Wednesday, April 8, 2009

အခုတ်အထစ်များတဲ့နေ့

"အခုတ်အထစ်များတဲ့နေ့"


ငါးသည်မ ငါးခုတ်သလို
လူအချင်းချင်း ခုတ်ကြ ထစ်ကြနဲ့
သွေးစက်တွေ ဖြန်းပက်နေကြပုံများ
တချို့က အားရတယ်
တချို့တွေက အားကျတယ်
သံဝေဂ တေးကို မဟစ်ကြွေးနိုင်သေးဘူး.... ။



ဆာမူရိုင်း တစ်ယောက်လိုဓါးချက်နဲ့
ကမ္ဘာမြေကြီးကို ခုတ်တယ်
ပန်းဆိုးတန်း လမ်းမပေါ်မှာခုတ်တယ်
ပါတ်စပို့ ရုံးရှေ့မှာ ခုတ်တယ်
မင်္ဂလာဒုံလေဆိပ်က ဒီပါချာ ခန်းမ မှာခုတ်တယ်
ဆူးလေ လမ်းမကို ခုတ်တယ်
ရှောင်ဇေ လီဇေ လမ်းမကြီးကို ခုတ်တယ်
"ပဲရစ် ၊ ဘန်ကောက် ၊ ဟောင်ကောင် ၊ တိုကျို " အစရှိတဲ့
စီးပွားပျက်ကပ်ဆိုက်နေတဲ့ မြို့ကြီးတွေကို ခုတ်တယ်
"မောင်ချောနွယ်" ရဲ့ လူကြိုက်နည်းတဲ့ ကောင်ကို ခုတ်ချလိုက်တယ်......။


ငါကိုယ်တိုင် ခုတ်လိုက်နိုင်တဲ့ နေ့တွေနဲ့
ငါကိုယ်တိုင် အခုတ်ခံလိုက်ရတဲ့နေ့တွေ ရှိတယ် ။


နွေဦးရဲ့ ရနံ့ကလဲ အရင်လို မပြင်းရှတော့ပါ
ဝဋ်နာ၊ ကံနာကျနေတဲ့ ဆောင်းနှောင်းအကြွင်းအကျန် နေ့ရက်များမှာ
ဗိုလ်အောင်ဒင်လို လွမ်းပြနေတဲ့ အလွမ်းည များစွာကိုလဲခုတ်တယ် ။


ယုဇနပင်ပျိုထက်က ဖဲကြိုးဝါဝါလေးတွေနဲ့
ငါ့ဥယျဉ် တောင်ဘက်ဖျားက အုံ့ဆိုင်းနေတဲ့
ပိတောက် ကိုင်းလေးကိုပါ ငါခုတ်ချလိုက်တော့တယ် ။


မောင်ဖုန်းမြင့်







5 comments:

ATN said...

ကဗျာဆရာ တွေ့ရာတွေ အကုန်ခုတ်ချပစ်လိုက်ပြီလား...

မမသီရိ said...

ဖဲကြိုးဝါ၀ါ လေးတွေ ရှိတဲ့ ပိတောက်ကိုင်း ..
ခုတ်ပစ်လိုက်တော့ နှမျော စရာ..
လှပတဲ့ ကဗျာလေးပါ..

ကလူသစ် said...

ရှောင်နေမှ

Mhu Darye said...

အသုံးမကျတော့ဘူးဆိုရင် ခုတ်သာခုတ်...။
အေးရော ပေါ့။း)

အိန္ဒြာ said...

ကဗျာတွေကို
တစ်ပုဒ်ချင်း အေးအေးဆေးဆေးဖတ်ဖို့
link လုပ်ထားချင်တဲ့အကြောင်း
ခွင့်လာတောင်းတာပါ..