Thursday, July 23, 2009

မြဒါလီသို့ ...တမ်းချင်းများ (၁)

မြသား မိုးကောင်းကင်အောက်မှာ
မင်းကို ချစ်တဲ့ အချစ်တွေနဲ့ လင်းတောက်ခဲ့ရပါတယ် မြဒါလီ....။


လေထဲ ခေါင်းမော့ အနံ့ခံလိုက်တော့

မွှေးရနံ မပြယ်သေးတဲ့ အမေ့ရဲ့ ရနံ့တွေ ရလိုက်တယ် ..
ပြီးတော့ ...
ကျနော့ နံရိုးမလေး ရဲ့ ရနံ့ကိုလဲရတယ် ..
အခုတော့....
လေထုက မလတ်ဆတ်
လေးလံ စွတ်စို ထိုင်းမှိုင်းလွန်းနေတော့
စပါတာကတ် ရဲ့ ရနံ့ ကို ကျနော့်ကိုယ်ပေါ်က
ပြန်ရနေတယ် .......။


ချစ်ခြင်းတရားရဲ့ ဆင်းရဲဟာ ဘယ်လောက် ငရဲဆန်တယ်ဆိုတာ

သိခဲ့ပါစ မြဒါလီ ...


နေ ၊ လ ၊ ကမ္ဘာ တတန်းထဲကျပြီး ၂၁ ရာစုရဲ့ အကြာဆုံးနေကြတ်ချိန်ရယ်လို့

လူတွေ အုတ်အော်သောင်းတင်း ဖြစ်နေကြချိန်မှာ
ငါ့အတွက် မထူးဆန်းခဲ့ပါဘူး..မြဒါလီ
ငါ့ကမ္ဘာထဲမှာ မင်းမရှိတော့ဘူးလို့ သိလိုက်ရတဲ့ အချိန်ကစ
ကြေကွဲခြင်းနှင့် ငါ တထပ်ထဲကျ
တသံသရာလုံး နေလုံးကွယ်ခဲ့ ရတာပါကွယ် ..... ။


မင်းနှင့် အတူ ရှိခဲ့ ဖူးတဲ့ နေ့ရက်တွေဟာ နွေဦးရဲ့လေပြည်မှာ

မျောပါသွားတဲ့ ...သစ်ရွက်ကြွေလေးတွေပဲပေါ့ ....
ငါကတော့ အဲ့ဒီ သစ်ရွက်ကလေးတွေ ကို မျက်တောင်မခတ်တမ်း
လိုက်ငေး နေရသူရယ်ပါ မြဒါလီ... ၊ လောကရဲ့ နိယာမ အရ
ဖြစ်လွယ် ၊ ပျက်လွယ် ဆိုတာ မှန်ပေမယ့် မေ့ပျောက် ဘို့ မလွယ်တာတော့
ခက်တယ် ...။


ဘာပဲဖြစ်ဖြစ်ပေါ့ မြဒါလီရယ်...

မင်းရင်ထဲမှာ ငါဟာ ဖျတ်ကနဲ ပြေးသွားတဲ့ နှင်းဆီရနံ့လေးတခု သို့တည်းမဟုတ်
မင်းခြေအစုံကို တိုးဝှေ့ ကျီစယ် ခဲ့ဘူးတဲ့ မင်းရဲ့ အလှမွေးကြောင်လေးတကောင်လောက်
သတိရပေးခဲ့မယ် ဆိုရင်ဖြင့် ....
လောကနဲ့ချီလာမယ့် အဆုံးရှုံးတွေကို ငါတယောက်ထဲ သိမ်းကျုံး ရင်ကော့ ခံလိုက်ပါပေရဲ့ .....။


မင်းကို ချစ်တဲ့စိတ်နဲ့ငါ့အရေပြားကို ကျက်ပြီး
တီးခတ်လိုက်တဲ့ ဗုံသံ မင်းကြားနိုင်ပါစေ ကွယ်….။


မင်းတို့အချစ်က အောင်မြင်ပါစေ..... ။
ငါ့ဘဝက ကျဆုံးပါစေ...........။



ဖုန်းမြင့်

9 comments:

Anonymous said...

ကဗျာလေးကောင်းတယ်...

ဒါပေမယ့် မင်းတို့အချစ်ကအောင်မြင်ပါစေ...
ငါ့အချစ်ကကျဆုံးပါစေ....

ဆိုလို့ ဖတ်ပြီး စိတ်မကောင်းဖြစ်သွားတယ်...

mie nge

mirror said...

ကျနော့်ရဲ့ နံရိုးမလေးတဲ့လား..။
နုတယ်ဗျာ..(မနိုင်ဘူး.ဒီလူကြီး )
:D

pandora said...

မင်းကို ချစ်တဲ့စိတ်နဲ့ငါ့အရေပြားကို ကျက်ပြီး
တီးခတ်လိုက်တဲ့ ဗုံသံ မင်းကြားနိုင်ပါစေ ကွယ်….။..

မိုက်တယ်.. ကြွေသွားမှာပဲ။

အရုပ်ကလေး said...

အချင်းရှိတဲ့ ကမ္ဘာမှာ အနှစ်ရခဲ့တဲ့ အမေ့ကိုယ်သင်းနံ့ ..
ရနံ့မပြယ်သလို ထပ်ပါသင်းနေခဲ့တာ ချစ်သူရဲ့ ရနံ့ကြူကြူလေးလားပဲ ....
အာရုံကို မှောင်ဝင်တိုက်အဖြစ်အပြောင်း
င့ါတစ်ကိုယ်လုံး ဇောချွေးတွေပြန်လို့ ...
တစ်လှည့်တစ်ခါနဲ့ ကကွက်သွယ်တစ်ခုမှာ
မင်း .. သင်ပြခဲ့တဲ့ ကရေး ကဟန်လေးက
ဇာတ်ထုပ်တစ်ထုပ်ကို အနာတရဖြစ်ခဲ့မယ်ဆိုရင်
ငါဟာ ပွဲလန့်သူလား ..
သတိတရနဲ့ စိတ်တဒေသက င့ါအတွက်ဆိုရင်
စည်တော်အပါးမှာ အခစားဝင်မဲ့ကြယ်စင်မင်းဟာ
ချစ်သူအတွက် အလွမ်းစက်လက်နဲ့ ကမ်းတစ်ဖက်ကိုတောင် ကြွေကျနိုင်ရဲ့ ..
ချစ်သူ သင် သိပါစ .....။

အိုင်လွယ်ပန် said...

ချစ်ခြင်းတရားရဲ့ ဆင်းရဲဟာ ဘယ်လောက် ငရဲဆန်တယ်ဆိုတာ
သိခဲ့ပါစ မြဒါလီ ။

မင်းကို ချစ်တဲ့စိတ်နဲ့ငါ့အရေပြားကို ကျက်ပြီး
တီးခတ်လိုက်တဲ့ ဗုံသံ မင်းကြားနိုင်ပါစေ ကွယ်….။

လှတယ်ဗျ ။

YoungGun said...

ဒီကဗျာလေးက ဟတ်ထိလွန်းတော့ အခက်ခဲကြားကနေ ရအောင် မန့်လိုက်ပါတယ်။ ဖျတ်ခနဲပြေးသွားတဲ့ နှင်းဆီရနံ့လေး တစ်ခု၊ သစ်ရွက်ကြွေ..အို..မြေခခဲ့ဖူးတဲ့ မျက်ရည်တွေအကြောင်း ပြန်စာလုံးပေါင်းပြနေတာ များလားဗျာ။ သတိရခြင်းကို လှုပ်နိုးလိုက်တဲ့ ကဗျာရွတ်သံအဆုံးမှာ သူမနာမည်လေးကိုသာ တိုးဖွညင်သာ လွမ်းဆွတ်လိုက်ရပါတယ်။

ကိုအောင်(ပျူနိုင်ငံ) said...

မြဒါလီကို မေးပေးပါ၊ စပါတာကတ်ရဲ့အနံ့ဟာ ချိုလား
လို့ ... ဟဲဟဲ နောက်တာပါ၊ အားပေးလျက်။

Mhu Darye said...

ကဗျာကို တခါ ဖတ်လို့ ရတဲ့ ခံစားချက်နဲ့ နောက်တခေါက် ဖတ်လို့ ဖြစ်လာတဲ့ ခံစားချက် ခြင်း မတူ ဖူး ဆိုတဲ့ စကားကို လက်ခံ သွားပြီ။
ကဗျာလား?
း)

အောင်သာငယ် said...

ခဏခဏ လာပြန်ဖတ်တယ်...
ခုမှ မန့်ရတာ...
ဘာလို့လဲဆိုတော့
အများကြီးတော့ ပြောစရာမရှိဘူး
ကောင်းလို့...

တကယ်တော့
ဗုံသံတွေ ကြားတယ်
အကျယ်လောင်ဆုံး...
ယမ်းနံ့တွေရတယ်
အသက်ရှုအကျပ်ဆုံး...
သွေးစိမ်းတွေ မြင်တယ်
တွေ့ဖူးသမျှ အနီရဲဆုံး...

တခုပဲ ပြောစရာ ရှိတယ်...
http://pandora-and-pandora.blogspot.com/2008/07/blog-post_13.html
အဲသည်ပို့စ်မှာ ကိုဝေလင်း မန့်သွားတာလေး ဖတ်ကြည့်