုင် ချမှတ်ပြန်သည် ။ စကားလုံး ကင်း မဲ့သည့် အိမ်မက်ကမ္ဘာ အကြောင်းကို လူအများ နားလည် သဘောပေါက် အောင် စကားပြေဖြင့် ရေးသား တင် ပြဖို့ဖြစ်သည်။ သူသည် "တိုးတက်မှု ရရှိနေသည့် သူ၏လက်ရာ" ကို ၁၇ နှစ်တိုင်တိုင် ပင်ပင်ပန်းပန်း အားထုတ် ခဲ့ရသည် ။ ဖင်နီဂန်ဝိတ် (Finnegans Wake) ကို ၁၉၃၉ ခုနှစ်တွင် ပုံနှိပ် ထုတ်ဝေ သည့်အခါ ၊ " အများ အသိအမှတ်ပြုထားသည့် ပါရမီရှင် ပုဂ္ဂိုလ်တစ်ဦးက သိလျက်နှင့် တမင်သက်သက် ရေးသားပြုစုထားသည့် နား လည်ရ အခက်ဆုံး လက်ရာဖြစ်ပါသည်" ဟု တိုင်းမ်မဂ္ဂဇင်းက ရေးသားခဲ့သည် ။ ယူလီဆီး ကို ပြောင်းပြန် ရေးသား ထားသည့် ဖင်နီဂန်ဝိတ် တွင် အဓိကဇတ်ကောင် အိပ်ခ်ျစီအီးယားဝစ်ကာ ၏ အိပ်မက်မက် နေသော စိတ်ထဲမှ တစ်ဆင့် စိမ့်ဝင်လာသည့် ၊ ရှည်လျားသည့် ဒဗ္ဗလင် ညတစ်ည အကြောင်းကို ပုံဖော်ထားသည် ။ ထပ် တလဲလဲ သုံးထားသော စကားလုံးများ ၊အဓိပ္ပါယ် မကွဲပြားသည့် စကားဝှက်များ ၊ ပုံသဏ္ဍာန် ပြောင်းလဲနေသည့် ဇတ်ကောင်များ ၊ ဘာသာစကား ၊ သမိုင်းနှင့် ယဉ်ကျေးမှုတို့ဖြင့် သွယ်ဝိုက်ညွှန်းဆို မှုများဖြင့် အတိပြီးသည့် ဖင်နီဂန်ဝိတ် တွင်၊ ပင်လယ် အတွင်းသို့ မြစ်တစင်း စီးဆင်းသွားသည့်အလား ဖော်ကျုးတင်ပြချက်များ မှာ ထိရောက် အားကောင်းလှသည်။ ဂျွိုက်(စ်) က သူ၏လက်ရာ ကို " တားမြစ်ထားသည့် ပိုင်နက်နယ်မြေ အတွင်း သို့ လိုသည်ထက်ပို၍ ဝင်ရောက်လေ့လာခြင်း " ဟု ခေါ်ဆို ခဲ့သည် ။ လိုသည်ထက် ပိုလွန်းသော သည်ဝတ္ထုရှည်သည် စာဖတ်သူ အများစု အတွက် နားလည်ရ အလွန်ခက်ခဲကြောင်း ကိုလည်း သက်သေပြခဲ့ သည် ။

၁၉၄၄ ခုနှစ်၌ အနုပညာရှင်တစ်ဦး၏ ငယ်ရွယ်စဉ် ဘဝ ရုပ်ပုံလွှာ ၏ ပထမမူကြမ်း တစ်စိတ်တစ်ဒေသ ဖြစ်သော စတီဖင်သူရဲကောင်း ထွက်လာသည် ။ ဤဝတ္ထုက ဂျွိုက်(စ်) အပေါ် သတိရဖွယ် အချက်နှစ်ချက်ကို ဖော်ညွှန်းသည် ။ပထမအချက်မှာ ယူလီဆီး အပါအဝင် သူ၏ အစောပိုင်း စာအုပ်များမှာ စွဲစွဲလမ်းလမ်း ဖတ်ရှုနိုင် ဖွယ် လက်ရာများဖြစိသညိ ဟူသော အချက်ဖြစ်သည် ။ ဒုတိယ အချက်မှာ ပြည်နှင်ဒါဏ်ခံ အနုပညာရှင်အဖြစ် ကိုယ့်ကိုယ်ကိုယ် ပုံစံချထားသော ဂျွိုက်(စ်) မှာ သူ့ခေတ် သူ့ကာလ၏ အကြီးကျယ်ဆုံး ပုံပြောကောင်းသူ တစ်ဦး ဖြစ်သည် ဟူသော အချက်ဖြစ်၏ ။

ဆင်းရဲမွဲတေမှု ၊ မကျန်းမမာဖြစ်မှု ၊ စိတ်ရောဂါကု ဆေးရုံ ရောက် သမီး လူစီယာအတွက် သောကထွေပြားရမှု စသည့် လောကဓံ၏ အထုအထောင်းကို အန်တုလျက် ၊ ဗြိတိသျှ နှင့် အမေရိကန်တို့၏ စာပေထုတ်ဝေမှု ပိတ်ပင် ချက်များကို ရင်ဆိုင်နေရသည့် ကြားမှ၊ ဂျွိုက်(စ်)သည် ယုံကြည်ချက် ခိုင်ကျည်စွာ ရေးသားဖန်တီးခဲ့ရာ တဖြည်းဖြည်း အောင်မြင်လာခဲ့တော့သည် ။ ဒဗ္ဗလင်မြို့သားများ ဖြင့် အဆုံးစွန် ဝတ္ထုတို ကျွန်းကျင်သူ ဖြစ်လာသည် ။ အနုပညာရှင်တစ်ဦး၏ ငယ်ရွယ်စဉ်ဘဝ ရုပ်ပုံလွှာ ဖြင့် မှတ်တိုင်စိုက်ရမည့် ဝတ္ထုရေးဆရာကြီး စာရင်းဝင်ခဲ့သည် ။ ယူလီဆီး ဖြင့်မူ ပထမ ကမ္ဘာ စစ်ကြီး အပြီး ပြိုကွဲပျက်စီးနေသော လူ့အဖွဲ့ အစည်းကြီးကို စာပေဖြင့် ထင်ဟပ်ရာတွင် အသစ်တီထွင်သူ အဖြစ်သာမက ၊ ရာစုနှစ်၏ အကြီးကျယ်ဆုံး စာရေးဆရာ အဖြစ်လည်း ကမ္ပည်းထိုးခဲ့သည် ။ အငြင်းပွားမှု ၊ ဝိဝါဒ ကွဲပြားမှု အရပ်ရပ်၏ မဏ္ဍိုင်တစ်ရပ်လည်း ဖြစ်ခဲ့သည်။ သူ့ခေတ်ပြိုင် လက်ရာများကို ကျော်လွှား၍ ကျယ်ကျယ်ပြန့်ပြန့် ဩဇာညောင်းခဲ့သည့်  သိစိတ် အလျင် ရေးဖွဲ့နည်း ၊အဇ္ဈတ္တ တစ်ကိုယ်တော် ရေရွတ်နည်း တို့ဖြင့် ခေတ်သစ် စိတ်ဝိညာဉ် အပိုင်းအစများကို အနုမြူဝဲဩဃ အတွင်း သွတ်သွင်းလိုက်ရာ ၊မည်မျှ ခြားနားသော ဝိရောဓိများ ရောယှက်လာသနည်း ဆိုသော် ဟိုးမားပင်လျှင် သူ့နည်းကို အသုံးပြုပါမှ သူ့အနုပညာ ဖန်တီးမှုအပေါ် ကျော်လွှားနိုင်တော့မည်ဟု ဆိုရမတတ်ပင်
သူ့စာပေ လက်ရာအားလုံးကို မော်ဒန်စာပေ၌ ကွယ်ဝှက်မှုအရာ တွင် အစွန်းရောက် စာပေအဖြစ် နေရာ သတ်မှတ် ပေးသင့်သည် ဟူ၏ ။

ဂျွိုက်(စ်) သည် အစဉ်အလာ ထိန်းသိမ်းသည့် ဣနြေ္ဒ မျိုး ဖြင့် ဝတ်စား ဆင်ဝင်တတ်ပြီး လမ်းလျှောက် တုတ်ကောက် တစ်ချောင်း ဆောင်ထားရသည်ကို သဘောကျသူ ။ အနုပညာနှင့် အလှအပကို ခုံမင်သူ ဖြစ်သည် ။ မျက်နာ သေးသွယ်ပြီး ကျန်းမာရေး မပြည့်စုံသည့် ဂျွိုက်(စ်) သည် လေတိုးရုံဖြင့် လဲကျသွားမည့် ပုံစံမျိုး ရှိသည် ။ သို့သော်လည်း သူ၏စိတ်က သံမဏိတမျှ မာကျောသည်။ နှစ်ပေါင်းများစွာအတွင်း မျက်လုံး ၁၁ ကြိမ် ခွဲစိတ်ကုသ ခံခဲ့ရသည် ။ မေ့ဆေး တစ်ခါမှ မသုံးပဲ ခွဲစိတ်ခံခဲ့ခြင်း ဖြစ်သည်။ ဖင်နီဂန် ထုတ်ဝေပြီးကာစ နာက်ပိုင်း ဒုတိယ ကမ္ဘာစစ် ဖြစ်ပွားလာသည့် အခါ ဂျွိုက်(စ်) ဇနီးမောင်နှံသည် ပါရီမှနေ၍ ရန်သူမသိမ်းပိုက်သေးသည့် ပြင် သစ်နိုင်ငံအတွင်း ဗီချီအရပ် အနီးရှိ ရွာကလေးတစ်ရွာသို့ ပြောင်းရွှေ့သွားကြသည် ။ ဂျွိုက်(စ်)သည် အပေါက်များ ဖြစ်နေသည့် အနာခွက်ရောဂါ ကြောင့် မမာမကျန်းဖြစ်နေသည် ။သူသည် ၁၉၄၁ ခုနှစ် ဇန်နဝါရီ ၁၃ ရက်တွင် ဝမ်းတွင်းမြှေး ရောင်ရမ်းသည့် ရောဂါဖြင့် ဆွစ်လန်နိုင်ငံ ဇူးရစ်မြို့၌ ကွယ်လွန်ခဲ့သည် ။ နိုင်ငံရပ်ခြားတွင် စာပေ အနုပညာ ရေးသားပြုစုခဲ့သည့် စာရေးဆရာကြီးကို နိုင်ငံရပ်ခြားတွင်ပင် မြှပ်နှံ သင်္ဂြိုဟ်ခဲ့သည် ။


ဂျွိုက်(စ်)၏ အားထုတ်မှု အစုစုကို တီအက်(စ်)အိလိယော့ က ဤသို့မှတ်ချက်ပြုခဲ့၏ ။ "ဂျော့ခ်ျမီလ်တန် နောက်ပိုင်း ဂျွိုက်(စ်) သည် အင်္ဂလိပ် ဘာသာစကား၏ အကြီးဆုံး ဆရာတစ်ဆူ ပါရဂူတစ်ယောက် ပင် ဖြစ်သည် " ဟူ၏ ။









1 comment:

MaMa said...

good introduction!
when you have time
please try to translate some of his essays