Thursday, August 28, 2008

ရွှေတံဆိပ်ပေါ်ကျတဲ့ မျက်ရည်


အထက်က ပုံလေးတွေက ကျနော့် မေးလ်ထဲကို ဖော်ဝပ်လုပ်လာတဲ့ ပုံကလေးတွေပါ ။ ဒီပုံထဲက ကလေးတွေ ကိုကြည့်ပြီး တွေးမိတာလေးတွေ ရေးကြည့်ရရင် ..။

သူ့နဂို ခေါင်းစဉ်ကတော့ How China Get Gold Medals တဲ့ တနည်းအားဖြင့် ကြည့်ရင်တော့ ကလေးတွေ ကို ထူးချွန်တဲ့ အားကစား သမားတွေ ဖြစ်လာဖို့ ကို ငယ်ငယ် ထဲကနေ လေ့ကျင်ပျိုးထောင် ပေးနေသလိုပါပဲ
ဒါပေမဲ့ ဒီကလေးတွေဘက် ကရော ဘယ်လိုခံစားချက်တွေ ရှိရှာလေမလဲ ၊ ပုံထဲ မှာ မြင်နေရသလောက် က တော့ ကလေးတွေ ဟာ ပျော်ရွှင် ချမ်းမြေ့စွာနဲ့ စိတ်ပါလက်ပါ လေ့ကျင် နေတဲ့ ပုံ မပေါ်ပါဘူး..။

ကလေးငယ်လေးတွေ ဆိုတာကလဲ သူတို့စိတ်တိုင်းကျ လွတ်လပ်ပေါ့ပါးစွာ ပြေးလွှးဆော့ကစားနေရရင် မျက်
နှာလေးတွေက ဝင်းသန့်ကြည်လင်နေပြီး ချစ်စရာအလွန်ကောင်းတာမျိုးပါ .. ၊ သူတို့ရဲ့ အပြစ်ကင်းစင်တဲ့ မျက်နှာလေးတွေကို ကြည့်လိုက်ရင် ကြည့်လိုက်ရသူရဲ့ စိတ်နှလုံးကို အေးချမ်းမှု တစ်မျိုးပေးပါတယ်...။

ထူးချွန် ထက်မြက်တဲ့ ကလေးငယ်လေးတွေ အဖြစ် အထူးသဖြင့် အိုလံပစ် လိုပြိုင်ပွဲမျိုးကနေ ရွှေတံဆိပ်တွေ ဆွတ်ခူးပြီး နိုင်ငံဂုဏ်ဆောင်နိုင်တဲ့ အားကစားမောင်မယ် လေးတွေအဖြစ် ရောက်ရှိလာဖို့ လေ့ကျင့်ပေးနေတာဟာ အင်မတန်ပဲ ဝမ်းသာဂုဏ်ယူ ဖို့ကောင်းပါတယ် ..။ ..သို့သော်... ဒီကလေးတွေရဲ့ စိတ်ဆန္ဒ မပါပဲနဲ့ လူကြီးတွေရဲ့ တစ်ဘက်သတ် အလိုဆန္ဒအရ မဖြစ်မနေ လုပ်ကိုလုပ်ရမယ် ဆိုတာမျိုး ကတော့ဘယ်လိုမှ မကောင်းပါဘူး ။ ဒီကလေးတွေမှာရော အဲ့လိုမျိုး အလိုဆန္ဒမပါပဲ အတင်းအကျပ် ခိုင်းစေခံရတဲ့ အတွက် စိတ်ဒါဏ်ရာတွေ ရရှိမသွားနိုင်ဘူးလား ဆိုတာ စဉ်းစားစရာပါ...။

ထူးချွန်တဲ့ လူငယ် မောင်မယ်လေးတွေတော့ ဖြစ်လာပါရဲ့ ရရှိလာတဲ့ စိတ်ဒါဏ်ရာ အစိုင်အခဲတွေကြောင့် စိတ်သဘောထား မပြည့်ဝတဲ့ ၊ သူတပါးတွေရဲ့ ခံစားချက် တွေကို နားလည်မှု မပေးနိုင်တဲ့၊ ငါမှငါဆိုတဲ့ အစွန်းရောက် အတ္တစိတ်တွေနဲ့ ထက်မြက်သူ လေးတွေ အဖြစ် ရောက်ရှိလာခဲ့တယ် ဆိုရင် လောက လူ့အသိုင်း အဝန်းကို အပြည့်အဝ အကျိုးရှိစေ နိုင်လာပါ့မလား...။
တော်တာကတော့ တော်ပါရဲ့ ဟစ်တလာတော်သလို တော်တယ် ဆိုတာမျိုးကတော့ နေရာ မကျပါဘူး ..။

အခုခေတ် ကလေးငယ်တွေဟာ အလွန် လျှင်မြန်လှတဲ့ ခေတ်၊ စနစ်ရဲ့ တောင်းဆိုမှု၊ပြင်းထန်လှတဲ့ ပြိုင်ဆိုင်မှုတွေ၊ လူကြီးမိဘတွေရဲ့ အတင်းအကျပ် ခိုင်းစေ မှုတွေကြားမှာသူတို့ကို ကြည့်ရတာတာဟာ မွန်းကြပ် ပိတ်လှောင် နေသလိုပါပဲ...။

ကျန်တော်တို့မြန်မာလူမျိုးမိဘတွေမှာလဲမသိစိတ်ကနေဖြစ်ပေါ်နေတဲ့ အတ္တစိတ်ကြောင့်၊ကိုယ်ကလေးသူငယ် လူငယ်ဘဝမှာ ဖြစ်မလာခဲ့တဲ့ အရာ တွေကို တလွဲမာနတွေနဲ့ ကိုယ့်ရဲ့ သားသမီးတွေ အလှည့်မှာ မဖြစ်မနေ အတင်း အကျပ် ပုံသွင်းခိုင်းစေမှုတွေ ကို တွေ့မြင် နေရပါတယ်..။ ဒါဟာ တရားမျှတမှု ရှိရဲ့လားဆိုတာ မေးချင်စရာပါ..။


ကလေးငယ် လေးတွေကို အနာဂတ်အတွက် ပြုစုပျိုးထောင်ပေးတယ် ဆိုတဲ့ နေရာမှာ လူကြီးမိဘတွေရဲ့ ဖြစ်ချင်စိတ် လွန်ကဲတဲ့ အတ္တမာနတွေကို ဘေးဖယ်ထားပြီး သဘာဝအတိုင်း ကြီးထွားတိုးတက်စေမယ် ဆိုရင်တော့ အကောင်းဆုံးဖြစ်လာ ပါလိမ့်မယ်...။ ရုပ်ပိုင်းရော စိတ်ပိုင်းပါ မျှမျှတတ တိုးတက် လာစေပြီး ထူးချွန်တဲ့ ၊စိတ်သဘောထားပြည့်ဝတဲ့ လူငယ်မောင်မယ် လေးတွေ အဖြစ်ကို ရောက်ရှိလာအောင် လူကြီး မိဘတွေ အနေနဲ့ ဝိုင်းဝန်းကြိုးစားဖို့ တာဝန် ရှိပါတယ်...။

ကျွန်တော် ကတော့ အိန္ဒိယ ကဗျာ စာဆို အကျော်အမော် ကြီး တဂိုး လေ့ကျင်သင်ကြားပေးတဲ့ ရှန်တိနိကေတန် လို ကျောင်းလေးမှာ ကလေးငယ်လေးတွေ တပျော်တပါး စာအံနေတဲ့ အသံတွေ နဲ့ အတူ သူတို့ ဆိုငြီးပြကြတဲ့ ချစ်စရာတေးသီချင်းသံလေးတွေ ကမ္ဘာမြေ တစ်လွှားမှာ လွင့်ပျံ့ လာတာကို နားစိုက်ထောင်နေပါ ဦးမယ်..။

3 comments:

ATN said...

ကောင်းလိုက်တဲ့စာလေး
ညီလေးရေ အားဆေးရော စာမူခရော တွဲပေးသွားတယ် တနေ့ ၃ ကြိမ်သောက်း)

mama said...

မင်း ကြားချင်တဲ့ သီချင်းသံ
တစ်ကယ်ကြားချင်ရင်တော့
ဆရာကြီး တဂိုး လို
ကိုယ်ပိုင်ကျောင်းသာဖွင့်ဘို့ ကြိုးစားပေတော့
မောင်လေးရေ...။

မေသဇင် said...

ကျေးဇူးတင်ပါတယ် ကိုဖုန်းမြင့်ရေ.. ဒီစာလေး ဖတ်ရလိုက်တာ...။ ဒီကလေးလေးတွေ ပုံမြင်လိုက်ရတာတော့ ရင်ထဲ မကောင်းဘူး။ ခက်တာက မိဘတွေရော.. ဆရာဆရာမတွေကပါ ခေတ်ရေစီးကြောင်းနောက် အမှီလိုက်နေရတာပဲ။