Wednesday, July 29, 2009

လွင့်ကြွေရခြင်းညနေ

သစ္စာလေးပါးမှာ
ဥပေက္ခာတရားက

အယဉ်ပါးဆုံးထင်တယ် ။

ကိုယ်ထင်ပြလိုက်တဲ့ပုံက...


ပြုတင်းတံခါးတချပ်ကို ဆွဲလှပ်လိုက်သလို
အာရုံပလပ်ပေါက်ကို တဖျတ်ဖျတ်လာရိုက်တဲ့
မီးပွားလေးတွေလို...


ဆွဲတင်လိုက်တဲ့ လေးကိုင်းမှာ

အကိုင်းညွှတ်ဆုံး ကွေးကိုင်းခဲ့ရပါတယ်


လက်ချောင်းတွေတုန်တုန်ယင်ယင်နှင့်

အလှုတ်ခါခဲ့ရဆုံး ကြိုးမျှင်လေးပါ ။


လွင့်လိုက်ရတာ ဘယ်ယူဇနာ အထိလဲ

ပို့လိုက်မိတဲ့ ကြေးနန်းမှာ လိပ်စာပါမသွားခဲ့ဘူး ။

အလံဖြူတလက်ရဲ့ထိပ်မှာ ထပ်ဆင့်
အလံထူ ခံလိုက်ရတဲ့ မြွေတွန်သံလို စကားလုံးတွေ ...

ယမ်းငွေ့ မပြယ်သေးတဲ့...

ကိုယ့်..စစ်မြေပြင် ညနေခင်းမှာ
ခြေသံပြင်းပြင်း.. မင်း...နင်းထွက်သွားလိုက်ပုံဟာ
မယုံချင်စရာကောင်းအောင် လှပလွန်းနေခဲ့တယ် ။



မောင်ဖုန်းမြင့် 21.07.2009

4 comments:

ATN said...

အား...
ဒီဘလော့ကို လာလည်တာ ယမ်းနံ့တွေ မွှန်ထူနေတာပဲ...
နောက်တခါဆို ဓါတ်ငွေ့ကာမျက်နှာဖုံး ယူလာရမယ် ထင်တယ်...း)

ကိုအောင် said...

ခြေသံမထွက်အောင် တရုတ်သိုင်းကားထဲကလို ခြေဖော့
လျှောက်ပါလို့ ကြိုပြောထားလေ ကဗျာဆရာရယ်။

Mhu Darye said...

ကဗျာလေး ကောင်းတယ်ဗျ..း)
ရောက်ခဲ့တယ်။

အိုင်လွယ်ပန် said...

သစ္စာလေးပါးမှာ
ဥပေက္ခာတရားက
အယဉ်ပါးဆုံးထင်တယ် ...

တစ်ဖက်ခြမ်းအတွက်
သိပ်မှန်တယ် ...

ယမ်းငွေ့ မပြယ်သေးတဲ့...
ကိုယ့်..စစ်မြေပြင် ညနေခင်းမှာ
ခြေသံပြင်းပြင်း.. မင်း...နင်းထွက်သွားလိုက်ပုံဟာ
မယုံချင်စရာကောင်းအောင် လှပလွန်းနေခဲ့တယ် ...

လွင့်လိုက်ရတာ
ဘယ်ယူဇနာအထိလဲ ....


လေးစားခင်မင်စွာဖြင့်
အိုင်လွယ်ပန်