Thursday, November 26, 2009

နံနက်ခင်း၌ သင့်ရဲ့ပါးပြင်ကိုသာ နမ်းရှိုက်လိုတယ် ။


အလွမ်းတွေဝေတဲ့ဆောင်းဟာ
သတိရခြင်း ဝတ်ရုံကိုခြုံတယ်
ဒီမနက်ခင်းမှာ ငါ့ရဲ့ဆာလောင်မှုဟာ
အငွေ့တထောင်းထောင်းထ နေတဲ့  ကော်ဖီတခွက်မဟုတ်ဘူး
နင့်ပါးပြင်ပေါ်ကို ပင့်သက်နွေးနွေးတချက်

ဒီဇင်ဘာ လေပြည်ဟာ
ပန်းရနံ့တွေကို ထမ်းပိုးသယ်ဆောင်လာမယ်
ဒီမနက်ခင်းမှာ ငါသောက်ချင်တဲ့ စီးကရက်တလိပ်ဟာ
အကောင်းစားဗာဂျီးနီးယား ဆေးစပ်နဲ့မဟုတ်ဘူး
နင့်ပါးပြင်ပေါ်ကို ပင့်သက်နွေးနွေး တချက်

အိမ်တံစက်မြိတ်ပေါ်က
နှင်းစက်လေးတွေ တပေါက်ပေါက်ကျနေတာကို
ထိုင်ငေးနေမိပြန်တယ်
ဒီမနက်ခင်းမှာ ငါဖတ်ချင်နေတဲ့ သတင်းစာ နာမည်ဟာ
တိကျမြန်ဆန်တဲ့ မောနင်းတိုမ်း  မဟုတ်ဘူး
နင့်ပါးပြင်ပေါ်ကို ပင့်သက်နွေးနွေး သတင်းပို့ချက် တရပ်

ခရစ္စမတ်တေးသံဟာ
ငါ့ထံကို ငယ်ဘဝအတွေးတွေ ယူဆောင်လာတယ်
ဒီမနက်ခင်းမှာ ငါတောင့်တမိတဲ့ လက်ဆောင်ဟာ
ဆန်တာကလော့စ် ဆီက မလာဘူး
နင့်ပါးပြင်ပေါ်ကိုသာ ပင့်သက် နွေးနွေးတချက်နဲ့
မဲရီး ခရစ္စမတ်

အရိုးကွဲအောင်
ရက်စက်တဲ့ဆောင်းထဲမှာ
ငါဟာ  . . နယ်နှင်ခံရတဲ့ အထီးကျန်သူလို့ ထင်ယောင်လာတယ်
မနက်ခင်းတိုင်းမှာ ငါအေးခဲရပ်တန့်ချင်နေတာက
နင့်ပါးပြင်ပေါ်ကို ပင့်သက် နွေးနွေး အဆက်မပြတ်


ဖြစ်လေရာ နံနက်ခင်းတိုင်းမှာ
နင့်ပါးပြင် နင့်နှုတ်ခမ်းများကိုသာ
နမ်းရှိုက်နိုင်သော ကိုယ် ဖြစ်ရပါလို၏   ။

 MPM







8 comments:

နန်းညီ said...

ရေလည်မိုက်တဲ့ဆုတောင်း.. ထပ်တူပြု ဆုတောင်းသွားတယ်..း)

mirror said...

ဟားဟားဟား လူလည်ကြီးပဲ

Anonymous said...

ဟားဟား ဆောင်းတွင်းကို အကြောင်းပြပြီး ကိုဖုန်း ကောင်မလေးဆီက ညာညာယူနေတယ်ဗျို့ ဟားဟား . . .

ကဗျာလေး ခံစားချက် အရမ်းကောင်းတယ်ဗျာ

Anonymous said...

ဟားဟား ဆောင်းတွင်းကို အကြောင်းပြပြီး ကိုဖုန်း ကောင်မလေးဆီက ညာညာယူနေတယ်ဗျို့ ဟားဟား . . .

ကဗျာလေး ခံစားချက် အရမ်းကောင်းတယ်ဗျာ

Younggun said...

အဲသလောက် အကြိမ်ကြိမ်ကျော့ တမ်းတနေတော့ ကျနော်လဲ လွမ်းတယ် အနမ်းတင် မကဘူး။ အသံတွေ၊ ဆံနွယ်တွေ၊ နှင်းငွေ့ကြားက အနွေးဓာတ်တွေ၊ အားလုံး အသက်ရှူရပ်မတတ် လွမ်းပစ်လိုက်တယ်။ ဒီကဗျာကတော့ နှလုံးသားကို ချိန်ရွယ်ပစ်ခတ်လိုက်တဲ့ လက်ဖြောင့်ကျည်ဆန် တစ်ထောင့်ပဲ။

Unknown said...

နံနက်ခင်း၌ သင့်ရဲ့ပါးပြင်ကိုသာ နမ်းရှိုက်လိုတယ် ။

ခေါင်းစဉ်ဖတ်ပြီး ??????????
အဟဲ????????????/

Unknown said...

တောင်းတဲ့ဆုပြည့်ပါစေ ကိုဖုန်းမြင့်

က+ဗျာ+လှည်း said...

ကဗျာဆရာတွေ တယ်မလွယ်တော့ပဲကို။
တောင်းတဲ့ဆုနဲ့ပြည့်စေဗျာ။ :)