Thursday, September 3, 2009

နတ်တို့ခိုးဝှက်ခြင်းခံလိုက်ရတဲ့ကိုချောနွယ်





တဘဝလုံးစာ သက်ပြင်းကို

အရက်ပြင်းပြင်းနဲ့မျိုချ

အရှိန်အဟုန်ပြင်းလွန်းတဲ့ ရထားကြီး

သူ့သံလမ်းဟာ သူ့ကိုက်လမ်းပေါ့

ဖူးပြပွင့်ပြလိုက်ပုံကလဲ

တကိုယ်လုံး ဝေဝေဆာဆာဖြာကျ

ဆယ်ဘဝတိုင်တိုင် အနုပညာ မရခဲ့တဲ့လူတွေကို သနားတယ်

သူအားကျတဲ့ ကုန်ထမ်းသမား သလဲပင်လေးလို

သူ့ခါးကြီး ညွှတ်ကိုင်းလာတဲ့အထိ ကဗျာတွေထမ်းထားလိုက်တယ်

"အယူမှန်သူအတွက် အယူခံမလို
ကမ္ဘာကြီးအတွက် ညတိုင်းသီချင်းတွေဆိုခဲ့ပါတယ်"* တဲ့

နာကျင်နေတဲ့ ကမ္ဘာကြီးကို

သီချင်းအမြဲတန်းဆိုပြနေတဲ့

ပြည်မြို့သား မစဉ်းစားခြင်းသေတ္တာကြီး

မြို့တမြို့က ဝှက်ထားတဲ့ဖဲချပ်များ* ထဲမှာ

သူကိုယ့်သူ ပြန်ဝှက်လိုက်တဲ့ နိုင်ဖဲ ကြီးတချပ်

ချစ်သူ စစ်စစ်နှင့် ရန်သူစစ်စစ်* ကြားမှာ

သူရခဲ့တာတွေ သိပ်များနေပြီ

သူရခဲ့တာအကုန်လုံး ကို ကဗျာတွေဖြန့်ကျဲပြီး

သူပြန်ပေးခဲ့လိုက်တယ် ...

သူ့မှော်ဓါတ်ဆိုတာ သူအသက်နဲ့ ရစ်ပါတ်ထားတဲ့

တံဆိပ်အသစ်ကလေးလေ

သူထွက်သွားပုံက တိုးတိုးတိတ်တိတ်

သူချန်ထားခဲ့တာတွေက ကျယ်ကျယ်လောင်လောင် အော်ဟစ်

သူ့အသစ်လေးကို သူကိုယ်တိုင်မီးညှိလိုက်ပြီလား

အသေချာပဲ ..

သူ့ညီမလေး မမမြင့်ကိုတော့ သူလွမ်းနေမှာ

အသေအချာပဲ...

ခက်ပြီ

သူ့ဆိပ်ကမ်းမှာပဲ ငြိငြိနေမိတယ်

သူ့မျှော်စင်ပေါ်တက်ပြီး သူ့ကိုပြန်ပြန်မျှော်နေမိ

သူသရော်ခဲ့တဲ့ ဘုရားသခင်ရဲ့ ကစားကွင်းထဲ

ကံကြမ္မာ ဒိုင်လူကြီးကို ပြစ်တင်ဆဲရေးနေမိပြီ

သူ တည်ကန်လိုက်တဲ့ ဘောလုံး

အလှဆုံး ဂိုးဖြစ်သွားချိန်မှာ

သူ...ဟာ ကွင်းထဲမှာ မရှိတော့ဘူး...

အဲ့ဒီလို နတ်တို့က သူ့ကိုခိုးဝှက်သွားခဲ့ပေါ့ .... ။




(* မောင်ချောနွယ် ကဗျာခေါင်းစဉ်နှင့်စာသားများ)

ဖုန်းမြင့်

အဝေးရောက်ပင်လယ်ဘလော့မှကူးယူဖော်ပြပါသည်




4 comments:

အိုင်လွယ်ပန် said...

အဝေးရောက် ပင်လယ်မှာကတည်း က
ကြိုက်နေတာဗျ ...
ဟုတ်တယ်ဗျာ ...
ုသူ ရဲ့ အလှဆုံးဂိုးဝင်သွားချိန်
သူဟာ ကွင်းထဲမှာ မရှိတော့ ဘူး ။

စိုင်းလောဝ်ပိန်း said...

ဆရာချော ကဗျာတွေ လွမ်းသွားပြီဗျာ။

YoungGun said...

အများကြီးတော့ မဖတ်ဖူးဘူး။ ဒါပေမယ့် ထောင့်ချိုးများ လင်းဖို့ ဆုတောင်းရင်း မျဉ်းဖြောင့်တစ်ကြောင်းလို နေခဲ့တယ်..။ အများကြီးတော့ မဖတ်ဖူးဘူး။ ဒါပေမယ့် ကန်နဗားရိုးရဲ့ ဘောလုံးတွေ..ကို မြင်ခဲ့ရတယ်။ အချိန်ပို ကစားရလို့လဲ ရေနက်ပိုင်းကို ရောက်နေရတယ်။ ဒီတော့ ဆရာတာရာမင်းဝေပြောတဲ့ နတ်တို့ဖန်ဆင်းသော နှင်းကို မမြင်ရခင်မှာ နတ်တို့ ခိုးဝှက်သွားတဲ့ ကျားသစ်ကြီးကို ပြန်အသက်သွင်းလိုက်ချင်ပါရဲ့။

ကိုဟန် said...
This comment has been removed by a blog administrator.