Monday, March 25, 2019

ငါ့ရန်သူအတွက် နိုင်ငံတော်သီချင်း


ငါ့အလံတော်လို့ ပြောပြီး မင်းဆံပင်တွေပြာကျသွားတာ

စောင့်ကြည့်နေလိုက်တယ်။

ခွဲထွက်ခွင့်တောင်းတဲ့ မင်းနယ်မြေတိုင်းကို

ဗုဒံ္ဓသရဏံ ပန်းတွေ စိုက်ခိုင်းထားလိုက်တယ်။

တရားမမျှတနိုင်ရင်

အာဏာနည်းနည်းလောက် မျှပါလား။

ဘဏ်ဓားမြ မဖြစ်ချင်ဘူး

မင်းငရဲခန်းမှာပဲ သုံ့ပန်း ဖြစ်ချင်နေတာ။

မင်းနိုင်ငံတော်ကိုမကြည်ညိုဘူးပြောတဲ့

အလောင်းတိုင်း လျှာဖြတ်ပြီး

မီးခံသေတ္တာလုပ်ထား လိုက်တယ်။

ငါ့ပြည်တွင်းစစ်မှာ

ချိုးဖြူငှက်တိုင်းက လုပ်ကြံသတ်ဖြတ်ရေး သမား

ငါ့နိုင်ငံသားတိုင်းက မင်းရမ္မက်ကို ဦးညွှတ်ပြီး

မင်းအချစ်ကိုကြ အာဏာဖီဆန်တယ်။

မင်း သားအိမ် ဒုက္ခသည်စခန်းမှာ

ပိုးမွှားတွေက ဥပဒေစိုးမိုးရေး သန္ဓေတည်ချင်နေတယ်။

ဇွန်ဘီတွေ ချီတက်သွားတော့

အပစ်အခတ်ရပ်စဲရေး လို့ စာတမ်းထိုးလိုက်ကြတယ်။

မင်းတစ်ခါကျဆုံးတိုင်း ငါ့နိုင်ငံတော်မှာ

အာဇာနည်တစ်ပါး လို့ ဝေါဟာရ အသစ်ထွင်တယ်။

ဧကရာဇ်တွေပျော်ရုံ သက်သက်နဲ့

မင်းရင်သားတွေကို မြေမြုပ်ဗုံးမလုပ်လိုက်ပါနဲ့

စစ်ကြီးပြီးတော့ ဝေလငါးတွေ အပါအဝင်

နို့တိုက်သတ္တဝါတွေ မျိုးတုံးသွားပြီပြောတယ်။

စစ်သတင်းတိုင်းကို မင်းနို့ရည်တွေ ဖြန်းပြီး

မေတ္တာပို့တယ်။

ရင်သွေးတွေ လှဲလျောင်းနေတဲ့ မြေပေါ်က

ကျည်ဆံခွံတိုင်းတော့

ပန်းအိုးလုပ်လို့ ဘယ်ဖြစ်ပါ့မလဲ

မပျော်ရွှင်တော့ဖူး ဆိုရင်တော့ တံပိုးခရာသာမှုတ်လိုက်

ဟောဒီ့ကမ္ဘာဆိုတာကို ဒေဝတာတွေ ကယ်တင်နေတုန်း

မင်းက နိုင်ငံတော်သီချင်းဆို

ငါက မင်းအတွက်အချစ်သီချင်းဆိုမယ်။


မောင်ဖုန်းမြင့်
24.03.2019
11:00 PM





1 comment:

Unknown said...

မိုက်တယ်