Tuesday, September 29, 2009

ကဗျာထဲကို ထည့်ချင်ရာထည့်တဲ့ အုံကြွမှု



ကဗျာထဲကိုဘာထည့်ရမလဲ

မျောက်တွေဟာ အုန်းသီးထဲ ဘယ်သူရေထည့်သွားသလဲဆိုတဲ့
အတွေးအခေါ်ရသလို
ကဗျာထဲကို ဘာထည့်ရမလဲ
ဒုတိယကမ္ဘာစစ်အတွင်းက
ပြင်သစ်ကြေးစားမတွေဟာ သူတို့ကိုယ်ထဲကို ဆစ်ဖလစ်ပိုးထည့်ပြီး
ဂျာမန်တွေကိုဖျော်ဖြေသလိုမျိုး
ကဗျာထဲကိုဘာထည့်ရမလဲ
ဒဿနမပါတဲ့ ကဗျာဖတ်ရတာ ဆားမပါတဲ့ဟင်းစားရသလိုမျိုးတဲ့
ကဗျာထဲကိုဘာထည့်ရမလဲ
ကဗျာဆိုတာ အသံသာရမယ်
ဟုတ်ကဲ့
ကဗျာမှာ နိမိတ်ပုံထွားထွားကြီးတွေနဲ့ ဝေဝေဆာဆာဖြာရမယ်
ဟုတ်ကဲ့
ကဗျာထဲမှာ ဘာသာစကားထည့်ပါ
ဟုတ်ကဲ့
ကဗျာဆိုတာ ရိုးသားရမယ်
ဟုတ်ကဲ့
မင်းတို့ ရေးချင်ရာရေးတာကို ကဗျာလို့ခေါ်နေကြတာလား
ဟုတ်ကဲ့ . . . ဟုတ်ကဲ့ ခင်ဗျာ
အဲ့ဒီလိုနဲ့
ကဗျာထဲကို အသဲကွဲသီချင်းတွေ ထည့်လွှတ်လိုက်တယ်
ကဗျာထဲကို စိတ်ရဲ့အုံမှိုင်းမှုတွေ ထည့်လွှတ်လိုက်တယ်
ကဗျာကြီးပဲဆို ပြင်းမှာစိုးလို့ ဆော်ဒါ နဲနဲရောထည့်တယ်
(ကဗျာ စစ်စစ်ဆို ဘာမှ မရောပဲ သောက်တာ ပိုကောင်းတယ်)
ကဗျာထဲကို မိုးနဲ့အတူအစိုးမရတဲ့ ကောင်မလေးတွေအကြောင်းထည့်တယ်
ကဗျာထဲကို မေထုန်မဲ့ခြင်းကနေ ပေါက်ဖွားကြီးပြင်းတဲ့ နို့စားနွားမကြီးအကြောင်းထည့်တယ်
ကဗျာထဲကို ပြတ်တောက်သွားတဲ့ ဖိနပ်လေးတဘက်အကြောင်းထည့်တယ်
ထည့်ချင်ရာထည့်ထားတဲ့ ကဗျာကြီးဟာ မြေဆွဲအားကနေ ရုန်းကန်ပျံ ဘို့ ကြွကြွ ရွရွကြီးဖြစ်နေပြီ
လွတ်လွတ်ကျွတ်ကျွတ် ကင်းလွတ်ခွင့်ရဘို့ အရေး ဆိုင်းကြိုးတွေကို ဘယ်သူလာဖြတ်မလဲတွေးတယ်
ပရော်ဖက်ဆာ တယောက်က ပြောတာက
ကဗျာထဲကို ထည့်ချင်ရာထည့်တဲ့ အုံကြွမှုကြီးရဲ့ အစဟာ ခရစ်တော်မပေါ်ခင်ကထဲကတဲ့ . .


အဲဒီ အုံကြွမှုထဲမှာ မြေဆွဲအားကြောင့် ဖြစ်ပေါ်လာတဲ့ ရုန်းကန်မှုတွေ
ကဗျာ ဟာနေ၀င်နေထွက်စောခဲ့တယ် ကဗျာဟာ မုတ်သုန်လေဦးလိုလည်း
အမြဲတမ်းခက်ထန်တယ် အမှန်တရားဆိုတာ ခက်ထန်တာပဲလေ...
အသက်မဲ့နေတဲ့ အိပ်မက်တွေ ခြောက်ကပ်နေတယ့်လယ်မြေတွေ
တကယ်တော့
အမှန်တကယ်တော့
လူသမိုင်းကို ထွန်ယက်ခဲ့တာကဗျာပါ...
အသည်းကွဲနေတဲ့ ကဗျာဆရာ အရူးတစ်ယောက်က
အသည်းကွဲ ဖူးသူအားလုံးကိုကိုယ်စားပြုသလိုပေါ့
တော်လှန်ရေးမှာကျဆုံးသွားတဲ့ သူရဲကောင်းတွေအတွက်
ကိုယ်ကိုယ်တိုင် ကျဆုံးခံခဲ့ရသူလည်း ကဗျာဆရာပဲ
ကဗျာထဲကို နာကျင်မှုတွေ ထည့်ခလောက်တော့
ကောင်မလေး မင်းကြိုက်တဲ့
စတော်ဘယ်ရီမိတ်ရှိတ်ဖျော်ရည်တစ်ခွက်တော့ဖြစ်လာမှာမဟုတ်ဘူး
တကယ်တော့ ကိုယ့်ကိုယ်ထဲက လွတ်မြောက်ရေးတိုက်ပွဲ
ဆိုက်ဘေးရီးယားကို နယ်နှင်ခံလိုက်ရတဲ့ သမိုင်းစာအုပ်တစ်အုပ်လို့
အေးစက်နက်ရှိုင်းလို့....
မင်းလေ့ကျက်ပြီးပြီလား
မင်းရိုးသားခဲ့ပြီးပြီလား
မင်းဖြူစင်ခဲ့ပြီပြီလား...
ကဗျာကိုဖတ်တတ်ဖို့ မင်းစိတ်အခံက ဖြူစင်ဖို့လိုတယ်...
နောက်ဆုံးတော့ လောကထောင်ချောက်တွေထဲမှာ
မင်းကိုယ်တိုင်ပိတ်မိတဲ့အခါ ကဗျာကို ဘာကြောင့်လိုမလဲသိမယ်
ကဗျာထဲမှာ ဘာထည့်ထားလည်းသိမယ်...
အခုလောလောဆယ်တော့ ဒီစာမျက်နှာကိုကျော်ဖတ်သွားလည်းရတယ်...
ကဗျာဟာမင်းအတွက် မျောက်အုန်းသီးရ မဖြစ်စေနဲ့...။



ရေးသူ - ဖုန်းမြင့် + မိုးလှိုင်ည

6 comments:

Anonymous said...

စိတ်အခံက မဖြူစင်ဘဲနဲ့ ဒီကဗျာကို ဖတ်သွားတယ်ဗျာ...

အခုတလော ကဗျာတွေ ကောင်းမှ ကောင်း...

mie nge

အိုင်လွယ်ပန် said...

ကဗျာထဲကို
ငေးမောခြင်းတွေ
လာပစ်ထည့်သွားပါတယ် ......။။။

နန်းညီ said...

ဒီစာမျက်နှာကို ကျော်ဖတ်သွားတယ်

Angel Shaper said...

လာဖတ်သွားပြန်ပါပြီ။
ဘာမှ မပြောတတ်ပါ။

mirror said...

စွတ်ရွတ်ပြီး မိုက်ထည့်လိုက်တယ်။
ကဲ မိုက်တယ်ဗျာ။မကျေနပ်ဘူးလား။
ဒီကဗျာ..လွှတ်မိုက်ပါတယ်ဆို.. မကျေနပ်ဘူးလား။

သိုး said...

မျောက် ကဗျာရသွားပြီဗျ
သိုး ထဲကိုကဗျာတွေပြစ်ထည့် သွားပြီ