Wednesday, November 18, 2009

ဖုန်းမြင့်ဆိုတဲ့ကောင်နဲ့ အရည်မရ ၊ အဖတ်မရ စကားပြောဖြစ်တဲ့ည


ဗေထိဆိုတာနဲ့
ခင်ဗျားမှာ ဟတ်တတ်ကြီး ကွဲရပြန်ပြီ
ဥသျှစ်သီးကြွေယုံနဲ့ မိုးပြိုပြီ ထအော်တဲ့ ယုန်ထက်တောင်
အသဲငယ်တတ်တဲ့ကောင်
ဗလ မရှိ၊ ဇ မရှိပဲ
ကမ္ဘာလောကကြီးကိုမှ ခါးစောင်းတင်ထားချင်သေးတယ် ဆိုပဲ
ကိုယ့်ခြေရာခွက်ကလေးထဲမှာ ကိုယ်ပျော်ပြီး
(ကိုယ့်ကိုယ်ကိုယ်) ခြသေ့င်္လို အော်တတ်တယ်ထင်နေတဲ့ဖား
ကိုယ့်အမေက ကိုယ့်ကို သနားတယ်
ကိုယ့်ညီအကိုမောင်နှမက ကိုယ့်ကို ဟားမယ်
ကိုယ့်ကောင်မလေးက ကိုယ့်ကို အလကား ပဲလို့
ပြောခံရမှုမှာ နေသားကျနေပြီလား
အရည်မရ ၊ အဖတ်မရတွေ တွေး/ရေးနေမယ့်အစား
တက်ကျမ်းတွေ ဒီလောက်များတာ
သူဌေးဖြစ်နည်းတွေ ရှာကြံဖတ်ပါလားလို့
ပေးတဲ့ အကြံကြတော့လည်း လက်မခံချင်ပြန်ဘူး
ခင်ဗျားလျှာရဲ့ ၃ပုံ ၁ ပုံလောက်သာ
ခင်ဗျား စိတ်ကို ရှည်ရှည်ထားနိုင်ရင်
ကြီးပွားနေတာ ကြာပြီလို့
မိတ်ဆွေများကလဲ ပြောတယ်
အနုပညာမှာ ဖြတ်လမ်းနည်းရှိတယ်ထင်ပြီး
ခွေးတိုးပေါက်မြင်ရင် ခေါင်းထိုးဝင်တတ်တဲ့
အကျင့်ကိုလဲ ပြင်သင့်သတဲ့
ထောင်စုနှစ် အသစ်ကြီးထဲမှာ
ခင်ဗျားဟာ ခပ်တုံးတုံး ပရိုင်းမိတ်တကောင်
ခင်ဗျားကိုင်နေကျ အပေါစားလက်ကိုင်ဖုံးလို
ခလုတ်လေးနှိပ်လိုက်ရုံနဲ့
(ဘယ်အရာကိုမဆို) လိုင်းပြောင်းလို့ရမယ် ထင်နေတုန်းပဲလား
ခင်ဗျားဟာလေ
ကိုယ့်ဂိုးကိုယ်သွင်းတတ်ရုံလေးနဲ့
ဖာဂူဆန်လို ပီကေ ဝါးပြီး
ဘာစီလိုနာ အသင်းမှာမှ စတား ဖြစ်ချင်နေရှာတဲ့ ရောဂါသည်
ခင်ဗျားမှာ ပိုင်ဆိုင်မှု ရှိတာဆိုလို့
အသက်တနှစ်ကြီးလာတိုင်း ပိုထူလာတဲ့ သက္ကရာဇ် အမှားတချို့
ဟက်ပီးနယူးရီးယားလို့ အော်နေကျ စကားသံများ
ပေါပေါများများ အလကားရတဲ့
(ခင်ဗျားတို့ဆီက FM ရေဒီယိုလိုင်းတွေလို)
နောင်တ ဆိုတာတွေပဲ မဟုတ်လား
 ဒီတခါ အသဲကွဲတယ် အော်သံကြားရင်
ခင်ဗျားကို အရင် ဆွဲဖြဲပစ်မယ်  မှတ်ထား  ။     ။


MPM


6 comments:

ရွှေရတုမှတ်တမ်း said...

ဘယ်နေရာများ..ဆွဲဖြဲပစ်မလို့ပါလိမ့်..
ဘုရားဘုရား..ဒီက အသဲငယ်တတ်တယ်နော်..အဟွင့်

မြစ်ကျိုးအင်း said...

ကိုဖုန်း အဲဒီလောက် ဆိုးသလား

နောက်တခါဆို သေပြီသာမှတ် (hip hopသီချင်း ဆိုငြီးမိတယ်)

Anonymous said...

အနုပညာမှာ ဖြတ်လမ်းနည်းရှိတယ်ထင်ပြီး
ခွေးတိုးပေါက်မြင်ရင် ခေါင်းထိုးဝင်တတ်တဲ့
အကျင့်ကိုလဲ ပြင်သင့်သတဲ့
ထောင်စုနှစ် အသစ်ကြီးထဲမှာ
ခင်ဗျားဟာ ခပ်တုံးတုံး ပရိုင်းမိတ်တကောင်

အကို ရေ ကောင်းလိုက်တဲ့ကဗျာ

အကို ကြည့်ဖြဲနော် သတိထား ကင်မရာမန်းတွေ ရှိတယ်ဗျ နောက်မှ အွန်လိုင်းပေါ်ရောက်ကုန်မယ်

may said...

အကိုဖုန်းရေ ခံစားချက်တော်တော်ပြင်းပြင်းနဲ.စပ်ထားတာပဲနော်....

နန်းညီ said...

ကဲ.. မှတ်ပလား.. ဟင်

က+ဗျာ+လှည်း said...

အရည်မရ အဖတ်မရပေမယ့် ကဗျာကောင်းတော့ ရသဟ။