Tuesday, November 3, 2009

ခင်ဗျားနဲ့စကားပြောရတာ ကျနော် ပျော်ပါတယ် ။

ခင်ဗျားနဲ့ စကားပြောရတာ ပျော်စရာကောင်းပါတယ် . . .
စပြောလိုက်မယ်ကြံတာနဲ့စိတ်က အဲ့ဒီဘက်ပဲရောက်သွားတယ်
တကယ်ဆိုကျနော်ဘာဆိုလိုချင်တာလဲ ခင်ဗျားလဲ သိနေတာပဲဟာ
သေခြင်းတရားဆိုတာ သတ္တဝါတိုင်း ရှောင်လွှဲလို့မရတာမျိုးပဲ
အမြဲမပြတ် ဆင်ခြင်နိုင်တယ်ဆိုရင်တော့ ဘာဝနာ ဖြစ်တာပေါ့ဗျာ
ကျနော့်ကတော့ ကျနော့်နေ့စဉ်လက်တွေ့ ဘဝထဲကနေအဲ့ဒါကို ခဏမေ့ထားပါတယ်
ခက်တာက ခင်ဗျားလဲ တရားဓမ္မကျင့်ကြံသူမဟုတ်သလို
ကျနော်ကလဲ သူတော်စင်မဟုတ်ဘူးလေ
ခင်ဗျားလဲ ကျနော့်အကြောင်းသိနေတာပဲ
မတော်တဆ ခြေချော် လက်ချော် အသဲကွဲရာက ကဗျာတွေရေးဖြစ်တယ်ဆိုတာ
ဘဝက ပြင်းတယ်လို့တော့ မပြောချင်ပါဘူး
သက်ပြင်းချရတာများရင် အရက်ပြင်းတွေ ချချမိနေတာပါပဲ
( ခုတော့ အာဒကေမလန်းလို့ မသောက်ရတာကြာပါပြီ )
ခင်ဗျားကိုလဲ ကျနော် ဒီအတိုင်းလွှတ်မထားပါဘူး မျက်ခြေမပြတ် စောင့်ကြည့်နေပါတယ်
အခုအချိန်မှာတော့ ခင်ဗျားဟာ အလွမ်းတွေနဲ့ မှိုင်းဝနေတဲ့ မီးပုံးပျံကြီးလို
ကားကား စွင့်စွင့်ကြီး လွင့်နေတာပေါ့
ခင်ဗျား အရှိန်လျှော့လို့ ပြန်ကျ လာမယ့်အချိန်
အကျမနာအောင် တခုခု လုပ်ပေးချင်ပါတယ်
မိန်းမတွေ အပေါ်မှာ ခင်ဗျားအမြင် . . . ဘယ်လိုရှိလဲ ဆိုတဲ့မေးခွန်းနဲ့လဲ
ထောင်ချောက် မဆင်တော့ပါဘူး
သူတို့နဲ့ ပက်သက်ရင် ခင်ဗျားတို့ ကျနော်တို့ဟာ အလဲအကွဲပဲဆိုတော့
ကျနော်တို့တွေ အနေအထိုင်ဆင်ခြင်သင့်ပြီလို့ထင်တယ်
ခင်ဗျားကိုပြောသာပြောရတာ ကျနော်ကလဲ အမူးပြေတာနဲ့
ဒီပုလင်းလေး ဘယ်ဈေးလဲလို့ မေးချင်နေတဲ့ ကောင်မျိုးပါ
(အမှတ်မရှိကြပုံများ ၊ ခင်ဗျားနဲ့ ကျနော် ဒီနေရာမှာကြတော့ တူနေတယ်)
လူ့လောကကြီး မှာ
ပုံစံကျကျ ၊ လှလှပပ ဘယ်လိုနေထိုင်သင့်သလဲ ဆိုတဲ့
(ဖတ်တဲ့သူကို ဆရာလုပ်တဲ့)
ခင်ဗျား ပို့တဲ့ ဖော်ဝပ်မေးလ်တွေလဲ ရပါတယ်
ဇာတိ ၊ ဇရာ၊ ဗျာဓိ ၊ မရဏ စတဲ့စကားလုံး အကြီးကြီးတွေသုံးပြီး
စာအုပ်ကြီးဆန်ဆန် ပြောကြကြေးဆိုရင်တော့
ခင်ဗျားလဲ စိတ်ရှည်မှာမဟုတ်ဘူး ကျနော်လဲ စိတ်လေတယ်
ကိုယ့်အရိပ်ကို ပြန်လန့်နေတာလောက် ရီစရာကောင်းတဲ့ ဟာသမရှိဘူးဗျ
မွေးကထဲက ကျနော်တို့နောက်မှာ ကပ်ပါလာတာဆိုလို့ သေခြင်းတရားပဲရှိမယ်
သားသတ်ရုံပို့မယ့် နွားတွေကို တံဆိပ် ရိုက်ပေးလိုက်သလိုပေါ့ဗျာ
ဘဝသံသရာ ၊ ရထားတစီးလို တက်လိုက်ဆင်းလိုက် စတဲ့ ဥပမာတွေကတော့ ခင်ဗျားလဲသိပြီးသားပဲ
ဒါတွေ ထားလိုက်ပါတော့
နိုင်ငံရေး သုခမိန်ကအစ   ရက်ပါ အဆုံး
အားလုံးက ကိုယ့်နည်းကိုယ့်ဟန် ပညာရှိဖြစ်နေတဲ့ ခေတ်ကြီးထဲ
ခင်ဗျားလဲ အဝေးပြေးလမ်းမ ပေါ်မှာ ခင်ဗျားရဲ့ယဉ်ကို မောင်းချင် သလို မောင်း
ကျနော်လဲ ကျနော့်လမ်းကြောင်း ကျနော်ဆက်လျှောက်လိုက်ဦးမယ်

အချစ်လေးရေ . . . တို့တွေ . . . ဆက်လိမ့် . .လိုက်ကြဦးစို့

 " မင်းနှုတ်ခမ်းများ . . လွင့်လာမှာကြောက်တယ်ကွယ် . . . စုန်းမ "
ခင်ဗျားနဲ့ စကားပြောရတာ အင်မတန်စိတ်ကျေနပ်မှုရပြီး ပျော်စရာ ကောင်းပါတယ် ။


MPM




7 comments:

phoethutaw said...

အမဲလိုက်တယ် ဖဲရိုက်တယ်.. အဲ့လူကြီးက မိန်းမလည်းမယူဘူး.. ဒါနဲ့ ခင်ဗျား ဘာဖြစ်တာတုန်း မူးနေတာလားဗျး)

သူတော် ( ၃.၁၁.၂၀၀၉)

မြစ်ကျိုးအင်း said...

အားလုံးက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပညာရှိနေတဲ့ ခေတ်တဲ့လား .....သဘောကျတယ်။

မင်းနှုတ်ခမ်းတွေ ထပ်မလွင့်လာနဲ့တော့နော် :)

အိုင်လွယ်ပန် said...

:) :) :)

ရွှေရတုမှတ်တမ်း said...

ငါ့ညီကို ဂျော်နီလမ်းလျှောက်လေး ပို့ပေးချင်ပါ့ကွာ...
အလဲအကွဲမို့ အနေအထိုင် ဆင်ချင် သင့်တာလား..
အကိုကတော့..ပိုးလို့ပက်လက် ချည့်ပဲလန်နေလို့..
မဆင်ချင်တော့ပါဘူးကွာ...

Anonymous said...

အသစ်တောင်ပြောင်းသွားပါလား..
မကြိုက်ဖူး.. အဟောင်းလေးဘဲ ကြိုက်တယ်...
စီပုံးမရှိလို့ဒီမှာဘဲေ၇းခဲ့တယ်...

mie nge

ဂျူနို said...

မိုက်တယ်ကွယ် ကြိုက်တယ်
ဘာကြိုက်လဲ ဆိုတော့
ခင်ဗျားရဲ့ကဗျာတွေ ဖတ်ရတာ ပျော်ပါတယ်။


စကား မစပ် အဲ့လို ဖော်ဝဒ်မေးတွေ မအယ် သိတ် မုန်း။


မအယ်

နန်းညီ said...

ကိုယ့်အရိပ်ကို ပြန်လန့်နေတာလောက် ရီစရာကောင်းတဲ့ ဟာသမရှိဘူးဗျ ..

bravo bravo .. အဲ့အကြောင်း http://random.mmgenius.com/?p=710 ဒီမှာ ရေးပြီးတာမှ သိပ်မကြာသေးဘူး.. ဒါကို ခုမှလာဖတ်မိတယ်..