Monday, August 18, 2008

"ရှင်ကွဲ"



မနက်ဖြန်ဆိုတာ
သိမ်းဆည်းထားရမဲ့ အရာမှမဟုတ်တာ
ဘဝ တစ်ခုလုံးကို
ငါးမျှားချိတ်မှာတပ်လိုက်
ပြီးတော့
လောကကြီး ကို မျှားကြည့်လိုက်ရအောင်
မာယာဆိုတာ
လိမ်လည်ခြင်း ကိုဖုံးထားတဲ့
သကြားခဲလေးပဲ မဟုတ်လား...။

အသံတစ်သံ နဲ့ အသံတစ်သံကြား
ချစ်ခြင်းတရားတစ်ခုနဲ့ နောက်ထပ်
ချစ်ခြင်းတရား တစ်ခုအကြား
သက္ကရာဇ် အဟောင်းတွေ ခြားခဲ့ပြီ...။

လွှတ်ချလိုက်တယ် ..
ဘယ်အရာက မြဲခဲ့ဘူးလဲ
"ခွမ်း" ကနဲ မကွဲခဲ့တာတောင်မှ
အက်ကြောင်း ဆိုတဲ့ ဒဏ်ရာ
သေရာပါ နေဦးမယ်....

မျက်နှာချင်းဆိုင် ရပ်ပါ
ကျောချင်းကပ် စရာ မလိုတော့ဘူး
နောက်ကျောက အနာထက်
ရင်ဘတ် က အနာတွေသာများခဲ့
"ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော" တဲ့
ချစ်သူ ၊ ခင်သူ တွေနဲ့
ကွေကွင်းရတာလဲ
ဆင်းရဲခြင်း တစ်မျိုးပဲ မဟုတ်လား...။

နေတတ်သလို နေခဲ့တာတောင်မှ
ဟောဒီ..
အလွမ်းဇတ်ကို မရပ်တန့်နိုင်ခဲ့ဘူး
သီချင်းတွေအော်ဆိုလိုက်တယ်
အပူတွေငြိမ်းလေမလားရယ်လို့...။


မောင်ဖုန်းမြင့်

3 comments:

အောင်သာငယ် said...

ငါ့ညီလေးလည်း ချစ်တတ်တော့ လွမ်းတတ်နေပြီပေါ့...
ဟာ့တ်ထိတဲ့ အလွမ်း..ဟေ့

MaMa said...

မင်း ရဲ့ ကဗျာလေး ဖတ်ရတာ
တစ်ကြိမ်ဖတ် ..ခံစားချက်တစ်မျိုးဖြစ်စေတယ်..
ဒီတစ်ကြိမ် ဖတ်ကြည့်တော့..

နှစ်ပေါင်း ၂၀ ကျော် မိသားစုနဲ့
ဝေးနေခဲ့ရတဲ့ ဦးဝင်းတင်
ကိုမင်းကိုနိုင်နဲ့.. နံရံလေးဘက်ကြား..
မတရား ရှိနေကြရတဲ့ သူတွေရဲ့
မိသားစုဝင်တွေအတွက် ကူ လွမ်းမိတယ်...

ရေးတတ်လိုက်တာ

ဖုန်း မြင်. said...

အကိုကြီးရေ လွမ်းနေရတာကြာပေါ့
မမ ကျေးဇူးတင်ပါတယ် ခင်ဗျာ