Friday, May 29, 2009

ဇတ်ညွှန်း


ဘဝတွေ တန်းစီ ရေးချလိုက်ရုံနဲ့
ဇတ်ရှိန်က ဒီလောက်တက်လာမှာမဟုတ်ဘူး
ထုံးစံ အတိုင်းဆို
ဒီဘူတာမှာ ရပ်မယ်
ဒီဆိပ်ကမ်းမှာကပ်မယ်
နံရံပေါ်မှာ သေနတ်ချိတ်ထားတာပြရင်
တနေရာရာမှ ပစ်ကို ပစ်ပြရတော့မယ်
မီးဖျတ်ကနဲ ပျက်သွားမယ်
မီးပြန်လင်းလာရင်
အခန်းထဲမှာ တိတ်ဆိတ်ငြိမ်သက်နေမယ်
လူတွေက ပြီးပြီးပျောက်ပျောက်
ရူးချင်ယောင်ဆောင်ကြမယ်
ဘုရားသခင် မေ့လျှော့နေတဲ့
လမ်းမရှည်နဲ့ ညိုညစ်ညစ်ခြေထောက်တွေ
သူတို့ကိုထမ်းပိုးထားလိုက်တဲ့

ရာဘာနောက်မြီးပြတ် ဖိနပ်တွေ
အိမ်ယာထူထောင်ခွင့်လေးတောင်
မရရှာကြတဲ့ လေလွင့်ခြင်းတွေ
သံဆူးကြိုး အထပ်ထပ် ရစ်ပတ်ခံထားရတဲ့
ဝင်းပ ၊ သန့်စင်နေတဲ့ မျက်နှာတွေ
ပရီးမီးယားလိဂ်ထဲ ခေါင်းစိုက်ကျနေလို့
ဆွဲထုတ် ကယ်တင်ထားရတဲ့ မျှော်လင့်ခြင်းတွေ
စစ်အေးခေတ်လက်ကျန်
ခေါင်းညိမ့် ၊လျှာလွဲထားတဲ့ အယူအဆဟောင်းတွေ
ဘုရား တ, နေရတဲ့ အပြန်အလှန် စကားပြောသံတွေ
ဟိုဘက်ကမ်းမှာ ဘယ်လမ်းက သာမလဲ
ကိုယ့်ဘာသာကိုယ် မှန်းဆကြည့်လိုက်တော့
ဒီဇတ်ညွှန်းထဲက
မလိုတဲ့အပိုဒ်တွေကို ဖြုတ်လိုက်နိုင်ပါသည်
တကယ်တော့
ငါ့ဘဝလေး ချောက်ကမ်းပါးထဲကျဘို့ လက်၂ လုံးအလိုမှာ
ငါ့ကိုယ့် ငါက ကယ်တင်လိုက်ခြင်းသာဖြစ်တယ် .....။



မောင်ဖုန်းမြင့်


No comments: