Saturday, August 16, 2008

"ကူညီပါရစေ" ဟု ဆိုရာဝယ် ....

"ပြော...ကို...မပြောချင်တော့ဘူး"ဟု မြန်မာရုပ်ရှင် ခေတ်ဟောင်းကားများထဲက ဒေါ်မြလေး စတိုင်ဖြင့်သာ ဟစ် အော် ငြီးတွားလိုက်ချင် တော့သည် ။ အစကတော့ ယခုလို လူပြောသူပြောများ သော မလေးရဲတွေ အကြောင်း ကို နားလျှံအောင် ကြားနေရသည် သို့သော် သာမန်ကာ လျှံကာ လောက်သာ သဘောမှာထားမိသည် ။ ယခု လို ကိုယ်တွေ့ကြုံလိုက်မှ သူများတွေပြောသည် ကမှ လိုကောင်းလို ပေဦးတော့မည်...။

လွန်ခဲ့သော ၂ ရက်လောက်က မိတ်ဆွေ တစ်ယောက်က ညဘက် ရုတ်တရက် လာခေါ်သည်။ သူ့ကို ယခင် ကျနော် နေခဲ့သည့် အိမ် ခန်းဘက် ကိုရောက်မည် ဆိုလျှင် လမ်းကြုံ လိုက်ခဲ့ ချင်သည် ဟု ပြောထားခဲ့ဖူးသည်။ အရင် အိမ်ခန်း လေးက မသယ် ဖြစ်သေးသည့် ကျနော့် ပစ္စည်း ပစ္စယ များကို လမ်းကြုံသယ်ချင်၍ ဖြစ်သည်။ ထိုနေ့မှ သူကလဲ အဲ့ဒီဘက်ကို သွား၍ ပစ္စည်းတစ်ခု ယူစရာရှိတော့ အတော် ပဲပေါ့ အသွားတွင် သူ့ဆိုင်ကယ်ဖြင့်သွား ၍ အပြန်တွင် ကျနော်က ပစ္စည်း တွေတင်ပြီး ကားငှါးပြန်ကြမည် ဟု တိုင်ပင်ကာ ထွက်လာခဲ့ကြသည် ။

နှစ်ယောက်သား အိမ်က ထွက်လို့ ၁၀ မိနစ် ဝန်းကျင်လောက် ပဲရှိဦးမည် block check နှင့် တည့်တည့် တိုးမိ လေသည် ။ ရုပ်ရှင်တွေထဲကလို ရဲကားများနှင့် လမ်းပိတ်ထားကာ လမ်းသွားလမ်းလာ ကားများ ၊ ဆိုင်ကယ် များကို ရဲများက လက်နက်အပြည့်အစုံ နှင့် ရပ်တန့် စစ်ဆေးနေ ခြင်းဖြစ်သည် ။ သူတို့ block ချထားသည်က မီးပ္ပိုင့် အကျော်မှောင်ရိပ်လေးထဲ မှာ ၊ ကျနော် နှင့် ကျနော့် မိတ်ဆွေကလဲ ညဘက် လူရှင်းတဲ့ အချိန်ဆိုတော့ စကားလေးတစ်ပြောပြော နဲ့ အမှတ်တမဲ့ပင် ၊ မီးပွိုင့် ကိုဖြတ်အကူး ထွက်တား သည့် ရဲကို တွေ့လိုက်ရမှပင် block ဟု သိလိုက်ရတော့သည် ။

ဘာတတ်နိုင်မှာလဲ ရှင်းပေါ့ ဒါပဲရှိတော့တဲ့ ဟာ ၊ ရဲက အနားရောက် လာပြီးမေးပါသည် "လိုင်စင်" တဲ့ ကျနော့် မိတ်ဆွေက ထုတ်ပေးလိုက်သည်။ ယူကြည့်ပြီး "ပတ်စပို့" တဲ့ ထပ်တောင်းပြန်သည် ။ ကျနော့်မိတ်ဆွေက ပတ်စပို့ စာအုပ်ပျောက်ဆုံးနေသဖြင့် သက်ဆိုင်ရာဌါနသို့ အကြောင်းကြားထားပြီးသူ။ သူ့မှာက ရဲဌါနနှင့် အင်မီဂရေး ရှင်းက ထုတ်ပေးထားသော စာအုပ် ပျောက်ဆုံးကြောင်း ထောက်ခံချက်သာပါသည် ။ အဲ့သည်ဟာ ကို ထုတ် ပေးလိုက်တော့ မျက်မှောင်ကုပ်ပြီး သေချာကြည့်သည် ပြီးမှ "မင်းအောက်ကိုဆင်းပြီး ငါနှင့်လိုက်ခဲ့" ဟု စားပွဲနှင့် ထိုင်နေသော သူတို့ အရာရှိထံ ခေါ်သွားသည် ။ ကျနော် ကတော့ရဲတွေ မျက်စေ့နောက်ပြီး အရစ်ရှည်မှာ စိုး သောကြောင့် ဆိုင်ကယ်နောက်မြီးမှာ ခပ်ရို့ရို့လေး ထိုင်စောင့် နေခဲ့သည်။

ထိုအချိန်မှာပင် နောက်က ကားတွေတား၍ စစ်နေသော ရဲက ဘာစိတ်ကူးပေါက်သည်မသိ ရုတ်တရက် ကျနော့်ဘက်လှည့်ကာ "အဲဒါမင်းသူငယ်ချင်းလား" ဟု မေးသည် ၊ "အေးဟုတ်တယ်" ဆိုတော့ "သူက ဘာမ ရှိတာလဲ"ဟု ထပ်မေးပြန်သည် ။ ကျနော်က " သူ့မှာ အကုန်လုံး ရှိပါတယ်" ဆိုတော့ "မင်းရော"တဲ့ " ကျနော် က အေးအေး ဆေးဆေးပင် "ငါ့မှာပါမစ် ရှိတယ်"ဆိုတော့ "ဘယ်မှာလဲပြ" တဲ့ ကျနော် သူ့ကိုပြဖို့ ဘောင်းဘီ နောက်အိတ်ထဲက ပိုက်ဆံအိတ် ကို စမ်းတော့.....သွားပြီ... ချက်ချင်းပင် ခေါင်းနပန်းကြီးသွားရသည် အပြင် ထွက်ခါနီး ဘောင်းဘီလဲဝတ်တော့ ပိုက်ဆံအိတ်က ချွတ်ခဲ့သည့် ဘောင်းဘီထဲမှာ ကျန်ခဲ့ပြီ ။

အတန်ကြာ ဟိုစမ်း ၊ ဒီစမ်းလျှောက် စမ်းတော့မှ သက်တမ်း မကျန်တော့သည့် ယမန်နှစ်က ကဒ်ပြား အဟောင်းလေး သာစမ်းမိသည် ။မထူးတော့ပြီမို့ အဲဒါလေးပဲထုတ် ပြလိုက်ရသည် သူက ယူကြည့်ပြီး
"ini sudah mathi " "manna baru" တဲ့ "ဒီကဒ်က သေနေပြီပဲ" "ဘယ်မှာလဲ အသစ်" ဆိုတော့ ကျနော် က "saya lupa" "ငါမေ့လာတယ်"လို့ပြောလိုက် သည်နှင့် "လာ မင်းပါလိုက် ခဲ့" ဆိုပြီး ကျနော့် မိတ်ဆွေကို စစ်မေးနေသည့် သူတို့ အရာရှိထံခေါ်သွားသည် ။ အရာရှိဆိုသူထံ ရောက်တော့ " မင်းဒီကဒ်ကို ကိုင်လို့ မရတော့ဘူး ဆိုတာ မသိဘူးလား" "သိပါတယ် ငါမေ့လာလို့ " "ဒါဆို မင်းရဲ့ အလုပ်ကို ငါဖုံးဆက်ကြည့်မယ်"
"ရတယ် ဆက်" ဟုပြောပြီး လိပ်စာကဒ်ပြား ပေးလိုက်တော့ ကျနော့် မိတ်ဆွေဘက် ကို လှည့်သွားသည် ..။

" မင်းရဲ့လိုင်စင်က မလေးရှားမှာကိုင်ဆောင်ခွင့်မရှိဘူး" ကျနော် လှမ်းကြည့်မိလိုက်တော့ ကျနော့်မိတ်ဆွေရဲ့ လိုင်စင်က မြန်မာပြည်မှ ထုတ်ပေးထားသည့် International Driving Licence ဖြစ်နေသည် ။ ကျနော့် မိတ် ဆွေက လဲ မလေးလိုမပြောတတ် ရဲလုပ်သူကလဲ အဂ်လိပ်လို မပြောနိုင် ဆိုတော့ ကျနော်ကပဲ ကြားက ဝင်ပြီး "ရပါတယ် ဒီလိုင်စင် က နိုင်ငံတကာမှာမောင်းခွင့် ရှိတာပဲ" ပြောလျှင် သူက " ငါတို့ဆီက ခွင့်ပြုတဲ့ တံဆိပ်တုံး ထုဖို့လိုသေးတယ်လေ"ဟုဆိုပြီး ဘေးဘီဝဲယာသို့ မျက်လုံးကစားကာ ကြည့်လေသည် ။ ကျနော်လဲ ဘာများ ကြည့်တာလဲ ဟု လိုက်ကြည့်မိတော့မှ အထာပေါက်သွားသည် ...လား..လား ..သူထိုင်နေသည့် နေရာနားမှာ မည်သူမှမရှိတော့ ကျန်သည့် ရဲတွေကလဲ နောက်ဝင်လာသည့် ကားများ ၊ ဆိုင်ကယ်များကို စစ်သူစစ် ၊ မေးသူ မေးနှင့် အလုပ်ရှုပ်နေကြသည် ။

ကျနော်လဲ သူ့အနားတိုးကာ "မင်းငါတို့ကို ကူညီပါလားကွာ" ဆိုတော့ "ဘယ်လို ကူညီရမလဲ ပြောလေ" တဲ့ "မင်းကို ပြုစုမယ်လေ" လို့ စကားခေါ်ကြည့်တော့ "ဒီမှာ ငါ့လူတွေကအများကြီးရှိတယ်" လို့ပြန်ဖြေသည် ၊ သူ ပြောသည့် အဓိပ္ပါယ်က နည်းနည်း နှင့်တော့ နာမည်ပျက်တယ် ဆိုတာမျိုး ။ ဒါမျိုးတော့ ကျနော်လည်း နားလည် ပါသည် ပါလာသည့် ရင်းဂစ် ၅၀ တန် တစ်ရွက်ကို အလျင်အမြန် ဆွဲထုတ်လိုက်ကာ သေးအောင် ခေါက်၍ သူ့အနားသို့ ကပ်ခါပေးလိုက်သည် ။ ထို ဆရာသမားက အသေအချာ ကြည့်ပြီးမှ သိမ်းယူထားသော ကျနော်တို့၏ စာရွက် ၊ စာတမ်းများနှင့် ဆိုင်ကယ်သော့ကို ထုတ်ပေးပြီး သူကိုယ်တိုင် ဆိုင်ကယ်ရပ် ထားရာ သို့လိုက်ပို့ပေးလေသည်....။

ကျနော်တို့ ဆိုင်ကယ်စက် နှိုး၍ မောင်းအထွက် ထို ကိုရွှေရဲအရာရှိမှ ဖောက်သည် အသစ်လေးတွေကို နှုတ် ဆက်သည့် ဟန်မျိုးဖြင့် "နောက်လဲ အကူအညီလိုရင် ပြောပေါ့ကွာ" ဟု ပြောရင်း လက်ဆွဲ နှုတ်ဆက်ကာ မိန့်မိန့် ကြီး ပြုံးရင်း အနောက်ဘက် ၌ တဖြည်းဖြည်း ဝေးကွာ ကျန်ရစ်ခဲ့ လေသည်............။

2 comments:

အောင်သာငယ် said...

ကောင်းတယ် ညီလေးရေ့ ဆက်လုပ်း)

MaMa said...

တို့တွေ ငယ်ငယ် က
လူကြီးတွေ ပြောပြောနေတာကြားဖူးတယ်..
..... အမေ ပေးလို့တောင်
အဖေခေါ် လို့မရတာ ..ပုလိပ်တဲ့..
..ပုလိပ်ဆိုရင် ဘယ်နေရာဖြစ်ဖြစ် ပုလိပ်ပဲပေါ့..

မင်း က စာအရေးကောင်းတော့..
မွေးရပ်ကခွာ ရွှေမြန်မာ တွေရဲ့ အတွေ့အကြုံတွေ
များများရေးဘို့ တိုက်တွန်းပါရစေ..။