Thursday, August 6, 2009

ကြယ်စင်အကြွေတွေလိုက်ကောက်ရတဲ့မြို့

ဒီမြို့လေးရဲ့ကောင်းကင်မှာ ကြယ်စင်တွေ ခဏခဏကြွေတတ်သည် . . .။


သူ့ကို ဒီမြို့လေးမှာသူ့မိဘ၂ပါးက စတင်မွေးဖွားပေးခဲ့သည် ။
တနည်းအားဖြင့် ဒီမြို့လေးက သူ့ချက်မြုပ်ရာ သူ့ဇာတိမြို့လေးလဲဖြစ်သည် ။


သူ့ဖခင်ဖြစ်သူ ကဧရာဝတီ မြစ်ဝကျွန်းပေါ် ဘက်က နယ်မြို့လေး တမြို့မှ ၊ မိခင်ကတော့ ဒီမြို့သူစစ်စစ် သူ့မိဘ၂ပါးမှာ မြို့၏ မျက်နှာဖုံးစာရင်းဝင်များ မဟုတ်ကြသော်လည်း ဒီမြို့အပေါ်မှာ သံယောဇဉ် ကြီးမားလွန်း ကြသူတွေဖြစ်သည် ..။ ထိုမိဘ၂ ပါးမှ ပေါက်ဖွားလာသော သူ့အတွက် ဒီမြို့လေးအပေါ်မှာထားရှိတဲ့တွယ်နှောင် ရစ်ဖွဲ့မှု တွေက ပြောလို့မကုန်နိုင်တော့..။



ဒီမြို့မှာ မွေးဖွားကြီးပြင်းကြသူ အတော်များများများကလဲ မြို့လေးအပေါ်မှာ သူ့ထက်မသာရင်သာနေမယ် .. သူ့အောက်မလျှော့သည့် သံယောဇဉ် နှောင်ကြိုးများဖြင့် ခပ်တင်းတင်းရစ်ပါတ်ထားကြသူတွေများသာ ...
သို့သော် ..ဒီမြို့က သူတို့အပေါ်မှာ စိမ်းကားရက်စက်လွန်းလှသည် ..မြို့လေးနှင့် ပက်သက်လာရင် သွေးမတိတ်
နိုင်သော မိတ်ဆွေကဗျာဆရာလေးရဲ့ စကားလုံးများဖြင့်ဆိုလျှင် လင်တွေ ၊သားတွေကို ပြန်ပြန်မျှော်နေရတဲ့မြို့လေးပေါ့ မိတ်ဆွေလေးကတော့ ဒီမြို့လေးဟာ သူ့ရဲ့နောက်ဆုံးခံတပ်လို့ ကြွေးကြော်ခဲ့လေသည် ...။


ဒီမြို့လေးရဲ့နောက်ခံ ရာဇဝင်ကလဲ အနုညာတတော့ မဟုတ်ခဲ့ ဒီမြို့လေးရဲ့ ကုန်သည်ညီနောင်နှစ်ဦးက ဗုဒ္ဓဘာသာသမိုင်းမှာ ပထမဆုံး သရဏဂုံတည်ခဲ့သည် ပုဂ္ဂိုလ်တွေ ၊ ကြီးကျယ်ခမ်းနားလှသည့်အင်ပါယာတခုကို တည်ထောင်နိုင်ခဲ့ သော ဘုန်းလက်ရုံးနှင့်ပြည့်စုံသော ဘုရင်တပါးမှ အမည်ပြောင်းပေးခဲ့သောမြို့လေး... ဒီမြို့လေးကို ပတ်ခွေ စီးဆင်းနေသည့် မြစ်ရေများကတော့ ဝါကျင့်ကျင့်နှင့် ညစ်ထေးထေးနိုင်လှသည် . . . ။ သူကတော့ မြို့လေး အပေါ် အထပ်ထပ်ရစ်ပတ်ထားသော ချစ်ခြင်းများဖြင့် ချစ်နေလျှက်ပင် ....။


မြို့လေး၏ ကောင်းကင်တွင် ဆယ်စုနှစ်ပေါင်းများစွာ တိမ်ညိုတိမ်မည်းများ ဖုံးလွှမ်းခံခဲ့ရသည် ..။ တိမ်ညို တိမ်မည်း ဆိုသည့်အတိုင်း အစွမ်းကုန် ညစ်ထေးလျှက် မြို့လေးရဲ့ကောင်းကင်ပြင်မှ ကြယ်စင်များ၏ အရောင် အဆင်းကို မှေးမှိန်ဖျောက်ဖျက်ပစ်လိုက်ဘို့ အမြဲကြိုးစားနေတတ်သည်သာ....။ ထူးခြားဆန်းကြယ်သည့် အချက်တခုမှာ မြို့လေးကို သူတို့တတ်စွမ်းသမျှ အလင်းရောင်ပေးနေသည့် ကြယ်စင်များသည် တိမ်စိုင် မဲအုပ် များ လက်တွင်းမှ အတင်းထိုးထွက်လျှက် မရေတွက်နိုင်အောင် ထွက်ပေါ်လာနေကြခြင်းပင်ဖြစ်သည် ။
ယခုလည်း မြို့လေး၏ အတောက်ပဆုံးသော ကြယ်တာရာတစင်းကို အမှောင်ခန်းအတွင်း အတင်းသွတ်သွင်း ဘို့
ကြိုးစားနေကြပြန်လေသည် .. ။ သူ့မှာဖြင့် စိတ်မကောင်းခြင်းကြီးစွာ အဝေးက ငေးကြည့်နေရုံသာတတ်နိုင်ခဲ့ သည် ။


မြို့လေး၏ မြို့သူမြို့သားများကတော့ တုံဏှိဘာဝေ ဖြင့် အသံမထွက်နိုင်ကြ သူတို့၏ နိစ္စဓူဝများကို စက်ရုပ် ဆန်ဆန် အသက်ကင်းမဲ့စွာ လှုပ်ရှားနေကြရသည် ..။ သူတို့မှာ ဘာခံစားချက်မှ မရှိကြလေသလား.. သူကတော့ အဲ့လိုမထင်မြင်မိပါ ..သူတို့တွေရဲ့ခံစားချက်များမှာ ပြင်းထန်လွန်းလှသဖြင့် ဆောက်တည်ရာမရ ငြိမ်သက်သွားကြခြင်းသာ ဟု သိမြင်ခံစားလိုက်မိသည် အတွင်း၌ ဆူပွက်နေပြီး အပေါ်ယံမျက်နှာပြင်မှာ အေးစက်မာကျောနေသည့် မီးတောင်သေတွေလိုပေါ့ .. မြို့လေးအပေါ် အကြိမ်ပေါင်းများစွာ ဖြတ်သန်းတိုက် ခတ်ခဲ့သည့် မုန်တိုင်းပေါင်း မြောက်များစွာကို ကြံကြံခံ ရင်ကော့၍ အံတုကြသူများဟု ချီးမွမ်းနေမိသည် ..။
တနည်းအားဖြင့် မုန်းတိုင်းကြားမှ မီးလျှံငှက်များ....


သူကတော့ မြို့လေးကို အဝေးမှ တွေဝေမှုများစွာဖြင့်ငေးကြည့်နေရင်း သမ္မာကျမ်းစာလာစာတပိုဒ်ကို မြင်ယောင် ရေရွတ်နေမိသည် .. "အို... ယေရုယလင်မြို့ .. ၊ ယေရုယလင်မြို့ .. သင်သည် ပရောဖတ်တို့ကို သတ်မြဲရှိ၏ ၊ သင်ရှိရာသို့ စေလွှတ်လိုက်သော သူတို့ကိုလည်း ကျောက်ခဲနှင့်ပစ်မြဲရှိ၏ ကြက်မသည် မိမိ သားငယ်တို့ကို အတောင်အောက်၌ စုရုံးသကဲသို့ သင်၏သားတို့ကို စုရုံးစေခြင်းငှာ ငါအလိုရှိပြီ... ၊ သင်မူကား အလိုမရှိ"... ။


မြို့လေး၏ ကြယ်စင်များ အနှောင်အဖွဲ့ကင်းစွာဖြင့် ကောင်းကင်ယံမှာ အတောက်ပဆုံး လင်းလက်နိုင်စေဘို့ နှင့်၊ ကြယ်စင်အကြွေတွေ လိုက်ကောက်ပြီး နှမြောတမ်းတနေရသော အဖြစ်မျိုးမကြုံတွေ့ရပါစေလိုလို့ ဆုတောင်းရင်း..... ။


စိတ်ဓါတ်မကျနဲ့ မြို့လေးရေ.... ငါတို့ .. ပြန်လာနေပြီ...။




ဖုန်းမြင့်





4 comments:

Anonymous said...

ဒီပို့စ်ထဲက ၅ ပိုဒ်မြောက်မှာပါတဲ့ အနုညာတ ဆိုတာ
နားမလည်လို့ ရှင်းပြပေးပါဦး.... အညတရ ကိုဆိုလိုချင်တာများလား....

မုန်တိုင်းကြားက မီးလျံတွေ ကို အဖြစ်ဆိုးတွေ ထပ်မကြုံစေချင်တော့ပါဘူးလေ....

mie nge

အိုင်လွယ်ပန် said...

တစ်ခါတစ်ရံ မှာ
အားကောင်းမောင်းသန်
ဆန္ဒ တွေက ရင်ကိုပြန်ပြန်ခွဲတယ်အစ်ကို ...
ရပ်တည်မှု နဲ့ အာသီသ ...
တစ်ချိန်မှာ ဆုံမှတ်တစ်ခုထဲ ထပ်တူကျပါစေလို့
ဆန္ဒပြုလိုက်ပါတယ် ...
ကောင်းသောနေ့ပါအစ်ကိုရေ :)

ATN said...

မောင်ဖုန်းမြင့်ရဲ့
လက်ကလေးအချောင်းချောင်းမှာ
အက်ဆေးကောင်းကောင်းတွေ
တွယ်ကပ်နေသကိုး...
နောက်ထပ် ဖတ်ချင်နေသေးတယ်...

Moe Hlaing Nya said...

မြို့ကလေးကတော့ သူ့မြို့သားအစစ်တွေ
ပြန်လည်သိမ်းပိုက်မယ့်နေ့ကို
မျှော်လင့်နေတယ်လေ... အခုထက်ထိတော့
ရန်သူတွေလက်ထဲမှာ သူကကြံ့ကြံ့ခံ ရင်ဆိုင်နေဆဲပဲ...။
သူမောပန်းနေပယ်မဲ့ လှပလန်းစွင့်မယ့်နေ့ကို မျော်လင့်နေတုန်းပဲ..အစ်ကို...။

စာကြွင်း - အစ်ကိုရန်ကုန်မြို့ပေါ်မှာ ရန်ကုန်သားအစစ်တွေမရှိဘူးအစ်ကို ....
ရန်ကုန်သားတွေ အမြန်ပြန်လာမှရတော့မယ် အစ်ကို...။