Thursday, October 8, 2009

ငါ့ဝတ်စုံဟာ သူ့အစွယ်ဖျားမှာ ပါသွားပြီ ။




ကြေးနန်းစာ ဝင်လာတယ်

လှို့ဝှက်ချက်ကို ဖောက်စစ်ကြည့်လိုက်တော့
နွေဦးက မီးလောင်သွားပြီတဲ့
ပါရီမြို့ကြီးကို ဒီအတိုင်း ကြည့်နေလိုက်ရတယ်
ငါကိုယ် ငါက ပြန်မကယ်နိုင်လိုက်တဲ့ နှစ်များ
ကြောင်မလေးက cat walk လျှောက်ရင်း
ကြောင်လက်သည်း ဝှက်လိုက်သလို ကြောင်တောင်တောင်ပြောလိုက်တယ်
" ရှင့်ကို ကျမ မချစ်နိုင်ဘူး"
"ရှင့်ကို ကျမ ချစ်လို့ မရဘူး "
ဒီဝတ်စုံဟာ ငါ့ခန္ဓာကိုယ် အတိုင်းအတာနဲ့ ဆို အချိုးအစားမကျဘူး
ဒီအဆင် ဒီဇိုင်းကို ငါမကြိုက်ဘူး
ညနေခင်းဟာ သွေးစိမ်းရှင်ရှင်ထွက်တယ်
အစွမ်းရှိသလောက် တုန်ယင်မိတော့
ခလုတ် ထိတိုင်း ဗုဒ္ဓံသရဏံဂစ္ဆာမိနေရ
တကယ့်အဖြစ်အပျက်ဆိုတော့
ပြစက်ထဲက အခွေလို ကောင်းခန်းတခုထဲ ရစ်ကြည့်လို့မရ
အိမ်မြှောင်အမြှီးပြတ်သလို
တဆတ်ဆတ်ခုန်တယ်
အရက်ဆိုင်ထဲမှာ မူးယစ်ရမ်းကားတဲ့ ကောင်းဘွိုင်လို
မဲမဲ မြင်သမျှ ပစ်ချလိုက်မိတယ်
ဒါ . . . ဟာ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့်ပါကွာ လို့
မချေပချင်တော့ဘူး
သူငယ်ချင်းရေ . . .
မိုးလှိုင်ညရေ . . .
အဲ့ဒီကြောင်မလေး အစွယ်ဖျား မှာ
အလွမ်းတွေ စက်လက်နဲ့ ပါသွားတာဟာ
ငါ့ ကိုယ်ပေါ်က ချွတ်ချလိုက်ရတဲ့ ဝတ်စုံသစ်လေးပေါ့ကွာ ။ ။



ဖုန်းမြင့်








5 comments:

Angel Shaper said...

ချွတ်လိုက်ရတဲ့ ၀တ်စုံသစ်လေး နှမြောစရာကြီးဗျာ...
ကဗျာလေး သိပ်ကောင်းတာပဲနော်။

Younggun said...

ငါကိုယ် ငါက ပြန်မကယ်နိုင်လိုက်တဲ့ နှစ်များ အရက်ဆိုင်ထဲမှာ မူးယစ်ရမ်းကားတဲ့ ကောင်းဘွိုင်လို
မဲမဲ မြင်သမျှ ပစ်ချလိုက်မိတယ် အဲဒါတွေကို ခိုက်တယ် ကျန်တာက ဖတ်ရုံ ခံစားရုံ..။

ဂျူနို said...

နည်းနည်း ရှင်းအောင် စပ်ပါလား
ရှုတ်နေတာပဲ နားလည်ဘူး။

အိုင်လွယ်ပန် said...

အင်း...
ကြောင်မလေးဆိုတော့ကာလည်း :)
ဒါနဲ့ အဲဒီဝတ်စုံ က အစ်ကို့ အတိုင်းအတာနဲ့
အချိုးအစား မကျဘူးမဟုတ်လား ......
ရှိစေတော့ ပေါ့ အစ်ကိုရေ .. :D

Kay said...

ဝတ်ရုံပါ သွားရင်..အနားမှာ ရှိတာလေး နဲ့ ဖုံးထား ကိုဖုန်း.. ဟိုက..စိန်တံချု ထင်တယ်..လက်သွက်တယ်..